← Chapters

ကန့်ကွက်ကြခြင်း

Vol. 12 Ch. 1136

ကန့်ကွက်ကြခြင်း

Vol. 12 Ch. 1136

"ငါကန့်ကွက်တယ်…"

လူတိုင်းသည် အသံ ထွက်ပေါ်လာသည်နှင့် ထိုအရပ်မျက်နှာသို့ လှမ်းကြည့် လိုက်ကြသည်။

"ဘယ်သူလဲ… သူက တယ်လည်း သတ္တိကောင်း နေပါလား… ကြည့်ရတာ ငါတို့ နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနားမှာ တိုက်ပွဲတွေ ကြည့်ရတော့မယ် ထင်တယ်"

မရေမတွက်နိုင်သော အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေးများမှာ စိတ်လှုပ်ရှား သွားသည်။

အားရှို့၊ အဇူရာ နဂါးနှင့် ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲများမှာမူ ဒေါသများ ထွက်သွားကြ၏။

ချန်းဖန်သည် နတ်ဘုရား အရှင် ဘွဲ့ထူးကို ဆက်ခံတော့မည့် ဆဲဆဲ ဖြစ်သည်။ ထိုကဲ့သို့ အရေး အကြီးဆုံး အချိန်တွင် တစ်စုံတစ်ယောက်သည် ပြဿနာကို ဖန်တီးလိုပုံ ရသည်။ ထိုအရာက ချန်းဖန်ကိုသာ မက၊ မြောက်ပိုင်းချုံးနှင့် တစ်ကမ္ဘာလုံးကိုပါ အရှက်ခွဲလိုက်ခြင်းပင် ဖြစ်လေသည်။

လူတိုင်းသည် ခန်းမ၏ နောက်ဆုံး တစ်နေရာ၌ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကို တွေ့လိုက်ရသည်။

"သူက ဘယ်သူလဲ… ဘယ်ဂြိုဟ်နဲ့ ဘယ်ဂိုဏ်းကို ကိုယ်စားပြုတဲ့ ကောင်းကင် အရှင်များလဲ"

"သူ့ကို ကြည့်ရတာ မရင်းနှီး သလိုပဲ…  တစ်ခါမှ မတွေ့ဖူးဘူး… သူက မကြာသေးခင်ကမှ အဆင့်တက် ထားတဲ့ အခြေတည် ဝိညာဉ် အဆင့် အသစ် တစ်ယောက်များ"

များစွာသော ဘိုးဘေးများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ အားလုံးထဲ၌ ကောင်းကင်အရှင် အန်ပို တစ်ယောက်သာလျှင် အနည်းငယ် အံ့အားသင့် သွားဟန်ရ၏။

"သူပဲ…"

"ဆရာကြီး အန်ပိုက သူ့ကို သိတာလား… သူက ဘယ်သူလဲ"

နင်ရှင်းက မေးလိုက်၏။

"သူက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ နယ်စပ်ဂြိုဟ် တစ်ခု ဖြစ်တဲ့ ထျန်းယု ဂြိုဟ်က ကောင်းကင် အရှင်ပဲ… သူ့နာမည်က ယောင်ရှင်းယန် တဲ့… ဒါပေမဲ့ သူက အခုမှ အခြေတည် ဝိညာဉ် အစောပိုင်း အဆင့်မှာပဲ ရှိနေသေးတာလေ… ဘာလို့ နတ်ဘုရားအရှင်ချန်းကို ဆန့်ကျင်ချင် နေရတာလဲ"

ကောင်းကင်အရှင် အန်ပိုမှာ မျက်မှောင်ကြုတ်ကာ စဉ်းစား လိုက်လေ၏။  တခဏ အကြာ၌ သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားလေသည်။

"ဖြစ်နိုင်တာက…"

"ဖြစ်နိုင်တာက ဘာလဲ…"

ကျန်းဟွာ မမေးရသေးခင်မှာပင် လူအချို့မှာ မြောက်ပိုင်းချုံး နန်းတော် ခန်းမ အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် လမ်းလျှောက်ကာ ဝင်လာခဲ့ကြသည်။

"ငါလည်း ကန့်ကွက်တယ်"

"သူက ကျဆင်းနေတဲ့ ဂြိုဟ်တစ်ခုက အဆင့်နိမ့် ဂျူနီယာလေးပဲ ရှိသေးတာ… အခုထိ အခြေတည် ဝိညာဉ် အဆင့်ကိုတောင် မရောက်သေးဘူး… ဘယ်လိုလုပ်ပြီး နတ်ဘုရား အရှင် ဖြစ်နိုင်မှာလဲ"

"အမှန်ပဲ… နတ်ဘုရား အရှင် ဆိုတဲ့ ဘွဲ့ထူးကို ဆက်ခံချင်ရင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်နေဖို့ ဒါမှမဟုတ် အဲဒီ အဆင့်နဲ့ အရမ်း နီးကပ်နေဖို့ လိုအပ်တယ်… ချန်းပေ့ရွှမ်းက နည်းနည်းလေး ပိုအစွမ်းထက်တဲ့ သာမန် ကျင့်ကြံသူ တစ်ယောက် သာသာပဲ… နတ်ဘုရား အရှင် ဘွဲ့ကို အိပ်မက် မက်မနေသင့်ဘူး"

အခမ်းအနားကို တက်ရောက်လာသည့် ရာချီသော ဧည့်သည်များ အနက် အချို့မှာလည်း မတ်တပ်ရပ်ကာ  ငြင်းဆို ကြလေသည်။

အားရှို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်များ ရှုပ်ထွေး လာခဲ့၏။ သူမသည် သေမှာ မကြောက်သည့်လူ ထိုမျှ များပြားမည်ဟု ထင်မှတ် မထားခဲ့ချေ။

"ထျန်းယုဂြိုဟ်က ကောင်းကင်အရှင်ယောင်၊ ကျူးကျူဂြိုဟ်က ကောင်းကင်အရှင်ကျန်း၊ ချင်ယွမ်ဂြိုဟ်က ဘိုးဘေးကူ…"

ဧည့်သည် တစ်ယောက်က တုန်လှုပ်စွာ ရေရွတ် လိုက်၏။ သူတို့ အားလုံးကား စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ နယ်စပ် အစွန်အဖျား ဂြိုဟ်များမှ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ ကျင့်စဉ်များသည် အတော်လေး နိမ့်ကျကာ အစွမ်းထက် ကျင့်ကြံသူ အများအပြား မရှိခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင် ဂျူပီတာနှင့် ကျဲ့ယွမ်ဂြိုဟ်များမှ ကျင့်ကြံသူများထက်ပင် အားနည်းကြသည်။

သို့တိုင်အောင် အဘယ်ကြောင့် ထိုကဲ့သို့ အားနည်းသော အခြေတည် ဝိညာဉ် အဆင့်များက ချန်းပေ့ရွှမ်းကို ဆန့်ကျင်ရန် သတ္တိများ ရှိနေကြသနည်း။

သူတို့နှင့် ရင်းနှီးသည့် အချို့ ကျင့်ကြံသူများက ချက်ချင်းပင် စိုးရိမ် တကြီးဖြင့် နတ်ဘုရား စိတ်အာရုံများကို ဖြန့်ကျက် လိုက်ကြလေသည်။

"ဘိုးဘေးကု… ရူးနေတာလား… နတ်ဘုရား အရှင်ချန်းကို မြန်မြန် တောင်းပန်လိုက်"

သို့သော်လည်း ဘိုးဘေးကုမှာ ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။ သူက အေးစက်သော လေသံဖြင့် ချန်းဖန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ချန်းပေ့ရွှမ်း… မင်း ရှက်တတ်ရင် ကိုယ့်ဘာသာ ဆင်းပေးလိုက်… နတ်ဘုရား အရှင် ဆိုတဲ့ ဘွဲ့ကို အလွဲသုံးစား လုပ် မနေနဲ့…  စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို ကြယ်ပင်လယ် တစ်ခုလုံးက ဝိုင်းလှောင်ရယ်တာ ငါတို့ မခံနိုင်ဘူး"

"အမှန်ပဲ ချန်းပေ့ရွှမ်း… ဒီမလိုအပ်တဲ့ အခမ်းအနားကို အဆုံးသတ်လိုက်ဝောာ့… နောက်ပြီး နတ်ဘုရား မင်းသားတွေကို မင်း ဘယ်လိုညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ သတ်ခဲ့တယ် ဆိုတာ ပြောပြလိုက်… အဲဒါဆို မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်တယ်"

အခြားသော လူများမှာလည်း အသီးသီး ပြောဆိုလိုက်ကြသည်။

"နင်တို့တွေ…"

ချီရှို့အာမှာ ဒေါသတကြီး အော်ဟစ် လိုက်လေ၏။

"ငါတို့ ဂိုဏ်းချုပ်က ကိုယ်ပိုင် အစွမ်းအစနဲ့ပဲ ထျန်းဟောင်ဂြိုဟ်ကို လွှမ်းမိုးပြီး နတ်ဘုရား မင်းသားတွေကို သတ်နိုင်ခဲ့တယ်… နောက်ပြီး လူတိုင်းရဲ့ နတ်ဘုရားအရှင် အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရတယ်… နင်က ဘာလို့ တစ်ဖက်သတ် စွပ်စွဲဖို့ ကြိုးစား နေရတာလဲ"

"ဟမ့်… ချန်းပေ့ရွှမ်းက အခုမှ ရွှေအမြုတေ အဆင့်မှာပဲ ရှိသေးတာ… နတ်ဘုရား မင်းသားတွေက အခြေတည် ဝိညာဉ် အဆင့်ကို ရောက်နေကြပြီ… ချန်းပေ့ရွှမ်းက ညစ်ပတ်တဲ့ နည်းလမ်းတွေကို မသုံးပဲ သူတို့ကို သတ်နိုင်မယ် ထင်နေလား"

ယောင်ရှင်းယန်က နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

"မှန်တယ်… ချန်းပေ့ရွှမ်း… မင်းရဲ့ လုပ်ရပ်ကြောင့် ကြယ်ပင်လယ်က ကျင့်ကြံသူတွေ ငါတို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ဒေါသထွက်နေကြပြီ… သူတို့သာ တိုက်ခိုက်မယ် ဆိုရင် ငါတို့ ဂြိုဟ်နယ်မြေ တစ်ခုလုံးက အပျက်အစီး နယ်မြေတစ်ခု ဖြစ်သွားမှာ သေချာတယ်"

ဘိုးဘေးကူက ချန်းဖန်ကို ကြည့်ကာ စားမတတ်၊ ဝါးမတတ် လေသံဖြင့် ပြောလိုက်လေသည်။

"နင်…"

အားရှို့၊ ရှန်းရှီနှင့် အဇူရာ နဂါးတို့မှာ ဒေါသများ ထွက်မှုကြောင့် မျက်နှာများ ခရမ်းရောင်ပင် သမ်းနေကြပြီ ဖြစ်လေသည်။

"ကလန့်…"

လင်းဝူဟွာသည် သူမ၏ ဓားအား ဆွဲထုတ် လိုက်၏။ အစွမ်းထက် ဓားချီသည် ခန်းမ တစ်ခုလုံးကို ပြည့်နှက်သွားသည်။ သူမသည် ထိုမလေးစားသော အဘိုးကြီးကို ချက်ချင်းပင် သတ်ဖြတ်ချင် နေခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ချန်းဖန်က သူမအား လက်ကာပြကာ တည်ငြိမ်စွာပင် မေးလိုက်၏။

“အဲဒီတော့ ငါဘာလုပ်သင့်တယ်လို့ မင်းတို့ ထင်လဲ”

“ရိုးရှင်းပါတယ်... နတ်ဘုရား အရှင် ကြိုဆိုပွဲလို့ ခေါ်တဲ့ ဒီအခမ်းအနားကို အဆုံးသတ်လိုက်...နောက်ပြီး မင်းရဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်ပြီး နတ်ဘုရား မင်းသားတွေ ရှေ့မှာ ဒူးထောက်တောင်းပန်... ငါက မင်းအတွက် ကောင်းတာ တစ်ခုခု ပြောပေးမယ် ဆိုရင် နတ်ဘုရား မင်းသားတွေက မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ် လွှတ်ပေးလိမ့်မယ်”

ဘိုးဘေးကုက သူ၏ မုတ်ဆိတ်ဖြူ အရှည်ကြီးများကို ပွတ်သပ်ရင်း ပြုံးကာ ဆိုလိုက်လေ၏။ သူ၏ ရှည်လျားသော အင်္ကျီလက်များသည် လေနှင့် အတူ လွင့်ပါ နေခဲ့လေသည်။

“ငါက မလုပ်ဘူး ဆိုရင်ရော...”

ချန်းဖန်က မေးလိုက်သည်။

“ဒါဆိုရင် စစ်တပ် ရောက်လာလိမ့်မယ်... မြောက်ပိုင်းချုံးနဲ့ ကမ္ဘာ တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်... ငါက မင်းကို ကူညီချင်ရင်တောင် နတ်ဘုရားမင်းသားတွေက နားထောင်မှာ မဟုတ်ဘူး”

ဘိုးဘေးကုက ခေါင်းအား လေးပင်စွာ ခါယမ်းလိုက်သည်။

“ဟမ့်... ဒါဆို နင်က နတ်ဘုရား မင်းသားလို့ ခေါ်တဲ့ ကောင်တွေရဲ့ လက်ပါးစေခွေးပေါ့ ဟုတ်လား... ငါ့ဆရာက နတ်ဘုရားမင်းသား ရီချင်ကိုတောင် ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖူးတယ်... ဘာလို့ အဲဒီကောင်တွေဆီမှာ အညံ့ခံရမှာလဲ”

ချီရှို့အာက နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်လေသည်။

“လောကကြီးအကြောင်း ဘာမှ မသိ နားမလည်တဲ့ ကောင်မလေးပဲ... နင်က ရေတွင်းအောက်ခြေက ဖားသူငယ် သာသာပဲ ရှိသေးတယ်... မဟာ ကျင့်ကြံသူ ဆိုတာ ဘာလဲတောင် နင်သိရဲ့လား”

ဘိုးဘေးကုက ပြောလိုက်သည်။ အခြားလူများမှာလည်း ခေါင်းညိတ်ကာ သူ၏ စကားကို ထောက်ခံ လိုက်ကြသည်။

“ထွက်သွားစမ်း... ဒီနေ့က ငါ့ဆရာ နတ်ဘုရား အရှင် အဖြစ် ခံယူတဲ့ မင်္ဂလာနေ့ ဖြစ်တဲ့အတွက် ငါ လူမသတ်ချင်ဘူး”

အားရှို့က ဆိုလိုက်လေ၏။ ချန်းဖန်သည် လွန်ခဲ့သော ခြောက်လ အတွင်း၌ ပြန်လည် မွေးဖွားခြင်းဂိုဏ်းထံမှ ရရှိသော ပုထျန်း ဆေးမြစ်ကို သုံး၍ ဆေးတစ်အိုး ထပ်မံ ဖော်စပ်ခဲ့သည်။ ထိုဆေး၏ အစွမ်းဖြင့် အားရှို့သည် သူမ၏ အခြေခံအား ပြန်လည် တည်ဆောက်ကာ ရွှေအမြုတေ အဆင့်ကို ပြန်လည် တက်လှမ်းခဲ့သည်။ နောက်ဆုံတစ်ကြိမ် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော် အပြီး၌ သူမသည် ကောင်းကင် အဆင့် ရွှေအမြုတေ များတွင်ပင် ထိပ်တန်း အဆင့်ရှိသည့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့လေသည်။

ထိုအခိုက်၌ အားရှို့၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းဖြင့် ဝန်းရံနေ၏။ သူမ၏ အနောက်တွင်မူ ကောင်းကင်သို့ ပျံတက်တော့မည့် အလား ဟန်ပြင်နေသည့် နေတစ်စင်း ဖြစ်တည်နေသည်။ သူမကား ဘိုးဘေးကုနှင့် ဘိုးဘေး ယောင်ရှင်းယန်တို့ထက် ပိုမို၍ အစွမ်းထက်ပေသည်။

အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘေးများသည် ရှန်းရှီ၊ အားရှို့၊ ချီရှို့အာနှင့် ကျန်းချူရန်တို့မှာ အလွန် အစွမ်းထက်သည်ဟု တွေးနေမိကြသည်။ ထိုမိန်းကလေးများသည် ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည့်တိုင် သူတို့ အကုန်လုံးမှာ ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ရှင်များ ဖြစ်ကြပေသည်။

“ထျန်းဟောင်ဂြိုဟ်ပေါ်က နဂါး နတ်မိမယ် ရှောင်မန်မှာ ထည့်ပေါင်းရင် မြောက်ပိုင်းချုံးက ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာတင်ပဲ ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ရှင် ငါးယောက်ကို မွေးထုတ် ထားနိုင်နေပြီ... ချန်းပေ့ရွှမ်းရဲ့ သင်ပြနိုင်စွမ်းက တကယ် အံ့အားသင့်ဖို့ ကောင်းတာပဲ”

လူတိုင်းမှာ ကြောက်လန့် နေကြလေသည်။ ချန်ရှန်းဂိုဏ်းနှင့် ဝူကျိဂိုဏ်းတို့တွင် နတ်ဘုရား မင်းသားများ ရှိသော်လည်း သူတို့သည် မရေမတွက်နိုင်သော နှစ်များ ကတည်းက ဖွဲ့စည်းထားခဲ့သော ဂိုဏ်းများ ဖြစ်သည်။ သို့သော်လည်း မြောက်ပိုင်းချုံးမှာမူ လွန်ခဲ့သော ဆယ်စုနှစ်များ လောက်ကမှ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ နောင်ရာစုနှစ် တစ်ခု ကြာပါက သူတို့သည် မည်မျှ အထိ ကြီးထွားလာမည်နည်း။ ထိုအရာကား အတွေးဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းသော အရာ ဖြစ်သည်။

“နတ်ဘုရား မင်းသားတွေ အရင် ငါတို့ ဒီကို လာခဲ့တဲ့ အကြောင်းရင်းက မြောက်ပိုင်းချုံးနဲ့ ကမ္ဘာရဲ့ ဘေးကင်းမှု အတွက် သက်သက်ပဲ... မိန်းကလေး မင်းက ငါတို့ရဲ့ ကြင်နာမှုကို မျက်ကွယ်ပြုပြီး ငါတို့ကို နှင်တောင် ထုတ်တယ်ပေါ့”

ဘိုးဘေးကုက ဒေါသတကြီး ဆိုလိုက်လေ၏။

အားရှို့မှာ ထိုမျက်နှာပြောင် တိုက်နေသော အဘိုးကြီးအား ထပ်မံ စကားပြောရန် စိတ်မပါတော့ချေ။ သူမက လက်သီးအား ဆန့်ထုတ်ကာ ထိုးနှက် လိုက်လေတော့သည်။

“ဘုန်း...”

ကောင်းကင်သည် ရွှေရောင် စွမ်းအင်များဖြင့် ပြည့်နှက်သွားလေ၏။ လက်သီးသည် ပြိုင်ဘက်ကင်းသည့် ထက်ရှခြင်းတို့ကို သယ်ဆောင်ကာ လေထုကို ထိုးဖောက်သည်။ ထိုအရာကား အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း လောကကို သိမ်းပိုက်ခဲ့သည့် ကျင့်စဥ်ပင် ဖြစ်တော့၏။

အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး...

ဘုန်း...

ဘိုးဘေးကုနှင့် ဘိုးဘေး ယောင်ရှင်းယန်တို့မှာ မပြည့်စုံသည့် ကျင့်စဥ်များကိုသာ ကျင့်ကြံထားသည့် အစောပိုင်း အဆင့် အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ကြပေသည်။ သို့ဖြစ်လေရာ အားရှို့၏ အစွမ်းထက် လက်သီးကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

“ဘုန်း...”

များစွာသော ဘိုးဘေးများမှာ သွေးများအန်ကာ နောက်သို့ လွင့်စဥ် သွားကြ၏။ သူတို့ နောက်၌ ပါလာသော အဆင့်နိမ့် တပည့်များမှာမူ မြေစာပင် ဖြစ်ကာ အပိုင်းပိုင်း အစစ ပြတ်ထွက် သေဆုံးသွားခဲ့ရပြီ ဖြစ်တော့သည်။

***

All Chapters