အခမ်းအနား စတင်ခြင်း
Vol. 12 Ch. 1134
“အခြေတည် ဝိညာဥ် အဆင့်နဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကြားက ကွာခြားချက်က အဲဒီလောက်တောင် ကြီးမားတာလား... ဘယ်လို ဖြစ်နိုင်မှာလဲ”
နင်ရှင်းက မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။
“အဲဒါ အမှန်ပါပဲ...”
ကောင်းကင်အရှင် အန်ပိုက သေချာသော လေသံဖြင့် ပြောလိုက်သည်။
“စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ နှစ်သန်းချီ သမိုင်း တစ်လျှောက်လုံးမှာတောင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဆိုလို့ ခြောက်ယောက်ပဲ ပေါ်ထွက်ခဲ့ဖူးတယ်... သူတို့ ခြောက်ယောက်စလုံးက ထျန်းဟောင်ဂြိုဟ်ကပဲ... အခြား နတ်ဘုရား အရှင် အချို့ ထပ်ပေါင်းမယ် ဆိုရင်တောင် အဲဒီ ဘွဲ့ထူးကို ရတဲ့ အရေအတွက်က ဆယ်ယောက် မပြည့်သေးဘူး... နောက်ဆုံးတစ်ယောက်က လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက ပေါ်ထွက်ခဲ့တဲ့ နတ်ဘုရားအရှင် တထျန်းပဲ”
“ငါတို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ အခြေတည် ဝိညာဥ် အဆင့်က သိပ်မများဘူး ဆိုပေမဲ့လည်း တစ်ထောင့်နဲ့ ရှစ်ရာ ဝန်းကျင်တော့ ရှိသေးတယ်...လွန်ခဲ့တဲ့ နှစ်သိန်းဂဏန်း အတွင်းမှာ ဆိုရင် သောင်းဂဏန်းလောက် အထိ ပေါ်ထွက်ခဲ့လိမ့်မယ် ထင်တယ်... အခြေတည် ဝိညာဥ် အဆင့် တစ်သောင်းမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်မှ မပေါ်ထွက်ခဲ့တာကိုကြည့်... အဲဒါဆိုရင် ဝိညာဥ်ဖြစ်တည်ခြင်း အဆင့်ကို ရောက်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ သိသာလိမ့်မယ်”
“အမှန်ပဲ....”
လင်းယွင်က ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်သည်။
“ရွှမ်ဖုန်းဂိုဏ်း တည်ရှိတဲ့ ဝူလန်း ဂြိုဟ်နယ်မြေမှာ ဆိုရင် လွန်ခဲ့တဲ့ နှစ်ရာချီ အတွင်း ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်တောင် မပေါ်ထွက်ခဲ့ဘူး... လွန်ခဲ့တဲ့ ရာစုနှစ် ခုနစ်ခုလောက်မှာပဲ နတ်ဘုရား အရှင် ကြိုဆိုပွဲ တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးတယ်... အဲဒီပွဲကို အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်သိန်းနဲ့ သုံးထောင် တက်ရောက် ခဲ့တယ်”
“ကြယ်ပင်လယ်မှာတောင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်က အဲဒီလောက် ရှားပါးတာလား...”
ကမ္ဘာပေါ်ရှိ လူများမှာ သူတို့ ကြားရသမျှကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့်ကို ချိုးဖျက်ရန် အခက်ခဲဆုံး အဆင့်ဟု သိရှိထားခဲ့ကြခြင်း ဖြစ်သည်။ သို့တိုင်အောင် အခြေတည် ဝိညာဥ် အဆင့် တစ်သိန်းကျော်တွင် တစ်ယောက်ပင်လျှင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို မရောက်ဟု ဆိုသည်။ ထိုအရာမှာ အထင်ကြီးဖွယ် ကောင်းလွန်းလှပေသည်။
“တောင်ပိုင်း ဒေသငယ်မှာ ဆိုရင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တိုင်းက ထိပ်ဆုံး နေရာတွေမှာ ရပ်တည် နိုင်ကြတာ ချည်းပဲ... ဝိညာဥ် ဖြစ်တည်ခြင်း အများစုက ထာဝရဂိုဏ်းတွက မွေးထုတ်ပေးလိုက်တဲ့ လူတွေများတယ်... ကိုယ့်အစွမ်းအစနဲ့ တက်လှမ်းနိုင်တဲ့လူက အရမ်းကို ရှားပါးလွန်းတယ်... ဒါပေမဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင်လိုက်ပြီ ဆိုတာနဲ့ အဲဒီ မိသားစု ဒါမှမဟုတ် ဂိုဏ်းက လုံးဝ ခြားနားသွားပြီ... သူတို့က နှစ်အနည်းငယ် အတွင်းမှာပဲ အနည်းဆုံး ဂြိုဟ်နယ်မြေ တစ်ခုကို အုပ်စိုးနိုင်တဲ့ အထိ အစွမ်းထက် လာကြတယ်”
“ဥပမာ နန်လီဂြိုဟ်နယ်မြေမှာ ဆိုရင် ဂြိုဟ်တွေ အကုန်လုံး နီးပါးက ချန်ရှန်းဂိုဏ်းကို ခစားကြရတယ်... အဲ့လိုပဲ ငွေရောင်ကြယ် ဂြိုဟ်နယ်မြေမှာ ဆိုရင် ဝူကျိဂိုဏ်းကို ခစား ကြရတယ်... သူတို့တွေ ဘာလို့ အဲဒီလို ခစား ခံရလဲ ဆိုတဲ့ အကြောင်းရင်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူတွေ ရှိလို့ပဲ ဖြစ်တယ်”
လင်းယွင်က ဆိုလိုက်၏။ နတ်ဘုရား အရှင် တစ်ယောက် မွေးဖွားလာမှုသည် အစွမ်းထက် ဂိုဏ်းတစ်ခု မြင့်တက်လာခြင်းကို ကိုယ်စားပြုသည်။ ထို့ကြောင့်ပင် နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနားမှာ ထိုမျှ ကြီးကျယ် ခမ်းနားရခြင်း ဖြစ်ပေသည်။
“နောက်ပြီးတော့ ငါ ကြားဖူးသလောက်ဆို တစ်စုံတစ်ယောက်က နတ်ဘုရား အရှင် ဖြစ်လာတာနဲ့ သူက ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ ကံကြမ္မာကို စုစည်းပြီး ကံကြမ္မာ ကလေးငယ် ဖြစ်လာ နိုင်တယ်... သူက ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်လာပြီး အဲဒီ ဂြိုဟ်နယ်မြေမှာ ပြိုင်ဘက်ကင်း လာတယ်... ဒါကြောင့်ပဲ နတ်ဘုရားအရှင် ဆိုတဲ့ ဘွဲ့က အရမ်း တန်ဖိုးရှိတာပဲ”
ကောင်းကင်အရှင် အန်ပိုက ပင့်သက်ရှိုက်လိုက်၏။ သူ ပင်လျှင် ထိုအကြောင်းအရာများကို ပုံဖော်ရန် ခက်ခဲ လှပေသည်။
ဂြိုဟ်နယ်မြေ တစ်ခုလုံး၏ ကံကြမ္မာနှင့် ကံကြမ္မာ ကလေးငယ် ဆိုသည်မှာ အဘယ်နည်း။ အကယ်၍ ချန်းဖန်သာ ထိုနေရာတွင် ရှိပါက ကောင်းစွာ နားလည်လိမ့်မည် ဖြစ်သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်သည် သူကြီးစိုးရာ ဂြိုဟ်နယ်မြေ၌ တာအို သင်္ကေတများနှင့် ဓမ္မ ဥပဒေသများကို ချန်ရစ် ထားနိုင်ပေသည်။ သူတို့သည် တိုက်ပွဲများ၌ ထိုစွမ်းအားများကို ထုတ်ဖော် အသုံးပြုခြင်းအားဖြင့် အဆင့်တူများထက် ပိုမို အစွမ်းထက် လာကြသည်။ ထိုအရာက ဘောလုံးပွဲများ၌ အိမ်ကွင်း အားသာချက် ရှိသကဲ့သို့ ဖြစ်ပေသည်။
နောက်ဆုံး၌ လူများကား နတ်ဘုရား အရှင် ဆိုသည့် ဘွဲ့ထူး အဘယ်ကြောင့် အရေးပါသည်ကို နားလည် သွားကြပြီ ဖြစ်လေတော့သည်။ သူတို့သည် ပင့်သက်ရှိုက်လိုက်ကြရင်း မြောက်ပိုင်းချုံးတောင် တည်ရှိရာ အရပ်ကို လှမ်းမျှော်ကာ ကြည့်လိုက်မိကြလေ၏။
“ဘုန်း...”
နံနက်ခင်း၏ ခေါင်းလောင်းသံ၊ ဆည်းဆာချိန်၏ စည်တီးသံတို့နှင့် အတူ ယွင်ဝူတောင်ထိပ်ရှိ မြူနှင်းများကား စတင် ကြဲပါးလာခဲ့လေပြီ ဖြစ်သည်။ မိုးထိအောင် မြင့်မားသော တောင်စဥ်တောင်တန်းများနှင့် အထွတ်အမြတ် ကျင့်ကြံခြင်း နယ်မြေ တစ်ခုသည် နတ်ဘုံ၊ နတ်နန်း တစ်ခုအလား လူအများ၏ အာရုံ၌ ကြီးကျယ် ခမ်းနားစွာ ပေါ်လာခဲ့လေ၏။
“ဟူး... ဟူး...”
မြောက်ပိုင်းချုံး၏ များစွာသော တပည့်များသည် တူညီ ဝတ်စုံများကို ဝတ်ဆင်ကာ တိမ်များကို စီးဆင်းနေကြ၏။ သူတို့သည် တောင်အောက်ကို ကြွကြွရွရွ ဆင်းလာကြကာ ဧည့်သည်များကို စတင် ကြိုဆို ကြလေ၏။ ဦးစွာ ပထမ အခြေတည် ဝိညာဥ် အဆင့်များနှင့် ဂြိုဟ်တစ်လုံးအား ကိုယ်စားပြုသူများမှာ တောင်ပေါ်သို့ တက်ရောက်ခွင့် ရကြလေသည်။
အလွန်တရာ ကြီးကျယ် ခမ်းနားသော နတ်ဘုရား အရှင်ကြိုဆိုပွဲ အခမ်းအနားကား တရားဝင် စတင်ခဲ့ချေပြီ ဖြစ်လေတော့သည်။
ထိုအချိန် နေအဖွဲ့အစည်း အပြင်ဘက်၌...
“ဒုန်း... ဒုန်း... ဒုန်း...”
စည်းချက်ညီသော စစ်ဗုံတီးခတ်သံများနှင့် အတူ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သံချပ်ကာ စစ်ဝတ်စုံများကို ဝတ်ဆင်ကာ၊ ဆန်းပြားသော လက်နက်များကို ကိုင်ဆွဲလျှက် ဖြန့်ကျက် နေရာ ယူထားကြလေ၏။
သူတို့သည် အဆုံးမဲ့ လေဟာနယ်တွင် တပ်မဟာ ရှစ်ခုကို စီတန်း ညီညာစွာ နေရာ ချထား၏။ တပ်မဟာ တစ်ခုချင်းစီသည် အလွန် အင်အား ကြီးမားပြီး ကမ္ဘာပျက်မတတ် အော်ရာများကို ထုတ်လွှတ် နေကြလေသည်။ သူတို့ အားလုံးသည် တူညီစွာပင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
“ဟူး... ဟူး...”
တပ်မဟာ ရှစ်ခု၏ တပ်ဦးများ၌ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများသည် ဝင့်ကြွား ထည်ဝါစွာ ရပ်နေကြလေ၏။
တစ်ချိန်တည်း၌ အနက်ရောင်ကျား၊ ရွှေရောင် နဂါးနှင့် အခြေတည် ဝိညာဥ် အဆင့် သားရဲကြီးများ ပြေးဆွဲသော စစ်ရထားများ အတွင်း၌...
များစွာသော နတ်ဘုရား မင်းသားများသည် မီးတောက် မီးလျှံများ လောင်ကြွမ်းနေသည့် ရွှေရောင် သံချပ်ကာများကို ဝတ်ဆင်လျှက် နေမင်းများ အလား ထည်ဝါစွာ တည်ရှိနေကြသည်။ သူတို့ထဲမှ အချို့သည် ငွေရောင် တောင်ပံများကို ပိုင်ဆိုင်ကာ အချို့မှာ ယင်ယန် မျက်လုံးများကို ထုတ်ဖော် ထားကြသည်။ အချို့မှာမူ ကောင်းကင်ကို ဝါးမျိုနိုင်သည့် မိစ္ဆာနေ စွမ်းအင်များကိုပင် ထုတ်လွှတ် နေကြလေ၏။ သူတို့ကား အခြေတည် ဝိညာဥ် အဆင့်၏ အကန့်အသတ်ကို ကျော်လွန်၍ပင် အစွမ်းထက် နေကြပုံ ပေါ်လေသည်။ ကျိုးကျန်းနှင့် ကျိုးယုတို့သည်လည်း စစ်ရထား တစ်စင်း အတွင်း၌ အတူတကွ ရပ်နေကြပေသည်။
“အချိန်ကျပြီဟေ့... ချီတက်ကြစို့...”
တပ်မဟာ ရှစ်ခု၏ အရှေ့၌ ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ကာ နေတစ်စင်း အလား ရပ်နေသည့် စစ်သူရဲက ကမ္ဘာ ရှိသည့် အရပ်အား လှမ်းကြည်ကာ ကြေညာလိုက်တော့၏။
“ဘုန်း...”
အမိန့်အား ရသည်နှင့် စစ်တပ်မဟာကြီး တစ်ခုလုံးသည် စတင်ကာ လှုပ်ရှားလာတော့သည်။ မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဥ် အဆင့်များသည် စစ်သင်္ဘောများ ထက်တွင် ဖြန့်ကျက်နေရာ ယူကြလေ၏။ သူတို့သည် နတ်ဘုရား မင်းသားများ စီးနင်းထားသော စစ်ရထားများ၏ နောက်မှ နေ၍ ကမ္ဘာသို့ စတင်ကာ ချီတက် လာကြပြီ ဖြစ်တော့သည်။
***
ကမ္ဘာပေါ်၌...
မြောက်ပိုင်းချုံး နန်းတော် စတင် ဖွင့်လှစ်သည်နှင့် များစွာသော ဧည့်သည်များသည် တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ မဟာ နတ်ဘုရား အရှင် ကြိုဆိုပွဲတော် အခမ်းအနားကား တရားဝင် စတင်ခဲ့လေပြီ ဖြစ်သည်။ တစ်ရာကျော်သော အခြေတည် ဝိညာဥ် အဆင့်များသည် မြောက်ပိုင်းချုံး ကောင်းကင် နန်းတော်ထဲတွင် စုဝေး နေကြသည်။
ကျဲ့ယွမ်ဂြိုဟ်၊ လော့ဝူဂိုဏ်း၏ အခြေတည် ဝိညာဥ် အဆင့် သုံးယောက်လုံးမှာလည်း ထိုနေရာ၌ ရှိနေခဲ့သည်။
“ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်သလဲ... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ခုလို အခြေတည် ဝိညာဥ် အဆင့်တွေ မစုံခဲ့တာတောင် အတော်ကြာခဲ့ပြီ... နတ်ဘုရားအရှင် တထျန်း မရှိတော့တဲ့ အချိန်ကနေ စလို့ပေါ့လေ”
ဒုတိယ ဘိုးဘေးက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။
“ဟမ့်... လာကြမှာပေါ့ အကုန်လုံးက... မလာရင် လူလွှတ်ပြီး ဂိုဏ်းကိုပါ ဖျက်ဆီးပစ်မယ်လို့ မြောက်ပိုင်းချုံးက ခြိမ်းခြောက်ထားတာလေ... သူတို့က သူတို့ကိုယ် သူတို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်နေပြီလို့ ထင်နေတာလား မသိဘူး.. နတ်ဘုရား မင်းသား မင်ယန်က အခုထိ...”
တတိယ ဘိုးဘေးက နှာခေါင်းရှုံ့ကာ မကျေမနပ် ဆိုလိုက်၏။ သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် မထမ ဘိုးဘေးက သူ့အာ မာန်မဲ လိုက်လေသည်။
“ပါးစပ်ပိတ်ထားစမ်း... မင်း သေချင်နေတာလား... ဒီနေရာက မြောက်ပိုင်းချုံးရဲ့ ယွင်ဝူတောင်... ဒါတောင် မင်းက နတ်ဘုရား မင်းသား မင်ယန် အကြောင်းပြောနေသေးတယ်... ဘာလဲ မင်းက ချန်းပေ့ရွှမ်း လော့ဝူဂိုဏ်းကို ရှင်းပစ်မှာ လိုလား နေတာလား”
တတိယ အကြီးအကဲမှာ အမြီးကုပ်သွား၏။ သူတို့သည် နတ်ဘုရား စိတ်အာရုံများကို သုံး၍ စကားပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အခြားလူများသည် သူတို့ ပြောသည့် အရာများကို မကြားနိုင်ချေ။
သို့သော်လည်း မည်သို့ပင် ဆိုစေ သတိထားရမည် ဖြစ်သည်။ မြောက်ပိုင်းချုံးတောင်ကား ကျားနှင့် နဂါးများ ပုန်းအောင်းရာ နေရာ ဖြစ်ပေသည်။ သူတို့တွင် နတ်ဘုရား စိတ်အာရုံလှိုင်းများကို ကြားဖြတ် အသံ ဖမ်းယူနိုင်သူ မရှိဟု ကျိန်းသေ မပြောနိုင်ချေ။ နတ်ဘုရား မင်းသား ရီချင်ကို သတ်ဖြတ်ခဲ့သည့် ချန်းပေ့ရွှမ်း၏ ကိုယ်ပွားပင်လျှင် နတ်ဘုရား စိတ်အာရုံ သီးသန့်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာ ထုထည် တစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ချန်းဖန်တွင်မူ သူတို့အား ဂရုစိုက်ရန် အချိန်မရှိပါချေ။ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် မြောက်ပိုင်းချုံး နန်းတော်၏ အပေါ်ဆုံး အထပ်၌ ထိုင်နေခဲ့၏။ အားရှို့နှင့် ကျန်းချူရန်တို့မှာ စိတ်ပူစွာဖြင့် ချန်းဖန်အား မေးလိုက်ကြလေသည်။
“ဆရာ... ဆရာ့ရဲ့ အစစ်အမှန် ခန္ဓာက ဘယ်တော့လောက် ရောက်မှာလဲ... အခမ်းအနားက စတော့မယ်... အခြား နယ်မြေက ဧည့်သည်တွေတောင် အဓိက ခန်းမထဲမှာ စောင့်နေကြပြီ”
“စိတ်မပူနဲ့... သူ လာလိမ့်မယ်”
ချန်းဖန်က ညင်သာစွာ ပြောရင်း ထိုင်ရာမှ ထရပ်လိုက်လေ၏။
“သွားကြစို့... သူတို့ကို ငါအရင်ဆုံး သွား ရင်ဆိုင်လိုက်မယ်”
အားရှို့နှင့် အခြားလူများမှာ ချန်းဖန် မည်သည်အား ဆိုလိုသည်ကို နားမလည်ကြချေ။ ကျန်းချူရန် တစ်ယောက် သာလျှင် တစ်စုံတစ်ခုကို စဥ်းစားမိဟန်ဖြင့် မျက်လုံးများ တဖျပ်ဖျပ် တောက်ပ သွားလေတော့သည်။
***