ဓားသွား
Vol. 131 Ch. 1811
သည်အခိုက်အတန့်တွင် ချပ်ဝတ်ဖြူဖြင့် ဗိုလ်ချုပ်သည် နောက်သို့ ဆက်မဆုတ်တော့ပေ။ ဤတိုက်ပွဲသည် လူတစ်ယောက် နောက်ဆုတ်နိုင်သော နေရာ ရှိသည့် အစစ်အမှန် တိုက်ပွဲမဟုတ်ပေ။ စစ်တပ်နှစ်ဖက် တိုက်ခိုက်နေသော စစ်တုရင်ကစားပွဲတစ်ခုသာ ဖြစ်သည်။
ထိုတိုက်ပွဲအတွင်း၌ ယင်းဗိုလ်ချုပ်သည် နောက်ဆုတ်ပါက သေမျိုးစစ်တပ်သည် လျော့ပါးဆုတ်ယုတ်ရပေမည်။ ဝမ်လင်းက သူ့ထံသို့ အရှိန်အဟုန် ပြင်းပြင်း တိုးဝင်လာရာ သူ့အဖို့ နောက်သို့ ဆက်တိုက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
သူ နောက်ဆုတ်ခြင်းက ဝမ်လင်းကို ကြောက်သည်ဟု ဆိုလို၏။ သူသာ နောက်ဆုတ်ပါက သူ လုံးဝ အနိုင်မရတော့တာ ဖြစ်နိုင်သည်။ တကယ်တော့ ဝမ်လင်းက ပို၍ သတ်လေလေ ပို၍ အစွမ်းထက်လာလေ ဖြစ်ပေမည်။
“သတ်….” ချပ်ဝတ်ဖြူဗိုလ်ချုပ်က မာန်သွင်းကာ အော်ဟစ်၏။ သူ၏အောက်မှ မြင်းဖြူသည် ဝမ်လင်းထံ တိုးဝင်လာသည်။
သည်ဂြိုဟ်၏ အရှေ့ပိုင်းရှိ တိုက်ပွဲကွင်းပြင်၌ အဖြူနှင့်အနက် မုန်တိုင်းသည် တစ်ဖက်နှင့်တစ်ဖက် ပေတစ်သောင်းသာ ခြားတော့၏။ ထိုမုန်တိုင်းနှစ်ခုက တစ်လမ်းလုံး သတ်ဖြတ်လာကာ အသာစီးရယူဖို့ လုပ်ဆောင်ကြသည်။
နာကျင်စွာ အော်သံဟစ်သံများ ပဲ့တင်ထပ်နေပြီး မရေမတွက်နိုင်သောလူများ သေဆုံးကုန်၏။ အဖြူအနက်မုန်တိုင်းက နီးသထက် နီးလာချေပြီ။ ကောင်းကင်ထက်ရှိ ကျားဖြူဗိုလ်ချုပ်က တုန်လှုပ်နေပြီး သူ၏အမူအရာမှာလည်း ရှုံ့တွနေ၏။ အောက်ဘက်ရှိ ချပ်ဝတ်ဖြူဗိုလ်ချုပ်အတွင်းရှိ သူ၏စိတ်မှာ မြည်ဟည်းနေလျက် ထိုဗိုလ်ချုပ်နောက်တွင် ဝိုးတဝါးကျားဖြူ ပေါ်လာသည်။
ထိုကျားဖြူက ဝမ်လင်းထံ ဟိန်းဟောက်၏။
ထိုဗိုလ်ချုပ်အောက်ရှိ မြင်းဖြူသည်ပင် အဖြူရောင်ကျားတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည့်အလား။ ၎င်းက ကဆုန်ပေါက်ကာ ကျယ်လောင်စွာ ဟိန်းသံ ပေးသည်။
ဝမ်လင်း၏ဆံပင်ဖြူများက လွင့်တဲကနေလျက် သူ့လက်ထဲရှိ ဓားက သားသတ်သမား၏ဓားအလား ထင်ရချေသည်။
သူ၏ဓားထိပ်ဖျားမှ သွေးများ တစက်စက်ကျနေသည်။
“မင်းဟာ ကျားတစ်ကောင် ဖြစ်တော့ရော ဘာဖြစ်သေးသလဲ။ ငါ ကျားတစ်ကောင်ကို သတ်ဖြတ်ပစ်မယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသည်။ အနက်ရောင်အခိုးငွေ့များက သူ့အား ဝန်းရံထားလျက် ဧရာမဘီလူးအရိပ်အသွင် ဖွဲ့တည်သည်။
ထိုဘီလူးက ရှေးတောက်ယဲ့မို မဟုတ်လေ၊ ရှေးတောက်ဝမ်လင်းသာ ဖြစ်ချေသည်။
ပေငါးထောင်၊ လေးထောင်၊ သုံးထောင်…။ ချက်ခြင်းပင် သူတို့နှစ်ယောက်ကြား၌ ပေတစ်ထောင်သာ ကွာတော့၏။ ထိုအကွာအဝေးမှာ မပြောပလောက်ပါ။
သည်အခိုက်၌ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာကြပြီ။
“သတ်…” ကျားဖြူဗိုလ်ချုပ်က ခေါင်းမော့ကာ ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်၏။
ဝမ်လင်းက မထူးခြားနားပင်။ သူက မာန်မသွင်းပါ။ သူ၏မြင်းနက်က လေထဲသို့ ခုန်တက်လျက် သူက စဉ်းစား၏။ သူက သူ့ဓားကို ပင့်မြှောက်ကာ မရဏတရား ပြည့်လျှံသော စက်ဝန်းတစ်ခုအသွင် ဝေ့ယမ်း၏။ ဓားသွားထံမှ အလင်းသည် သူ၏နောက်မှ သွေးလနှင့် ယှက်လိမ်လေ၏။
ထိုခုတ်ပိုင်းချက်တစ်ချက်က ကောင်းကင်ကို အရောင်များ ပြောင်းစေကာ တိမ်များကို ပြန့်ကြဲသွားစေသည်။ ကောင်းကင်ကိုယ်တိုင် ပြိုကျလာကာ ဝမ်လင်း၏ ဓားသွားထံ၌ စုဝေးသည့််နှယ် ထင်မှားရသည်။
ကျားဖြူဗိုလ်ချုပ်၏ လှံမှာလည်း အဖြူရောင်တလျှံလျှံ တောက်ပမှုကို ပေးစွမ်းလျက် ရှေ့သို့ ထိုးစိုက်လာသည်။ သူ၏နောက်မှ ကျားဖြူအရိပ်က ဝေဝါးကာ ၎င်းလှံနှင့် ပေါင်းစပ်သည်။ အဝေးမှ ကြည့်ပါက ဤလှံက လှံနှင့်မတူတော့၊ ခုန်အုပ်လာသော ကျားဖြူတစ်ကောင်နှင့် တူနေတော့သည်။
အဖြူနှင့်အနက် ထိပ်တိုက်တွေ့ပြီ။ ကျယ်လောင်စွာ တုန်ဟည်းသံ လောကတခွင် မြည်ဟိန်းထွက်၏။ ၎င်းက မြေပြင်ထု၊ ကောင်းကင်ယံတို့ကို တုန်ခါကာ သည်ကြယ်အဖွဲ့အစည်းအနှံ့ ပျံ့လွင့်သည်။ ထိုစဉ် ဝမ်လင်း၏ဓားက လှံနှင့် ထိပ်တိုက်တွေ့ဆုံသည်။ လှံ ပျက်စီးသွား၏။ ကျားဖြူက နာကျင်စွာ ငြီးငြူလိုက်ရသည်။ ဝမ်လင်း၏ ဓားမှာလည်း တစစီ ဖြစ်သွားသည်။
သူတို့၏မြင်းများသည်လည်း ထိပ်တိုက်တွေ့ကာ ဟိန်းသံများပေးသည်။ ထိုမြင်းများ၏ ဦးခေါင်းများ ပေါက်ကွဲကာ နှစ်ကောင်လုံး ပျောက်ကွယ်သွားသည်။ ယင်းတို့က အဖြူနှင့်အနက် အခိုးအငွေ့အဖြစ် ပြန်ပြောင်းကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။
ကောင်းကင်ထက်ရှိ ကျားဖြူဗိုလ်ချုပ်သည် တုန်ယင်ကာ သွေးအန်ထွက်၏။ သို့ပေမည့် သူ၏မျက်နှာမှာ ကြမ်းကြုတ်မှုတို့ ရှိလို့နေဆဲသာ။ ကျားဖြူဗိုလ်ချုပ်ကဲ့သို့ပင် အောက်ဘက်မှ ဗိုလ်ချုပ်သည်လည်း ကြမ်းကြုတ်နေလျက် သူ၏ သတ်ဖြတ်လိုစိတ်မှာ ထိတ်လန့်ဖွယ်ပင်။
သို့သော် သူ သွေးအန်လိုက်ရပြီးနောက် ဝမ်လင်းထံ ရောက်နေသော သူ့အကြည့်၌ ကြောက်ရွှံ့မှု ဖြစ်ပေါ်သည်။
သူ့မှာ ဒီလောက်အစွမ်းထက်တဲ့ သတ်ဖြတ်လိုစိတ် ဘယ်လိုလုပ် ရှိနေတာလဲ။ သူဟာ သူ့ဘဝမှာ လူဘယ်လောကများများကို သတ်ခဲ့တာလဲ…”
ကောင်းကင်ထက်ရှိ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း တုန်ယင်၏။ သူ့မျက်နှာမှာလည်း အနည်းငယ် ဖြူရောသွားသည်။ သို့သော် သူ၏မျက်လုံးမှာ ပို၍ တောက်ပလာသည်။ သူက ကျားဖြူဗိုလ်ချုပ်ကို စိုက်ကြည့်လိုက်ပြီး သူ့အသံမှာ ဟိန်းထွက်လာသည်။
“သင် ရှုံးတော့မယ်…”
“ငါ၊ ကျားဖြူဟာ ဘယ်တော့မှ မရှုံးဘူး။ ဒါဟာ ငါ ချမှတ်ထားတဲ့ ဥပဒေသပဲ…။ ငါ ဘယ်တော့မှ မရှုံးဘူး…”
ကျားဖြူဗိုလ်ချုပ်က သူ၏ရင်ဘက်ကို လက်ဖြင့် ရိုက်ကာ နောက်ထပ် သွေးအန်စေသည်။
သူ၏သွေးများ မြေပြင်ထက်သို့ ပြန့်ကြဲသွားစဉ် ကျားဖြူဗိုလ်ချုပ်၏ ချပ်ဝတ်သည် ပျက်စီးသွား၏။ သူ့ခန္ဓာကိုယ်မှာ သွေးများ ပျံသန်းထွက်စဉ် သူက မြေပြင်ထက်သို့ ကျဆင်းသည်။ သည်အခိုက်တွင် ကျားဖြူဗိုလ်ချုပ်၏ သွေးက အောက်ဘက်မှ ချပ်ဝတ်ဖြူဗိုလ်ချုပ်နှင့် ပေါင်းစပ်သည်။ သူက မာန်သွင်းလျက် ထရပ်၏။ ဝမ်လင်းကို လစ်လျူရှုထား၏။ သူက သူ၏အနီးအနားရှိ စစ်သားများကို စတင် သတ်ဖြတ်တော့သည်။
သူ သတ်လိုက်သည့်လူတိုင်းက သူ၏ဒဏ်ရာကို အနည်းငယ် ပြန်ကောင်းမွန်စေသည်။ သူ၏ ပျက်စီးသွားသော ချပ်ဝတ်ကို ပြန်ကောင်းမွန်စေသည်။
ဝမ်လင်းသည်လည်း သည်ထိပ်တိုက်တွေ့မှုကြောင့် နောက်ဆုတ်ရ၏။ သူ၏ချပ်ဝတ်မှာလည်း ပျက်စီးသွားရသည်။ သူက ပေတစ်သောင်းကျော် ဆုတ်လိုက်ရသည်။
သည်အခိုက်တွင် ချပ်ဝတ်ဖြူဗိုလ်ချုပ်က သူ့ဘက်ကိုယ့်ဘက်မခွဲတော့ဘဲ တွေ့သမျှ စစ်သားတိုင်းကို သတ်တော့သည်။ ထိုစစ်သားများက အဖြူရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းကာ သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။
ကျားဖြူဗိုလ်ချုပ်က လုံလောက်သည်ဟု မခံစားရသေးပေ။ သူ၏ခန္ဓာကိုယ်က တုန်ယင်လျက် သူ့ဒွာရပေါက်များထံမှ သွေးစက်တစ်ထောင် ပျံသန်းထွက်သည်။ ထိုသွေးစက်များက မြူအဖြစ် ပြောင်းကာ ၎င်း၏ ဝန်းရံခြင်းခံရသော စစ်သားတိုင်းသည် အရည်ပျော်ကြကုန်၏။ ထို့နောက် သွေးမြူက နောက်ထပ်ပစ်မှတ်ထံ သွားရောက်သည်။
ထို့အတွက်ကြောင့် သည်အခိုက်၌ စစ်သားမြောက်များစွာ သေဆုံးကုန်လေပြီ။ ယင်းတို့က မြန်သထက်မြန်မြန် သေဆုံးရကာ တစ်သိန်းနီးပါး အသက်ခံလိုက်ရပြီ။
ချပ်ဝတ်ဖြူဗိုလ်ချုပ်က ခုန်လိုက်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သေဆုံးသွားသော စစ်သားတစ်သိန်း၏ အော်ရာများက သူ့ထံ စုဝေးသည်။ သူ၏ချပ်ဝတ် ပြန်ဖွဲ့စည်းသွားပြီး မြင်းဖြူ ထပ်မံ ပေါ်လာ၏။ သို့ပေမည့် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ သွေးစက်တစ်ထောင်က ဆက်လက်၍ သတ်ဖြတ်နေကြဆဲပင်။
ဝမ်လင်းက ထိုနည်းလမ်းကို အသုံးမပြုပေ။ သို့သော် သူ၏မျက်လုံးက တောက်ပလာ၏။ သူက ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်ဗိုလ်ချုပ်ထံသို့ အကြည့်ရောက်သွား၏။
ထိုရွှေရောင်ဗိုလ်ချုပ်သည် ဝမ်လင်းနှင့် အကြည့်ချင်းဆုံသည့်အခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များသည်ပင် ထောင်မတ်ကုန်၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။ သို့သော် ဝမ်လင်းက သူ့ထံ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် တုံ့နှေးခြင်းမရှိ ရိုက်ချသည်။
ထိုသက်လတ်ပိုင်းလူက သည်သုံးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်၏။ ထို့အတွက် သူ့ကြောင့် ဖြစ်ပေါ်လာသော ဗိုလ်ချုပ်မှာလည်း အလားတူ ဖြစ်သည်။ သည်နေရာတွင် ဥပဒေသသာ မရှိပါက ဝမ်လင်းအဖို့ သူ့ကို သတ်ရန် အားစိုက်ထုတ်မှုအချို့ ပြုလုပ်ရနိုင်သည်။သို့သော် ခုချိန်တွင်မူ သူက ပင်မခန္ဓာကိုယ်ကို သတ်ခြင်း မဟုတ်၊ သူက ဥပဒေသကြောင့် ဖြစ်ပေါ်လာသော သေမျိုးကိုယ်ပွားတစ်ယောက်ကိုသာ သတ်မည် ဖြစ်သည်။ ထို့အတွက် ဒီသတ်ဖြတ်မှုက ရိုးစင်းလှသည်။
ကြောက်လန့်နေသော ထိုသက်လတ်ပိုင်းလူမှာ တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေး မရှိပေ။ ဝမ်လင်း၏လက်က သက်ဆင်းလာသည့်အခါ ရွှေရောင်ဗိုလ်ချုပ်သည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ရ၏။ သူ၏ ရွှေရောင်ချပ်ဝတ်မှာ ပျက်စီးသွားရသည်။
၎င်း ပျက်စီးသွားချိန်၌ ဝမ်လင်းသည် ပါးစပ်ဟကာ ဝါးမြိုလိုက်သည်။ ဝမ်လင်း၏စိတ်ဝိညာဉ်မှာ ဝိညာဉ်ဝါးမြိုသူ ဖြစ်သည် မဟုတ်လား။ ထို့ကြောင့် သူ၏ကိုယ်ပွား၌လည်း အလားတူ စွမ်းရည်မျိုး ပိုင်ဆိုင်သည်ပင်။ သူ၏ကျင့်ကြံမှုအဆင့်က ဖိနှိပ်ခံထားရသော်လည်း သည်စိတ်ဝိညာဉ်နှင့် သက်ဆိုင်သော စွမ်းရည်ကတော့ ရှိနေဆဲသာ။ သူက ချပ်ဝတ်ဖြူဗိုလ်ချုပ်ကို ဝါးမြိုနိုင်ခြင်း မရှိပေ။ သို့သော သည်ရွှေရောင်ဗိုလ်ချုပ်ကိုတော့ ဝါးမြိုနိုင်ပေသည်။
ထိုရွှေရောင်ဗိုလ်ချုပ်က နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရ၏။ သို့ပေမည့် သည်စစ်ပွဲ၌ သူ၏အော်သံမှာ လှိုင်းမထန်သွားစေပေ။ ဝမ်လင်း၏ဝါးမြိုခြင်း ခံရပြီးနောက် အနက်ရောင်မြူများဖြင့် သူ့ခန္ဓာကိုယ်မှာ ဝန်းရံခံရသည်။ သူ၏ ပျက်စီးသွားသော ချပ်ဝတ် ပြန်ပေါ်လာကာ အရင်ထက်ပင် အဆများစွာ ပိုအစွမ်းထက်သွားသည်။
သည်တစ်ကြိမ်၌ စစ်ခမောက်သည်ပင် ဖွဲ့စည်းကာ ဝမ်လင်း၏ဦးခေါင်းကို ထွေးခြုံသည်။
နဂါးဟိန်းသံ ကောင်းကင်တခွင် ပဲ့တင်ထပ်၏။ သည်တစ်ကြိမ်၌ အောက်ဘက်ရှိ ဝမ်လင်းထံ၌ ဖြစ်ပေါ်လာသည်မှာ မြင်းနက်တစ်ကောင် မဟုတ်တော့ပေ။ နဂါးဖြစ်၏။ ၎င်းနဂါး၏ခန္ဓာကိုယ်ကို မြူများဖြင့် ဖွဲ့စည်းထားပြီး ၎င်းက ဝမ်လင်းကို လှည့်ပတ်ကာ ချပ်ဝတ်ဖြူဗိုလ်ချုပ်ထံ ဟိန်းဟောက်၏။
ချပ်ဝတ်ဖြူဗိုလ်ချုပ်က သည်ဟိန်းသံကို ကြား၏။ သူက ရုတ်တရက် မော့ကြည့်သည်။ သူ့လက်ကို ဆန့်တန်းလိုက်ရာ လှံ ဖွဲ့စည်းကာ ပေါ်လာ၏။ သွေးစက်တစ်ထောင်က သူ့ခန္ဓာကိုယ်ထံ စုဝေးသည်။ ဖျတ်ခနဲအတွင်း သူ၏အောက်ဘက်ရှိ မြင်းဖြူက ဧရာမကျားဖြူတစ်ကောင်အဖြစ်သို့ ပြောင်းသွားသည်။
သူက ထိုကျားပေါ်တွင် ရပ်ကာ လှံကို ကိုင်ထားပြီး သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်သည်။ ကျားဖြူက လေထဲသို့ ခုန်တက်ကာ ဝမ်လင်းထံ ခုန်အုပ်လာ၏။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ဓားကြီးတစ်လက် ပေါ်လာ၏။ ၎င်းဓားကို ဆုပ်ကိုင်ကာ သူသည် ငြိမ်သက်စွာ စဉ်းစားနေစဉ် နဂါးနက်က ကျားဖြူထံ တိုးဝင်လာတော့သည်။ သည်တိုက်ပွဲက အနိုင်ရသူကို ဆုံးဖြတ်တော့မည်။
နှစ်ဖက်လုံးက ချက်ခြင်း နီးကပ်လာပြီး ထိပ်တိုက်တွေ့သည်။ ကျားနှင့်နဂါးသည် တိုက်ခိုက်လျက် မာန်သွင်းဟစ်ကြသည်။ ဂြိုဟ်တစ်ခုလုံး တုန်ခါကုန်၏။
ဝမ်လင်း၏ဓားသွားသည် သက်ဆင်းလာကာ ချပ်ဝတ်ဖြူဗိုလ်ချုပ်၏ လှံနှင့် ထိပ်တိုက်တွေ့သည်။ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်းက မာန်သွင်းကာ အော်ဟစ်၏။ သူ့နောက်၌ ရှေးတောက်အရိပ် ပေါ်လာကာ ဓားသွားနှင့်အတူ သက်ဆင်းလာသည်။
ချပ်ဝတ်ဖြူဗိုလ်ချုပ်၏ လှံ ပျက်စီး၏။ ချပ်ဝတ် ပျက်စီး၏။ သူ့အောက်မှ ကျားဖြူလည်း ပျက်စီးသွားသည်။ သူက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်၏။ ဝမ်လင်း၏ဓားသွား ဆင်းသက်လာစဉ် သူ့မျက်ခုံးနှစ်ခုကြား၌ သွေးစင်းကြောင်း ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားတော့သည်။
ကောင်းကင်ထက်ရှိ ကျားဖြူဗိုလ်ချုပ်၏ မျက်နှာသည် သေလောက်အောင် ဖြူရောလာ၏။ သူက သွေးအန်လိုက်ရပြီး သူ၏အမူအရာသည် မှိန်ဖျော့လို့သွားသည်။
“ခုချိန်ကစပြီး မင်းဟာ ငါ့ကျွန်ပဲ…” ဝမ်လင်းက ရုတ်တရက် ထရပ်ကာ သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့မိသွားသည်။ သူက အန္တရာယ်တစ်ခု ချဉ်းကပ်လာပြီဟု ခံစားမိသည်။ တုံ့နှေးမနေဘဲ သူက ရှေ့သို့ခြေလှမ်းကာ သူ့နတ်ဘုရားအာရုံကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်နှင့် ထပ်သွား၏။
သူက ပါးစပ်ဟကာ ထိခိုက်ပြိုလဲသွားသော ချပ်ဝတ်ဖြူဗိုလ်ချုပ်၏အော်ရာကို ဝါးမြိုသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ကို အနက်ရောင်အခိုးငွေ့များ ခြုံလွှမ်းထား၏။ ၎င်းက သူ့လက်ထဲတွင် ဓားရှည်တစ်လက်အသွင်သို့ ပြောင်းသည်။ သူက ထိုဓားကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ စိုက်ကြည့်သည်။ သူက စွမ်းအားပြည့်ကို စူးနစ်စေပြီး ဥပဒေသစွမ်းအားကို သည်ဓားအတွင်းသို့ ရောက်ရှိစေသည်။
သည်ဓားသွား၌ ဒီလောက၏ အစွမ်းထက်ဆုံးစွမ်းအား ပါဝင်၏။ ထိုဓားသွားက ဒီနေရာတွင် ချမှတ်ထားသော ကျားဖြူဗိုလ်ချုပ်၏ ဥပဒေသကို ချိုးဖျက်နိုင်လိမ့်မည်။
သူက သူ့အား အန္တရာယ်အာရုံ ခံစားမိစေသောသူ ရောက်လာမည်ကို စောင့်နေ၏။ တစ်ချိန်တည်းမှ ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ မီးဖြင့် ပြုလုပ်ထားသော ထီးအသေးစားတစ်ခု ပေါ်လာ၏။ ၎င်းက သူ့လက်ထဲတွင် ပျောက်ကွယ်သွားသည်။