← Chapters

အပြင်ကမ္ဘာသို့ ထွက်ခွာခြင်း

Vol. 12 Ch. 1133

အပြင်ကမ္ဘာသို့ ထွက်ခွာခြင်း

Vol. 12 Ch. 1133

"ဘုန်း…"

ချန်းဖန်သည် ရွှေရောင် အော်ရာများ လင်းလက်နေသော လက်နှစ်ဖက်ဖြင့် စက်ဝိုင်း တစ်ခုကို ရေးဆွဲလိုက်၏။ ထို့နောက် သူသည် အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးကို သုံး၍ နံရံအား ထိုးလိုက်သည်။ အနက်ရောင် ကျောက်သားဖြင့် တည်ဆောက်ထားသော နံရံသည် တုန်ခါသွားကာ လက်သီးရာ တစ်ခု ပေါ်လာခဲ့သည်။ မကြာခင်မှာပင် ထိုလက်သီးရာမှာ ပြန်လည် ပျောက်ကွယ်သွားသော်လည်း ၎င်းကား အပိုလို နတ်ဘုရား မင်းသားကို ခြောက်လှန့်နေဆဲ ဖြစ်ပေသည်။

“ကလန့်...”

ချန်းဖန်က အနက်ရောင် သံဓားကို ဆွဲထုတ်ကာ နတ်ဘုရား ပျံသန်းခြင်း ဓားချက်အား သုံးလျှက် ခုတ်ထစ်လိုက်လေ၏။

“ဘုန်း...”

ထိုအခိုက်၌ နန်းတော် တစ်ခုလုံးမှာ တောက်ပသွားလေသည်။ ခရိုင်စတယ် ကဲ့သို့ ကြည်လင်သော နတ်ဘုရား အလင်းများသည် ဟိုဟိုဒီဒီ ထွက်ပေါ်လာ၏။

နန်းတော် တစ်ခုလုံးသည် စွမ်းအင်ဖြင့် ပြည့်နှက်နေသည်။ လောကသည် ကြောက်မက်ဖွယ် တုန်ရီနေ၏။ ထိုအခိုက်၌ နန်းတော်ကား သမုဒ္ဒရာထဲမှ လှေငယ် တစ်စင်းကဲ့သို့ပင်။ များစွာသော နတ်ဘုရား သင်္ကေတများသည် နန်းတော် နံရံများထက်၌ ပေါ်နေသော်လည်း ချန်းဖန်ကို ခုခံနိုင်ခြင်း မရှိပါချေ။ မိုင်တစ်ထောင် ဧရိယာ အတွင်းရှိ မိစ္ဆာများသည် ကြောက်လန့် တုန်ရီကာ ဒူးထောက် နေကြလေသည်။ သူတို့သည် နန်းတော် အတွင်း၌ မိစ္ဆာဘုရင် တစ်ပါး ရောက်ရှိနေသလို ခံစား နေကြရပေသည်။

“ကလန့်...”

ချန်းဖန်က နောက်တစ်ကြိမ် တိုက်ခိုက် လိုက်ပြန်သည်။ အစွမ်းထက် နတ်ဘုရား စွမ်းအားမှာ ထွက်ပေါ်လာလေရာ အပိုလို နတ်ဘုရား မင်းသား၏ နတ်ဘုရား ဝိညာဥ်မှာ ပျက်စီးလု နီးပါးပင် ဖြစ်သွားခဲ့သည်။ အကယ်၍ ချန်းဖန်၏ ရည်ရွယ်ချက် ရှိရှိ ကာကွယ်ပေးထားခြင်းကြောင့်သာ မဟုတ်ပါက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား အပိုင်းပိုင်း အစစ ဖြစ်နေလောက်ပြီ ဖြစ်သည်။

“ကလန့်...”

ဓားသည် နံရံပေါ်သို့ ကျ၏။ များစွာသော ရွှေရောင် သင်္ကေများသည် ဒိုင်းသဖွယ် ပြုလုပ်ကာ ချန်းဖန်၏ ခုတ်ချက်အား ခုခံသည်။ သို့သော်လည်း ထိုအရာကား မူလ နတ်ဘုရား ကုန်းမြေ၏ အလွန် သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်ပေသည်။

“ဘုန်း...”

အပိုလို နတ်ဘုရား မင်းသား၏ ကြောက်ရွံ့နေသော အကြည့်များ အောက်တွင်ပင် နံရံပေါ်၌ ပေတစ်ရာခန့် ကြီးမားသော ဓားရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အက်ရာသည် အလွန်အမင်း ကြီးမားလှလေရာ မူလ နတ်ဘုရား နန်းတော် တစ်ခုလုံးကို ထက်ပိုင်းပြတ် မတတ် ဖြစ်သွားခဲ့သည်။ မူလ နတ်ဘုရား နန်းတော်သည် ထိုဓားရာကို ပြန်လည် ကုစားနိုင်စွမ်း မရှိတော့ချေ။ ထိုအရာကား ထိုနံရံထက်၌ ထာဝရ တည်ရှိနေတော့မည် ဖြစ်ပေသည်။

“ဒီကောင်စုတ်လေးက အပိုလို နန်းတော်မှာ ရှိတဲ့ အစွမ်း အထက်ဆုံး မဟာ အကြီးအကဲတွေ လောက်တောင် အစွမ်းထက်နေပြီ”

အပိုလို နတ်ဘုရား မင်းသားမှာတွေးလိုက်မိ၏။ ချန်းဖန်၏ တိုက်ခိုက်မှုကား အခြေတည် ဝိညာဥ် အဆင့်များ စွမ်းဆောင်နိုင်သော အရာထက်ပင် ကျော်လွန် နေခဲ့ပြီ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေသည့် မွန်းစတားအိုကြီးများကိုပင် ယှဥ်နိုင် နေခဲ့ပြီ ဖြစ်သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူများနှင့် ယှဥ်လျှင်ပင် သူသည် အနည်းငယ်သာ အားနည်းပေလိမ့်မည်။

အပိုလို နတ်ဘုရား မင်းသားသည် ချန်းဖန်မှာ ကြယ်ပင်လယ် တစ်ခုလုံး၏ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်အောက် အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဆယ်ယောက်စာရင်းပင် ဝင်လိမ့်မည် ဟု ခန့်မှန်းနေမိသည်။

“နတ်ဘုရား အရှင်တွေသာ မရှိရင် ဒီကောင်စုတ်လေးရဲ့ စွမ်းအားက တောင်ပိုင်း ဒေသငယ်မှာတောင် ဗိုလ်လုပ်လို့ ရနေပြီ”

အပိုလို နတ်ဘုရား မင်းသားမှာ တွေးလိုက်၏။

ချန်းဖန်သည် သူ၏ မဟာ နတ်ဘုရား စွမ်းအားများ ဖြစ်သည့် ကျူးကျွယ် နတ်ဘုရား မိုးကြိုး၊ မဟာ ပြန်လည် မွေးဖွားခြင်း ငါးပါးနှင့် အချိန် ကုန်လွန်ခြင်းတို့ကို ဆက်လက် စမ်းသပ်လိုနေပေ‌သေးသည်။ သို့သော်လည်း ချောင်၌ ကပ်ကာ တုန်ရီနေသည့် အပိုလို နတ်ဘုရား မင်းသားကို တွေ့မြင်ပြီးနောက် သူက ထိုမျှနှင့် ကျေနပ်ရန်သာ ဆုံးဖြတ် လိုက်သည်။

အကယ်၍ နတ်ဘုရား ကလေးငယ်၏ ဓမ္မ စွမ်းအားကို သုံး၍ ထိုနတ်ဘုရား စွမ်းအားများကို ထုတ်ဖော်ပါက သူသည် ကမ္ဘာကိုသာ မက အနီးအနားရှိ လနှင့်နေကိုပင် တုန်ခါစေလိမ့်မည် ဖြစ်သည်။ ဤသို့ဆိုလျှင် သူမှ တစ်ပါး မူလ နတ်ဘုရား နန်းတော် အတွင်းနှင့် မိုင်တစ်ထောင် ဧရိယာ အတွင်း နေထိုင်သည့် လူအားလုံး သေဆုံး သွားကြလိမ့်မည် ဖြစ်သည်။

“ငါ့ဘဝ တစ်လျှောက်လုံးမှာ ခန္ဓာကိုယ်ကို ကျော်လွန်တဲ့ ဓမ္မ စွမ်းအားမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး... ဒါက အဲဒီလို နတ်ဘုရား စွမ်းအားမျိုးကို ပိုင်ဆိုင်ဖူးတဲ့ ပထမဆုံး အကြိမ်ပဲ... စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ”

ချန်းဖန်က ပြုံးလိုက် ခေါင်းအား ခါလိုက်သည်။

“ငါ့ရဲ့ နတ်ဘုရား စွမ်းအားတွေနဲ့ ဓမ္မ အစီအရင်တွေက အဆင်သင့် ဖြစ်ပြီလို့ ဆိုနိုင်တယ်... အပြင် ကမ္ဘာကို ထွက်ပြီး ပြဿနာတွေ ဖြေရှင်းဖို့ အချိန်ရောက်ပြီ”

ချန်းဖန်က ခေါင်းအား‌ မော့ကာ အထက်အား ကြည့်လိုက်၏။ သူကား ကမ္ဘာ၏ မြေလွှာနှင့် မူလ နတ်ဘုရား ကုန်းမြေ၏ အစီအရင် အလွှာ အထပ်ထပ်ကို ဖြတ်သန်းကာ အပြင်ကမ္ဘာအား မြင်နေရပုံ ပေါ်လေသည်။

…

အခမ်းအနား ကျင်းပမည့်ရက် နီးကပ်လာသည်နှင့် အမျှ ကမ္ဘာပေါ်ရှိ ဘီလျံချီသော လူများသည် အပျော်ပင်လယ်ဝေ နေကြသည်။

ထိုအခမ်းအနားကို အကြီးကျယ်ဆုံး တင်ပြရန် အတွက် Mango Live၊ Banana Live၊ BBC နှင့် CNNတို့ အပါအဝင် များစွာသော ရုပ်သံဌာနများမှာ အတူတကွ စုဝေး နေကြသည်။ သူတို့သည် ထောင်ချီသော ကင်ရာများ၊ ဒရုန်းများ၊ ဂြိုဟ်တုများနှင့် လွှဲပြောင်းခြင်း အစီအရင်များကို သုံးကာ ချူကျိုးမြို့၏ ထောင့်တစ်နေရာ တိုင်းကို ဖမ်းယူရန် ကြိုးပမ်း နေကြသည်။

Mango Live၏ ကျန်းဟွာသည် ထိုတိုက်ရိုက် ထုတ်လွှင့်မှု၏ အစီအစဥ် တင်ဆက်သူ အဖြစ် တာဝန်ယူလိမ့်မည် ဖြစ်သည်။ ထို့အပြင် ရှုယုံဖေး၏ ရန်ကျင်း ရုပ်ရှင် အကယ်ဒမီ တက္ကသိုလ် အခန်းဖော် ဖြစ်သော နင်ရှင်းမှာ တွဲဖက် အစီအစဥ် တင်ဆက်သူ အဖြစ် ခန့်အပ်ခံရ၏

အသက် သုံးဆယ် အရွယ်ရှိသော နင်ရှင်းသည် ယခင်ကလောက် နုပျိုခြင်း မရှိသော်လည်း ရင့်ကျက်ခြင်းများဖြင့် ဆွဲဆောင်မှု ရှိရှိ လှပနေဆဲ ဖြစ်သည်။ သူမသည် နိုင်ငံပိုင် ရုပ်သံဌာန တစ်ခု၏ ပင်တိုင် သရုပ်ဆောင်လည်း ဖြစ်၏။ အကြီးအကဲများသည် သူမနှင့် ချန်းဖန်တို့ အကြားရှိ ဆက်ဆံရေးကြောင့် ယခု အစီအစဥ်ကို တင်ဆက်သူ အဖြစ် ပူးတွဲ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် တိုက်ရိုက် ထုတ်လွှင့်မှု အတွက် အထူးဧည့်သည် နှစ်ယောက်ကို ဖိတ်ခေါ်ထား၏။ ကောင်းကင် အရှင် အန်ပိုနှင့် လင်းယွင်တို့ပင် ဖြစ်လေသည်။

“ဆရာကြီး လင်းယွင်နဲ့ ဆရာကြီး အန်ပို... ဆရာကြီးတို့ နှစ်ယောက် အခုလို ကျွန်မတို့ တိုက်ရိုက် ထုတ်လွှင့်မှုကို အထူးဧည့်သည် အနေနဲ့ ကြွရောက်လာပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်လို့ ပထမဦးစွာ ပြောပါရစေရှင်...  ကျွန်မက ဆရာကြီးတို့ နှစ်ယောက်စလုံးရဲ့ ပရိတ်သတ် တစ်ယောက်ပါ”

အနက်ရောင် ဝတ်စုံဖြင့် ကျော့ရှင်းနေသည့် နင်ရှင်းက ချိုသာစွာ ပြုံးရင်း အစီအစဥ်ကို စတင် လိုက်သည်။

“အာ... ဟုတ်ကဲ့ ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်”

လင်းယွင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေ၏။ သူသည် တောင်ပိုင်း ဒေသငယ်မှ ဖြစ်ရာ ထိုကဲ့သို့ ထူးဆန်းသည့် နည်းပညာမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ သူသည် သေးငယ်‌သော ကင်မရာလေးကို ကြည့်၍ ထိုအရာမှာ မည်သို့မည်ပုံ အလုပ်လုပ်သည်ကို တွေးမရအောင် ဖြစ်နေခဲ့သည်။ ထိုအရာလေးကား ဝိညာဥ်ချီနှင့် အထူး အစီအရင်များ မလိုပဲ အသံနှင့် ရုပ်ကို မိုင်ပေါင်း ရာချီတိုင်အောင် တိုက်ရိုက် ဖြန့်ဝေနိုင်စွမ်း ရှိသည်။ ထူးဆန်းလှပေစွ။

လင်းယွင်နှင့် ယှဥ်ပါက ကောင်းကင်အရှင် အန်ပိုမှာ သက်တောင့်သက်သာ ရှိကာ တည်ငြိမ် နေခဲ့၏။ သူက ချောင်းတစ်ချက် ဟန့်ကာ စင်ကြယ် မြင့်မြတ်သည့် သူတော်စင် တစ်ယောက်၏ ပုံစံကို ဖမ်းရင်း ကင်မရာအား တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။

“အဟမ်း... ရုပ်သံ အစီအစဥ်ကို တိုက်ရိုက် ကြည့်ရှုနေကြတဲ့ ပရိတ်သတ်များနဲ့ ဒီက တာဝန် ရှိသူတွေ အားလုံး မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါ... ခုလို နတ်ဘုရား အရှင်ချန်းရဲ့ နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းမနား တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတာ ကျုပ် အလွန်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး အန်ပိုရေ... နတ်ဘုရား အရှင် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျေးဇူးပြုပြီး ရှင်းပြပေးလို့ ရမလားရှင်”

ကျန်းဟွာက မေးလိုက်၏။ မြောက်ပိုင်းချုံးသည် နှစ်ဝက်မျှ ကြာသည်အထိ ပရိုမိုးရှင်းများ လုပ်ထားသည့်တိုင် ကမ္ဘာပေါ်တွင် “နတ်ဘုရား အရှင်” ဟူ၏ စကားလုံး၏ အဓိပ္ပာယ်ကို နားမရှင်းသည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ သူတို့သည် ချန်းဖန် အစွမ်းထက်ကြောင်း၊ အခြေတည် ဝိညာဥ် အဆင့်များကိုပင် အနိုင်ယူနိုင်ကြောင်း ကိုသာလျှင် သိရှိထားကြသည်။

“ဟားဟား... နတ်ဘုရား နဲ့ အရှင် ဆိုတဲ့ စကားနှစ်လုံးရဲ့ ဖိအားကို မင်းတို့ နားမလည်ကြသေးပုံပဲ”

ကောင်းကင်အရှင် အန်ပိုက မုတ်ဆိတ်ရှည်ကြီးများကို ဆွဲရင်း ပြုံးလိုက်သည်။

“ဟုတ်ပါတယ်... ရှင်းပြပေးပါဦး ဆရာကြီးရှင့်”

နင်ရှင်းက စိတ်ဝင်တစားဖြင့် တောင်းဆိုလိုက်သည်။

“ရှင်းရှင်းလင်းလင်း ပြောရရင် နတ်ဘုရား အရှင် ဆိုတာက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူတွေကို ခေါ်ဆိုတဲ့ နာမည်ပဲ... ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ဆိုတာ ဘာလဲ မင်းတို့ သိကြရဲ့လား”

ကောင်းကင်အရှင် အန်ပိုက မေးလိုက်သည်။

“အဲဒါက...”

ကျန်းဟွာနှင့် နင်ရှင်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့ နှစ်ယောက် စလုံးကား မူလ အဆင့်သို့ပင် မရောက်သေးသည့် သာမန် အစီအစဥ် တင်ဆက်သူများ ဖြစ်ကြပေသည်။ ထို့ကြောင့်ပင် အဆင့်မြင့် ကျင့်ကြံခြင်း အဆင့်များနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားခြင်း မရှိပါချေ။ မြောက်ပိုင်းချုံး အဖွဲ့ဝင်များသာလျှင် ချန်းဖန်ထံမှ တစ်ဆင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဟူသော ဝေါဟာရကို ကြားဖူးကြပေသည်။

“အမှန်အတိုင်း ပြောရရင် ငါကိုယ်တိုင်လည်း အစတုန်းက မသိခဲ့ပါဘူး... အတိတ်တုန်းကပေါ့... ငါ အခြေတည် ဝိညာဥ် အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်တဲ့အခါမှာ ကျင့်ကြံခြင်းက တစ်ဆို့ လာတယ်လို့ ခံစားလာမိခဲ့တယ်... ဒါကြောင့်ပဲ ငါဟာ ထျန်းဟောင်ဂြိုဟ်ကြီးကို သွားရောက်ပြီး ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆည်းပူးခဲ့တယ်... နောက်ပိုင်းမှာတော့ အခြေတည် ဝိညာဥ် အဆင့်ရဲ့ အထက်မှာ ဝိညာဥ် ဖြစ်တည်ခြင်း လို့ ခေါ်တဲ့ အဆင့်ကြီး တစ်ခု ရှိမှန်း ငါသိလာခဲ့ရတယ်လေ”

ကောင်းကင်အရှင် အန်ပိုက ခဏမျှ ရပ်ကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်နဲ့ အခြေတည် ဝိညာဥ် အဆင့်က ကပ်ရက် ရှိနေတယ် ဆိုပေမဲ့ သူတို့ နှစ်ခု ကြားမှာ ရှိတဲ့ ခြားနားချက်က အခြေတည် ဝိညာဥ် အဆင့်နဲ့ သာမန်လူ တစ်ယောက် အကြားက ခြားနားချက်  ထက်တောင် ပိုတယ်တဲ့လေ”

“ဟမ်...”

ကျန်းဟွာနှင့် နင်ရှင်းတို့မှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ တစ်ချိန်တည်း၌ တီဗီနှင့် ကွန်ပြူတာများ ရှေ့၌ ထိုင်နေကြသော လူများမှာလည်း ဆွံ့အ သွားကြလေ၏။

***

All Chapters