အခြေတည် ဝိညာဉ် အဆင့် စွမ်းအား အပြည့်
Vol. 12 Ch. 1131
လူသား ကမ္ဘာရှိ ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် ကျင့်ကြံခြင်း နယ်ပယ် တစ်ခုကိုသာ အာရုံစိုက်ကြသည်။ အနည်းငယ်သော လူများ သာလျှင် ချီသန့်စင်ခြင်း၊ ခန္ဓာ သန့်စင်ခြင်းနှင့် ဝိညာဉ် သန့်စင်ခြင်း ဟူသော လမ်းစဉ် သုံးခုကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် ကျင့်ကြံ နိုင်ကြသည်။
စွမ်းအား ပိုမိုများသည်နှင့် လိုအပ်သော ရင်းမြစ် ပမာဏမှာ ပိုမို တိုးလာမြဲ ဖြစ်သည်။ ရှေးဟောင်း ဂိုဏ်းများ ပင်လျှင် ထိုရင်းမြစ်ကို ထောက်ပံ့ပေးနိုင်ခြင်း မရှိချေ။ ကျင့်ကြံခြင်း လောက တစ်ခုလုံး၌ ထိပ်တန်း နတ်ဘုရားဂိုဏ်းများနှင့် ရှေးဟောင်း အထွတ်အမြတ်မြေများ သာလျှင် သူတို့၏ တပည့်များအား ထိုလမ်းစဉ် သုံးခုလုံးကို လျှောက်လှမ်းရန် ထောက်ပံ့ပေးနိုင်ကြသည်။
"ငါက နဝမ နတ်ဘုရား အခြေတည် ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် ကျင့်ကြံခြင်း စကြဝဠာထဲက ပါရမီရှင် အားလုံးထက် သာနေပြီလို့ ဆိုနိုင်တယ်… ငါ့ရဲ့ အခြေခံကလည်း အရမ်းကို ကောင်းမွန် နေပြီ… နတ်ဘုရား မွန်းစတားတွေနဲ့ အစွမ်း အထက်ဆုံး ခန္ဓာနဲ့ မွေးဖွားလာတဲ့ လူတွေက လွဲရင် ဘယ်သူမှ ငါ့ထက် အခြေခံ ပိုမကောင်းမွန်နိုင်ဘူး… ဒါပေမဲ့ နတ်ဘုရား ကမ္ဘာက အခြေတည် ဝိညာဥ် အဆင့်တွေနဲ့ ယှဥ်ရင်တော့ ငါက အားနည်းနေတုန်းပဲ"
ချန်းဖန်မှာ သူ့ကိုယ်သူ ကျေနပ်ခြင်း မရှိသေးချေ။ သူသည် နတ်ဘုရား ကုန်းမြေ အနီးရှိ ရှေးဟောင်း နေရာ တစ်ခုတွင် တွေ့မြင်ခဲ့ရသော ကောင်းကင်၏ ကျင့်ကြံခြင်း အဆင့်များအား ဖော်ပြထားသည့် ကျောက်စာ တစ်ခုကို သတိရနေသေးသည်။ သူသည် စာကြောင်းများထဲမှ တစ်ကြောင်းကို ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်၏။
အခြေတည် ဝိညာဉ် အဆင့် ဆိုတာ နတ်ဘုရား ကလေးငယ်၊ နတ်ဘုရား ခန္ဓာနဲ့ နတ်ဘုရား ဝိညာဉ် သုံးခုလုံး အခြေတည် ဝိညာဉ် အဆင့်ထံ ရောက်ရှိခြင်းကို ခေါ်ဆိုခြင်း ဖြစ်တယ်။ အဲဒီ သုံးခုကို အဆုံးမဲ့ စွမ်းအင် တစ်ခု အဖြစ် ပူးပေါင်းတဲ့ အခါ အခြေတည် ဝိညာဉ် စွမ်းအား အပြည့် ပေါ်လာတယ်။ အဲဒါကမှ ကျင့်ကြံခြင်း ခရီးလမ်းရဲ့ အစစ်အမှန် စတင်ခြင်း ဖြစ်လေတယ်။
ချန်းဖန်မှာ ထိုစာကြောင်းကို ခပ်ဖြည်းဖြည်းချင်း ရေရွတ်လိုက်၏။
"အခြေတည် ဝိညာဉ် စွမ်းအား အပြည့်လို့ ခေါ်တဲ့ အဲဒီ အရာကမှ ကောင်းကင် ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အခြေခံ အကျဆုံး စွမ်းအားပဲ… ငါကြားဖူး သလောက်ဆို ကောင်းကင်မှာ နေထိုင်တဲ့ ကျင့်ကြံသူတွေဟာ အဲဒါကို အသုံးပြုပြီး သူတို့ရဲ့ အဆင့်ကို မြှင့်တင် ကြတယ်"
"ငါသာ အဲဒီ စွမ်းအားကို ပိုင်ဆိုင်နိုင်ရင် အာကာသထဲမှာ အသက်ရှင်သန်နိုင်ပြီး ကမ္ဘာတွေကို ဖြတ်သန်း သွားလာ နိုင်လိမ့်မယ်… လေဟာနယ်တွေကိုတောင် အတင်းအကြပ် ဆွဲဖဲ့စရာ မလိုပဲ အသာတကြည် ချိုးဖျက် နိုင်လိမ့်မယ်… ကောင်းကင်မှာ ရှိတဲ့ ကျင့်ကြံသူတွေက အခြေတည် ဝိညာဉ် စွမ်းအား အပြည့်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေကိုပဲ အစစ်အမှန် ကျင့်ကြံသူ အဖြစ် သတ်မှတ်ကြတယ် တဲ့… အဲဒီ ကျင့်ကြံသူတွေက အရမ်းကို အစွမ်းထက်ကြပြီး ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်"
သို့သော်လည်း ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ရန်မှာ ကောင်းကင်သို့ ရောက်ရှိရန်ထက် ပိုမို ခက်ခဲပေသည်။
အတိတ်ဘဝ၌ ချန်းဖန်သည် အခြေတည် ဝိညာဉ် အဆင့်ကို ရောက်သည့် အချိန်၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ယှဉ်၍ တိုက်ခိုက်ရဲသည်ဟု မပြောရဲခဲ့ချေ။ သို့တိုင်အောင် အခြေတည် ဝိညာဉ် စွမ်းအား အပြည့်မှာမူ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကိုပင် လွှမ်းမိုးနိုင်သည် မည်မျှ ကြောက်လန့်စရာ ကောင်းလိုက် သနည်း။
ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့် လိုက်သည်။ နတ်ဘုရား ကလေးငယ်သည် ပြည့်စုံကာ နတ်ဘုရား ဥပဒေသ ကိုးခုမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သို့သော်လည်း ကံဆိုးစွာပင် မူလ နတ်ဘုရား နန်းတော် အတွင်းရှိ ရင်းမြစ်များမှာမူ သူ၏ နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား ဝိညာဉ်တို့ကို အခြေတည် ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် မလုံလောက်ခဲ့ချေ။ ယခု အချိန်ထိ သူ၏ နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား ဝိညာဉ်တို့မှာ ရွှေအမြုတေ အဆင့်တွင်သာ ရှိနေသေးဆဲ ဖြစ်သည်။
"အခြေတည် ဝိညာဉ် အဆင့် ဓမ္မ စွမ်းအား၊ ရွှေအမြုတေ အဆင့် ခန္ဓာနဲ့ နတ်ဘုရား ဝိညာဉ်… ဆိုတော့ကာ ငါ့ရဲ့ စွမ်းအားက အခြေတည် ဝိညာဉ် တစ်ပိုင်း အဆင့်ကို ရောက်နေပြီလို့ပဲ ဆိုရမယ်"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ မူလ နတ်ဘုရား နန်းတော် အတွင်းရှိ နတ်ဘုရားချီမှာ နည်းပါး လွန်းလှသည်။ ချန်းဖန် အနေဖြင့် အခြေတည် ဝိညာဉ် အဆင့်ကို အမှန်တကယ် ဝင်ရောက် လိုပါက နောက်နှစ် အနည်းငယ် အတွင်း စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ထွက်ခွာရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် အရင်ဆုံး ကြယ်ပင်လယ်မှ ဂိုဏ်းကြီးများကို ရှင်းလင်း ရလိမ့်မည် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် အခြေတည် ဝိညာဉ် အဆင့် တစ်ပိုင်း စွမ်းအားကလည်း မဆိုးပါဘူးလေ… စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ငါ့အနေနဲ့ ကလေးဗိုလ် လုပ်လို့ ရနေပြီ"
ချန်းဖန်က ခေါင်းခါရင်း ပြုံးလိုက်လေသည်။ ထို့နောက်၌ သူသည် အချိန် အတိုင်းအတာ တစ်ခုကြာအောင် မူလ နတ်ဘုရား နန်းတော် အတွင်း ဆက်လက် နေထိုင်ကာ နတ်ဘုရားချီများကို စုစည်း နေခဲ့သည်။ သူသည် သူ၏ နတ်ဘုရား စွမ်းအားကို ဆက်လက် ကျင့်ကြံနေခဲ့၏။
ချန်းဖန်သည် တဖြည်းဖြည်းနှင့် နတ်ဘုရား ကလေးငယ်၏ စွမ်းအားမှာ သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေကြောင်း တွေ့လိုက်ရသည်။
သူသည် ယခုဘဝ၌ လီရွှေရောင် မျက်လုံး၊ မူလ ဒြပ်စင်ငါးမျိုး နတ်ဘုရား လက်နက်၊ မူလ မဟာ ချင်န လက်ဝါးတို့ အပါအဝင် များစွာသော နတ်ဘုရား စွမ်းအားများကို ကျင့်ကြံခဲ့သည်။ နတ်ဘုရား ကလေးငယ်၏ သက်ရောက်မှုသည် ၎င်းတို့အား ချန်းဖန်ပင် မျှော်လင့် မထားသည့် ကွဲပြား ခြားနားကာ မှော်ဆန်သော ပြောင်းလဲမှုများကိုပင် ဖြစ်ပေါ်စေခဲ့လေသည်။
တစ်ချိန်တည်း၌ နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနားမှာ ပို၍၊ ပို၍ နီးကပ် လာနေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် ကပ်ဘေးသည်လည်း တိုး၍၊ တိုး၍ ကမ္ဘာဆီသို့ ချဉ်းကပ် လာနေခဲ့တော့သည်။
ကမ္ဘာ သို့မဟုတ် အရှေ့ဂြိုဟ်…
၂၀၂၈ ခုနှစ် ဖြစ်၏။ ဝူကျိဂိုဏ်း နတ်ဘုရား မင်းသား ရီချင် သတ်ဖြတ်ခံရသည့် အချိန်မှ စတင်ကာ ရေတွက်ပါက ခြောက်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား အရှင် ကြိုဆိုပွဲသည် စတင်တော့မည် ဖြစ်၏။ ထိုအခိုက်၌ ကမ္ဘာပေါ်ရှိ လူများသည် သူတို့ နေထိုင်သည့် စကြဝဠာကြီး မည်မျှ ကျယ်ပြန့်ကြောင်း သိရှိ သွားကြပြီ ဖြစ်လေသည်။
ထျန်းလန်ဂြိုဟ်၊ ကျဲ့ယွမ်ဂြိုဟ်၊ ကောင်းကင် ဂျူပီတာ၊ ရန်ကူးဂြိုဟ်၊ အမှောင် မြူနှင်းဂြိုဟ်…
စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်လွှားရှိ ဂြိုဟ်များမှ ကျင့်ကြံသူများမှာ ရောက်ရှိ လာနေကြ၏။ ဂြိုဟ်တိုင်းမှ အခြေတည် ဝိညာဉ် အဆင့်များမှာ သူတို့၏ တပည့်များကို ခေါ်ဆောင်ကာ အာကာသ သင်္ဘော ကြီးငယ်ကို စီးနင်း လာနေကြသည်။ ချူကျိုး တစ်မြို့လုံးသည် လူများဖြင့် ပြည့်နှက် နေလေ၏။ အားရှို့နှင့် လုယန်ရွယ်တို့သည် ထိုလူများကို ထျန်းဟယ်မြို့၊ ချင်းရွှေမြို့များသို့ ပြောင်းရွှေ့ နေရာချပေး နေရသည်။
သို့တိုင်အောင် ချူကျိုးမြို့မှာ လူများဖြင့် ပြည့်လျှံနေဆဲ ဖြစ်သည်။ ထိုအရာကား လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်း အတွင်း စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရား အရှင် ကြိုဆိုပွဲ ဖြစ်ပေသည်။ ဂြိုဟ်အားလုံးမှ ကျင့်ကြံသူများမှာ ထိုအရာကို သိလိုစိတ် ပြင်းပြ နေကြ၏။
လူများသည် ချူကျိုးမြို့၏ လမ်းမများထက်၌ လမ်းလျှောက်နေကြစဉ် အနီရောင် ငှက်မွေး ဝတ်စုံ ဝတ်ဆင်ကာ ကြီးမားသော မီးငှက်များကို စီးနင်းလာသည့် လှပသော မိန်းမပျိုများကို တွေ့မြင်ရ၏။ သူတို့ကား ဟိုဆန်ဂြိုဟ်မှ ကျင့်ကြံသူများပင် ဖြစ်သည်။
ထို့အပြင် သူတို့သည် အနက်ရောင် အရေပြားနှင့် အစိမ်းရောင် မျက်လုံး၊ အက်ရှရှ အသံပိုင်ရှင်များကိုလည်း တွေ့ရသည်။ သူတို့သည် လူသား ကျင့်ကြံသူများ မဟုတ်ပဲ ကောင်းကင် ဂျူပီတာမှ လာသည့် ဆယ်ဗန် မျိုးနွယ်များ ဖြစ်ကြသည်။ ထိုကဲ့သို့ မျိုးနွယ်များ ကျင့်ကြံသူများစွာသည် နေရာတိုင်း၌ သွားလာနေကြ၏။
ကျန်းမိသားစု ဘိုးဘေးနှင့် သွေးမျိုးဆက်၏ အခြေတည် ဝိညာဥ် အဆင့်များ သေဆုံး သွားခဲ့ပြီ ဖြစ်သည့်တိုင် ချန်းဖန်သည် သူတို့၏ မျိုးဆက်များကို သတ်ဖြတ်ခြင်း မပြုချေ။ သူသည် သူတို့အား ကမ္ဘာပေါ်ရှိ အခမ်းအနားများကို တက်ရောက်ခွင့် ပြုထား၏။ သို့သော်လည်း သူတို့ အနေဖြင့် မြောက်ပိုင်းချုံး၏ အမိန့်ကို နာခံရပေသည်။ လူသားတို့အား ကြီးလေးသော ပြစ်မှု ကျူးလွန်သူများသည် မြောက်ပိုင်းချုံး၏ စီရင်မှုကို ခံကြရသည်။
များစွာသော မျိုးနွယ်စုများသည် ချန်းဖန်၏ စွမ်းအားနှင့် အာဏာ ဖြန့်ကျက်မှုအောက်တွင် သေဝပ်နေကြသည်။ အချိန်များ တဖြည်းဖြည်းချင်း စီးဆင်နေသည်နှင့် အမျှ နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား ကျင်းမပမည့် အချိန်မှာလည်း တစ်လက်မချင်း ပို၍ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
...
ချူကျို့မြို့၊ မြို့ဆင်ခြေဖုံး အပြင်ဘက်ရှိ စံအိမ်တစ်ခု...
သူငယ်ချင်း အချို့နှင့် တွေ့ဆုံပြီးနောက် ကျန်းဖေးဖေးသည် ထိုစံအိမ်သို့ ပြန်လာနေခဲ့သည်။ သူမသည် အလွန် ခေါင်းမာ၏။ ချန်းဖန်၏ အစစ်အမှန် စွမ်းရည်နှင့် အဆင့်အတန်းကို သိရှိပြီးနောက် သူမသည် ယွင်ဝူတောင်တွင် ဆက်လက် မနေထိုင်လိုတော့ချေ။ မြောက်ပိုင်းချုံး ကမ်းလှမ်းသည့် ကြင်နာမှုကို ပင်လျှင် သူမ လက်မခံခဲ့ချေ။ အဆုံး၌ အဒေါ်ဖြစ်သူ အန်တီထန်မှာ သူမ အတွက် ရန်ကွေ့ ရေကန် အနီး၌ စံအိမ်တစ်ခုကို ရှာဖွေ ပေးခဲ့ရသည်။
ကျန်းဖေးဖေးသည် ခြံဝန်း အတွင်း ဝင်လာကာ ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူမက တံခါးအား တွန်းဖွင့်လိုက်လေရာ အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက် လက်နှစ်ဖက် နောက်ပစ်လျှက် မတ်တပ်ရပ်နေသည်ကို တွေ့မြင် လိုက်ရသည်။ သူသည် တံခါးဖွင့်သံကို ကြားရသည့်တိုင် နောက်သို့ တစ်ချက်မှ လှည့်ကြည့်ခြင်း မပြုချေ။
“နင်ပြန်လာပြီပေါ့... သူငယ်ချင်းတွေကို နှုတ်ဆက် ခဲ့ရဲ့လား”
လူကြီးက ပြောလိုက်၏။
“ကျွန်မ သူငယ်ချင်းတွေ အကုန်လုံးကို နှုတ်ဆက် ပြီးပါပြီ... သူတို့ကို သုံးနှစ်လောက် ခရီးသွားစရာ ရှိတယ်လို့ ပြောထားခဲ့ပါတယ်”
ကျန်းဖေးဖေးက ရိုသေစွာ ဦးညွှတ်ရင်း ဆိုလိုက်သည်။
“ဆရာ... ကျွန်မ အန်တီကို အကုန် ပြောပြလိုက်သင့်လား... သူက ကျွန်မ အပေါ် အမြဲ ကောင်းခဲ့တာ... ကျွန်မတို့ ကြားမှာ နားလည်မှုလွဲတာ အချို့ ရှိခဲ့ပေမဲ့ သူက ကျွန်မကို မြောက်ပိုင်းချုံးမှာ ကျင့်ကြံဖို့ အကြိမ်ကြိမ် ခေါ်နေသေးတာ... သူ သေသွားမှာကို ကျွန်မ မမြင်ချင်ဘူး”
“နင့်အန်တီက မြောက်ပိုင်းချုံးရဲ့ အဓိက အဖွဲ့ဝင် တစ်ယောက်လို့တောင် ပြောလို့ ရနေပြီ... သူက ဒီကပ်ဘေးက လွတ်မှာ မဟုတ်ဘူး... နင် ကြိုပြောထားရင်တောင် သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
အနက်ရောင် ဝတ်စုံဝတ်လူက ခေါင်းခါလိုက်လေ၏။
ကျန်းဖေးဖေးသည် သူ၏ လျှို့ဝှက် ဆန်းကြယ်သော ဆရာတွင် အစွမ်းထက် နတ်ဘုရား စွမ်းအားများနှင့် ခန့်မှန်း၍ မရနိုင်သည့် နည်းစနစ်များ ရှိကြောင်း သိသည်။ သူမသည် သူ၏ တပည့် အဖြစ် ခံယူပြီး တစ်နှစ် အတောအတွင်းမှာပင် ဉာဏ်အလင်း စုဆောင်းခြင်း အစောပိုင်း အဆင့်မှ နေ၍ မူလ ထိပ်ဆုံး အဆင့် အထိ တက်လှမ်းနိုင်ခဲ့သည်။ ထိုအရာက အလွန် အထင်ကြီးစရာ ကောင်းလှပေသည်။
ထို့အပြင် သူမ၏ ဆရာ ချူကျိုးမြို့၌ နေထိုင်နေသည်မှာ ခြောက်လခန့် ရှိခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ယွင်ဝူတောင်၌ နေထိုင်သည့် ချန်းဖန်၏ ကိုယ်ပွားသည် သူ့အား ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိခဲ့ပါချေ။ ထိုအချက်က ထိုလူကြီး၏ စွမ်းအားမှာ ချန်းဖန်၏ ကိုယ်ပွားနှင့် တန်းတူ သို့မဟုတ် ကျော်လွန်သော အဆင့်တစ်ခု၌ ရှိနေကြောင်း ဖော်ပြနေသည်။
***