အခြေတည် ဝိညာဉ် ဖွဲ့စည်းခြင်း
Vol. 12 Ch. 1129
အနက်ရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် နန်းတော် အိုကြီး အတွင်း၌ လေသည် ရပ်တန့်နေ၏။ အမတေချီသည် အေးခဲနေကာ ဖုန်များမှာ ကြမ်းပြင်ထက်၌ တည်ငြိမ်နေသည်။ အချိန်ပင်လျှင် ရပ်တန့်နေဟန် ရလေ၏။ ချန်းဖန် တစ်ယောက်တည်းသာလျှင် လေထဲ၌ တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့လေသည်။
တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...
အချိန်သည် ဆက်လက် သွားလာနေ၏။ ချန်းဖန်သည် တည်ငြိမ်စွာပင် ရုပ်တု တစ်ခု အလား ထိုင်နေခဲ့သည်။ ပြိုးပြိုးပျက်သော အလင်းများသည် သူ၏ ခန္ဓာကိုယ် အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ ဓမ္မ စွမ်းအား လှုပ်ရှားမှု တစ်ခုတစ်လေပင် ရှိမနေခဲ့ချေ။ သူ၏ အရေပြားသည် လွန်ခဲ့သော နှစ်ထောင်ဂဏန်းတည်းက သေဆုံး သွားခဲ့သည့် အလောင်း တစ်ခုအလား မွဲခြောက် နေလေသည်။
ထိုဖြစ်စဥ်သည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ခဲ့လေ၏။
ရုတ်တရက်...
“ဘုန်း...”
ချန်းဖန်၏ ခန္ဓာကိုယ်သည် အက်ကွဲသွားသည်။ မရေမတွက်နိုင်သော ရွှေရောင် အရိုး အပိုင်းအစများ၊ အဇူရာ သွေးများနှင့် ခန္ဓာကိုယ် အပိုင်းအစ အားလုံးသည် မူလ နတ်ဘုရား နန်းတော် တစ်လျှောက် ပြန့်ကျဲ သွားလေ၏။ သူ၏ ဦးခေါင်းပင်လျှင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။ ထိုနေရာ၌ ရွှေရောင် အလင်းလွှာ တစ်ခုသာလျှင် ကျန်ရစ်၏။ ၎င်းသည် လျှင်မြန်စွာပင် ကျယ်ပြန့်လာသည်။ ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဥ်သည် ထိုအထဲ၌ မျောလွင့်နေသည်။ ထိုအရာသည် အမတေချီစွမ်းအားကို သဟဇာတ ဖြစ်အောင် ချိန်ညှိရန် ကြိုးစား နေခဲ့ခြင်း ဖြစ်လေသည်။
“ဖွဲ့စည်းစမ်း...”
မကြည်လင် မရှင်းလင်းသည့် ခပ်ဝါးဝါး အသံ တစ်ခုသည် ထွက်ပေါ်လာ၏။
“ဝှစ်...”
မူလ နတ်ဘုရား နန်းတော် တစ်လျှောက် ကြဲပြန့်နေသည့် သွေးစက်များ၊ အရိုးများနှင့် ကိုယ်လက် အင်္ဂါများသည် မမြင်နိုင်သော လက်ကြီးတစ်ခု၏ ဆွဲယူခြင်းကို ခံရသည့် အလား ရွှေရောင် အလင်းလွှာ ပတ်လည်တွင် စုစည်း လာကြသည်။ ၎င်းတို့သည် ချန်းဖန်၏ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းကြလေ၏။
ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းပြီး နှစ်ရက်မျှ ကြာပြီးနောက်...
“ဘုန်း...”
ချန်းဖန်၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ သွားပြန်၏။ ရွှေရောင် အလင်းသည် ပထမ တစ်ကြိမ် ကထက် ပို၍ ကြီးမား ကျယ်ပြန့်လာသည်။ ထိုအလင်းသည် ပြင်းထန်စွာ တုန်ရီကာ ခန်းမ အလင်းကိုပင် ထိုးဖောက်ဟန် ပြုသည်။
သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား ဝိညာဥ်မှာမူ အလွန်အမင်း တည်ငြိမ်နေ၏။ သူက နောက်တစ်ကြိမ် “ဖွဲ့စည်းစမ်း” ဟု အော်ဟစ် လိုက်ပြန်လေသည်။ ဒုတိယ အကြိမ်မြောက် အဖြစ် သွေးစက်များ၊ အရိုးများသည် ပြန်လည် စုစည်းလာကာ ချန်းဖန်၏ ခန္ဓာကိုယ် ပြန်လည် ပေါ်လာခဲ့၏။
ထိုကဲ့သို့ ဖြစ်ခြင်း၊ ပျက်ခြင်း ဖြစ်စဥ်သည် ကိုးကြိမ်တိုင်တိုင် အစဥ်လိုက် ဖြစ်ပွား နေခဲ့လေသည်။ ချန်းဖန်၏ ခန္ဓာကိုယ်သည် ကိုးကြိမ်တိုင်တိုင် ပေါက်ကွဲ ပျက်စီးခဲ့လေရာ မထိခိုက်ဖူးသော ခန္ဓာကိုယ် အစိတ်အပိုင်း ဟူ၍ မရှိတော့ချေ။
သို့သော်လည်း ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် စုစည်း နိုင်နေဆဲ ဖြစ်သည်။ သို့သော်လည်း တစ်ကြိမ် ပြန်လည် မွေးဖွားလာတိုင်း၌ သူ၏ နတ်ဘုရား ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်မှာ ပို၍ အားနည်း လာခဲ့သည်။ မရေမတွက်နိုင်သော အဇူရာ မိုးကြိုးများသည် ရိုက်ခတ်ကာ ဓမ္မ ဥပဒေသများကို သွတ်သွင်းနေ၏။ ထိုဖြစ်စဥ်သည် ချန်းဖန်အား ရှေးကျခြင်း၊ နူးညံ့ခြင်းနှင့် မသေချာခြင်းတည်း ဟူသော စွမ်းအင်များကို ပေးအပ်လေသည်။ ထိုဓမ္မ ဥပဒေသများကား သူ၏ ခန္ဓာကိုယ် တစ်ခုတည်းကိုသာ ဝင်ရောက်ခြင်း မဟုတ်ချေ။ သူ၏ အစစ်အမှန် အမတေနှင့် နတ်ဘုရား ဝိညာဥ်တို့ကိုပါ တစ်ပြိုင်နက်တည်း ပြုပြင် နေခဲ့ခြင်း ဖြစ်ပေသည်။
“ဘုန်း...”
နဝမ အကြိမ်မြောက် ပြန်လည် မွေးဖွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင် အလင်းသည် ဘဲငန်း တစ်ကောင်၏ အရွယ်အစား အထိ ရောက်ရှိလာ၏။ ထိုအရာသည် သားမွေးကဲ့သို့ နူးညံ့သော၊ သိမ်မွေ့သော အလင်းကို ထုတ်လွှတ်လေသည်။ အဆုံးမဲ့သော ပုံရိပ်ယောင် စွမ်းအင်များသည် ထိုအထဲ၌ ကျက်စားနေကာ မည်သည်မှန်း မသိရသော အရာတစ်ခုမှာ ဖြစ်ပွားနေ၏။
“ဒိန်း...”
နှလုံးခုန်သံ ကဲ့သို့ အလွန် တိုးညှင်းသော အသံ တစ်ခုသည် ထိုရွှေရောင် အလင်းလုံး အတွင်းမှ ထွက်ပေါ်လာ၏။
ထို့နောက်...
“ဒိန်း... ဒိန်း... ဒိန်း...”
တတိယမြောက်၊ စတုတ္ထမြောက်၊ ပဥ္စမမြောက်... အသံသည် ပို၍ ပို၍ ကျယ်လောင်လာသည်။ နောက်ဆုံး၌ ထိုအရာမှာ နတ်ဘုရားတို့၏ စည်တီးသံ အလား လောက တစ်ခုလုံးကိုပါ ဖုံးလွှမ်း သွားတော့သည်။ မိုင်တစ်ရာ အတွင်းရှိ သက်ရှိ အားလုံးသည် ထိုအသံကို နားထောင်ကာ သူတို့၏ ခန္ဓာကိုယ်များမှာ အားနည်းလာသလို ခံစား လာကြရလေသည်။
“ဘုန်း...”
ကိုးချက်မြောက် အရောက်သို့ အရောက်၌ ပတ်ဝန်းကျင် မိုင်တစ်ထောင် အတွင်းရှိ အခြေတည် ဝိညာဥ် အဆင့်အောက် မိစ္ဆာ အားလုံးသည် တစ်ပြိုင်နက်တည်း ပျက်စီး သွားကြသည်။ အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ များပင်လျှင် သွေးများအန်ကာ ပြင်းထန်စွာ ဒဏ်ရာရကုန်ကြသည်။ သူတို့ အားလုံးသည် ကြောက်လန့်ကာ ရူးသွပ်စွာဖြင့် ခြေဦးတည့်ရာသို့ ပြေးကြတော့၏။
“ဝှစ်... ဝှစ်...”
အထွတ်အမြတ် ခြောက်ပါး မိစ္ဆာ ကမ္ဘာမှ နတ်ဆိုးများနှင့် အပိုလို နတ်ဘုရား မင်းသားတို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကာ ချန်းဖန်အား နားမလည်စွာဖြင့် ကြည့်လိုက်ကြလေသည်။
“ဘာတွေဖြစ်နေတာလဲ...”
အပိုလို နတ်ဘုရား မင်းသားမှာ အံ့သြနေခဲ့၏။ သူသည် အထွတ်အမြတ် ခြောက်ပါး မိစ္ဆာ ကမ္ဘာအတွင်း တစ်နှစ်ခန့် ပိတ်မိနေခဲ့လေရာ အပြင်ဘက်၌ ဖြစ်ပျက်နေသော အရာများကို သိရှိထားခြင်း မရှိပါချေ။
“သခင်က အခြေတည် ဝိညာဥ် အဆင့် ကပ်ဘေးကို ဖြတ်ကျော်နေပြီ”
မူရှောင်နှင့် ဝိညာဥ် စားမျောက်တို့သည် ပျော်ရွှင်ခြင်းတို့ ရောစွက်နေသော ကြောက်မက်ဖွယ် အသံကြီးများဖြင့် ဆိုလိုက်ကြသည်။ သူတို့သည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ တိုက်ခိုက်မှုတွင် ခန္ဓာကိုယ်နှင့် နတ်ဘုရား ဝိညာဥ်များ ပြိုကွဲ ခဲ့ရသည့်တိုင် လအနည်းငယ် ကြားပြီးနောက် အကောင်း ပကတိ ပြန်လည် ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့သည် မူလကထက်ပင် ပိုမိုကာ အစွမ်းထက်လာခဲ့ကြသည်။
“အခြေတည် ဝိညာဥ် အဆင့် ကပ်ဘေးကို ခုမှ ဖြတ်မယ်လား... ဒီကောင်လေးက တကယ့်ကို ရွှေအမြုတေ အဆင့်မှာပဲ ရှိသေးတဲ့ ကျင့်ကြံသူပေါ့”
အပိုလို နတ်ဘုရား မင်းသားမှာ လုံးဝ ဆွံ့အ သွားလေသည်။ သူသည် ချန်းဖန်မှာ အထွတ်အမြတ်ဂိုဏ်း သို့မဟုတ် နတ်ဘုရား ဂိုဏ်းကြီး တစ်ခုမှ မျိုးဆက် နတ်ဘုရား မင်းသား တစ်ပါး ဖြစ်လိမ့်မည်ဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ချန်းဖန်မှာ အမှန်တကယ်ကြီး အခြေတည် ဝိညာဥ် အဆင့်ကို မဖွဲ့စည်းရသေးသည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
“ဘယ်လိုလုပ်ပြီး ရွှေအမြုတေ အဆင့် တစ်ယောက်က နတ်ဘုရား မင်းသားတွေနဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက်ကို သတ်နိုင်ရတာလဲ”
အပိုလို နတ်ဘုရား မင်းသားမှာ တွေးရင်း တိုး၍ တိုး၍ ကြောက်လန့် လာခဲ့သည်။
“ဗဟို ဂလက်စီက ဂိုဏ်းကြီးတွေက တကယ် ကြောက်ဖို့ကောင်းတာပဲ... သူတို့ရဲ့ ရွှေအမြုတေ အဆင့် တစ်ယောက်ကတောင် တောင်ပိုင်း ဒေသငယ်ရဲ့ အခြေတည် ဝိညာဥ် အဆင့် အကုန်လုံးကို အနိုင်ယူနိုင်စွမ်း ရှိနေတယ်”
ယခုတစ်ကြိမ်ကား ပထမဆုံး အကြိမ်အဖြစ် အပိုလို နတ်ဘုရား မင်းသားမှာ အသည်းနှလုံးထဲမှ ချန်းဖန်အား ကြောက်လန့် မိခြင်းပင်။ ထိုကောင်လေး၏ နောက်၌ ကြောက်မက်ဖွယ် အဖွဲ့အစည်းကြီးများ၊ ခန့်မှန်း၍ မရနိုင်သော ဂိုဏ်းများ ရှိနေမည်က သေချာပေသည်။ ထိုဂိုဏ်းများနှင့် ယှဥ်ပါက သူ၏ အပိုလို နန်းတော်မှာ ပုရွက်ဆိတ် ကဲ့သို့ အားနည်းလွန်းလှပေသည်။
“ထူးဆန်းတယ်... သူ ဖွဲ့စည်းနေတာက ဘာအခြေတည် ဝိညာဥ်လဲ... သူက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီကို သုံးပြီး ကောင်းကင် ဥပဒေသ ဒါမှမဟုတ် အထွတ်အမြတ် ဥပဒေသ တစ်ခုကို လေ့ကျင့်ရမှာ မဟုတ်ဘူးလား... ငါအခြေတည် ဝိညာဥ်ကို ဖွဲ့စည်းတုန်းက ကောင်းကင်မှာ အဲဒါနဲ့ သက်ဆိုင်တဲ့ ပုံရိပ် တစ်ခု ပေါ်လာတယ်... ပုံရိပ်တွေ ပိုပိုများလေလေ၊ ဧရိယာက ပိုပြီး ကျယ်ပြန့်လေလေ အခြေတည် ဝိညာဥ်က ပိုပြီး အစွမ်းထက် လေလေပဲ... သူ့မှာ ကျတော့ ဘာလို့ ဘာပုံရိပ်မှ ပေါ်မလာတာလဲ... သူ ကျရှုံး သွားတာလား”
အပိုလို နတ်ဘုရား မင်းသားမှာ အံ့သြနေမိ၏။ သို့သော်လည်း နောက်တစ်မိနစ်ခန့် အကြာ၌...
“ဘုန်း...”
အနက်ရောင်လှိုင်းများ လူးလွင့်နေသည့် မြစ်တစ်စင်းသည် ချန်းဖန်၏ နောက်တွင် ပေါ်လာခဲ့သည်။ ထိုအရာသည် လုံးဝ အနက်ရောင် အတိပြီးကာ အရာရာကို အေးခဲပစ်နိုင်သည့် ရွှမ်မင်ရေကို ဖြည့်တင်းထားသည်။
“ဘာလဲ...”
ရုတ်တရက် အပိုလို နတ်ဘုရား မင်းသား၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
ချန်းဖန်၏ နောက်တွင်သာ မကချေ။ ကျယ်ပြန့်သော နတ်ဘုရား ကုန်းမြေ၏ အထက် ကောင်းကင်တွင်လည်း မိုင်ထောင်ချီ ရှည်လျားသော အနက်ရောင် မြစ်တစ်စင်းမှာ စီးဆင်း လာနေခဲ့လေသည်။ ရွှမ်မင် အနက်ရောင်ရေသည် တစ်ခုနှင့် တစ်ခု ပွတ်တိုက်ကာ ကောင်းကင်ကို ဖြတ်သန်း၍ ကြီးမားသော လှိုင်းကြီးများ အဖြစ် ပြောင်းလဲနေခဲ့လေသည်။
အခြေတည် ဝိညာဥ် ပုံရိပ်ကား ပေါ်လာခဲ့ချေပြီ။ ထိုအရာသည် နတ်ဘုရား ကုန်းမြေ တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ကျယ်ပြန့်လှလေသည်။
သို့သော်လည်း ထိုအရာမှာ အစသာလျှင် ဖြစ်၏။ နတ်ဘုရာတို့၏ သာယာသော သီချင်း ငြီးတွားသံနှင့် အတူ နေနှင့် လ၊ ကမ္ဘာတို့ကို ကိုင်ဆွဲထားသော ကမ္ဘာ သစ်ပင်ကြီးသည် ပေါ်ပေါက် လာခဲ့ပြန်သည်။ မရေမတွက်နိုင်သော ပျက်စီးခြင်း လေများသည် နတ်ဘုရား သစ်ပင်တွင် တိုက်ခတ်နေ၏။ သစ်ပင်ကြီး၏ သစ်ရွက် တစ်ခုချင်းစီမှာ ရွှေအမြုတေ အဆင့်ကို သတ်ဖြတ်နိုင်သည့် အားအင်ကို သယ်ဆောက်ကာ လှုပ်ယမ်း နေကြသည်။ ၎င်း၏ သစ်ကိုင်း တစ်ခုချင်းစီ၌ ဂလက်စီ တစ်ခုသည် နေရာယူကာ များစွာသော ကမ္ဘာများမှာ နေရာတိုင်း၌ ခိုအောင်း နေကြဟန် ရလေသည်။
ထို့နောက်၌ အလွန်တရာ ကြီးမားသော ခွန်ပန်ကြီး တစ်ကောင်မှာ ပေါ်လာခဲ့ပြန်၏။ ၎င်းသည် ပျက်စီးခြင်း ဟင်းလင်းပြင်၏ အဆုံးမဲ့ စွမ်းအားကို သယ်ဆောင်ကာ ကောင်းကင်ရှိ နေကိုပင် အလင်း မစွမ်းနိုင်အောင် ဖုန်းကွယ် ထားသည်။
ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်၊ လိန်ဟူ၊ မိစ္ဆာဘိုးဘေးများ...
ပုံရိပ်ကိုးခုသည် တစ်ခုပြီး တစ်ခု ပေါ်လာခဲ့၏။ ၎င်တို့ တစ်ခုချင်းစီသည် ကမ္ဘာပျက် မတတ် စွမ်းအားကို ပိုင်ဆိုင်ထားကာ နတ်ဘုရား ကုန်းမြေ တစ်ခုလုံး ပြည့်နှက်သည် အထိ ဖုံးလွှမ်းထားသည်။ ထိုအခိုက်၌ ရတနာ ရှာဖွေနေသည့် လူများသည် ကောင်းကင်သို့ တစ်ချိန်တည်း မော့ကြည်ကြလေရာ အလွန် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်ရလေသည်။ အချို့ ပုံရိပ်များသည် နတ်ဘုရား ကုန်းမြေနှင့်ပင် မဆန့်ကြလေရာ လေဟာနယ် အက်ကွဲကြောင်းများမှ တစ်ဆင့် အာကာသ အလွှာအထိပင် ထိုးဖောက် နေကြသည်။
များစွာသော ကျင့်ကြံသူများမှာ ထိုအရာကို မျက်လှည့်ပြကွက် တစ်ခုခုသာ ဖြစ်လိမ့်မည်ဟု မှတ်ချက် ချလိုက်ကြသည်။ သူတို့က ခေါင်းများကို ခါကာ ထိုအရာအား မေ့လျှက် လုပ်စရာ ရှိသည်များကိုသာ ဆက်လုပ်ကြလေတော့သည်။
***