ရောက်ရှိလာကြခြင်း
Vol. 12 Ch. 1137
“မြောက်ပိုင်းချုံးရဲ့ ဒီတပည့်က အရမ်း အစွမ်းထက်တာပဲ... သူ့ရဲ့ လက်သီး တစ်ချက်ကတောင် အဲဒီလောက် စိုးမိုးနိုင်မယ်လို့ ငါတွေးတောင် မတွေးမိဘူး”
များစွာသော လူများမှာ ကြောက်လန့် သွားကြလေသည်။ ဘိုးဘေး အန်ပိုနှင့် လင်းယွင်တို့မှာ အားရှို့ထက် ပို၍ အစွမ်းထက်ကောင်း ထက်နိုင်ပေသည်။ သို့သော်လည်း သူတို့ ရွှေအမြုတေ အဆင့်၌ ရှိချိန်ကမူ အားရှို့၏ ခြေဖျားကိုပင် မီလိမ့်မည် မထင်ချေ။
“သောက်ကောင်မ... နင်က လုပ်ရဲတယ်ပေါ့... ကြယ်ပင်လယ်က စစ်တပ် ရောက်လာတာနဲ့ နင်တို့ တစ်ကမ္ဘာလုံး သွေးပင်လယ် ဖြစ်သွားလိမ့်မယ်... နင်တို့လည်း သေရမယ်”
ကျူးကျူဂြိုဟ်၏ ကောင်းကင်အရှင်ကျန်းက လွင့်စဥ်သွားရာမှ ပြန်ထလာကာ ဒေါသတကြီး အော်ဟစ် လိုက်လေသည်။
“ခရက်...”
ရုတ်တရက် သူ၏ ရှေ့မှ လေထုသည် ကွဲအက်သွား၏။ အနက်ရောင် လက်ကြီးတစ်ဖက်သည် တိုးထွက်လာကာ ကောင်းကင်အရှင်ကျန်းကို လွယ်ကူစွာ ဖမ်းဆုပ်သွားသည်။ ထို့နောက် အားလုံး၏ ကြောက်လန့်နေသော အကြည့်များ အောက်တွင်ပင် ကြီးမားသော ကြီးမားသော ခေါင်းကြီးမှာ ပြူထွက်လာက ကောင်းကင်အရှင်ကျန်းကို ဝါးမျိုသွားတော့၏။
“ဂျွတ်... ဂျွတ်...”
မူရှောင်မှာ ဝါးစားရင်း ကောင်းကင်အရှင်ကျန်းမှာ အားနည်းလွန်းသည်ဟု တွေးနေမိသည်။ မူရှောင်သည် ယခုဆိုလျှင် အခြေတည် ဝိညာဥ် အလယ်ဆင့်နှင့် ထိပ်ဆုံး အဆင့် ကျင့်ကြံသူ အချို့ကိုပင် ဝါးမျိုနိုင်သည် အထိ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။
“မဟုတ်ဘူး... မင် ငါတို့ကို သတ်လို့မရဘူး”
ယောင်ရှင်းယန်နှင့် အခြား ဘိုးဘေးများမှာ ကြောက်လန့် သွားကြလေသည်။ သူတို့သည် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်း လိုက်ကြသည်။ သို့သော်လည်း မူရှောင်နှင့် ဝိညာဥ်စားမျောက်တို့သည် သူတို့အား ဖမ်းဆီးကာ ပါးစပ်များ အတွင်း ပစ်ထည့် လိုက်ကြလေ၏။
အဆုံး၌ ဘိုးဘေးကု တစ်ယောက်သာလျှင် ကျန်ရှိပေတော့သည်။ မိစ္ဆာနှစ်ကောင်သည် သူ့အား ဝန်းရံကာ သွားရည် တမျှားမျှားဖြင့် ကြည့်နေကြလေ၏။ သူတို့က သူ့အား ခုန်အုပ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက်...
“ဘုန်း...”
လှံတံတစ်ခုသည် ကောင်းကင်မှ နေ၍ မူရှောင်နှင့် ဝိညာဥ်စားမျောက်တို့ အပေါ် ကျရောက်လာ၏။ ထို့နောက် တစ်ဆက်တည်းလိုလိုပင် အလွန်အမင်း ကျယ်လောင်သော အသံတစ်ခုမှာ အာကာသထဲမှ ကမ္ဘာပေါ်သို့ ကျရောက် လာသည်။
“ချန်းပေ့ရွှမ်း... နတ်ဘုရား မင်းသားတွေ ရောက်လာပြီ... ဒူးထောက်ပြီး အညံ့ခံစမ်း... မဟုတ်ရင် အရှေ့ဂြိုဟ် တစ်ခုလုံး အပိုင်းပိုင်း အစစ ဖြစ်အောင် ဖျက်ဆီးခံရမယ်”
ထိုအခိုက်၌ ကမ္ဘာပေါ်ရှိ ဘီလျံချီသော လူများသည် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်မိကြလေ၏။ စစ်သံချပ်ကာများကို ဝတ်ဆင်ထားသည့် မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများသည် ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်ကာ နတ်စစ်တပ်သဖွယ် နေရာယူထားကြသည်။ သူတို့၏ အရေအတွက်ကား အလွန်များပြားလှလေရာ နေမင်း၏ အလင်းရောင်ကိုပင် ဖုံးကွယ်ထားလေ၏။
စွန်းယုဖုန်းသည် ယွင်ဝူတောင်ခြေရှိ စံအိမ်ထဲမှ နေ၍ အပြင်သို့ ရောက်ရှိသွား၏။ ထို့နောက် သူက ခေါင်းတစ်ချက် ခါကာ သက်ပြင်းချလိုက်လေသည်။
“သူတို့ ရောက်လာပြီ...”
ကျန်းဖေးဖေးမှာ ကောင်းကင်ကို မော့ကြည့်ကာ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုဖြင့် ဖုံးအုပ် သွားလေတော့၏။
၂၀၂၈ ခုနစ်၊ မတ်လ ၃ ရက်...
နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပသည့် နေ့၌ နတ်ဘုရား မင်းသား ခုနစ်ပါး ဦးဆောင်သော စစ်တပ်သည် ကမ္ဘာသို့ ရောက်ရှိ လာခဲ့လေသည်။
“သူတို့ ရောက်လာပြီ...”
ကျန်းဖေးဖေးမှာ မျက်နှာတစ်ခုလုံး ဖြူရော်သွားလေ၏။ သူမသည် ထိုမျှ များပြားသော တပ်မဟာများ ကမ္ဘာသို့ ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုအရာက နတ်ဘုရားမင်းသား ရီချင်နှင့် မာယာ စစ်တပ်ကဲ့သို့ သေးငယ်သော ပြဿနာ တစ်ခု မဟုတ်ပါချေ။
နတ်ဘုရား မင်းသားများနှင့် နတ်ဘုရား ဗိုလ်ချုပ်များသည် တပ်မဟာများ၏ အရှေ့၌ ရပ်နေကြသည်။ သူတို့သည် နေအလင်းများ၊ မြစ်များ၊ ကမ္ဘာများနှင့် မိစ္ဆာနေတို့ကို ဝန်းရံကာ ခန့်ညား ထည်ဝါ နေကြသည်။ နတ်ဘုရား မင်းသားနှင့် နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ချင်းစီမှာ အလွန် အစွမ်းထက်ကြပေသည်။ သူတို့သည် မြေပြင်ကမ္ဘာနှင့် ကီလိုမီတာပေါင်း မြောက်များစွာ ကွာဝေးနေသည့်တိုင် ကမ္ဘာပေါ်ရှိ လူများမှာမူ ကြောက်ရွံ့ တုန်လှုပ်မှုကို ခံစား နေကြရပြီ ဖြစ်လေည်။
စစ်ရထားများကို ဆွဲငင်သည့် သားရဲများ ပင်လျှင် ကောင်းကင်အရှင် အန်ပိုတို့ထက် ပိုမို အစွမ်းထက်သည့် အခြေတည် ဝိညာဥ် အဆင့် သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အတောင်ပံများကို ဖြန့်လျှက်၊ လက်သည်းများအား ကုတ်ခြစ်ကာ ဟိန်းဟောက်သံများကို ဖန်တီးနေကြ၏။ ထိုသားရဲကြီးများမှာ တိုက်ပွဲဝင်ရန် အလွန်တရာ ဆာလောင် နေကြပုံ ပေါ်လေသည်။
“အတောင်နှစ်ဖက် နဂါး၊ အနီရောင် မီးမိစ္ဆာကျားဦ ကျောက်စိမ်းကြံ့... အကုန်လုံးက ကောင်းကင်သားရဲ မျိုးဆက်တွေပါလား… ပုံမှန်ဆိုရင် အဲဒီ သားရဲတွေက ဂိုဏ်းအတွင်းပိုင်းမှာပဲ နေကြတာပါ... လက်ထောက် ဂိုဏ်းချုပ်တွေတောင် သူတို့ကို တော်ရုံနဲ့ စီးပြီး ခရီးမသွားနိုင်ကြဘူး... နတ်ဘုရား မင်းသားတွေက သူတို့ကို အရှေ့ဂြိုဟ်အထိ ဆွဲလာမယ်လို့ ငါတွေးတောင် မတွေးမိဘူး... ကြည့်ရတာ ထာဝရဂိုဏ်းကြီးတွေက တကယ့်ကို ဒေါသထွက်နေကြတာ ထင်တယ်”
စွန်းယုဖုန်းက ခေါင်းအား ခါယမ်းလိုက်သည်။ ကောင်းကင် သားရဲများသည် စကြဝဠာ အတွင်း၌ အလွန် အစွမ်းထက်ကြကာ မွန်းစတားများ၏ အထက် အဆင့်တစ်ခု၌ ရှိလေ၏။ ကောင်းကင်သားရဲ မျိုးဆက်များ အစွမ်းထက်ရခြင်းမှာ သူတို့၏ ဓမ္မ စွမ်းအားကြောင့်သာလျှင် မကချေ။ သူတို့၏ သွေးနှင့်အတူ မွေးဖွားလာသည့် နတ်ဘုရား စွမ်းအားများကြောင့်လည်း ဖြစ်သည်။ ကောင်းကင် သားရဲများ၏ နတ်ဘုရား စွမ်းအားများသည် အလွန် သန်မာလှကာ သာမန်ဓမ္မ အစီအရင်များကိုပင် လွှမ်းမိုးနိုင်သည်။ ခွန်ပန်၏ မဟာ ပျက်စီးခြင်း ကျင့်စဥ်နှင့် ရွှမ်ဝူ၏ ရွှမ်မင် နတ်ဘုရားမိုးကြိုးတို့ တစ်ခုချင်းစီမှာ ကမ္ဘာပျက်မတတ် အစွမ်းထက်သော နတ်ဘုရား စွမ်းအားများပင် ဖြစ်ကြပေသည်။
“ဟူး... ဟူး...”
နတ်ဘုရား သားရဲမျိုးဆက် ခုနစ်ကောင်ကို တွေ့သည်နှင့် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော သက်ရှိများကာ ကြောက်လန့် တုန်ရီသွားကြသည်။, သူတို့သည် တစ်ချက်ပင် မလှုပ်ရဲပဲ ခေါင်းများကို ငုံ့ကာ နှိမ့်ချ နေကြလေသည်။
ကျန်းဖေးဖေးမှာ မျက်နှာတစ်ခုလုံး ဖြူရော်နေခဲ့သည်။ ထိုအိမ်ငယ်လေးကား ပြိုကျ ပျက်စီးပေတော့မည်။
တစ်ချိန်တည်း၌ မြောက်ပိုင်းချုံး ခန်းမ အတွင်းဝယ်...
များစွာသော ဧည့်သည်များမှာ ကြောက်လန့်ကာ တုန်ရီနေကြ၏။ လင်းယွင်က ကောင်းကင်ကို မော့ကြည့်ရင်း ကြောက်လန့် တုန်ရီစွာ ရေရွတ်လိုက်လေသည်။
“မိစ္ဆာနေဂိုဏ်း၊ တိုင်ချူ နတ်ဘုရား နယ်မြေ၊ ချန်ရှန်းဂိုဏ်း၊ ဝူကျိဂိုဏ်း၊ နဲ့ကုန်းဂိုဏ်း၊ ဖူယောင်ဂိုဏ်း... နောက်ပြီး အပိုလို နန်းတော်”
သူ ရေရွတ်လိုက်သည့် နာမည် တစ်ခုချင်းစီသည် လူတိုင်းကို ပို၍ ပို၍ သွေးပျက် သွားစေခဲ့၏။ သူ၏ ရေရွတ်သံ အဆုံး၌ ရှင်းဟူ၊ လော့ဝူဂိုဏ်း ဘိုးဘေး သုံးယောက်နှင့် ချန်ရှန်းဂိုဏ်းမှ လီယွမ်တို့မှာ လုံးဝ ဖြူရော် နေခဲ့ကြပြီ ဖြစ်လေသည်။
ကြယ်ပင်လယ်သည် အလွန် ကျယ်ပြန့်ကာ များစွာသော ဂြိုဟ်နယ်မြေများ ရှိသည်။ ဂြိုဟ်နယ်မြေ တစ်ခုချင်းစီသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေထက်ပင် ပိုမို၍ ကြီးမားသည်။ ထာဝရဂိုဏ်း တစ်ခုသည် ပုံမှန်အားဖြင့် ဂြိုဟ်နယ်မြေ တစ်ခုကို အုပ်စိုးသည်။
ထို့အပြင် သူတို့သည် သူတို့၏ လက်တက်များကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ အပါအဝင် အခြား ဂြိုဟ်နယ်မြေပေါင်း များစွာကိုပါ ဖြန့်ကျက်ထားသေး၏။ ချန်းရှန်းဂိုဏ်းနှင့် နတ်ဘုရား သားရဲဂိုဏ်းသည် ထျန်းဟောင်ဂြိုဟ်ပေါ်တွင် ဂိုဏ်းခွဲများ တည်ဆောက်ထားသည်။ ထို့အတူ မြောက်နတ္ထိနယ် ဝမ်မိသားစုမှာလည်း ဝူကျိဂိုဏ်း၏ အစွယ်အပွား တစ်ခု ဖြစ်သည်။
အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေး တစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေသည်။
“အပိုလို နန်းတော် အပါအဝင် ထာဝရဂိုဏ်း ခုနစ်ခုက နတ်ဘုရား မင်းသားတွေနဲ့ တပ်မဟာတွေ ရောက်လာပြီ... ထာဝရဂိုဏ်းတွေက လူအနည်းငယ်လောက်ကိုပဲ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို လွှတ်မယ်လို့ ငါတွေးထားတာ... ဘာလို့ ဒီလောက်တောင် များရတာလဲ”
မြောက်ပိုင်းချုံး အဖွဲ့ဝင် အားလုံးမှာ မျက်နှာများပျက် နေကြသည်။ အားရှို့သည် ထာဝရဂိုဏ်းများမှာ ရီချင် ကဲ့သို့ နတ်ဘုရား မင်းသားများကိုသာ စေလွှတ်လိမ့်မည်ဟုသာ တွေးထားခြင်း ဖြစ်သည်။ ထိုမျှ အင်အားကြီးသော တပ်မဟာကြီး စစ်ချီလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
“ဆရာ...”
ချီရှို့အာနှင့် လုယန်ရွယ်တို့မှာ ချန်းဖန်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။ အားရှို့သည် လက်သီးကို တင်းတင်းဆုပ်ကာ ကောင်းကင်၌ ရပ်နေသည့် ရွှေရောင် သံချက်ကာဝတ် နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ကို စားမတတ်၊ ဝါးမတတ် ကြည့်နေခဲ့လေ၏။ ထိုနတ်ဘုရား ဗိုလ်ချုပ်ကား ယွင်ဝူတောင်ပေါ်သို့ ကျဆင်းလာကာ မြောက်ပိုင်းချုံးကို ရှင်းလင်းရန် အမိန့်ပေးခဲ့သူပင် ဖြစ်လေသည်။
“ဟားဟား... မင်းတို့ကို အညံ့ခံလိုက်လို့ ငါမပြောဘူးလား... အခုဆိုရင် ကောင်းကင် စစ်သည်တော် တစ်သိန်းနဲ့ နတ်ဘုရား မင်းသားတွေ ရောက်လာပြီ... မင်းတို့ အကုန်လုံး သေရတော့မယ်”
ဘိုးဘေးကုက အော်ဟစ် ရယ်မောလိုက်၏။ ထို့နောက် သူက ရွှေရောင် သံချပ်ဝတ် နတ်ဘုရား ဗိုလ်ချုပ်ထံသို့ ပြေးသွားကာ ဖားယားသော လေသံဖြင့် ပြောလိုက်လေသည်။
“ဆရာကြီး နရန်... ကျုပ် သူတို့ကို စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားပြီးပါပြီ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက ခေါင်းမာလွန်းတယ်.. သူက နတ်ဘုရား မင်းသားတွေရဲ့ ကြင်နာမှုကို နားမလည်ဘူး”
နရန်ကား နေမင်းအလား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဝန်းရံထား၏။ သူကား နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်နှင့် တန်းတူ၊ သို့မဟုတ် ယင်ဟိုင်ထက်ပင် ပိုမို အစွမ်းထက်နိုင်ပေသည်။ သူက မည်သည့် ခံစားချက်မျှ မရှိသော လေသံဖြင့် ပြောလိုက်လေသည်။
“ချန်းပေ့ရွှမ်း... နတ်ဘုရား မင်းသားတွေက ဂြိုဟ်အပြင်မှာ ရောက်နေပြီ... အမိန့်နာခံစမ်း... မင်းသာ ခုခံဖို့ ကြိုးစားမယ် ဆိုရင် ကောင်းကင် စစ်သားတွေက မြောက်ပိုင်းချုံးနဲ့ တစ်ကမ္ဘာလုံးကို ရှင်းပစ်လိမ့်မယ်... ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ချန်းဖန် မည်သို့မျှ မတုန့်ပြန်ရသေးခင်မှာပင် အားရှို့က အေးစက်စွာဖြင့် ခေါ်လိုက်လေ၏။
“နရန်....”
“ဟမ်...”
နတ်ဘုရား ဗိုလ်ချုပ် နရန်က အားရှို့အား ကြည့်လိုက်သည်။ သူ၏ မျက်လုံးတွင် မီးတောက်များက ရုတ်တရက် ဖြတ်ပြေးသွားလေ၏။
“နင်က ဘယ်သူလဲ လို့ ငါစဥ်းစားနေတာ... လက်စသတ်တော့ အတိတ်တုန်က ငါလွှတ်ပေးခဲ့ဖူးတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ပါလား... နင်က ငါ့ကို စိန်ခေါ်ချင်နေတာလား... ခုတစ်ခါ ငါ နင့်ကို...”
သူ၏ စကား မဆုံးခင်မှာပင်...
“ဘုန်း...”
အားရှို့၏ သေးငယ်သော ခန္ဓာသည် အဆုံးမဲ့ အော်ရာများကို ဝန်းရံကာ ကောင်းကင်သို့ ပျံတက်လာ၏။ တစ်ဆက်တည်းပင် သူမသည် ကြောက်မက်ဖွယ် ခွန်အားကို သုံးကာ နတ်ဘုရား ဗိုလ်ချုပ် နရန်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။
“ဘုန်း...”
လေထုသည် အားရှို့၏ လက်သီးချက်အောက်တွင် ကွဲအက် သွားလေတော့၏။
***