ဧရာမဝေလငါးနတ်ဘုရားစွမ်းအင်ပန်းချီကား။ လှိုင်းကြမ်းများ ကောင်းကင်သို့ ဆန်တက်ခြင်း။ (၃)
Vol. 9 Ch. 134
ဒုတိယအချက်မှာ လျိုကန်း၏ စွမ်းရည်များ ကြောင့် ခန်းမခေါင်းဆောင် အဆင့်ပုဂ္ဂိုလ်တစ်ဦးက လျှို့ဝှက်စွာ လှုပ်ရှားခဲ့မည်ဆိုလျှင် သူသည် အမှန်တကယ် ခုခံရန် အခွင့်အရေးများစွာ ရှိမည်မဟုတ်ပေ။ တစ်ဖက်သားက သူ့ကို လက်ပူးလက်ကြပ်ဖမ်းဖို့ လုံးလုံးလျားလျား မလိုက်ခဲ့ဘူးဆိုတဲ့အချက်က သူ့ကို စော်ကားဖို့ တော်တော်လေး ကြောက်နေပုံပင်။
"အခုတော့ ဂိုဏ်းထဲမှာ ခန်းမခေါင်းဆောင်နှစ်ယောက်ပဲ ကျန်တော့တယ်။ မနေ့ညက လှုပ်ရှားခဲ့တဲ့သူက လေ့ကျယ်လား ကျောက်ထျန်းဟောက်လား။"
မုန့်စန်းသည် မနေ့ညက လှုပ်ရှားခဲ့သောသူမှာ ဧရာမဝေလငါးဂိုဏ်း၏ ခန်းမခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ကြောင်း သေချာသလောက် တွေးမိသော်လည်း လူငယ်လေးတစ်ယောက်ဖြစ်နိုင်ကြောင်း သူ မစဉ်းစားခဲ့မိပေ။
ဧရာမဝေလငါးဂိုဏ်းရှိ ရွှယ်ဝူအဆောက်အဦး မီးလောင်မှုသည် ဂိုဏ်းအတွင်း မငြိမ်မသက်မှုအချို့ကို ဖြစ်ပေါ်စေခဲ့သည်။ ရာထူးကြီးများထဲမှ တပည့်အချို့နှင့် ဂိုဏ်းမှ အဆင့်နိမ့်များအထိ လူတိုင်းသည် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များ ရှိကြသော်လည်း ထိုအကြောင်းကို ပေါ့ပေါ့ဆဆ မပြောရဲကြပေ။ သို့နှင့်မုန်တိုင်းက တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။
စူးချန်ခုန်းသည် နှစ်ရက်အကြာတွင် လျိုကန်းက ပုံမှန်အတိုင်း ဆေးပြားသန့်စင်ခန်းတွင် အလုပ်ပြန်ဝင်သည်ကို တွေ့ရှိခဲ့သည်။
"လွန်ခဲ့တဲ့နှစ်ရက်က ဘာလို့မလာတာလဲ" စူးချန်ခုန်းသည် စိတ်ရှုပ်ထွေးဟန်ဆောင်ကာ မေးလိုက်လေ၏။
လျိုကန်းက မဲ့ပြုံးလေးနှင့် "အဲ့တာက တနေ့က အဖြစ်အပျက်ကြောင့်ပဲ မဟုတ်လား။ ညဘက် ထပြီး လေညှင်းခံဖို့ ထွက်လာတော့ လူဆိုးတွေ ရိုက်တာခံလိုက်ရတယ်ဗျာ။ နောက်တော့ ဒုဂိုဏ်းခေါင်းဆောင်က ကိုယ်ရေးကိုယ်တာ မေးခွန်းထုတ်ဖို့ ခေါ်သွားတာ တစ်နေကုန်လုံးပဲ။ ကျွန်တော် သေလောက်အောင် ကြောက်နေခဲ့တာ။" ဟုဆိုလေ၏။
ဒါကိုကြားတော့ စူးချန်ခုန်းက စာနာစိတ်နဲ့ နှစ်သိမ့်ပေးရင်း "ဒါက တကယ့်ကို ကံဆိုးတာပဲ။ ပြီးရင်တော့ ကံကြမ္မာကောင်းတွေ လိုက်လာမှာ သေချာပါတယ်"
“အာ… အဲ့အကြောင်း မပြောပါနဲ့တော့ ဆရာစူးရာ။ အဂ္ဂိရတ်ပညာကို ဆက်လုပ်ကြရအောင်။ ဂိုဏ်းက အခုတလော ရွှေနာလန်ထူဆေးပြား တစ်သုတ်လိုနေတာ။”
လျိုကန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မပြောချင်ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
လျိုကန်း၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ စူးချန်ခုန်းသည် သူ့အား သတိလစ်အောင် လုပ်ခဲ့သောလူက သူ့မျက်စိရှေ့တွင် ရပ်နေသည့်သူမှလွဲ၍ အခြားသူမဟုတ်ကြောင်း လျိုကန်း မသိသေးမှန်း သိလိုက်လေပြီ။
သူတို့နှစ်ဦးသည် အဂ္ဂိရတ်ပညာကို ဆက်လက်လုပ်ဆောင်ကြပြီး ဝေလငါးဂိုဏ်းအတွင်းရှိ ပရမ်းပတာများ ငြိမ်သက်သွားသော်လည်း ဝေလငါးဂိုဏ်းတွင် နောက်ထပ် ပွင့်ပွင့်လင်းလင်းတိုက်ပွဲများ၊ လျှို့ဝှက်ရန်ပွဲများ စတင်နေပြီဟု လူတိုင်းသိကြသည်။
ဒါပေမယ့် ဒါက စူးချန်ခုန်းနဲ့ မသက်ဆိုင်ပါ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှယ်ဝူအဆောက်အဦး မီးလောင်သွားခဲ့တာ ငါးရက်ကြာသွားခဲ့လေပြီ။
ညနေခင်းတွင် စူးချန်ခုန်းသည် ခြံဝင်းထဲတွင် လမ်းလျှောက်နေ၏။ သူက လမ်းလျှောက်နေပုံရသော်လည်း တကယ်တော့ သူ့ကို စောင့်ကြည့်နေသူရှိမရှိကို ကြည့်နေခြင်းသာ။ မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် စူးချန်ခုန်းသည် သူ့အခန်းထဲသို့ ပြန်သွားပြီး တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်လိုက်သည်။
"ကြည့်ရအောင်... ရွှယ်ဝူအဆောက်အဦးကနေ ခိုးလာတဲ့ ပစ္စည်းက သိုင်းပညာ လျှို့ဝှက်ချက်လက်စွဲစာအုပ် ဖြစ်နိုင်ချေများတယ်။ ငါ့အတွက် အသုံးတည့်ပါ့မလား။"
စူးချန်ခုန်း အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
ရွှယ်ဝူအဆောက်အဦးသည် ဝေလငါးဂိုဏ်းမှ သူတို့၏ သိုင်းပညာ လျှို့ဝှက်လက်စွဲများကို သိမ်းဆည်းထားသည့်နေရာဖြစ်ပြီး မုန့်စန်း၏လူများ ခိုးယူလာသည့် ပစ္စည်းသည် အတော်အတန်အဆင့်ရှိသော လျှို့ဝှက်လက်စွဲဖြစ်ဖွယ်ရှိသည်။
စူးချန်ခုန်းက သူ့ပါးစပ်ကိုဖွင့်ပြီး အသက်ရှုသွင်းရှူထုတ်လုပ်လိုက်ရာ သူ့လည်ချောင်းအဆုံးကနေ စာလိပ်ထောင့်တစ်ခုအရာက ဝမ်းဗိုက်ကနေ ထွက်လာလေ၏။
စူးချန်ခုန်းသည် ထိုနေ့မှစ၍ ထိုစာလိပ်ကို မျိုချလိုက်ပြီး သူ့ဗိုက်ထဲတွင် အမှန်တကယ် သိမ်းထားခဲ့သည် ။
ထိုစာလိပ်ကို ရေစိုပြီး မပျက်စီးစေရန် ထူးခြားသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသည်။ သူက ၎င်းကို အစာအိမ်အရည်များ ချေဖျက်ခြင်းမှ ကာကွယ်ရန် ချီစွမ်းအင်တွင် ရစ်ပတ်ထားခဲ့၏။
ထို့အပြင် ၎င်းသည် နောက်ဆုံး ရွေးချယ်စရာတစ်ခုဖြစ်သည်။ သူက အဲ့တာကို လူကိုယ်ပေါ်မှာ မသယ်ထားနိုင်။ သူ့အခန်းထဲမှာ မထားခဲ့နိုင်ပါ။ တစ်ယောက်ယောက်က သူ့ကိုလိုက်ရှာဖို့ ဒါမှမဟုတ် အပြင်ထွက်နေချိန်မှာ သူ့အခန်းထဲမှာ လာရှာရင် ရှာတွေ့နိုင်လေသည်။
တစ်ယောက်ယောက်က သူ့ကို ဖြတ်မခုတ်ပါက သူ့ဗိုက်ထဲမှာ ဝှက်ထားတယ်ဆိုတာ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါ။
"ကံကောင်းလို့... စာလိပ်ကို ဆလင်ဒါပုံစံဖြစ်အောင် ခေါက်ထားလို့ မျိုချနိုင်ခဲ့တာ။ စာအုပ်အထူဆိုရင် ဒါက မဖြစ်နိုင်ဘူး" ဟု စူးချန်ခုန်းက စာလိပ်ကို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်သူ တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် စာလိပ်ကို အနီးကပ် မစစ်ဆေးမီ ၎င်းကို သန့်စင်ရန် ရေအင်တုံတစ်ခုကို ယူခဲ့လေ၏။
စာလိပ်၏ ပစ္စည်းတစ်ခုတည်းနှင့်ပင် ထူးခြားပြီး ခိုင်ခံ့သည်။ မီးနှင့်ရေကို ခံနိုင်ရည်ရှိသောကြောင့် စူးချန်ခုန်းသည် ၎င်းက သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်ဖြစ်မည်ဟု မျှော်လင့်ကာ ဖြည်းညှင်းစွာ ဖွင့်ထုတ်လိုက်သည်။
"ပန်းချီကား?"
သို့သော် သူသည် စာလိပ်ကို အပြားလိုက်ချလိုက်သောအခါ သိုင်းပညာလျှို့ဝှက်လက်စွဲစာအုပ်မဟုတ်ဘဲ ပန်းချီကားဖြစ်နေသောကြောင့် ချက်ချင်းပင် အံ့အားသင့်ခဲ့ရသည်။
စာလိပ်ပေါ်တွင် မိုးပြာရောင်အရိပ်တစ်ခုရှိပြီး လှိုင်းလုံးကြီးများ တဝုန်းဝုန်းနှင့် ပင်လယ်ပြင်ကို သရုပ်ဖော်ထားပြီး သမုဒ္ဒရာအတွင်းတွင် ဧရာမဝေလငါးကြီးများ၏ အရိပ်အယောင်ကို ခပ်ရေးရေး ဖော်ပြထားလေ၏။ ကျောက်စရစ်ခဲများက ဝန်းရံထားကာ မိုးကြိုးများလည်း ပါရှိသည်။ ပန်းချီကားတစ်ခုလုံးကို မြင့်မြတ်သော အထိအတွေ့ဖြင့် ဖန်တီးထားပြီး ရဲရင့်ပြီး အရောအနှောကင်းသော စိတ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။
စူးချန်ခုန်းသည် ပန်းချီပညာကို ခံစားတတ်သူ မဟုတ်သော်လည်း ဤပန်းချီကားသည် ရှားပါးသော လက်ရာတစ်ခုဖြစ်ကြောင်း တစ်ချက်တည်းနှင့် ပြောနိုင်သည်။
သို့သော် စူးချန်ခုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေ၏။ မုန့်စန်းရဲ့လူတွေက ဒီပန်းချီကားကို ခိုးယူဖို့ ရွှယ်ဝူအဆောက်အဦးကို မီးရှို့ခဲ့တာလား။
"ဟမ်?"
ထို့ကြောင့် စူးချန်ခုန်းသည် ပန်းချီကားကို အာရုံစိုက်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။
“ဝူး”
စူးချန်ခုန်းသည် ပန်းချီကားထဲရှိ ဝေလငါးကြီး က အသက်ဝင်လာပုံရပြီး ရေပြင်ပေါ် ခုန်ကာ ကျွမ်းထိုးလိုက်သောကြောင့် လှိုင်းလုံးကြီးများဖြစ်ပေါ်လာပြီး စူးချန်ခုန်းသည် သူ့နားထဲတွင် တဟုန်ထိုး လှိုင်းပုတ်သံကို ကြားလိုက်ရသည်။
ဒီမြင်ကွင်းက စူးချန်ခုန်းရဲ့ နှလုံးသားကို ထိတ်လန့်သွားစေပြီး ပန်းချီကားကို ပစ်ချလုနီးပါးဖြစ်သွားသည်။ သို့ပေမယ့် သူ့အာရုံစူးစိုက်မှု ပျောက်ကွယ်သွားချိန်မှာတော့ ပန်းချီကားဟာ သာမန်ပန်းချီကားတစ်ချပ်လို ငြိမ်သက် သွားပြန်သည်။
“ဒါက နတ်ဘုရားစွမ်းအား ပန်းချီကားလား”
ဤထူးဆန်းသော အခိုက်အတန့်က စူးချန်ခုန်း၏မျက်လုံးများကို ပြူးကျယ်စေကာ ရင်ထိတ်စေ၏။ သူသည် ဒဏ္ဍာရီတစ်ခုခုကို ချက်ချင်း တွေးလိုက်ပြီး သူ့နှလုံးသားက တဒိန်းဒိန်းနှင့်။
လူတွေက နတ်ဘုရားစွမ်းအင်ပန်းချီကားများကြောင့် အာရုံထွေပြားလွန်းသောကြောင့် ခက်ခဲ နက်နဲသော သိုင်းပညာ အများစုမှာ ပျောက်ဆုံးခြင်း သို့မဟုတ် တစ်ပိုင်းတစ်စနှင့် မပြည့်စုံခြင်းတို့ ဖြစ်တတ်ကြသည်။
လေးနက်သော သိုင်းပညာ အများအပြားသည် စာသားဖြင့် မှတ်တမ်းတင်ရန် သို့မဟုတ် ဖော်ပြရန် ခက်ခဲသောကြောင့် နတ်ဘုရားစွမ်းအင်ပန်းချီကားများကို ဖန်တီးရခြင်းပင်။
နတ်ဘုရားစွမ်းအင်ပန်းချီကားကို သူတို့၏ စစ်မှန်သော နားလည်မှု၊ စိတ်စွမ်းအင်တို့နှင့် သူတို့၏ ထိုးထွင်းသိမြင်မှုများဖြင့် ပေါင်းစပ်ထားသည့် အထူး ကျွမ်းကျင်မှုတစ်ခုတွင် အလွန်မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်တစ်ဦးသာ ရေးဆွဲနိုင်သည်။ အဲဒါက နတ်ဘုရားစွမ်းအင်ပန်းချီကားပင်ဖြစ်၏။
နတ်ဘုရားစွမ်းအင်ပန်းချီကားနှင့် ပေါင်းစပ်ထားသော စာသားဖြင့်သာ ထိုသိုင်းပညာ၏ ကျင့်စဉ်ကို နားလည်ပြီး အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
စာသားများကို ကူးယူ၍ ဖော်ပြနိုင်သော်လည်း သိုင်းပညာရှင်၏ စစ်မှန်သော နားလည်မှုဖြင့် ထည့်သွင်းထားသော နတ်ဘုရားစွမ်းအင်ပန်းချီကားကို ပုံတူကူးရန် ခက်ခဲပါသည်။ အပြင်လူများက ပုံနှိပ်ခြင်း သို့မဟုတ် လိုက်ဆွဲခြင်းများဖြင့်ပင် ၎င်း၏အနှစ်သာရကို ဖမ်းဆုပ်နိုင်ခြင်းမရှိဘဲ ရိုးရှင်းသောပုံတစ်ပုံကိုသာ ရရှိနိုင်သည်။
နတ်ဘုရားစွမ်းအင်ပန်းချီကားတစ်ချပ်ကို သိုင်းပညာတွင် အလွန်မြင့်မားသော နယ်ပယ်တစ်ခုထိ ကျင့်ကြံနိုင်ခဲ့သူမှသာလျှင် ရေးဆွဲနိုင်မည်ဖြစ်သည်။
သူ့ရှေ့က ပန်းချီကားသည် လေးနက်သော သိုင်းပညာ၏ နတ်ဘုရားစွမ်းအင်ပန်းချီကားဖြစ်လေသည်။
“ဒါပေမယ့်… ဒီမှာ နတ်ဘုရားစွမ်းအင်ပန်းချီကားတစ်ချပ်ပဲ ရှိတယ်။ ကျင့်ကြံနည်းတွေက ဘယ်မှာလဲ”
သို့သော် စူးချန်ခုန်းသည် မကြာမီတွင် သူ့နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားလေ၏။
နတ်ဘုရားစွမ်းအင်ပန်းချီကားနှင့် တွဲ၍စာသားဖြင့် မှတ်တမ်းတင်ထားသော ကျင့်ကြံနည်းစနစ်များသည် ပြီးပြည့်စုံသော သိုင်းပညာ လျှို့ဝှက်ချက်လက်စွဲစာအုပ် ဖြစ်လာမည်ဖြစ်သည်။ သို့သော် စူးချန်ခုန်းသည် ဤစာလိပ်တွင် စကားလုံးတစ်လုံးမျှမပါသော နတ်ဘုရားစွမ်းအင်ပန်းချီကားတစ်ချပ်သာ ပါရှိသည်ကို တွေ့ရှိခဲ့လေ၏..