စွမ်းအား စမ်းသပ်ခြင်း
Vol. 12 Ch. 1132
ကျန်းဖေးဖေးက သတ္တိများကို ကြိုးစား စုစည်းရင်း ပြောလိုက်၏။
“ဆရာ... ကျွန်မက ချန်းပေ့ရွှမ်းကို သဘောမကျဘူး ဆိုတာ မှန်ပေမဲ့ သူက အရမ်း အစွမ်းထက်တယ် ဆိုတာတော့ သိထားတယ်... ဝူကျိဂိုဏ်းရဲ့ တတိယ နတ်ဘုရား မင်းသားတောင် သူ့ပြိုင်ဘက် မဖြစ်ခဲ့ဘူး... တကယ်လို့ ကျွန်မတို့ ပြောပြလို့ သူကြိုတင် ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင် မြောက်ပိုင်းချုံးက အဲဒီ ကပ်ဘေးကနေ လွတ်မြောက်နိုင်လိမ့်မယ် လို့ ကျွန်မ ထင်တယ်”
အနက်ရောင်ဝတ် အသက်လတ်လူသည် မျက်မှောင်ကြုတ်သွား၏။ ရုတ်ချည်းပင် နွေးထွေးနေသော စံအိမ်မှာ မြောက်ဝန်ရိုးစွန်းသို့ ရောက်ရှိသည့်အလား အေးခဲ သွားသည်။ ကျန်းဖေးဖေးမှာ ကြောက်လန့် တုန်ရီကာ မြေပြင်ပေါ် ဒူးထောက်လျှက် ပြုတ်ကျသွား၏။
ချန်းဖန်၏ ကိုယ်ပွားသည် ယွင်ဝူတောင်ထိပ်၌ မျက်မှောင်ကြုတ်ကာ ကျင့်ကြံနေဆဲ ဖြစ်သည်။ သူသည် မည်သည့် အရာကိုမှ သတိပြုမိပုံ မရချေ။
“ဆ... ဆရာ ကျွန်မကို ခွင့်လွှတ်ပေးပါ”
ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ကျန်းဖေးဖေးမှာ ဆရာဖြစ်သူ၏ စွမ်းအားကို ခံစားမိခြင်း ဖြစ်သည်။ သူမသည် သူမ၏ အရှေ့၌ ကမ္ဘာခန့် အရွယ်အစား ရှိသော မိစ္ဆာကြီး တစ်ကောင် မတ်တပ်ရပ်နေသည့် အလား ထင်မှတ်မှား နေမိ၏။
“ငါ့ဆရာက ဘယ်သူလဲ... သူက ချန်ပေ့ရွှမ်းထက်တောင် ပိုပြီး အစွမ်းထက်တယ်လို့ ငါ ခံစားနေရတယ်”
ကျန်းဖေးဖေးမှာ အံ့အားသင့် နေခဲ့၏။
“ထတော့...”
အနက်ရောင်ဝတ်လူသည် သက်ပြင်းတစ်ချက် ချကာ သူ၏ ဒေါသအား လျှော့ချလိုက်သည်။ ကျန်းဖေးဖေး တုန်တုန်ရီရီဖြင့် ပြန်လည် ထလာသည်ကို မြင်သော အခါ သူ၏ လက်နှစ်ဖက်အား နောက်ပစ်လျှက် ပြောလိုက်သည်။
“နင်က ဒီဂြိုဟ်ပေါ်မှာ ကြီးပြင်းလာတဲ့ သာမန် ကောင်မလေးပဲ... ဒီတော့ ကြယ်ပင်လယ်မှာ ရှိတဲ့ ထာဝရဂိုဏ်းကြီးတွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ဘယ်သိပါ့မလဲ... ရီချင် ဟားဟား... သူက နတ်ဘုရား မင်းသားတစ်ပါးပါပဲ... သူက ဝူကျိဂိုဏ်းမှာတောင် နံပတ်တစ်နေရာ မရှိပါဘူး”
“ဟုတ်လား...”
ကျန်းဖေးဖေး၏ မျက်လုံးများမှာ အနည်းငယ် ဝိုင်းစက်သွားသည်။
အနက်ရောင်ဝတ်လူက သူမ၏ အဖြစ်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဝူကျိဂိုဏ်းရဲ့ လူငယ် မျိုးဆက်မှာ နတ်ဘုရား မင်းသား ငါးပါး အထိ ရှိတယ်... ရီချင်က သူတို့ထဲက တစ်ယောက် သာသာပဲ... သူတို့မှာ ကောင်းကင် အဆင့် ရွှေအမြုတေကို မဖွဲ့စည်းနိုင်ခဲ့တဲ့ မွန်းစတားအိုကြီးတွေမှ အများကြီးပဲ... ကောလဟာလတွေ အရဆို ဝူကျိဂိုဏ်း အခြေစိုက်ရာ ဂြိုဟ်မှာ အသက် ငါးသောင်း သက်တမ်းရှိတဲ့ မဟာ အကြီးအကဲ တစ်ဦး နေထိုင်တယ် တဲ့... သူက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်... သူက အဲဒီ တစ်လှမ်းကို လှမ်းလိုက်တာနဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို အချိန်မရွေး တက်လှမ်းလို့ ရနေပြီ”
“ကြယ်ပင်လယ်က ထာဝရဂိုဏ်း တစ်ခုချင်းစီမှာ အနည်းဆုံး အခြေတည် ဝိညာဥ် အဆင့်နဲ့ ရွှေအမြုတေ အဆင့် တစ်သောင်းလောက် ရှိကြတယ်... ကမ္ဘာက သာမန် ဂြိုဟ်တစ်လုံး သာသာပဲ... ချန်းပေ့ရွှမ်း ဘယ်လောက် အစွမ်းထက်ထက် အဲဒီလောက် များတဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“တကယ်လို့ ရာချီတဲ့ အခြေတည် ဝိညာဥ် အဆင့်တွေ၊ မဟာ အကြီးအကဲတွေ၊ နတ်ဘုရား မင်းသားတွေ နေအဖွဲ့အစည်း အပြင်ဘက်မှာ စုစည်းနေပြီလို့ ငါက ပြောရင်ရော... နင့်အနေနဲ့ ချန်းပေ့ရွှမ်း နိုင်လိမ့်မယ် လို့ ယုံကြည်ချက် ရှိသေးလား”
အနက်ရောင် ဝတ်စုံဝတ်လူက ကျန်းဖေးဖေး၏ မျက်လုံးများကို သေချာစွာ စူးစိုက် ကြည့်လိုက်ရင်း မေးလိုက်၏။
“အဲဒါကလား...”
ကျန်းဖေးဖေးမှာ ပြောစရာ စကား ကင်းမဲ့သွားလေ၏။ သူမသည် ချန်းဖန်ကို မုန်းတီးမိသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ သူ့အား အနိုင်ရ စေလို နေခဲ့သည်။ မည်သို့ပင် ဆိုစေ ချန်းဖန် ရှုံးနိမ့်သည်နှင့် သူမ၏ ဆွေမျိုးများ ဖြစ်သော အန်တီထန်နှင့် ကျန်းချူရန်တို့ပါ အသတ်ခံရလိမ့်မည် မဟုတ်ပါလား။
“ဆရာ... သူတို့ကို ကူညီပေးလို့ မရဘူးလား”
ကျန်းဖေးဖေးက ဆရာဖြစ်သူအား အသနားခံဟန် ကြည့်ရင်း မေးလိုက်သည်။ သူမသည် ဆရာ ဖြစ်သူ၏ နောက်ခံ အသေးစိတ်ကို သိထားခြင်း မရှိချေ။ သို့သော်လည်း သူမသည် စွန်းယုဖုန်း၏ ဘဝ ဖြစ်စဥ်ကိုမူ သိရှိထား၏။
စွန်းယုဖုန်းသည် နန်လီ ဂြိုဟ်နယ်မြေရှိ သာမန် ဂြိုဟ်တစ်ခုတွင် မွေးဖွားခဲ့သည်။ သူ၏ မိဘများသည် ချန်ရှန်းဂိုဏ်း နန်လီဂြိုဟ်ကို လွှမ်းမိုးသည့် စစ်ပွဲ အတွင်း သေဆုံး သွားခဲ့ကြသည်။ နောက်ပိုင်း၌ စွန်းယုဖုန်းသည် ဓားတစ်ချောင်းကို ကိုင်ဆွဲလျှက် ချန်ရှန်းဂိုဏ်းသို့ ဝင်ကာ သူ၏ မိသားစု အတွက် လက်စားချေခဲ့သည်။ သူသည် ချန်ရှန်း တောင်ဆယ့်သုံးလုံးမှ အရှင်များကိုပင် အနိုင်ယူ နိုင်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးတွင် ချန်ရှန်းဂိုဏ်း၏ နတ်ဘုရား အရှင် တစ်ယောက်သည် ထွက်ပေါ်လာကာ သူ့အား တိုက်ခိုက်ခဲ့၏။ စွန်းယုဖုန်းသည် ထိုတိုက်ပွဲ၌ ဒဏ်ရာ အကြီးအကျယ် ရကာ ရှုံးနိမ့်ခဲ့ရသည့်တိုင်အောင် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ ထိုတိုက်ပွဲကြောင့်ပင် စွန်းယုဖုန်းမှာ “အထီးကျန် သူရဲကောင်း” ဟူသော နာမည်ဖြင့် ကြယ်ပင်လယ် တစ်ခွင် ကျော်ကြား လာခဲ့လေသည်။ သူသည် ဝိညာဥ် ဖြစ်တည်ခြင်း အလွှာအောက်၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူများ အနက် တစ်ယောက် အဖြစ် သတ်မှတ်ခံရပေသည်။
“ငါမကူညီချင်လို့ မဟုတ်ပါဘူး... ငါလုပ်နိုင်တာ ဘာမှ မရှိလို့ပါ”
စွန်းယုဖုန်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ချန်းပေ့ရွှမ်းက တကယ့် ရှားပါး ပါရမီရှင် ဆိုပေမဲ့ သူက အရမ်းကို မဆင်မခြင် နိုင်လွန်းတယ်... ချီယွင်ဂိုဏ်း၊ ဝိုင် နတ်ဘုရားဂိုဏ်းနဲ့ ကျင်းတင်းဂိုဏ်းလို ဂိုဏ်းမျိုးက တပည့်တွေကို သတ်တာက ဘာကိစ္စမှ မရှိဘူး... ဒါပေမဲ့ ထာဝရဂိုဏ်းရဲ့ တပည့်တွေကိုတော့ မသတ်ခဲ့သင့်ဘူး... ဒါပေမဲ့ သူက ထာဝရဂိုဏ်း ရှစ်ဂိုဏ်းရဲ့ နတ်ဘုရား မင်းသား ကိုးယောက်ကိုတောင် သတ်ပစ်လိုက်တယ်... နတ်ဘုရား မင်းသားတွေကို သတ်တာက ထာဝရ ဂိုဏ်းတွေကို အကြီးကျယ်ဆုံး စော်ကားလိုက်တာပဲ... သတ်ဖြတ်သူတိုင်းက အမြဲတမ်း အဆုံးမဲ့ ရက်စက်တဲ့ တုန့်ပြန်မှုတွေကို ရင်ဆိုင်ရတယ်”
“ဘာပဲဖြစ်ဖြစ် သူ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ရှိနေတာ ကံကောင်းတယ် ဆိုရမယ်... အစီအရင်တွေရဲ့ တားဆီးမှုကြောင့် နတ်ဘုရား အရှင်တွေဟာ ဒီနယ်မြေကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး... မဟုတ်ရင် မဟာ ကျင့်ကြံသူ တစ်ယောက် ခြေဖနှောင့်တစ်ချက် ဆောင့်တာနဲ့တင် ဒီဂြိုဟ်သေးသေးလေးက ပျက်စီးသွားမှာ သေချာတယ်”
စွန်းယုဖုန်းက ခေါင်းခါလိုက်၏။ ထို့နောက် သူက ကျန်းဖေးဖေးအား လက်ခါယမ်း ပြလိုက်သည်။
“ပြင်ဆင်ထားပါ... နောက်ခုနစ်ရက် အကြာ နတ်ဘုရား အရှင် ကြိုဆိုပွဲ စတင်တဲ့ နေ့မှာပဲ ငါတို့ ကမ္ဘာကနေ ထွက်ခွာကြမယ်”
“ဟုတ်ကဲ့ပါ...”
ကျန်းဖေးဖေးမှာ အဆုံး၌ ခေါင်းညိတ်ကာ ဦးညွှတ်ရန်သာ တတ်နိုင်ခဲ့လေသည်။ သူမသည် ယခုတစ်ကြိမ် ထွက်ခွာပြီး နောက်၌ လုံးဝ ကွဲပြား ခြားနားသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သွားမည် ဖြစ်ကြောင်း သိရှိထားသည်။ သူမသည် ကြယ်ပင်လယ် အတွင်း ကျော်ကြားသည့် စွန်းယုဖုန်း၏ တပည့် ဖြစ်လာပေလိမ့်မည်။ ချန်းပေ့ရွှမ်းနှင့် မြောက်ပိုင်းချုံးမှာမူ ကပ်ဘေးအား ကျော်ဖြတ်ရန်ပင် ရုန်းကန် ရပေလိမ့်မည်။
ကျန်းဖေးဖေးသည် ပင်ကိုယ်အားဖြင့် ကြင်နာတတ်သော မိန်းကလေး တစ်ယောက် ဖြစ်လေရာ မြောက်ပိုင်းချုံး ပျက်စီးသွားမည်ကို မလိုလားပေ။ သို့သော်လည်း သူ့ ကဲ့သို့ မိန်းမငယ်လေး တစ်ယောက်က ကြယ်ပင်လယ်မှ ရန်သူများကို မည်ကဲ့သို့ တားဆီးရန် စွမ်းဆောင် နိုင်ပါမည်နည်း။
"ချန်းဖန်… နင် ကပ်ဘေးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်"
ကျန်းဖေးဖေးက သက်ပြင်းတစ်ချက် ချလိုက်လေသည်။
ကျန်းဖေးဖေးသာလျှင် မက၊ ကမ္ဘာပေါ်ရှိ များစွာသော လူငယ်များမှာလည်း ကြယ်ပင်လယ် ကျင့်ကြံသူများ၏ တပည့် အဖြစ် ရွေးချယ်ခြင်းကို ခံကြရလေသည်။ သူတို့သည် ကမ္ဘာမှာ နတ်ဘုရား ပျိုးထောင်ခြင်း နယ်မြေ တစ်ခု ဖြစ်ကြောင်း မသိပါချေ။ သို့သော်လည်း ကမ္ဘာပေါ်ရှိ များစွာသော လူငယ်များမှာ ကျင့်ကြံခြင်း၌ ထူးချွန်သော ပါရမီများအား ပိုင်ဆိုင် ထားကြောင်းကိုမူ သတိထားမိကြသည်။ သူတို့သည် ကျင့်ကြံခြင်း အဆင့်များကို လျှင်မြန်စွာပင် ဖြတ်ကျော် ချိုးဖျက် နိုင်စွမ်း ရှိကြပေသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်…
ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ နေသည် အရှေ့ အရပ်မှ ထွက်ပေါ် လာ၏။ ပထမဆုံး နေခြည် နွေးနွေးသည် မြောက်ပိုင်းချုံး၏ အမိုးထက်သို့ ကျရောက် နေသည်။ နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနားကား တရားဝင် စတင်ခဲ့ပြီ ဖြစ်လေသည်။
မူလ နတ်ဘုရား နန်းတော် အတွင်း၌ ချန်းဖန်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်ဟ လာခဲ့လေ၏။ အပြင်သို့ ထွက်ခွာရန် အချိန်ကား ကျရောက် လာခဲ့ချေပြီ။
ချန်းဖန်သည် ယခုတစ်ကြိမ် တံခါးပိတ် ကျင့်ကြံစဉ် ကာလ အတွင်း သူ ကျင့်ကြံ ထားသမျှ ကျင့်စဉ်များနှင့် နတ်ဘုရား စွမ်းအား အကုန်လုံးကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် နတ်ဘုရား ကလေးငယ် ဖွဲ့စည်းနိုင်ခြင်း၏ အဓိက အားသာချက်မှာ နတ်ဘုရား ဥပဒေသ ကိုးခု မဟုတ်သေးကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။
လူသား ကမ္ဘာ၌ အထွတ်အမြတ် အဆင့်မှာ အမြင့်ဆုံး အဆင့် ဖြစ်ပေသည်။
ချန်းဖန်သည် အတိတ်ဘဝ၌ အစစ်အမှန်သိုင်း အထွတ်အမြတ် ခန္ဓာကို ဖွဲ့စည်း နိုင်ခဲ့သည်။ ထိုခန္ဓာဖြင့်ပင် သူသည် ဒဏ္ဍာရီလာ နတ်ဘုရားများ၏ မျိုးဆက်များကို ရင်ဆိုင် နိုင်ခဲ့သည်။
အထွတ်အမြတ် ရွှေအမြုတေနှင့် အထွတ်အမြတ် အခြေတည် ဝိညာဉ်တို့သည် နတ်ဘုရား ရွှေအမြုတေနှင့် နတ်ဘုရား ကလေးငယ်တို့ကိုပင် ရင်ဆိုင် နိုင်သည်။ သူတို့ အကြားရှိ ကွာခြားချက်မှာ ဓမ္မ ဥပဒေသ အဆင့်နှင့် စွမ်းအား၏ သဘာဝတို့ ဖြစ်ကြပေသည်။
နတ်ဘုရား ကလေးငယ် သို့မဟုတ် နတ်ဘုရား အခြေတည် ဝိညာဉ်သည် နတ်ဘုရား နယ်မြေရှိ ကျင့်ကြံသူများသာ ရရှိနိုင်သည့် အခြေတည် ဝိညာဉ် ဖြစ်သည်။ နတ်ဘုရား ကလေးငယ်မှာ ၎င်း၏ ဓမ္မ စွမ်းအားကို အသုံးပြုသော အခါ၌ နတ်ဘုရား အမတေ အင်အား ထွက်ပေါ်လာသည်။
နတ်ဘုရား အမတေ စွမ်းအားသည် နတ်ဘုရား နယ်မြေရှိ ကျင့်ကြံသူများ သာလျှင် ပိုင်ဆိုင်သော စွမ်းအား ဖြစ်ကာ သာမန် အမတေ စွမ်းအားများထက် ပို၍ အစွမ်းထက်သည်။ အထွတ်အမြတ် အဆင့် ကျင့်စဉ်များ ပင်လျှင် ၎င်းကို ယှဉ်နိုင်ခြင်း မရှိချေ။
နတ်ဘုရား အမတေ စွမ်းအားကို နှိုးဆွသော အခါ၌ ဓမ္မ အစီအရင်များနှင့် နတ်ဘုရား စွမ်းအား အမျိုးအစား အားလုံးမှာ ပို၍ အစွမ်းထက်လာသည်။ ထိုအရာ၏ အကျိုး သက်ရောက်မှုသည် လုံးဝကို ကွာခြား လှပေသည်။
ဥပမာအားဖြင့် ချန်းဖန် ကျင့်ကြံထားသော တာတာအို မီးပြင်းဖိုသည် ကြီးမားသော မှော်ဆေးအိုးကြီး အဖြစ် ပြောင်းလဲကာ ကျင့်စဉ် တစ်သောင်းကို သန့်စင်နိုင်စွမ်း ရှိသည်။ ယခုတစ်ကြိမ် အဆင့် ချိုးဖျက်ပြီး နောက်တွင်မူ များစွာသော ရှေးဟောင်း သင်္ကေတများမှာ ၎င်း၏ ကိုယ်ထည်ပေါ်တွင် ပေါ်လာခဲ့သည်။ သေချာစွာ အနီးကပ် ကြည့်ရှုပါက ထိုအရာများမှာ နတ်ဘုရား သင်္ကေတများ ဖြစ်ကြောင်း တွေ့ရလိမ့်မည် ဖြစ်သည်။
မူလ နတ်ဘုရား နန်းတော်သည် နတ်ဘုရား သင်္ကေတများ ဖုံးလွှမ်းနေသည့် သာမန် နန်းတော် တစ်ခုထက် မပိုချေ။ သို့ဖြစ်လေရာ ထိုအရာ ပင်လျှင် ချန်းဖန်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ဖျက်ဆီးနိုင်စွမ်း မရှိတော့ချေ။
နတ်ဘုရား သင်္ကေတများ၏ အင်အားဖြည့်မှုကို ရရှိပြီးနောက် တာတာအို မီးပြင်းဖိုသည် ပို၍ အစွမ်းထက်လာခဲ့သည်။ ချန်းဖန်သည် အပိုလို နတ်ဘုရား မင်းသားနှင့် တိုက်ခိုက်ရန် အတွက် ဓမ္မ စွမ်းအားကိုပင် အသုံးပြုစရာ မလိုတော့ချေ။ သူသည် မီးပြင်းဖိုကို သုံး၍ သူ့အား တိုက်ရိုက် ပြာချပစ်၍ ရနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် လီရွှေရောင် မီးတောက် မျက်လုံး၊ မူလ မဟာ ချင်န လက်ဝါးနှင့် မဟာ ပြန်လည် မွေးဖွားခြင်း ကျင့်စဉ်တို့ အပါအဝင် များစွာသော ကျင့်စဉ်များတွင်လည်း ကြီးကျယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ဒဏ္ဍာရီလာ နတ်ဘုရား ကျင့်စဉ်များ အဖြစ်သို့ ဖွံ့ဖြိုး တိုးတက်မည့် အရိပ်အယောင် လက္ခဏာများ ပြသလာခဲ့သည်။
ချန်းဖန်သည် အရိုးရှင်းဆုံး အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက်မှ ကောင်းကင်ပြိုတူကို သုံးလျှင်ပင် မူလ နတ်ဘုရား နန်းတော်ကို တုန်ခါအောင် လုပ်နိုင် နေခဲ့ပြီ ဖြစ်သည်။
အပိုလို နတ်ဘုရား မင်း ဆိုလျှင် ချန်းဖန်၏ တိုးတက်လာသော စွမ်းအားကို ကြောက်လန့်သဖြင့် ထောင့်တစ်နေရာ၌ သွားရောက် ပုန်းအောင်း နေခဲ့ပြီ ဖြစ်လေသည်။
***