ချန်းဖန်၏ စွမ်းအား
Vol. 12 Ch. 1130
သို့သော်လည်း အပိုလို နတ်ဘုရား မင်းသားမှာမူ အလွန်တရာ အံ့အားသင့် နေခဲ့လေသည်။
“တစ်... နှစ်... သုံး... ကိုး... ကိုးခု... ပုံရိပ် ကိုးခုတောင်... နောက်ပြီး တစ်ခုချင်းစီက သာမန် မဟုတ်ဘူး... ရွှမ်ဝူ၊ ခွန်ပန်၊ ဖီးနစ်နဲ့ နတ်ဘုရား လူဝံ... ငါသာ အမှတ် မမှားရင် အဲဒါတွေ အကုန်လုံးက ကောင်းကင် သားရဲတွေ မဟုတ်လား... ဒါပေမဲ့ ကောင်းကင် သားရဲတွေနဲ့ ပတ်သက်တဲ့ ကျင့်စဥ်တွေက စကြဝဠာ တစ်ခုလုံးမှာတောင် နည်းနည်းပဲ ရှိတာပါ.. နောက်ပြီး အဲဒီ ကျင့်စဥ် တစ်ခုချင်းစီကလည်း ရှေးဟောင်း ဂိုဏ်းကြီးတွေရဲ့ လျှို့ဝှက် ကျင့်စဥ်တွေ ချည်းပဲ... ဒီကောင်စုတ်လေးကတော့ ကျင့်စဥ် ကိုးခုကိုတောင် တစ်ပြိုင်နက်တည်း ကျင့်ကြံ ထားတဲ့ပုံ ပေါ်တယ်”
အပိုလို နတ်ဘုရား မင်းသားသည် ဓမ္မ ဥပဒေသများကို ရင်သပ်ရှုမောစွာ ကြည့်နေခဲ့သည်။ နတ်ဘုရား ကုန်းမြေရှိ နတ်ဘုရား သင်္ကေတများသည် တောက်ပစွာ လင်းလက်နေကြ၏။ မိစ္ဆာ ဘိုးဘေး ခြောက်ပါး ပေါ်လာသော အချိန်၌ မိုင်တစ်ထောင် အတွင်းရှိ မိစ္ဆာ အားလုံးမှာ အရှင်သခင်ကို ပြန်လည် တွေ့ရသည့် အလား တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြတော့သည်။
“ဒီကောင်စုတ်လေးက ဘယ်သူများလဲ... သူက ဘာကြောင့် ဓမ္မ ဥပဒေသ ကိုးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်တာလဲ... နောက်ပြီး သူ့ရဲ့ ဓမ္မ ဥပဒေသ တစ်ခုချင်းစီက ငါ့ရဲ့ ကောင်းကင် ဥပဒေသထက်တောင် ပိုပြီး အစွမ်းထက်နေသလိုပဲ”
အပိုလို နတ်ဘုရား မင်းသား၏ စိတ်မှာ ကြောက်လန့်ခြင်း၊ နားမလည်နိုင်ခြင်းတို့နှင့် ပြည့်နှက်နေ၏။
ချန်းဖန်မှာ အခြားလူများ၏ အတွေးကို စိတ်ဝင်စားခြင်း မရှိပါချေ။ သူသည် မျက်လုံးကို မှိတ်ကာ အေးချမ်းစွာသာ ဆက်လက် ကျင့်ကြံ နေခဲ့လေသည်။ သူကား ရွှေအမြုတေကို ဖြိုခွဲကာ အခြေတည် ဝိညာဥ်ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ ပုံရိပ်ကိုးခု ပေါ်လာသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင် အလင်းလုံးလေးသည် စတင်ကာ မှေးမှိန်သွား၏။
“ဟူး... ဟူး...”
သုံးလက်မခန့် ရှိသော အခြေတည် ဝိညာဥ်သည် ချန်းဖန်၏ ထျန်းတျန် အတွင်းရှိ ချီပင်လယ် အလယ်၌ တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့သည်။ ၎င်းသည် ကလေးငယ်၏ လက်ဝါး အရွယ်အစားသာ ရှိကာ ချန်းဖန်နှင့် ဆင်တူပေသည်။ ထိုအခြေတည် ဝိညာဥ်သည် သိမ်မွေ့ ညင်သာသော အလင်းရောင်ခြည်ကို ထုတ်လွှတ်နေပေသည်။ ထိုအရာကား နေနှင့် လတို့ ပြိုကျလာလျှင်ပင် ရွှေ့လျားမည် မဟုတ်သည့် ဗုဒ္ဓ တစ်ပါး အလား တည်မြဲစွာ ထိုင်နေခဲ့လေသည်။
“ဘုန်း...”
အခြေတည် ဝိညာဥ်က အရှိန်အဝါကို စတင် ထုတ်လွှတ်သည်နှင့် အပိုလို နတ်ဘုရား မင်းသား၊ မူရှောင်၊ ဝိညာဥ်စားမျောက်နှင့် မိုင်ထောင်ဂဏန်း အတွင်းရှိ အခြေတည် ဝိညာဥ် အဆင့်များသည် အကြီးမားဆုံး ရန်သူကို ရင်ဆိုင်ရသည့် အလား ခံစားလိုက်ကြရသည်။ ချက်ချင်းပင် သူတို့၏ စိတ်များသည် ပြိုကျ ပျက်စီးသွားကာ ချန်းဖန်အား မျက်နှာချင်းဆိုင်လျှက် အလိုအလျေက် ဒူးထောက် လိုက်မိကြတော့၏။
“ဟူး...”
ရှည်လျားသော သက်ပြင်းချသံ တစ်ခုသည် နန်းတော် အတွင်း ထွက်ပေါ်လာသည်။ ထို့နောက် ချန်းဖန်သည် ကျင့်ကြံရာမှ ဖြည်းညင်းစွာ နိုးထလာခဲ့တော့သည်။ ပြန်လည် မွေးဖွားပြီး ဆယ်စုနှစ် နှစ်ခု အကြာ၌ ချန်းဖန်သည် နဝမ နတ်ဘုရား အခြေတည် ဝိညာဥ်ကို ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်လေသည်။
မိစ္ဆာများနှင့် အပိုလို နတ်ဘုရား မင်းသားတို့သည် မူလ နတ်ဘုရား နန်းတော် အတွင်းဝယ် ဒူးထောက်နေကြ၏။ သူတို့သည် တုန်ရီနေကာ သူတို့၏ စိတ်များမှာ အဆုံးမဲ့ ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက် နေသည်။
သူတို့၏ မျက်လုံးများထဲ၌ ချန်းဖန်သည် နေရာတွင်ပင် ထိုင်နေဆဲ ဖြစ်သော်လည်း သူ၏ စွမ်းအင်များမှာမူ ကြီးမားစွာ ကျယ်ပြန့်နေပုံ ပေါ်လေသည်။ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အော်ရာ ယခင်ကလောက် မတောက်ပ တော့သော်လည်း သူတို့သည် ချန်းဖန်မှာ ရှေးဟောင်း ခေတ်များ ကတည်းက ထိုနေရာတွင် ထိုင်နေသလို ခံစား နေကြရသည်။ သူ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ ရပ်တန့်မှုတိုင်း၊ နောက်ဆုံး သူ၏ လက်ချောင်းလေး တစ်ချောင်း တစ်ချက် လှုပ်ရှားသွားမှုက ပင်လျှင် တာအို စွမ်းအားကို ငယ်ဆောင်ထားသည်။
လောက အတွင်းရှိ မရေမတွက်နိုင်သော ဓမ္မ ဥပဒေသများသည် ချန်းဖန်အား ဝန်းရံကာ ခစား နေကြဟန် ရလေသည်။ ချန်းဖန် အသက်ရှူ လိုက်တိုင်း ဓမ္မ ဥပဒေသတို့၏ လောက၌ ကြီးမားသော ဒီရေ အတက်အကျမှာ ဖြစ်ပေါ်နေသည်။
ဓမ္မ ဥပဒေသတို့၏ ကမ္ဘာ၌ သူတို့သည် ချန်းဖန်မှာ အရာ အားလုံးကို စိုးမိုးနိုင်သည့် နတ်ဘုရား တစ်ပါးအလား ခံစား နေရပေသည်။
"ဟဟ…"
နတ်ဆိုးများမှာ အဆင်ပြေကြသေး၏။ သူတို့သည် ချန်းဖန်၏ ကိုယ်ပွားများဟု ဆိုနိုင်လေရာ ချန်းဖန်၏ စွမ်းအားကို အကြိမ်ကြိမ် ခံစားဖူးကြပေသည်။
သို့သော်လည်း အပိုလို နတ်ဘုရား မင်းသားမှာမူ ယခုမှ ပထမဆုံး အကြိမ် အဖြစ် ချန်းဖန်၏ စွမ်းအား အပြည့်အဝကို ခံစားဖူးခြင်း ဖြစ်သည်။ သူ၏ ရွှေရောင် အခြေတည် ဝိညာဉ်သည် ကြမ်းပြင်၌ ဒူးထောက်ကာ တုန်ရီနေ၏။ သူ၏ ခန္ဓာကိုယ် တစ်လျှောက် အရှိန်ပြင်းစွာ လောင်ကြွမ်း နေတတ်သည့် နေအစစ်အမှန် မီးတောက်သည် ယခု အခိုက်အတန့်၌ သိမ်မွေ့နေ၏။ ၎င်းသည် အလွန် အဆင့်မြင့်သည့် နတ်ဘုရား အရှင် တစ်ပါးကို ရင်ဆိုင် နေရသည့် အလား ချန်းဖန်ကို လေးစား နေခဲ့လေသည်။
"ဘာတွေ ဖြစ်နေတာလဲ… ငါက နတ်ဘုရား မင်းသားလေ… ဘာကြောင့် နာမည်တောင် မကြားဖူးတဲ့ လူတစ်ယောက် ရှေ့မှာ ဒူးထောက် နေမိတာလဲ… သူက နတ်ဘုရား အရှင် မဟုတ်သလို မဟာ ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်သေးဘူးလေ"
အပိုလို နတ်ဘုရား မင်းသားမှာ စိတ်ထဲမှ အော်ပြောနေမိသည်။ သူသည် ချန်းဖန်အား ခေါင်းမော့ကာ ကြည့်ချင်၏။ သူ၏ အပိုလို နန်းတော် ပဉ္စမ နတ်ဘုရား မင်းဟား ဟူသော ဂုဏ်ပုဒ်သည် သူ့အား ဦးမညွှတ်ရန် အကြိမ်ကြိမ် တားဆီးနေသည်။ သို့သော်လည်း သူ၏ စိတ်ထဲမှ ကြောက်ရွံ့မှုကမူ သူ့အား လက်တစ်ချောင်းပင် မလှုပ်ရန် တားဆီး ထားလေသည်။
"အဲဒါက အထွတ်အမြတ် ဥပဒေသလား… မဟုတ်နိုင်ဘူး… အထွတ်အမြတ် ဥပဒေသ တစ်ခုက ငါ့ရဲ့ ဓမ္မ စွမ်းအားကို ခြိမ်းခြောက်နိုင်စွမ်း မရှိဘူး… နတ်ဘုရား မင်းသား တစ်ပါးက အထွတ်အမြတ် မင်းသား တစ်ပါးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ တစ်ချက်တောင် ပြန်မတိုက်ခိုက်နိုင်တဲ့ အထိ ခွန်အား ကင်းမဲ့သွားတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး"
အပိုလို နတ်ဘုရား မင်းသားက ခေါင်းခါ လိုက်သည်။ သူသည် ကောင်းကင် အဆင့် မီးဓမ္မ ဥပဒေသကို ပိုင်ဆိုင် ထားပေသည်။ သူ၏ ကောင်းကင် အဆင့် ဓမ္မ ဥပဒေသကား သာမန် ဥပဒေသများ ယှဉ်နိုင်သော အရာ မဟုတ်ချေ။ သို့သော်လည်း ချန်းဖန်၏ အရှေ့တွင်မူ ထိုကောင်းကင် ဥပဒေသကား ဆင့်ခေါ်၍ မရနိုင်သည် အထိ ခွေးကလေး ကဲ့သို့ အမြီးကုပ် နေခဲ့ပေသည်။
အပိုလို နတ်ဘုရား မင်းသားမှာ စိတ်ထဲမှ နေ၍ ဆန်းစစ်နေ၏။ ထိုအရာမှာ ဓမ္မ ဥပဒေသ၏ အဆင့်အတန်းနှင့် သက်ဆိုင်သည့် ပြဿနာ တစ်ရပ် ဖြစ်ရပေမည်။
ချန်းဖန်သည် သူ၏ ကောင်းကင် ဓမ္မ ဥပဒေသထက် အဆများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းသော ဓမ္မ ဥပဒေသ တစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပင် သူ၏ ဓမ္မ ဥပဒေသမှာ ထိုမျှ ကြောက်လန့်နေခြင်း ဖြစ်သည်။ သို့သော်လည်း အပိုလို နတ်ဘုရား မင်းသားသည် ချန်းဖန် ပိုင်ဆိုင်ထားသော ဓမ္မ ဥပဒေသက မည်သို့သော အရာဖြစ်မှန်း စဉ်းစား မရခဲ့ပါချေ။
ထိုအချိန်တွင်ပင် ချန်းဖန်သည် စတင် လှုပ်ရှားလာ၏။ သူသည် ခြေထောက်များကို ကာလရှည်ကြာ တင်ပျဉ်ချိတ်ထားရာမှ ဖြည်လျှော့၍ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။
"ဘုန်း…"
ချန်းဖန်၏ ခြေထောက် ကြမ်းပြင်နှင့် ထိသည်နှင့် မိုင်ထောင်ဂဏန်း အတွင်းရှိ ဧရိယာမှာ တုန်ခါသွားသည်။ အပိုလို နတ်ဘုရား မင်းသားနှင့် နတ်ဆိုးများသည် ယိုင်လဲ မသွားစေရန် မနည်း ထိန်းလိုက် ကြရ၏။
ထို့နောက် ချန်းဖန်က အပျင်းဆန့် လိုက်လေရာ မြေပြင်သည် လှိုင်းလုံးများကဲ့သို့ လွင့်စဉ် သွားသည်။ ကောင်းကင်ရှိ အစွမ်းထက် အမတေချီများသည် အဆင့် ဆယ့်နှစ် မုန်တိုင်းကို ဖန်တီးကာ မူလ နတ်ဘုရား နန်းတော် တစ်လျှောက် ဖြတ်သန်းသွားသည်။
ရွှမ်မင် အနက်ရောက်ရေ၊ တာအို အဇူရာချီ၊ အာကာသာ ဟင်းလင်းပြင် မုန်တိုင်းနှင့် အဆိပ် ခုနစ်ပါး နတ်ဘုရားမီးတောက်တို့ အပါအဝင် များစွာသော ဓမ္မ ဥပဒေသများသည် ချန်းဖန်ကို ဝန်းရံ၍ ပေါ်လာကြသည်။
နတ်ဘုရား ဓမ္မ ဥပဒေသများ ပေါ်လာသည်နှင့် အမတေချီ မုန်တိုင်းများသည် နန်းတော် တစ်ခုလုံးကို လှုပ်သွားစေ၏။ ထိုအရာသည် လေကဲ့သို့ လှိုင်းများအား ထုတ်လွှတ်ကာ နံရံများ ဆီသို့ ရိုက်ခတ်လေ၏။ အကယ်၍ နတ်ဘုရား သင်္ကေတများ၏ အချိန်မီ တားဆီးထားခြင်းကြောင့်သာ မဟုတ်ပါက ထိုဧရိယာ တစ်ဝိုက်လုံးမှာ နတ်ဘုရား သင်္ကေတများ၏ ဖျက်ဆီးခြင်းအား ခံနေရလောက်ပြီ ဖြစ်သည်။
"ဟမ်…"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ သူသည် ယခုမှ အခြေတည် ဝိညာဉ်ကို ဖွဲ့စည်းပြီးခြင်း ဖြစ်လေရာ ရုတ်တရက် စွမ်းအင် မြင့်မားလာခြင်းကို အသားမကျသေးချေ။ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ စွမ်းအင်များကို ဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်သည်။
"ဟူး…"
တစ်လက်မခန့် ရှိသည့် များစွာသော ဖီးနစ်ငှက်များသည် ပေါ်လာကာ ချန်းဖန်၏ လက်များတွင် ပျံသန်းကြ၏။ ထို့နောက် သူတို့သည် လိပ်နှင့် မြွေ ပေါင်းစပ်ထားသော အနက်ရောင် သက်ရှိများ အသွင် ပြောင်းလဲသွားသည်။ ထိုမှတစ်ဆင့် ၎င်းတို့သည် သက်ရှိ အမျိုးမျိုးတို့၏ ပုံစံများကိုပါ ဆင့်ကဲ ပြောင်းလဲ သွားကြလေသည်။
ချန်းဖန်သည် ထိုအရာများကို ဖန်တီးရန် အတွက် မည်သည့် ဓမ္မ စွမ်းအားကိုမှ မသုံး ခဲ့ရချေ။ သူကား ဓမ္မ ဥပဒေသများ အပေါ်တွင်သာ မှီခိုခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ စွမ်းအားများ အကုန် ရုတ်တရက် ဆုံးရှုံး သွားလျှင်ပင် သူသည် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကို ဓမ္မ စွမ်းအား သီးသန့်ဖြင့် သတ်ဖြတ် နေနိုင်ဆဲ ဖြစ်သည်။
"ဟူး… ဟူး…"
ဓမ္မ ဥပဒေသများ ကွယ်ပျောက် သွားပြီးနောက် မူလ နန်းတော်သည် တဖြည်းဖြည်း ပြန်လည် ငြိမ်းချမ်းစ ပြုလာခဲ့သည်။ နတ်ဆိုးများနှင့် အပိုလို နတ်ဘုရား မင်းသားတို့သည် ဓမ္မ ဥပဒေသ မုန်တိုင်းတွင် သေအံ့မူးမူး ခံခဲ့ရသည်။ အပိုလို နတ်ဘုရား မင်းသား၏ အသည်းနှလုံး အတွင်း ဖြစ်ပေါ်နေသော ကြောက်လန့်မှုကား စာဖြင့် ဖွဲ့ဆိုပြသရန်ပင် လုံလောက်ခြင်း မရှိတော့ချေ။
"ဒီကောင်စုတ်လေးက အခြေတည် ဝိညာဉ်ကို ဖွဲ့စည်းခဲ့တာလား ဒါမှမဟုတ် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ဝင်ရောက်ခဲ့တာလား… ဘာလို့ သူက ဒီလောက်တောင် ကြောက်ဖို့ ကောင်းရတာလဲ… ငါဆိုရင် သူ့ရဲ့ လက်တစ်ဖက် အဝှေ့ကိုတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
အပိုလို နတ်ဘုရား မင်းသားသည် သူ၏ အခြေတည် ဝိညာဉ်မှာ အတုအယောင်သာ ဖြစ်သည် ဟုပင် စတင်ကာ ခံစား လာနေခဲ့ရသည်။
ထိုအချိန်၌ ချန်းဖန်မှာမူ မျက်လုံးများကို မှိတ်ကာ သူ၏ ကျင့်ကြံခြင်း ရလဒ်ကို ပြန်လည် စစ်ဆေး နေခဲ့သည်။ သူသည် စိတ်၊ ချီပင်လယ်၊ အခြေတည် ဝိညာဉ်နှင့် ကိုယ်တွင်း အင်္ဂါ အကုန်လုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ကြည့်ရှု့ နေခဲ့သည်။ အတန်ကြာပြီး နောက်၌ ချန်းဖန်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူကား ရလဒ်ကို ကျေနပ်ဟန် တစ်ချက် ပြုံးလိုက်သည်။
"လူသား ကမ္ဘာရဲ့ သတ်မှတ်ချက်တွေနဲ့ ဆိုရမယ် ဆိုရင် ငါက အခြေတည် ဝိညာဉ် အဆင့်ကို တရားဝင် ရောက်ရှိခဲ့ပြီလို့ ဆိုနိုင်တယ်… ငါက နတ်ဘုရား ဥပဒေသ ကိုးခုကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းခဲ့ပြီး သမိုင်းမှာ တစ်ခါမှ မရှိဖူးတဲ့ နဝမ နတ်ဘုရား အခြေတည် ဝိညာဉ်ကို ကျင့်ကြံခဲ့တယ်… ငါက ဗဟို ဂလက်စီက ပါရမီရှင်တွေ အကြားမှာတောင် အစွမ်းထက် အခြေခံကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်လို့တောင် သမုတ်နိုင်နေပြီ”
ချန်းဖန်က တွေးလိုက်၏။
သာမန် ကောင်းကင် အဆင့် ရွှေအမြုတေ ပိုင်ရှင် ကျင့်ကြံသူများသည် အခြေတည် ဝိညာဉ် အဆင့်ကို တက်လှမ်းပြီးနောက် ကောင်းကင် ဥပဒေသ အနည်းငယ်ကို နားလည်ကာ ထိန်းချုပ် လာနိုင်ကြသည်။ သူတို့သည် တောင်ပိုင်း ဒေသငယ်တွင် ရှားပါးသော ကျင့်ကြံသူများ အဖြစ် သတ်မှတ် ခံကြရသည်။ ဗဟို ဂလက်စီတွင် ကောင်းကင် ဥပဒေသ ရှစ်ခုမှ ကိုးခု အထိ ကျင့်ကြံနိုင်သော ကျင့်ကြံသူ အနည်းငယ်ပင် ရှိသည်။
အထွတ်အမြတ် ရွှေအမြုတေ ပိုင်ရှင်များ အတွက်မူ ဓမ္မ ဥပဒေသကို ဖွဲ့စည်းရန်မှာ ပိုမို၍ ခက်ခဲ၏။ အတိတ်ဘဝ၌ ချန်းဖန်သည် အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရှိ ခဲ့ချိန်၌ အထွတ်အမြတ် ဓမ္မ ဥပဒေသ ငါးခုကိုသာ ဖွဲ့စည်း နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် နတ်ဘုရား ဥပဒေသ ကိုးခုတိတိကိုပင် ဖွဲ့စည်းရန် ကြိုးစား ခဲ့သည်။ ထိုအရာမှာ အလွန်အမင်း ခက်ခဲလှကာ သူ၏ ခန္ဓာကိုယ် ပင်လျှင် ကိုးကြိမ် တိုင်တိုင် ပေါက်ကွဲ ခဲ့ရသည်။ နောက်ဆုံး၌ သူသည် ကိုးခု စလုံးကို အောင်မြင် ခဲ့လေသည်။
"ဒါပေမဲ့ အဲဒါက လူသား ကမ္ဘာ ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ သတ်မှတ်ချက်သာသာပဲ"
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်လေ၏။
***