← Chapters

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး။

Vol. 9 Ch. 126

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး။

Vol. 9 Ch. 126

စူးချန်ခုန်းက နားလည်စွာ ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

ဧရာမဝေလငါးဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် ကုန်းကျန့်၏လစာသည် အမှန်တကယ်တွင် အလွန်မြင့်မားခြင်းမရှိပေ။တစ်လလျှင် ငွေသုံးထောင်မှ ငါးရာမျှသာရှိသည်။

သို့သော် အဂ္ဂိရတ်ပညာရှင်သည် အသစ်သန့်စင်ထားသော ဆေးပြားနှင့် ထိတွေ့ခွင့်ရသည့် ပထမဆုံးလူဖြစ်ပြီး သူလှည့်စားနိုင်သော လှည့်ကွက်များမှာ အလွန်များပြားလွန်းလှသည်။

ဆေးတစ်ပြား သို့မဟုတ် နှစ်ပြားလောက် အိတ်ထဲထည့်ထားရင်တောင် သိပ်အရေးမကြီးပါ။ အကယ်၍ လွန်လွန်ကျူးကျူး အလစ်သုတ်တာ သို့မဟုတ် ဧရာမဝေလငါးဂိုဏ်းအား ဆေးဝါးထောက်ပံ့ပေးရန် ပျက်ကွက်မှသာလျှင် စုံစမ်းစစ်ဆေးမှုနှင့် တာဝန်ခံမှုတို့ သေချာပေါက် လိုက်လာမည်ဖြစ်သည်။

စူးချန်ခုန်း၏နေ့ရက်များက ရုတ်ချည်းငြိမ်သက်သွားလေ၏။ သံနက်အိမ်တော်မှာ လုပ်ခဲ့သလို သိုင်းပညာကို လေ့ကျင့်ရင်း နေ့တိုင်း အလုပ်တွေ လုပ်ရင်း သူ့ဘဝကို ဆက်လက် ဖြတ်သန်းခဲ့သည်။

တစ်ခုတည်းသော ခြားနားချက်မှာ သူ၏အလုပ်က ပန်းပဲပညာမှ အဂ္ဂိရတ်ပညာသို့ ပြောင်းသွားခြင်းပင်။ စူးချန်ခုန်း၏ ပန်းပဲပညာစွမ်းရည်သည် နက်နဲသော ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီဖြစ်ပြီး အချိန်တိုအတွင်း ကြီးကြီးမားမားတိုးတက်မှုကို မရနိုင်သောကြောင့် ၎င်းကို ယခုဘေးဖယ်ထားတာက ပြဿနာမဟုတ်ပေ။

“ဒီအလုပ်က တကယ်ကို ကောင်းတာပဲ။”

ညမိုးချုပ်လာသည်နှင့် စူးချန်ခုန်းသည် သူ့လက်ထဲက ချီစွမ်းအားမြှင့်ဆေးပြားကို ကြည့်ပြီး အလွန်ကျေနပ်နေမိသည်။ သူသည် ၎င်းကို တစ်ကျိုက်တည်း မျိုချပြီးနောက် လိပ်အသက်ရှူနည်းကို စတင်လေ့ကျင့်လိုက်သည်။

ဧရာမဝေလငါးဂိုဏ်းတွင် ဆေးပြားများသည် သာမာန်အဖွဲ့ဝင်များ ခံစားနိုင်သည့် အရာမဟုတ်ပေ။ ဂိုဏ်းအတွင်း အဆင့်အတန်းသတ်မှတ်ထားသော အထက်တန်းစား တပည့်များသာ လစဉ် သတ်မှတ်ထားသော ဆေးပြားပမာဏကို ရပိုင်ခွင့်ရှိသည်။ ပိုမိုရယူ‌လိုများက ငွေကြေးထောက်ပံ့ကာ လဲလှယ်ရန် လိုအပ်သည်။

စူးချန်ခုန်းကဲ့သို့ လူတစ်ယောက်အတွက် အဂ္ဂိရတ်ပညာရှင်တစ်ယောက် အနေဖြင့် ရံဖန်ရံခါ ဆေးပြားအနည်းငယ်ကို အိတ်ထဲထည့်ခြင်းသည် မည်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေပါ။ ဧရာမဝေလငါးဂိုဏ်းက ဒီအကြောင်းကို သိခဲ့ရင်တောင် မျက်ကွယ်ပြုထားမည်သာ။

အဂ္ဂိရတ်ပညာရှင်တစ်ဦးအား စိတ်ကျေနပ်အောင်ထားခြင်းဖြင့် သူတို့သည် အဂ္ဂိရတ်ပညာတွင် အပြည့်အ၀ ကြိုးပမ်းအားထုတ်စေမှာ သေချာပါသည်။ မဟုတ်ပါက ရည်ရွယ်ချက်ရှိရှိ ကျရှံးစေသော ဆေးပြားများသည် ဆေးပြားစျေးနှုန်းထက် ဆေးဖက်ဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို ပိုမိုဖြုန်းတီးရာကျမည်ဖြစ်သည်။

ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်တွေ အလိုရှိနေကြတာပင်။

"ဒီချီစွမ်းအင်မြှင့်ဆေးပြားရဲ့ အကျိုးသက်ရောက်မှုက ငါအရင်က သောက်ခဲ့တဲ့ ပဓာနစွမ်းအင်ပျံ့နှံ့ခြင်းထက် အဆများစွာ အစွမ်းပိုထက်တယ်။ ချီစွမ်းအင်မြှင့်ဆေး သန့်စင်ရာမှာ အောင်မြင်မှုနှုန်း မမြင့်သေးတာတော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် နောက်ထပ် နည်းနည်းတော့ ထပ်သောက်လို့ရဦးမှာ။"

ချီစွမ်းအင်မြှင့်ဆေး၏ အစွမ်းကို ခံစားရင်း စူးချန်ခုန်း၏ အတွင်းစိတ်ထဲက ချီးကျူးနေမိသည်။

ယခင်က စူးချန်ခုန်း သောက်သုံးခဲ့သော ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေး ဆေးဖက်ဝင်အမှုန့်မျှသာဖြစ်ပြီး ချီစွမ်းအင်မြှင့်ဆေးသည် ချီသွေးနယ်ပယ်နှင့် သက်ဆိုင်ကာ ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုမှ အဆင့်မတူပေ။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်လကြာသွားလေ၏။

ဆေးဖော်စပ်ရာအိမ်လေး၏ ဆေးလုံးသန့်စင်ခန်းတွင် ဆေး၏ရနံ့သည် လေထဲ၌ ပြည့်လျှံနေလျက်။

"ကောင်းလိုက်တာ။ ဒီမီးဖိုကနေ ချီစွမ်းအင်မြှင့်ဆေးခြောက်ပြားကို ထုတ်နိုင်ပြီကွ။!"

ဆေးမီးဖို ဖွင့်လိုက်သည်နှင့် အတွင်းမှ မွှေးရနံ့သင်းနေသော ချီစွမ်းအင်မြှင့်ဆေးပြားများစွာကို တွေ့လိုက်ရာ ကုန်းကျန့်

သဘောကျသွားလေ၏။

မီးဖိုတစ်ခုထဲမှ ချီစွမ်းအင်မြှင့်ဆေး ခြောက်ပြားကို ထုတ်လုပ်ခြင်းသည် ကံကောင်းရုံသာမက အခြေခံနည်းပညာလည်း လိုအပ်ပါသည်။

(ကျွမ်းကျင်အဆင့် လေး၊ ၇%)၊

စူးချန်ခုန်း၏ မျက်နှာက အပြုံးများဝေဆာနေလျက်။ သူ၏ အဂ္ဂိရတ် ကျွမ်းကျင်မှုမှာ တစ်လ နှစ်လအတွင်း အဆင့်အသစ်သို့ ရောက်ရှိသွားကာ အဆင့်လေးဖြစ်သွားလေပြီ။ ချီစွမ်းအင်မြှင့်ဆေးပြားများကို သန့်စင်သောအခါတွင် သူသည် ကုန်ကျစရိတ်ကို မျှတအောင်ပင် လုပ်နိုင်နေပြီဖြစ်သည်။

သူ၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်နှင့် အလားအလာတို့ရးက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း ကုန်းကျန့်၏ ပြည့်စုံသော လမ်းညွှန်မှုကိုလည်း မရှိမဖြစ် လိုအပ်သည်။

ဆရာကုန်းက အံ့ဩတကြီးနှင့် "ချန်ခုန်း၊ အဂ္ဂိရတ်ပညာအတွက် မင်းရဲ့အရည်အချင်းက တကယ့်ကို မယုံနိုင်စရာပါပဲကွာ... မင်းငါ့ကို ကျော်တက်ဖို့ သိပ်မကြာတော့ဘူးလို့ ထင်တယ်။" ဟု ပြောလိုက်သည်။

"ဆရာကုန်းက ကြင်နာတတ်လွန်းလို့ပါ။ ဆရာကုန်းရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုကို အမီလိုက်နိုင်ဖို့ ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်တော့ အချိန်ယူရဦးမှာပါ။" ဟု စူးချန်ခုန်းက သူ၏ တိုးတက်မှုနှုန်းဖြင့် အမှန်တကယ် ယုံကြည်သော်လည်း နှိမ့်ချစွာ ချီးကျူးစကား ပြန်ဆိုလိုက်သည်။

"ငါ့နဲ့ နိမ့်ချပြီး ပြောနေစရာ မလိုပါဘူး လူလိမ်လူညာလေးရာ... မင်းရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ လုံလောက်တယ်လို့ အထက်လူကြီးတွေကို ငါသတင်းပို့ပြီးပြီ" ဆရာကြီးကုန်းက တခစ်ခစ်ရယ်မောလိုက်သည်။ ထို့နောက် ပိုလေးနက်သော လေသံဖြင့် "နောက်လအစမှာ ငါ ဧရာမဝေလငါးဂိုဏ်းကနေ ထွက်သွားရတော့မယ် ထင်တယ်။ မင်း တရားဝင် အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီဆိုတာနဲ့ ဆေးဖော်ရာမှာပဲ အာရုံစိုက်ပြီး ဂိုဏ်းရဲ့ အသေးအဖွဲကိစ္စတွမှာ ဝင်မပါဝင်နဲ့နော်။"

စူးချန်ခုန်း၏ စိတ်ထဲ သိမ့်ကနဲ ဖြစ်သွားသည်။ ဤနှစ်လတာအတွင်း သူသည် ကုန်းကျန့်၏နောက်သို့လိုက်ကာ အဂ္ဂိရတ်ပညာကို သင်ယူခဲ့ပြီး ဧရာမဝေလငါးဂိုဏ်း၏အခြားအဖွဲ့ဝင်များနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးသော်လည်း ကုန်းကျန့်ထံမှတစ်ဆင့် ဂိုဏ်း၏အတွင်းရေးကိစ္စအချို့ကို သူလေ့လာခဲ့ခဲ့ပါသေးသည်။

ဧရာမ ဝေလငါးဂိုဏ်းသည် အပြင်လူတွေ ထင်နေသလောက် စည်းလုံးမှုမရှိပါ။

ဂိုဏ်းအတွင်းတွင် အဖွဲ့ခွဲများစွာရှိ၏။ ဂိုဏ်းခေါင်းဆောင်ကတော့ ထုံးစံအတိုင်း တောနက်စီရင်စုမြို့တစ်ခွင်တွင် နာမည်ရထားသော ဧရာမဝေလငါးဂိုဏ်း၏ခေါင်းဆောင် စစ်ခုန်းယုံ ဝန်းကျင်တွင် လှည့်ပတ်နေသည်။ သို့သော် ဆရာကြီးကျန်း၏ ပြောကြားချက်အရ စစ်ခုန်းယုံသည် နှစ်ပေါင်းများကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ဂိုဏ်းထဲတွင် မမြင်ရသည့်မှာ အနည်းဆုံး ငါးနှစ်ကြာခဲ့လေပြီ။ သူက သူ့သားသမီးများဖြစ်ကြသော စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့အား အရေးအခင်းအများစုကို လွှဲပေးထားခဲ့သည်။ နှစ်ယောက်စလုံးက ထက်မြက်ပြီး ရဲရင့်ကြသော်လည်း သူတို့၏ ငယ်ရွယ်မရင့်ကျက်မှုများသည် ရည်မှန်းချက်ကြီးသော ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်း ဦးဆောင်သော ဂိုဏ်းများကို အပြည့်အ၀ ထိန်းချုပ်နိုင်စေရန် စိန်ခေါ်နေသည့်အလား။

မုန့်စန်းသည် စစ်ခုန်းယုံ အနားတွင် ရှိနေစဉ်က ရည်မှန်းချက်ကြီးပြီး လိုက်လျောညီထွေရှိခဲ့သည်။ စစ်ခုန်းယုံက လူလုံးမထွက်ဘဲ ငါးနှစ်နီးပါး တံခါးပိတ်ကျင့်ကြံနေသဖြင့် မုန့်စန်းက မငြိမ်မသက်ဖြစ်လာ၏။ ထို့အပြင် ဂိုဏ်း၏အဓိက အပိုင်းခွဲလေးခုဖြစ်သည့် လေ၊ မီး၊ မိုးကြိုး၊ နှင့် လျှပ်စီးတို့သည်လည်း အခြေအနေကို စောင့်ကြည့်နေကြသည်။

ဒါတင်မကဘဲ မိုးပြာပင်လယ်ရှိ ဧရာမဝေလငါးဂိုဏ်း ထိန်းချုပ်ထားသည့် ပင်လယ်လမ်းကြောင်းတွေကလည်း ပင်လယ်ဓားပြတွေကို လုယူလိုစိတ်ဖြစ်အောင်

ဆွဲဆောင်နေသည်။

အတွင်းရော အပြင်မှာပါ ဧရာမဝေလငါးဂိုဏ်းဟာ မသေးလှတဲ့ ပြဿနာတွေကို ကြုံတွေ့နေရသည်ဖြစ်ရာ စူးချန်ခုန်းကို ဝင်မငြိစေဖို့ ကုန်းကျန့်က သတိပေးနေခြင်းဖြစ်သည်။

စူးချန်ခုန်းက ပြုံးပြုံးလေးသာ ပြန်ဖြေသည်။ "ကျွန်တော်က အဂ္ဂိရိတ်ပညာရှင်တစ်ယောက်ပါ။ သူတို့ရဲ့ အသေအကြေ အာဏာလုတဲ့ တိုက်ပွဲတွေက ကျွန်တော့်နဲ့ မဆိုင်ပါဘူး။"

“အမှန်ပဲ” ဆရာကြီးကုန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အဂ္ဂိရိတ်ပညာရှင်တစ်ယောက်အနေဖြင့် ဧရာမဝေလငါးဂိုဏ်းအတွင်းလူတစ်ယောက်၏ အဆင့်အတန်းသည် အလွန်ထူးခြားပါသည်။ ဘယ်သူက အာဏာရရ သူတို့အတွက် အရေးမကြီးပါ။

သာမန်ပြည်သူလူတစ်ယောက်အတွက် ဧကရာဇ်က ဘယ်သူလဲဆိုတာ အရေးကြီးလို့လား။

"ဆရာကြီးကုန်း၊ ဆရာ တကယ်ထွက်သွားတော့မှာလား" စူးချန်ခုန်းက မနေနိုင်ဘဲ မေးလိုက်သည်။ လွန်ခဲ့သည့်နှစ်လတွင် ကုန်းကျန့်သည် သူ့အား အဂ္ဂိရတ်ပညာဖြင့် သင်ကြားပေးခဲ့ပြီး သူသိသမျှကို မျှဝေပေးခဲ့သည်။ အဓိက အကြောင်းရင်းမှာ သူ့အကျိုးစီးပွားအတွက် ဖြစ်သော်လည်း စူးချန်ခုန်းသည် အလွန်ကျေးဇူးတင်နေမိသည်။

စူးချန်ခုန်း၏ လျင်မြန်သော တိုးတက်မှုကြောင့် ဆရာကုန်း သင်ကြားစရာ မကျန်တော့ပါ။ နောက်လတွင် ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာရန် ပြောထားပြီဖြစ်ရာ စူးချန်ခုန်း အနည်းငယ် စိတ်အားငယ်သလို ခံစားနေရသည်..

All Chapters