← Chapters

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး (၂)

Vol. 9 Ch. 127

အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ခြင်း။ ဆရာစူး (၂)

Vol. 9 Ch. 127

"ဟုတ်တယ် ငါထွက်သွားရမယ်။ ငါ့မှာ သားသမီးလည်း မရှိဘူးကွာ။ ငါ့ဘဝရဲ့ အချိန်အများစုကို ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီးပြီဆိုတော့ အပျော်မယ်လေးတွေခေါ်ပြီး ပျော်ပါးသင့်ပြီ မဟုတ်လား"

ကုန်းကျန့်က စကားပြောနေစဉ် သူ့နှုတ်ခမ်းမွေးတွေကို မှုတ်ထုတ်ပြီး စိုက်ကြည့်လိုက်သည်။

စူးချန်ခုန်း မရယ်နိုင်ဘဲ မနေနိုင်။ ကုန်းကျန့်သည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျော်အရွယ်ရှိနေပြီဖြစ်သော်လည်း စိတ်နှလုံး နုပျိုကာ သူ့အသက်အရွယ်ကို မမှုပေ။ သို့နှင့် ခွဲခွါရခြင်း၏ ဝမ်းနည်းမှုမှာလည်း များစွာ လျော့ပါးသွားခဲ့သည်။

"ချန်ခုန်း၊ မင်းက ငယ်သေးတယ်... ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ကုန်းကျန့်က တုံ့ဆိုင်းသွားပြီး စူးချန်ခုန်းကို ပုခုံးကို ပုတ်လိုက်လေ၏။

စူးချန်ခုန်းက ကုန်းကျန့်ဆိုလိုတာကို အကြမ်းဖျင်းနားလည်သည်။

ကုန်းကျန့်သည် ထူးခြားသော အဆင့်အတန်းရှိသည့် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်အဖြစ် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ငယ်စဉ်ကတည်းက - သူ၏ အထွက်အထိပ်ကာလများတစ်လျှောက်လုံး ဧရာမဝေလငါးဂိုဏ်း၏ ဆေးပြားသန့်စင်ခန်းတွင် အချိန်ကုန်နေသောကြောင့်ဖြစ်သည်။ သူပြန်လှည့်ကြည့်သောအခါ အသက်ကြီးနေပြီဖြစ်ပြီး ဤလောက၌ အရာများစွာကို မမြင်ဖူး မကြင်ဖူးခဲ့ပေ။

ကုန်းကျန့်သည် စူးချန်ခုန်းက သူ၏ လူငယ်ဘဝနှင့် အလွန်တူသည်ဟု ခံစားမိသည်။ လုံးဝ နောင်တရစရာ မဟုတ်သော်လည်း စူးချန်ခုန်းသည် သူ့တာဝန်များကို လွှဲပြောင်းထမ်းဆောင်ပြီး ဘဝ၏ အချိန်အများစုကို ဤနေရာတွင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလောက်မည်ဖြစ်ရာ အနည်းငယ် ကြေကွဲစရာကောင်းသည်ဟု ကုန်းကျန့် ခံစားမိသည်။

သို့သော် ကုန်းကျန့်မသိသောအရာမှာ စူးချန်ခုန်းအတွက်တော့ ဧရာမဝေလငါးဂိုဏ်းဆိုတာ အဂ္ဂိရတ်ပညာ အကူညီရပြီး မိမိကိုယ်ကို သန်မာစေမည့် ဘဝ တစ်ထောက်ရပ်နားရာ နေရာတစ်ခုထက် မပိုကြောင်းကိုပင်။

ညနေစောင်းလာသည်နှင့်အမျှ စူးချန်ခုန်းနေထိုင်သည့် တိတ်ဆိတ်ငြိမ်သက်သော နေအိမ်တွင် အနီရောင်ဖျော့ဖျော့ဆေးပြားကို မျိုချလိုက်ပြီး ဝူချင်းရှီကို စတင်လေ့ကျင့်ခဲ့သည်။ သူ၏ လှုပ်ရှားမှုများသည် စွဲမက်ဖွယ်ကောင်းပြီး လွတ်လပ်စွာ လှုပ်ရှားနေသော ငှက်များနှင့် တိရစ္ဆာန်များ၏ အလှကို ဖော်ညွှန်းနေလေ၏။

ဝူချင်းရှီ (ဆဌမနယ်ပယ်၊ သဘာဝလွန်နယ်ပယ် ၈%)

လိပ်အသက်ရှူနည်းပညာ ( သတ္တမနယ်ပယ်၊ နက်နဲသောကျွမ်းကျင်မှု၊ ၂၇%)

ဧရာမဝေလငါးဂိုဏ်းသို့ရောက်ပြီး နှစ်လအကြာတွင် စူးချန်ခုန်းသည် အထင်ကြီးလောက်သော တိုးတက်မှုများ ရရှိခဲ့သည်။ ဝူချင်းရှီကို ဆဌမနယ်ပယ်သို့ မြှင့်တင်နိုင်ခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ၎င်းမှာ သူသောက်နေသော ခန္ဓာကိုယ် သန့်စင်ခြင်း အောင်မြင်မှု ဆေးပြားကြောင့် ဖြစ်သည်။ စူးချန်ခုန်းသည် ဝူချင်းရှီတွင် သူ၏ကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိရန် အလွန်တရာ ခက်ခဲနေပြီဖြစ်ပြီး အချိန်တိုအတွင်း အရည်အသွေးပြောင်းလဲမှုတစ်ခုရရှိရန် ပြုပြင်မွမ်းမံမှုအချို့ လိုအပ်မည်ဟု သူ ထင်သည်။

လိပ်အသက်ရှူနည်းပညာ၏တိုးတက်မှုက ပို၍မြန်ဆန်သည်။ နှစ်လအတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာခဲ့သည်။

အဓိက အကြောင်းရင်းမှာ ဆေးပြားသောက်သုံးခြင်းကြောင့်ဖြစ်သည်။

ချီစွမ်းအင်ကို စုဆောင်းခြင်းသည် ကျင့်ကြံရန် အချိန်လိုအပ်သော်လည်း စွမ်းအားကို မြှင့်တင်နိုင်သည့် ဝိညာဉ်ဆေးပြားများကို သောက်သုံးခြင်းသည် ပိုမိုမြန်ဆန်ပြီး ထိရောက်သောဖြတ်လမ်းဖြစ်သည်။ နှစ်လအတွင်း စူးချန်ခုန်းသည် တစ်ဒါဇင်မက တန်ဖိုးရှိသော ချီစွမ်းအားတိုးမြှင့်ဆေးပြားကို သောက်သုံးခဲ့ပြီးလေပြီ။

ဧရာမဝေလငါးဂိုဏ်းအတွင်းမှာ သာမာန် တပည့်တွေ မဆိုနှင့် အနှီလက်ရွေးစင် အထက်တန်းစားတွေတောင် ဒီလောက် ဇိမ်မခံရပါ။

ကုန်းကျန့်၏ ညွှန်ပြချက်များနှင့်အတူ အဂ္ဂိပညာရှင်တစ်ယောက်၏ အခန်းကဏ္ဍသည် ရက်အနည်းငယ်အတွင်း သူသန့်စင်ထားသော ဆေးများမှ တစ်ပြား နှစ်ပြားလောက် သောက်သုံး

ခွင့်ပြုထားသည်။

အဂ္ဂိရတ်ပညာကို လေ့ကျင့်ပြီး အကျိုးကျေးဇူးများ ရိတ်သိမ်းနိုင်သည်မှာ အမှန်ပင် အလုပ်ကောင်းတစ်ခုဖြစ်သည်။

အပြန်အလှန်အနေဖြင့် စူးချန်ခုန်းသည်

အသက်အရွယ် ကြီးရင့်ခါမှ ထွက်သွားရန် အခွင့်အရေးရခဲ့သည့် ကုန်းကျန့်ကဲ့သို့ ဧရာမဝေလငါးဂိုဏ်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည်။ ထွက်သွားဖို့ဆိုတာ သိပ်တော့မလွယ်ပါ။

သို့သော် စူးချန်ခုန်းက ကုန်းကျန့်မဟုတ်ပါ။ မိမိကံကြမ္မာကို မိမိကိုယ်ကိုယ်သာ စီမံမည့်သူဖြစ်သည်။ အကယ်၍ သူသည် အနာဂတ်တွင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့လျှင် ကုန်းကျန့်ကဲ့သို့ ဧရာမဝေလငါးဂိုဏ်းအတွက် အဂ္ဂိလ်ရပ်ပညာရှင်အသစ်တစ်ဦးကို ရှာဖွေပြီး ထွက်ခွာမသွားမီ ဂိုဏ်းထံမှ ရရှိခဲ့သော ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် စိတ်ကူးရှိ၏။

နောက်လရောက်သောအခါ နံနက်စောစောတွင် စူးချန်ခုန်းသည် ကုန်းကျန့်ထွက်ခွာမည့်နေ့ဖြစ်သောကြောင့် ဝူချင်းရှီ လေ့ကျင့်မည့်အစား ဆေးဖော်စပ်ရာအိမ်လေးသို့ သွားခဲ့သည်။

ကုန်းကျန့်က သူ့အား အဂ္ဂိရတ်ပညာကို ဆရာစားမချန် သင်ပေးခဲ့သည်ဖြစ်ရာ ယခု သူထွက်သွားမည်ဖြစ်သောကြောင့် စူးချန်ခုန်းက သူ့ကို လိုက်ပို့ရန် ထွက်လာခဲ့ခြင်းပင်။

ကုန်းကျန့်သည် သူ၏ ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု နှင့် ရောထွေးနေသည့် အကြည့်ဖြင့် ကြည့်နေ၏။

သူသည် ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ ဆေးပြားများကို အမြဲတမ်း သန့်စင်ပေးခဲ့ပြီး ရံဖန်ရံခါ အပြင်ထွက်လျှင်ပင် ဂိုဏ်းမှ တပည့်များက သူ့နောက်သို့ လိုက်ကာ ကာကွယ်ကြသည်။ ယခုမူကား သူလုံးဝလွတ်လပ်သွားပြီဖြစ်သည်။

သို့သော်လည်း ဧရာမဝေလငါးဂိုဏ်းတွင် သူ၏အချိန်အများစု နေထိုင်ခဲ့သော ကုန်းကျန့်အတွက် ဘဝသစ်တစ်ခုစတင်ရန် သူ၏ရင်းနှီးသောပတ်ဝန်းကျင်ကို ထားရစ်ခဲ့တာက စိုးရိမ်ပူပန်မှုဖြစ်စေသည်။

"ကောင်းပြီ။ ငါ့ကိုလိုက်ပို့စရာမလိုပါဘူးကွာ။"

ကုန်းကျန့်က ဝင်ပေါက်ထိ လိုက်ပို့သော စူးချန်ခုန်းကို ပြုံးပြလိုက်သည်။

"အင်း၊ ဆရာ လမ်းခရီးကို ဂရုစိုက်ပါ" စူးချန်ခုန်းက ဆိုလိုက်သည်။ ကုန်းကျန့်က ဧရာမဝေလငါးဂိုဏ်း တံခါးကို စောင့်နေတဲ့ တပည့်တွေကို စကားပြောပြီး သူ့ကို ဖြတ်သွားခွင့်ပြုလိုက်ရာ သူ့ပုံစံက တဖြည်းဖြည်း ကွယ်ပျောက်သွားတော့သည်။

"ငါ ဆေးသန့်စင်ခန်းဆီ ပြန်သွားသင့်ပြီ။"

စူးချန်ခုန်းသည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ဆေးသန့်စင်ခန်းသို့ ပြန်လာခဲ့သည်။ ကုန်းကျန့် ထွက်သွားပြီးနောက် သူသည် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်အဖြစ် တရားဝင်တာဝန်ယူခဲ့သည်။

နေ့လည်ခင်းအထိ ဆေးသန့်စင်ခန်းတွင် ဆေးများကို သန့်စင်ပြီးနောက် စူးချန်ခုန်းသည် သန့်စင်သောဆေးပြားများကို ထုပ်ပိုးလိုက်သည်။ နေ့တိုင်း ဧရာမဝေလငါးဂိုဏ်းမှ တပည့်များသည် ၎င်းတို့ကို စုဆောင်းစစ်ဆေးရန် လာရောက်ကြမည်ဖြစ်သည်။

ထုံးစံအတိုင်း စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အများသုံးမီးဖိုချောင်သို့ ညစာစားရန် ထွက်လာခဲ့သည်။

"ဆရာစူး။"

လမ်းတစ်လျှောက်တွင် အဖြူရောင် အဂ္ဂိရတ်ဆရာဝတ်စုံကို ၀တ်ဆင်ထားသည့် စူးချန်ခုန်းကိုမြင်တော့ ဧရာမဝေလငါးဂိုဏ်း၏ တပည့်များက သူ့ကို ဖော်ရွေစွာ နှုတ်ဆက်ကြသည်။

ဂိုဏ်း၏အဂ္ဂိရတ်ပညာရှင်သည် ဤလူငယ် 'ဆရာစူး' အဖြစ်သို့ပြောင်းသွားခဲ့ပြီး အဂ္ဂိရတ်ပညာကျွမ်းကျင်သော ဤလူငယ်လေးက စိတ်ထားကာင်းသောကြောင့် သေချာပေါက် အန္တရာယ်မရှိနိုင်သည်ကို သူတို့သိလေ၏။

စူးချန်ခုန်းက ထောင့်တစ်နေရာတွင် ထိုင်လိုက်သည်။ အများသုံး မီးဖိုချောင်သည် အနီးနားရှိ အခြားစားပွဲများတွင် ဧရာမဝေလငါးဂိုဏ်းတပည့်အုပ်စုများနှင့် ယောက်ယက်ခတ်နေသော ခန်းမနှင့် ဆင်တူသည်။

စူးချန်ခုန်းသည် အသားများသည့် ကြက်ပေါင်ကို ကိုက်ကာ သူအသုံးပြုလိုက်သော စွမ်းအင်နှင့် ခွန်အားကို ဖြည့်တင်းလိုက်သည်။

“မင်းကြားပြီးပြီလား… ဒီနေ့ ဧရာမဝေလငါးဂိုဏ်းဆယ်မိုင်လောက်မှာ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့တယ်တဲ့။ သူတို့က အဲ့တာ ဆရာကြီးကုန်းရဲ့ အလောင်းလို့ ပြောကြတယ်…”

"ဆရာကုန်းလား။ သူက ဂိုဏ်းထဲမှာရှိနေတာ မဟုတ်ဘူးလား။ ဘယ်လို အသတ်ခံလိုက်တာရတာလဲ"

သို့သော် ထိုအချိန်တွင် နောက်စားပွဲရှိ ဧရာမဝေလငါးဂိုဏ်းမှ တပည့်နှစ်ယောက်၏ တိုးတိုးလေးပြောသံကြောင့် စူးချန်ခုန်းအံ့အားသင့်ကာ ခေတ္တရပ်သွားခဲ့သည်။

"ကုန်းကျန့်... သေပြီလား"

စူးချန်ခုန်း အံ့ဩသင့်နေမိသည်။ ကုန်းကျန့်ကို ဒီနေ့တင်ပဲ ဧရာမဝေလငါးဂိုဏ်းက ထွက်သွားတာကို မြင်ခဲ့ရပေမယ့် ရုတ်တရက် ကွယ်လွန်သွားပြီဆိုတဲ့သတင်း သူ ကြားလိုက်ရသည်။

"ဆရာကုန်း ဘယ်လိုသေတာလဲ"

စူးချန်ခုန်းသည် မနေနိုင်ဘဲ မတ်တပ်ထရပ်ကာ စားသောက်နေကြသော ဧရာမဝေလငါးဂိုဏ်းတပည့်နှစ်ယောက်ကို ကြည့်ပြီး သူ့စိတ်ခံစားချက်များကို ပြင်းပြင်းထန်ထန် မျိုသိပ်ထားလိုက်သည်..

All Chapters