← Chapters

ခုနစ်ရောင်စုံတာအိုသခင် ရောက်လာပြီ

Vol. 131 Ch. 1812

ခုနစ်ရောင်စုံတာအိုသခင် ရောက်လာပြီ

Vol. 131 Ch. 1812

ဝမ်လင်းသည် ဓားသွားကို ပင့်မြှောက်၏။ အနက်ရောင်အခိုးငွေ့တို့က မုန်တိုင်းအသွင် ပြောင်းကာ ကောင်းကင်နှင့်ချိတ်ဆက်သည်။ အဝေးမှ ကြည့်ပါက ထိုမုန်တိုင်းသည် ချောက်ချားဖွယ်နဂါးတစ်ကောင်နှင့်ပင် တူနေတော့သည်။

ဝမ်လင်း၏လက်ထဲရှိ ဓားသွားက တစ်စက်လေးမျှ မလှုပ်ရှားသေးဘဲ ရှိ၏။

ဝမ်လင်းထံမှ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်နေ၏။ ကျားဖြူဗိုလ်ချုပ်၏ နတ်ဘုရားအာရုံ ကိုယ်ပွားကို ဝါးမြိုခဲ့ခြင်းနှင့် သူ၏ကျိန်ဆိုမှုကြောင့် သည်ဖိအားက သူ့ကို တုန်ယင်စေတော့သည်။

ထိုဖိအားသည် တောင်တစ်လုံးအလား ကျားဖြူဗိုလ်ချုပ်ကို နာခံစေတော့သည်။ သူက တုန်ယင်စွာဖြင့် ခေါင်းငုံ့ရပြီ။

ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူက ပို၍ပင် ဆိုးသေး၏။ သူက သွေးကျိန်ဆိုမှု မလုပ်ခဲ့သော်လည်း သူ၏နတ်ဘုရားအာရုံ ကိုယ်ပွားမှာ ဝမ်လင်း၏ဝါးမြိုခြင်း ခံလိုက်ရပြီးပင်။ ထိုဖိအား ပျံ့နှံ့လာသည်နှင့် သူက ကြောက်ရွှံ့စွာ ခံစားရတော့သည်။

ဝမ်လင်းသည် ထိုနှစ်ယောက်ကို အာရုံစိုက်မနေအားပေ။ သူက ဓားပေါ်သို့သာ အာရုံအပြည့်နှစ်ထား၏။ သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ ကောင်းကင်ထက်သို့ ဆက်မကြည့်တော့ဘဲ ဓားသွားအတွင်းသို့သာ သူ၏စွမ်းအားအကုန်ကို သွန်းလောင်း၏။

သူ မျက်လုံးမှိတ်လိုက်သည်နှင့် မည်သည့်အသံဗလံကိုမျှ မကြားရတော့ပေ။ သူ ခံစားမိသည့် တစ်ခုတည်းသော အရာမှာ ဓားသွားသာ။ ယင်းဓားသွားက သူ၏မျက်လုံး၊ နတ်ဘုရားအာရုံတို့အစား ဝင်ရောက်သည်။ သူ၏ ကျင့်ကြံမှုကလည်း ၎င်းပေါ်သို့ စုဝေးလာရင်း ဓား၏ဖိအားမှာ အမှန်အကန် တုန်လှုပ်ဖွယ် ကောင်းလာသည်။ သည်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ပိုင်း၌ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဧရာမဝဲကတော့တစ်ခု ပေါ်လာ၏။ ထိုဝဲကတော့ ပေါ်လာသည်နှင့် ၎င်းက ပြည့်ပြည့်ဝဝ မဖြစ်ပေါ်ရသေးခင်မှာပင် ၎င်းသည် အပြင်းအထန် တုန်ခါကာ ပျက်စီးခြင်း ဆိုက်သည်။ ၎င်း၏ ပျက်စီးပုံကို ထောက်ရှု၍ တစ်စုံတစ်ယောက်က အတွင်းမှ ဆုတ်ဖြဲပစ်သည့်ပုံပင်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ခုနစ်ရောင်စုံအလင်း တောက်ပလာသည်။ ထိုအလင်းအတွင်းကနေ ခုနစ်ရောင်စုံတာအိုသခင်က ရှေ့သို့ ခြေလှမ်းပြီး သည်အဖျက်အစီးလောကအတွင်းသို့ ဝင်ရောက်သည်။

သူ ဝင်လာသည်နှင့် ခုနစ်ရောင်စုံတာအိုသခင်က ဝမ်လင်း၏အော်ရာကို ချက်ခြင်း အာရုံခံမိသည်။ သူ၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်ကာ သူက စတင်ရယ်မောသည်။

“ဝမ်လင်း…ဒီအရှင်က မင်းကို တွေ့ပြီ။ ဒီတစ်ကြိမ် မင်း ဘယ်လို ထွက်ပြေးမလဲ ငါ မြင်ချင်မိတယ်…”

ချက်ခြင်းလိုလိုပင် သည်ကြယ်အဖွဲ့အစည်း၏ တတိယမြောက်ဂြိုဟ်၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ၏လက်ထဲမှ သွေးဓားသည် ကြောက်မက်ဖွယ်အလင်းကို ပေးစွမ်းသည်။ သူက မာန်သွင်းကာ ကောင်းကင်ထက်သို့ ခုန်တက်၍ အစွမ်းထက်ဆုံးဓားသွားကို ခုတ်ပိုင်းချသည်။

ထိုသို့ ခုတ်ပိုင်းပြီးနောက် သူက မြန်ဆန်စွာ နောက်ဆုတ်သည်။

ဧရာမဓားသွားစွမ်းအင်က ကောင်းကင်တွင် ပေါ်လာသည်။ ၎င်းက ဝမ်လင်းပတ်လည်ရှိ မုန်တိုင်း၊ ချပ်ဝတ်၊ ဥပဒေသကြောင့် ဖြစ်ပေါ်သော စစ်သားများကို စုပ်ယူသည်။ ထိုဓားသွားစွမ်းအင်သည် ချက်ခြင်းပင် ကျားဖြူဗိုလ်ချုပ် ဖန်တီးထားသော ဥပဒေသကို ဖျက်စီးပစ်၏။

ကျားဖြူဗိုလ်ချုပ်က သွေးအန်လိုက်ရပြီး သူ၏အမူအရာမှာ မှိန်ဖျော့သွားသည်။

ဓားသွားစွမ်းအင်က  ကောင်းကင်ထက်သို့ တရှိန်ထိုး ထိုးတက်၍ ပျောက်ကွယ်၏။ ၎င်းစွမ်းအင်က ခုနစ်ရောင်စုံတာအိုသခင် ရှိနေသော နေရာထံ၌ ပြန်ပေါ်လာသည်။ အရာအားလုံးမှာ မြန်လှ၏။ ခုနစ်ရောင်စုံတာအိုသခင် ရောက်လာသည့်အခါ၌ ဝမ်လင်းက ခုတ်ပိုင်းလိုက်ပြီးပင်။

ဓားသွားစွမ်းအင်က လေဟာနယ်ကို ချိုးဖျက်ကာ ပေတစ်သိန်းကျော်ထိ ချဲ့ကား၏။ ၎င်းက ခုနစ်ရောင်စုံတာအိုသခင်ထံ ပျံသန်းဝင်လာသည်။

သည်ဓားစွမ်းအင်က ဒီနေရာရှိ ဥပဒေသကြောင့် ဖြစ်ပေါ်လာပြီး ဝမ်လင်း၏ကျင့်ကြံမှု အပြည့်အဝပါ ပေါင်းစပ်ထားသည်။

ဤဓားသွား၏ စွမ်းပကားကို ဖော်ပြဖို့ငှာ မဖြစ်နိုင်ပေ။ ဓားသွားစွမ်းအင်က တောက်ပပြီး ခုနစ်ရောင်စုံတာအိုသခင်ထံ ပျံသန်းဝင်ရောက်သည်။

ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက အန္တရာယ်ကို ခံစားမိ၏။ သည်လိုအရာမျိုးမှာ ဖြစ်ခဲလှ၏။ သူ့ဘဝ၌ ထိုသို့ အန္တရာယ် ရှိသည်ဟု ခံစားမိဖူးသည်မှာ သုံးကြိမ်သာ ရှိခဲ့သည်။

သို့ပေမည့် ထိုသုံးကြိမ်တွင် နှစ်ကြိမ်မှာ ဝမ်လင်းကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။ ပထမတစ်ကြိမ်မှာ တိမ်ပင်လယ်ရှိ အက်ကြောင်း၌ ဖြစ်၏။ ဒုတိယကြိမ်မှာ အခု ဒီအဖျက်အစီးလောက၌ပင်။

“ဒီနေရာရှိ ဥပဒေသကို အသုံးချပြီး ဒီဓားသွားကို ဖြစ်ပေါ်စေတာ။ ဒီ ဝမ်လင်းဟာ အချိန်တိုအတွင်း ဒါကို စဉ်းစားနိုင်စွမ်း ရှိခဲ့တာပဲ။ ဒီလိုဉာဏ်ရည်မျိုးဟာ ရှားလှတယ်။ ဒါပေမဲ့ သူ ပိုတော်လေလေ သူ သေဖို့ ပိုလိုလေပဲ…”

ခုနစ်ရောင်စုံတာအိုသခင်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံ စတင်လင်းလက်သည်။ ထိုအလင်းက ရိုးတံခုနစ်ခုနှင့် ခုနစ်ရောင်စုံ ကြာပွင့်အဖြစ်သို့ သိပ်သည်းလေ၏။ ရိုးတံတစ်ခုစီ၌ အရောင်တစ်ခုစီ ရှိသည်။ ၎င်းကြာပွင့်က တာအိုသခင်၏ရှေ့တွင် ဖူးပွင့်လာသည်။

“ခုနစ်ရောင်စုံတာအိုကြာပွင့်။ ကြာပွင့်ဟာ စစ်သားတွေကို စုစည်းစေ…”  ခုနစ်ရောင်စုံတာအိုသခင် ဤသို့ ဆိုလိုက်ပြီးသည်နှင့် သူက ကြာပွင့်ထံသို့ ခြေလှမ်းသည်။ ကြာပွင့်ရိုးတံများမှာ ကြုံ့လာပြီး သူ၏ခန္ဓာကိုယ်ကို ဝန်းရံ၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းသည် ကြာပွင့်နှင်ပင် မတူတော့၊ ပန်းအဖူးနှင့် တူနေသည်။ ဓားသွား နီးကပ်လာပြီး ၎င်းကြာပန်းဖူးပေါ်သို့ ကျရောက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဒီကြယ်အဖွဲ့အစည်းအား တုန်ယင်စေသည်။ သည်ကြယ်အဖွဲ့အစည်းသည် နေရာများစွာ၌ ဆုတ်ဖြဲခံရပြီး ဓားသွားက မရေမတွက်နိုင်သော အစိတ်အပိုင်းများဖြစ်ကုန်သည်။

တစ်ချိန်တည်းမှာ ခုနစ်ရောင်စုံကြာပွင့်ဖူးက တုန်ယင်လာ၏။ ခုနစ်ရောင်စုံလင်းလက်ကာ ရိုးတံများထဲမှ နှစ်ခုသည် တစစီ ဖြစ်သွားသည်။

သို့ပေမည့် ဓားသွားနှင့် ရိုးတံနှစ်ခု ပျက်စီးမှုက အဖျက်အစီးအားတစ်ခုကို ဖန်တီးသည်။ ၎င်းအားက ခုနစ်ရောင်စုံကြာပွင့်ကို ဗဟိုပြု၍ အရူးအမူး ပျံ့နှံ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ဒီကြယ်အဖွဲ့အစည်း တခွင် ဝုန်းဒိုင်းကြဲသည်။ ကြယ်အဖွဲ့အစည်းက တစ်လက်မချင်း ပျက်စီးလာတော့သည်။

ဒီကြယ်အဖွဲ့အစည်း တုန်ယင်ကာ ဆက်တိုက် ပျက်စီးလာလေပြီ။ အဖျက်အစီးလှိုင်း ပျံ့နှံ့လာရင်း ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးမှာ ပြိုလဲကြေမွသည်။ ဂြိုဟ်ကိုးလုံးသည်ပင် တုန်ခါလာကာ ခုနစ်လုံးမှာ ပေါက်ကွဲထွက်၏။ ယင်းတို့က တွင်းနက်များအဖြစ် ပြောင်း၍ အရာရာကို ဝါးမြိုသည်။

သည်လောကမှာ ဆက်၍ မတည်ရှိနိုင်တော့ပေ။

တတိယဂြိုဟ် တုန်ဟည်းလာနေရင်း ၎င်း၏မျက်နှာပြင်ထက်၌ ချိုင့်ခွက်များ ပေါ်လာ၏။ ကောင်းကင်မှာ အရောင်ပြောင်းပြီး‌ မြေပြင်ထုသည် စတင် ပြိုလဲပျက်စီးသည်။

လောက၏ အဆုံးသပ်အလား ထင်ရသည်။

ဝမ်လင်း၏ပါးစပ်မှ သွေးများ စီးကျကာ သူသည် ကူရာကယ်ရာမဲ့ဟန် ပေါ်၏။ ဒီခုနစ်ရောင်စုံတာအိုသခင်က သန်မာလွန်းလှသည်။ ဝမ်လင်းက နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ၏နောက်၌ ဝဲကတော့တစ်ခု ပေါ်လာသည်။ သူ ထိုဝဲကတော့အတွင်းသို့ ခြေလှမ်းလိုက်စဉ် ဟိန်းမြည်သံတစ်ခု ဒီကြယ်အဖွဲ့အစည်းအနှံ့ ပဲ့တင်ထပ်သွား၏။

ထိုကြာပွင့်ဖူးက ရုတ်တရက် ပျက်စီးသွားသော တတိယမြောက်ဂြိုဟ်၏ အထက်တွင် ပေါ်လာကာ ဖူးပွင့်၍ အတွင်း၌ ထိုင်နေသော ခုနစ်ရောင်စုံတာအိုသခင်ကို လှစ်ဟဖော်ပြသည်။

“ခုနစ်ရောင်စုံတာအိုကြာပွင့်၊ ကြာပွင့်ဟာ မရဏတရားကို ကြိုဆိုတယ်…”

ခုနစ်ရောင်စုံတာအိုသခင်က ရုတ်တရက် သူ့လက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ညွှန်၏။

ခုနစ်ရောင်စုံတာအိုသခင်က သာမန်ဟုသာ ထင်ရသော်လည်း သူလည်း အလွန်သုန်မှုန်နေ၏။ အစောပိုင်းတုန်းက ဝမ်လင်းသည် ထိုမျှအစွမ်းထက်သည့် ဓားကို ဖန်တီးနိုင်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။ ဤသည်က ဝမ်လင်းက သူ့အား တိုက်ခိုက်ခြင်းနှင့်မတူတော့၊ ဒီအဖျက်အစီးလောကတစ်ခုလုံးက သူ့ကို တိုက်ခိုက်ခြင်းနှင့် တူပေသည်။

ထိုရိုက်ချက်ကြောင့် သူသည်ပင် တုန်လှုပ်ခဲ့ရ၏။ ခုနစ်ရောင်စုံကြာပွင့်က ရိုးတံနှစ်ခုသာ ဆုံးရှုံးခဲ့သော်လည်း ထိုအဖြစ်က သူ့စိတ်နှလုံးကို ကိုက်ခဲစေ၏။ သူ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေချေသည်။

ခုနစ်ရောင်စုံတာအိုသခင် လက်ညွှန်လိုက်စဉ် ကြာပွင့်ထံမှ ကျန်သည့်ရိုးတံငါးခုက ပျံသန်းထွက်လာ၏။ ယင်းတို့က ချိပ်ပိတ်ရန်နှင့် ဝမ်လင်းကို သတ်ဖို့ပင်။

ခုနစ်ရောင်စုံတာအိုသခင်က လေထဲသို့ ခုန်တက်ကာ ဝမ်လင်းနောက်သို့ လိုက်၏။ ငါးရောင်စုံကလည်း လိုက်ပါလာသည်။

ဤအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ဝဲကတော့နှင့် ပေါင်းစပ်နှင့်ပြီး ဖြစ်ကာ သူ ထွက်သွားတော့မည်ပင်။ သို့သော် ခုနစ်ရောင်စုံ၏ တိုက်ခိုက်မှုနှင့် သူ့တိုက်ခိုက်မှုတို့က သည်တတိယမြောက်ဂြိုဟ်ကို ပျက်စီးသွားစေခဲ့သည်။ ကြာပွင့်ရိုးတံငါးခု နီးကပ်လာစဉ် ဝမ်လင်းသည် အသေအရှင်အန္တရာယ်အာရုံကို ခံစားမိသည်။

သို့ပေမည့် ဝမ်လင်းက ဒီနေရာတွင် နေ၍ ဓားသွားနှင့် တိုက်ခိုက်ရဲမှတော့ သူသည် ကြိုပြင်ဆင်ထားပြီးပင်။ ထိုရိုးတံများ သူ့ထံ နီးကပ်လာနေရင်း သူက ဘယ်လက်ဖြင့် လေဟာနယ်ထံ ဆန့်ထုတ်၏။ မီးပင်လယ်တစ်ခု သူ့အား ဝန်းရံသွားသည်။ ၎င်းက ကြီးမားသော မီးတောက်ထီးတစ်လက် အဖြစ်သို့ ပြောင်းလေသည်။

နယ်မြေလောင်ကျွမ်းခြင်းထီး။

ထိုထီးက ကောင်းကင်ကို မဖုံးအုပ်ပေ။ ဝမ်လင်း၏လက်ထဲ၌ သာမန်အရွယ်အစားထီး တစ်လက်ကို ကိုင်ထားသလိုသာ ထင်ရသည်။ နယ်မြေလောင်ကျွမ်းခြင်းထီးအတွက် အတားအဆီးများစွာနှင့် ကြိုပြင်ဆင်ဖို့ အချိန်အချို့ လိုအပ်သည်။ ထို့ကြောင့် အန္တရာယ်အခိုက်အတန့် မဟုတ်ပါက ၎င်းကို အသုံးမပြုတာ ကောင်းသည်။

သို့သော်လည်း ဝမ်လင်းက ဆုတ်လမ်းတစ်ခု တွေးထားပြီးသားပင်။  အစောပိုင်းတုန်းက စောင့်ဆိုင်းနေစဉ်အတွင်း သူက သည်ထီးကို ဖန်တီးထားခဲ့ခြင်း ဖြစ်၏။ သည်နည်းလမ်းက သူ၏အသက်ဓာတ်အားကို အနည်းငယ် လောင်ကျွမ်းစေနိုင်သော်လည်း ဤသည်က တန်၏။

သည်အခိုက်၌ ဝမ်လင်း၏လက်ထဲရှိထီးက ရုတ်တရက် ပွင့်ဟကာ သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းဖုံးအုပ်သွားသည်။

ထိုထီး ပွင့်ဟလာသည်နှင့် မီးများ တရှိန်ထိုး ထိုးထွက်သည်။ ရိုးတံငါးခုက နီးကပ်လာပြီး မီး၏ တားဆီးခြင်းကို ခံရသည်။ ရိုးတံတိုင်းက ထီးပေါ်သို့ ကျရောက်ကာ ဝမ်လင်း၏ စိတ်နှလုံးကို လှုပ်ခါစေသည်။ သို့သော် သူက ထိုအားကို အသုံးချ၍ နောက်သို့ ခြေသုံးလှမ်း ဆုတ်သည်။

ထိုခြေသုံးလှမ်း ဆုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ဝဲကတော့နှင့် လုံးဝ ပေါင်းစပ်သွးသည်။ မီးက သူ့အား မမြင်စေရန် ကာဆီးထားပေးစဉ် ဝမ်လင်းက ဒီလောကထဲမှ ထွက်ခွာသည်။

ဝမ်လင်း ပျောက်ကွယ်သွားသည့်အခိုက်၌ သူက ဒေါသတကြီး အော်သံကို ကြားလိုက်ရသေးသည်။ ရိုးတံများနောက်မှ လိုက်ပါလာသော ခုနစ်ရောင်စုံတာအိုသခင်က ဝဲကတော့အတွင်းသို့ တရကြမ်း ဝင်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ ခုနစ်ရောင်စုံလက်က ဝမ်လင်းထံ ကုတ်ဆွဲချလာသည်။

သို့ပေမည့် ထိုကုတ်ချက်က ဝမ်လင်းနှင့် လွဲချော်သွားသည်။

“မင်း ကမ္ဘာအဆုံး ပြေးရင်တောင် ဒီအရှင်ရဲ့ လက်ကနေ မလွတ်နိုင်ပါဘူး…”

ခုနစ်ရောင်စုံတာအိုသခင်က ကျားဖြူဗိုလ်ချုပ်နှင့် ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူတို့ကို ကြည့်ပင် မကြည့်ပေ။ သူက ဝမ်လင်းနောက်ကနေ ဝဲကတော့တွင်းသို့ တရကြမ်း လိုက်ဝင်လာသည်။

ဝမ်လင်းနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့ ထွက်ခွာသွားသည့်နောက် တတိယမြောက်ဂြိုဟ်မှာ သည်လောက၌ ပျက်စီးသွားရလေပြီ. ကျားဖြူဗိုလ်ချုပ်က စိတ်ရှုပ်ထွေးဟန်ဖြင့်  အပေါ်သို့ မော့ကြည့်၏။ သူ၏ကျိန်ဆိုမှုက သက်ရောက်မှု ရှိခဲ့ပြီး ဖြစ်ကာ ဝမ်လင်း၌ အချိန်ရပါက သူ့အား အမိန့်ပေးနိုင်ပေပြီ။

သူက နာခံရမည်သာ။ သူသည် ရုန်းကန်ထလာပြီးနောက် ဒြပ်စင်ငါးခုဂြိုဟ်မှ ဖြူရောနေသော ကျင့်ကြံသူထံ တိုးဝင်လာ၏။

“သူ့ကို ဖမ်းလိုက်။ ငါ့အတွက် သူက အများကြီး အသုံးတည့်တယ်…”

ဤစကားမှာ ဝမ်လင်းမထွက်သွားခင် ကျားဖြူဗိုလ်ချုပ်အား ပေးခဲ့သော ပထမဆုံးအမိန့်ပင်။

All Chapters