တွေ့ဆုံခြင်း
Vol. 12 Ch. 1135
ယွင်ဝူတောင်တန်း၊ အဓိက ခန်းမ...
ချန်းဖန် ပေါ်လာသည်နှင့် ခန်းမ တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။ မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များသည် ချန်းဖန်အား အားကျစွာ ကြည့်နေကြသည်။ တစ်ချိန်တည်း၌ တစ်ကမ္ဘာလုံးရှိ ဘီလျံချီသော ပရိတ်သတ်များမှာ စိတ်လှုပ်ရှားနေကြ၏။ ထိုလူငယ်ကား မကြာခင် နတ်ဘုရား အရှင်တစ်ပါး ဖြစ်လာပေတော့မည်။
“နတ်ဘုရားအရှင်ချန်း ရောက်လာပြီ... သူက တကယ် ငယ်တာပဲ... အသက် ဆယ့်ခုနှစ် အရွယ် လူငယ်လေး တစ်ယောက်လိုပဲ”
ကျန်းဟွာက ရေရွတ်လိုက်၏။
“ဟုတ်တယ်...”
နင်ရှင်းက ချန်းဖန်အား ကြည့်ရင်း ခေါင်းညိတ် လိုက်သည်။ ချန်းဖန်သည် အခမ်းအနား အတွက် အထူး စီစဥ်ထားသော ငှက်၊ ငါး၊ အင်းဆက်၊ တောင်တန်း၊ မြစ်၊ ရေကန်၊ နေ၊ လ နှင့် စကြဝဠာတို့ ရေးချယ်ထားသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။
ထို့အပြင် သူသည် ကြယ်အမတေ ခရိုင်စတယ်ဟု လူသိများသည့် တစ်ဝက်တစ်ပျက် နတ်ဘုရား ကုန်ကြမ်းဖြင့် ပြုလုပ်ထားသည့် သရဖူကို ဆောင်းထားသေးသည်။ ထိုအရာသည် ကောင်းကင် အရှင် အန်ပို ဦးဆောင်သော အခြေတည် ဝိညာဥ် အဆင့် ဆယ့်နှစ်ယောက် ခြောက်လကြာအောင် အချိန်ယူ ပြုလုပ်ထားသည့် အဆင်တန်ဆာ တစ်ခုပင် ဖြစ်သည်။ ထိုအရာသည် အလွန် သန်မာသော ကာကွယ်ခြင်း စွမ်းအားများ ပါရှိသည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်ပေသည်။
“သူက တကယ်ကြီး နတ်ဘုရားအရှင် ဖြစ်တော့မှာလား... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ သူက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဆယ်ကျော်သက် ကောင်လေးနဲ့ ခုထိ တူနေတုန်းပဲ... အဲဒီတုန်းက ဖေးဖေးရဲ့ ကောင်လေးက စကြဝဠာကိုတောင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ”
နင်ရှင်းမှာ တဒင်္ဂမျှ ကြောင်ငေးမိနေသည်။ ထို့အတူ ပရိသတ်သည်လည်း ချန်းဖန်၏ အသွင်အပြင်ကို ကြည့်ကာ မှင်သက် နေကြ၏။ သူတို့သည် စကား တစ်ခွန်းမျှ မဆိုမိကြချေ။
အခြား တစ်ဖက်၌ ခန်းမ အတွင်းရှိ အခြေတည် ဝိညာဥ် အဆင့်များမှာမူ ထိတ်လန့် ကြောက်ရွံ့ နေမိကြလေသည်။ သူတို့၏ မျက်လုံးများထဲ၌ ချန်းဖန်၏ စွမ်းအားမှာ တောင်တန်းများ၊ သမုဒ္ဒရာများ ကဲ့သို့ ကြီးကျယ် ခမ်းနားလွန်းလှသည်။ သူကား အခြားလူများနှင့် ခြားနားကာ ကောင်းကင်မှ နတ်ဘုရား တစ်ပါး၊ စကြဝဠာ၏ စိုးမိုးသူ တစ်ယောက်နှင့်ပင် တူနေသေး၏။
“နတ်ဘုရားအရှင် ဆိုတဲ့ ဘွဲ့ထူးက တကယ်ပဲ ကမ္ဘာလောကရဲ့ စွမ်းအားကို ရစေနိုင်တာလား”
ကောင်းကင်အရှင် အန်ပိုမှာ ဆွံ့အ နေမိ၏။ ခြောက်လ ကြာပြီးနောက်၌ ချန်းဖန်၏ စွမ်းအားကား ယခင်ကထက်ပင် ပိုမို နက်ရှိုင်းလာခဲ့သည်။ အစွမ်းအထက်ဆုံး အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် သူ့လောက် အစွမ်းထက်မည် မထင်ချေ။ သို့တိုင်အောင် ထိုအရာမှာ အစစ်အမှန် ချန်းပေ့ရွှမ်း၏ ကိုယ်ပွား တစ်ခုသာ ဖြစ်နေခဲ့ပေသည်။
“နတ်ဘုရားအရှင် ရောက်လာပြီ... အခမ်းအနား စတင် လိုက်ကြစို့”
အခမ်းအနားမှူး အဖြစ် တာဝန်ယူထားသူမှာ ချန်ရှန်းဂိုဏ်းချုပ် လီယွမ် ဖြစ်ပေသည်။ သူနှင့် အခြား အခြေတည် ဝိညာဥ် အဆင့် သုံဆယ်ခန့်သည် အခမ်းအနား အမီ ထျန်းဟောင်ဂြိုဟ်မှ နေ၍ ကမ္ဘာသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပေသည်။
အခမ်းအနား၌ ထျန်းဟောင်ဂြိုဟ် ကောင်းကင်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များမှာ စုံလင်နေပေသည်။ တောင်တန်း အင်ပါယာ အကျဥ်းထောင် အတွင်း နေထိုင်ဆဲ ဖြစ်သည့် ကောင်းကင် ညီမျှခြင်းနှင့် တံခါးပိတ် ကျင့်ကြံနေသော ရှောင်မန်တို့မှ လွဲ၍ မဟာ အကြီးအကဲသည် ရှန်းရှီ၊ အရှင်နဂါး၊ ချင်းရှီ၊ ဝူဝမ်တင်တို့နှင့် အတူ ရောက်ရှိ လာခဲ့လေသည်။
ရှန်းရှီသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူမသည် ကောင်းကင်မှာ နတ်မိမယ် တစ်ပါး ကဲ့သို့ နူးညံ့ လှပနေပေသည်။ မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များသည် သူမကို ငေးမော နေကြသော်လည်း သူမကမူ ချန်းဖန်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။
ခွဲခွာပြီး သုံးနှစ် အတွင်း ချန်းဖန်သည် များစွာသော နတ်ဘုရား မင်းသားများကို သတ်ဖြတ်ကာ နတ်ဘုရား အရှင် ဘွဲ့ကိုပင် ခံယူတော့မည် ဖြစ်သည်။ သို့သော်လည်း သူမကမူ အခြေတည် ဝိညာဥ် အဆင့်ကိုပင် မရောက်သေးချေ။ ထိုအရာက ရှန်းရှီမှာ ပထမဆုံး အကြိမ် အဖြစ် ချန်းဖန်နှင့် သူမ အကြားရှိ ကွာခြားချက်မှာ အလွန် ကွာဝေးကြောင်း ခံစားမိခဲ့ခြင်း ဖြစ်ပေသည်။ သူမ ဘဝ တစ်လျှောက်လုံး အဆတစ်ရာ ကြိုးစား လျှင်ပင် ထိုကွာခြားချက်ကို လိုက်မီတော့မည် မထင်ချေ။
သူမသာလျှင်မက၊ ဝူချင်းယန်၊ ဝူပိုင်စု၊ လင်းဝူဟွာနှင့် ဝမ်ရွှမ်လုံတို့မှာလည်း အလားတူ ခံစားနေကြရသည်။
နှိုင်းယှဥ်ရပါက ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲနှင့် ချင်းရှီတို့မှာမူ ပျော်ရွှင် နေကြပေသည်။ အကြီးအကဲဟူ၊ အကြီးအကဲချီနှင့် အကြီးအကဲလီတို့ အပါအဝင် ကျူးဝမ် အကြီးအကဲများမှာလည်း စိတ်လှုပ်ရှား နေကြ၏။
“နတ်ဘုရား အရှင်ကျန်း ဆုံးသွားတာ နှစ်ပေါင်း တစ်သိန်းလောက်တောင် ကြာခဲ့ပြီ... အဲဒီနှစ်တွေ ငါတို့ ကျူးဝမ် မျိုးနွယ်ဟာ ဘယ်လောက်တောင် ရုန်းကန်ခဲ့ရသလဲ... နောက်ဆုံးတော့ ငါတို့မှာ နတ်ဘုရား အရှင် တစ်ယောက် ထပ်ရှိလာခဲ့ပြီ”
မဟာ အကြီးအကဲမှာ မျက်ရည်ဝဲနေခဲ့လေသည်။ အခြားတစ်ဖက်၌ အဇူရာ နဂါးတို့မှာလည်း ချန်ဖန်အား ခံစားချက်များ ရောပြွမ်းသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူတို့သည် အတိတ်တစ်ချိန်၌ ကျန်းပေ့နယ် ဆရာချန်းဟု ကျော်ကြားခဲ့သော ကောင်လေးမှာ စကြဝဠာကိုပင် စိုးမိုးနိုင်သည့် နတ်ဘုရား အရှင် တစ်ယောက် ဖြစ်လာလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့ကြချေ။
“အကြီးအကဲတို့ ကျုပ်ရဲ့ ဘယ်ဘက်မှာ လာပြီး ရပ်ပါ”
ချန်းဖန်သည် ကျူးဝမ်မျိုးနွယ် အကြီးအကဲများကို တွေ့သည်နှင့် ပြောလိုက်လေ၏။
ကျူးဝမ် မျိုးနွယ်သည် ချန်းဖန် အတွက် အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ရသည်။ သူတို့၏ ဆွေမျိုးသားချင်း၊ ညီအကို၊ မောင်နှမ များစွာသည် ရှေးဟောင်း ကျူးဝမ်မြို့ တိုက်ပွဲနှင့် တောင်တန်း အင်ပါယာ အကျဥ်းထောင် အတွင်း၌ ကျဆုံးခဲ့ရသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် ကျူးဝမ် မျိုးနွယ်ဝင်များမှာ သူနှင့်အတူ အောင်မြင်မှု အသီးအပွင့်ကို ခံစားသင့်သော လူများဟု ယူဆပေသည်။
“ဟူး... ဟူး...”
လင်းဝူဟွာနှင့် အခြား မိန်းကလေး နှစ်ယောက်တို့၏ ဖေးမမှုတွင် အကြီးအကဲများမှာ ချန်းဖန် နံဘေးသို့ လျှောက်လာကြလေ၏။ သူတို့သည် များစွာသော အခြေတည် ဝိညာဥ် အဆင့်များကို မျက်နှာချင်းဆိုင်ကာ ရပ်လိုက်ကြလေ၏။ အစွမ်း အထက်ဆုံး မဟာ အကြီးအကဲ ပင်လျှင် ရွှေအမြုတေ ထိပ်ဆုံး အဆင့်တွင်သာ ရှိသည့်တိုင် မည်သူမျှ ထိုအရာကို ပြဿနာ တစ်ရပ်ဟု မမြင်ပါချေ။
နတ်ဘုရား အရှင် တစ်ယောက် မြင့်တက်လာမှုကား မိသားစု တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း၊ မျိုးနွယ်စု တစ်ခု မြင့်တက်လာမှုနှင့် အတူတူပင် ဖြစ်ပေသည်။
ချန်းပေ့ရွှမ်းသည် အလွန် ငယ်ရွယ်သေးသည်။ သူသည် အသက် သုံးဆယ်သာ ရှိသေးသည်။ အကယ်၍ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တက်လှမ်းနိုင်ပါက သူသည် အသက် တစ်သိန်း သို့မဟုတ် ထိုထက်ပင် ပိုမို ကြာမြင့်အောင် နေနိုင်လိမ့်မည် ဖြစ်သည်။ များစွာသော လူများသည် သူတို့၏ သားမြေးမြစ်ပေါင်း များစွာသည်ပင် ချန်းပေ့ရွှမ်းအား မှီလိမ့်မည် ဟု တွေးနေမိကြသည်။
“ငါတို့ သူ့ကို ဆန့်ကျင်လို့ မဖြစ်ဘူး... သူနဲ့ ရန်သူဖြစ်လို့ မဖြစ်ဘူး”
ကောင်းကင်အရှင် အန်ပိုက ဖြည်းညင်းစွာဖြင့် ခေါင်းအား ခါယမ်းလိုက်လေ၏။ သူ၏ ဘေးတွင်မူ တပည့် နှစ်ယောက်မှာ တည်ငြိမ်စွာ ရပ်တည်နေခဲ့လေသည်။ အကယ်၍ သေချာ သတိထားကြည့်ပါက သူတို့၏ မျက်လုံးများတွင် ဝမ်းနည်းမှု အချို့ ဖြတ်ပြေးနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်ပေသည်။
ချန်းပေ့ရွှမ်းကား သူတို့ထက် ပိုမို မြင့်မားရာ အရပ်သို့ တစ်လှမ်းချင်း တက်ရောက် နေခဲ့ပြီ ဖြစ်သည်။ ထျန်းလန်ဂြိုဟ် အနေဖြင့် သူ့အား ဘယ်တော့မှ လက်စားချေနိုင်တော့မည် မဟုတ်ပါချေ။
လော့ဝူဂိုဏ်း၏ ဒုတိယ ဘိုးဘေးသည် စိုးရိမ် ပူပန်စွာဖြင့် သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
“စီနီယာ... ညီငယ်လေးကို မြန်မြန်ရှာပြီး ပြန်ခေါ်သင့်တယ်နော်... တကယ်လို့ သူသာ နတ်ဘုရား မင်းသား မင်ယန်နောက်ကို ဆက်ပြီးလိုက်နေမယ် ဆိုရင် ကျုပ်တို့ လော့ဝူဂိုဏ်း တစ်နေ့ ဒုက္ခ ရောက်သွားနိုင်တယ်”
တတိယ အကြီးအကဲ ပင်လျှင် မျက်နှာပျက်ပျက်ဖြင့် ပထမ အကြီးအကဲကို ကြည့်နေခဲ့လေသည်။
ပထမ အကြီးအကဲမှာ စကား တစ်ခွန်းပင် မဆိုချေ။ သူ၏ မျက်လုံးများမှာ မသေချာခြင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် စိတ်ထဲ၌ လွန်ဆွဲ နေခဲ့လေသည်။
တစ်ချိန်တည်း၌ ချန်ရှန်းဂိုဏ်းချုပ် လီယွမ်၏ ဦးဆောင်မှုနှင့် အတူ အခမ်းအနားသည် ဆက်လက် ဖြစ်ပွား နေခဲ့သည်။ နေ့တစ်ဝက်သည် ကျော်ဖြတ်သွား၏။ ထိုအချိန် အထိ မည်သည့် အမှား သို့မဟုတ် ပြဿနာ တစ်ခုမှ မရှိသေးချေ။
နတ်ဘုရား အရှင် ဘွဲ့ထူးအား အပ်နှင်းမည့် အခမ်းအနား၏ နောက်ဆုံး အပိုင်းကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"နတ်ဘုရား အရှင်ချန်းကို နတ်ဘုရား အရှင် ဘွဲ့ထူး ပေးမယ့် အပေါ် ကန့်ကွက် ချင်တဲ့လူ ရှိလား…"
လီယွမ်က ထိုင်ရာမှ ထရပ်ကာ တစ်ကမ္ဘာလုံး ကြားနိုင်သော အသံဖြင့် မေးမြန်းလိုက်လေသည်။
အားလုံးသည် တိတ်ဆိတ် ငြိမ်သက် နေကြ၏။ ချန်းပေ့ရွှမ်းကား ဂြိုဟ်ပေါင်း များစွာကို လွှမ်းမိုးနိုင်သည့် အရှင်သခင် တစ်ယောက် ဖြစ်သည်။ သူ့အား ဆန့်ကျင်ရန် မည်သူက သတ္တိ ရှိပါမည်နည်း။
ထို့နောက်တွင် ရုတ်တရက် အသံ တစ်ခုသည် ထွက်ပေါ်လာ၏။
"ငါကန့်ကွက်တယ်"
ထိုအချိန် ယွင်ဝူတောင်ခြေ၊ ရန်ကွေ့ ရေကန် နံဘေး…
အထီးကျန် သူရဲကောင်း စွန်းယုဖုန်းသည် အင်္ကျီလက်ကို ခါယမ်းကာ သူ၏ နံဘေးရှိ ကျန်းဖေးဖေးကို ပြောလိုက်သည်။
"သွားကြစို့… အချိန်ရောက်ပြီ"
"ဆရာ… တကယ်ပဲ သူတို့ကို ကူညီဖို့ နည်းလမ်း မရှိတော့ဘူးလား"
ကျန်းဖေးဖေးက နောက်ဆုံး အကြိမ်အဖြစ် ကြိုးပမ်းကြည့်လိုက်၏။
သူမ၏ အဒေါ်နဲ့ ဝမ်းကွဲ အမတို့မှာ ယွင်ဝူ တောင်ထိပ်၌ ရှိနေဆဲ ဖြစ်သည်။ ကျန်းဖေးဖေးသည် သူတို့အား နောက်ဆုံး အကြိမ်အဖြစ် ကူညီချင်ပေသေးသည်။
စွန်းယုဖုန်းက ခေါင်းအား ခါယမ်း လိုက်၏။
"ကံကြမ္မာကို ပြောင်းလဲလို့ မရဘူး… မရေမတွက်နိုင်တဲ့ နတ်ဘုရား မင်းသားတွေက ဆုံးဖြတ် ပြီးသွားပြီ… တကယ်လို့ ချန်းပေ့ရွှမ်းသာ အစစ်အမှန် နတ်ဘုရား အရှင် တစ်ပါး ဖြစ်လာရင် ကပ်ဘေးက ပျက်ပြယ် သွားလိမ့်မယ်"
ထို့နောက် စွန်းယုဖုန်းက ဖြူရော်စွာ ပြုံးလိုက်၏။
"ငါ မကူညီချင်တာ မဟုတ်ပါဘူး… ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ရဲ့ လက်ကနေ လွတ်အောင် ပြေးနိုင်ခဲ့တာနဲ့ပဲ လူတွေက ငါ့ကို မဟာ ကျင့်ကြံသူတွေနဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်ပြီလို့ တွေးကြပုံ ရတယ်… ဒါပေမဲ့ ငါ့လို မဟာ ကျင့်ကြံသူနဲ့ ရင်ဆိုင်ဖူးတဲ့ လူတွေပဲ သူတို့ ဘယ်လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာ သိထားတယ်… တကယ်လို့ ချန်ရှန်းဂိုဏ်းရဲ့ နတ်ဘုရား အရှင်သာ ညှာတာ မပေးခဲ့ရင် ငါ သေဆုံးသွားတာ ကြာလှပြီ"
ကျန်းဖေးဖေးမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစား လိုက်ရသည်။ နောက်ဆုံး အနေဖြင့် သူမက နတ်ဘုရား အလင်းများ ဝန်းရံနေသည့် ယွင်ဝူတောင်ထိပ်ကို လှမ်းကြည့် လိုက်သည်။ အောင်မြင်မှု၊ ခမ်းနားမှု၊ ကြီးကျယ်မှုတို့ ထုံမွှန်းနေသည့် ထိုမြောက်ပိုင်းချုံးဂိုဏ်းကြီးမှာ မကြာခင် ရှင်းလင်း ခံရလိမ့်မည် ဟု မည်သူက ထင်မိပါမည်နည်း။ ကောင်းရှန်းရန်၏ စာသား တစ်ခုသည် မိန်းကလေး၏ စိတ်အတွင်း ဝင်ရောက် လာခဲ့လေ၏။
"သူတို့ လှပတဲ့ အိမ်လေး တည်ဆောက်နေတာကို ငါ ကြည့်နေခဲ့တယ်… နေ့တိုင်းနေ့တိုင်း ဧည့်သည်တွေဟာ သူတို့ဆီမှာ ဝင်ထွက် သွားလာနေခဲ့တယ်… နောက် သူတို့ရဲ့ အိမ်လေး တစ်စစီ ပြိုပျက်ကျသွားတာကို ငါ တွေ့မြင်ခဲ့ရတယ်"
***