အခန်း (၄၂)
Vol. 4 Ch. 42
ကျန်းကျင်းနှင့် လျှိုဝူယမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ဤကဲ့သို့ ကိစ္စကြီး ဖြစ်နေသည်ဆိုမှတော့ မြို့တော်ဝန်ကိုယ်တိုင်သည်လည်း သဘာဝအားဖြင့် ရောက်ရှိလာရမှာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည်လည်း လောင်းကစားရုံဆီမှပိုက်ဆံများကို ရယူထားသောကြောင့်ပင်။ သို့ပေမည့် ၎င်း၏ ဂုဏ်အရှိန်ဂုဏ်ဝါအနေဖြင့် တခြားသူများရှေ့သို့ ထွက်၍တော့ မဖြစ်ချေ။
ကျန်းကျင်းသည် ရှမ့်လန်၏ ချောမောသည့် မျက်နှာကို လှမ်းကာကြည့်ရှုပြီး သူရှမ့်လန်အား ရှစ်မိသားစု အိမ်ထဲမှ မောင်းထုတ်ခဲ့သည့် မြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်လာမိ၏။ ဤအရာမှာ ရက်အနည်းငယ် သာလျှင် ကြာမြင့်သေး၏။ သို့ပေမဲ့ အချိန်အတော်ကြာမြင့်ခဲ့သလိုပင် ခံစားနေမိ၏။ ထိုအချိန်တုန်းက ရှမ့်လန်သည် သုံးစားမရသည့် လူတစ်ယောက်ဖြစ်၏။ ယခု အဘယ့်ကြောင့် သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသည့် လူတစ်ယောက် ဖြစ်သွားရသနည်း။
“မြို့တော်ဝန်... ဒီလို အခုအရှုပ်အထွေးတွေကြားထဲမှာ ရှမ့်လန်က ပျော်ရွှင်နေတဲ့ အခြေအနေကနေ ဝမ်းနည်းတဲ့ အခြေအနေဆီကို ပြောင်းလဲသွားနိုင်တယ်မလား” ကျန်းကျင်းသည် ရုတ်တရက် မေးမြန်းလိုက်၏။
မြို့တော်ဝန် လျှိုဝူယမ်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တာပေါ့”
သူနှင့့် မြို့စားအိမ်တော် ဆိုသည်မှာ သဘာဝအားဖြင့် ရန်သူများဖြစ်၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် သူ၏ ရန်သူပင်ဖြစ်သည်။
ကျန်းကျင်းကပြောလိုက်၏။ “အခု ရှမ့်လန်ရဲ့အနားမှာ လူပေါင်းထောင်ချီ ရှိနေတယ်။ ဒီလူတွေ အကုန်လုံးက ပိုက်ဆံလုနေကြတာပဲ။ ဒီလိုအခြေအနေမျိုးမှာ တစုံတယောက်သာ တစုံတခုဖြစ်သွားတယ်ဆိုရင် ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးမလား”
မြို့တော်ဝန် လျှိုဝူယမ်က ပြောလိုက်သည်။ "သိပ်မှန်တာပေါ့"
ကျန်းကျင်းသည် ထပ်မံကာ ပြောလိုက်၏။ "တကယ်လို့ အမှတ်မထင် ကိစ္စရပ်တွေဖြစ်ပြီးတော့ ရှမ့်လန်ရဲ့ ကိုယ်အောက်ပိုင်းတစ်ခုလုံး ကြေမွသွားမယ်၊ ပြီးတော့ မိန်းမစိုးတစ်ယောက် ဖြစ်သွားမယ်ဆိုရင် ဒါ သာမန်ပဲလေ"
မြို့တော်ဝန် လျှိုဝူယမ်က ပြောလိုက်သည်။ "သိပ်မှန်တာပေါ့။ ဒါသာမန်ပဲလေ"
အရှေ့တွင်ရှိနေသည့် မြင်ကွင်းသည် တကယ်ကို ရှုပ်ထွေးလွန်းလှချေ၏။ ထို့ကြောင့် ရှမ့်လန်အား လူပေါင်းများစွာတို့ တက်နင်းမိပြီး ရှမ့်လန် ဒုက္ခိတဖြစ်သွားခြင်းသည် ယုတ္တိဗေဒကျသည့် အရာပင်ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေနှင့်ပတ်သက်၍ ရှမ့်လန်သည် အခြားသောသူများကို အပြစ်တင်၍ မဖြစ်နိုင်ချေ။ ထို့အပြင် မြို့စားကြီးသည်လည်း မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။
မြို့စားကြီးအနေနှင့် သူ့သားမက်အတွက် အပြစ်ပေးချင်သည်ဆိုပါက လူပေါင်းတစ်ထောင်ကျော်လောက်ကို အပြစ်ပေးရန် ဆုံးဖြတ်ရပေလိမ့်မည်။ ထိုလူများသည် သူချစ်မြတ်နိုးရသည့် သူ၏ပြည်သူပြည်သားများ မဟုတ်ပါလား။ ထို့အပြင် ထျန်းဟန်နှင့် အခြားသောသူများကိုလည်း အပြစ်တင်၍ မရနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူများသည် သွေးအန်ကာ သတိလစ်မေ့မြောနေသောကြောင့်ပင်။
လျှိုဝူယမ်က ရုတ်တရက် ပြောလိုက်၏။ “ဒီလိုအခြေအနေတွေ ဖြစ်နေပြီဆိုမှတော့ လူပေါင်းတစ်ဒါဇင်ကျော် တို့က ရှမ့်လန်နဲ့အတူ သေသွားတာလည်း ဖြစ်နိုင်သေးတာပေါ့”
ထိုစကားစု ထွက်ပေါ်လာချင်းချင်းမှာပဲ ကျန်းကျင်းသည် မည်သို့မျှမနေနိုင်ဘဲ ကြောင်အသွားမိ၏။ သူ့အနေနှင့် ညစ်ပတ်သည့်အလုပ်ကို တစ်စုံတစ်ယောက်အား ပြုလုပ်ခိုင်းချင်မိ၏။ မြို့တော်ဝန်သည် ပိုမိုကာပင် ရက်စက်လျက် ရှိနေသည်။
ကျန်းကျင်းသည် မြို့တော်ဝန်လျှို၏ မျက်လုံးများကို အံ့အားသင့်စွာဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ သူသည် အခွင့်အရေးကို အရယူပြီး ရှမ့်လန်အား သတ်ဖြတ်ချင်မိ၏။ သို့ပေမည့် မြို့တော်ဝန်မှာတော့ ရှမ့်လန်နှင့်အတူ လူပေါင်း တစ်ဒါဇင်ကျော်ကိုပင် သတ်ဖြတ်ပစ်ရန် စဉ်းစားလျက်ရှိနေ၏။ ထိုအခြင်းအရာမှသည် ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို အောက်သို့ဆွဲချရန် အခွင့်အရေးပင်။
“ချီးထဲမှ... မြို့တော်ဝန်တစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ လူဆိုးတွေထက်ပိုပြီး ရက်စက်နေရတာလဲ”
ထို့နောက် သူတို့နှစ်ယောက်သည် အသီးသီး ခေါင်းညိတ်လိုက်ကြ၏။ တစ်သက်တွင် တစ်ခါသာ ရမည့် အခွင့်အရေးကို အရယူရန် သူတို့က ဆုံးဖြတ်ခဲ့လိုက်ကြ၏။ သူတို့သည် ရှမ့်လန်နှင့်အတူ မြို့စားအိမ်တော် တစ်ခုလုံးကို ဆွဲချရန် သူတို့က ကြံစည်ခဲ့၏။
.......
“သက်ရှည်ကျန်းမာပါစေ မြို့စားကြီး။ သက်ရှည်ကျန်းမာပါစေ ဆရာရှမ့်”
လူပေါင်း တစ်ထောင်ကျော်တို့သည် အော်ဟစ်ချီးကျူးလျက် ရှိနေကြ၏။
ထိုလူပေါင်းများစွာတို့၏ ကြားထဲတွင် သာမန်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် စစ်သည်တစ်ဒါဇင်ကျော် တို့သည် အထဲသို့ မသိမသာနှင့် ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့၏ ဦးတည်ရာသည် ရှမ့်လန်ဆီသို့ပင် ဖြစ်၏။ ပထမဦးဆုံး ၎င်းတို့သည် ရှုပ်ထွေးသည့် အခြေအနေကို အခွင့်အကောင်း ယူရပေလိမ့်မည်။ ပြီးနောက် ရှမ့်လန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် စစ်သည်တော်များကို ရှင်းပစ်ရမှာဖြစ်ပြီး ရှမ့်လန်ကို မြေပေါ်သို့ နင်းချရပေလိမ့်မည်။ ပြီးနောက် ဆိုးဆိုးရွားရွား အခြေအနေမျိုးဖြစ်အောင် ပြုလုပ်ရပေမည်။
ဤကဲ့သို့ ရှုပ်ထွေးသည့် အခြေအနေမျိုး ဖြစ်ပွားခဲ့ပါက အပြစ်ဟူသမျှသည် မြို့စားအိမ်တော် ပေါ်သို့ ကျဆင်းလာပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် မြို့စားကြီး၏ သားမက်သည် လူပေါင်းများစွာ သေဆုံးနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ပိုက်ဆံများ ကြဲနေသောကြောင့်ပင်။
တကယ်ကို ရက်စက်လွန်းသည့် အကြံအစည်ဖြစ်၏။
သို့ပေမဲ့ ချက်ချင်းပဲ ရှမ့်လန်သည် အန္တရာယ်၏ အငွေ့အသက်ကို အာရုံခံမိလိုက်၏။ ဤကဲ့သို့ရှုပ်ထွေးသည့် အခြေအနေ ပတ်ဝန်းကျင်နှင့် များပြားလွန်းသော လူအုပ်ကြီးသည် ဘေးအန္တရာယ် ကျရောက်လာနိုင်သည့် ပုံစံမျိုးဖြစ်သည်။ ထို့အပြင် လူအုပ်ကြားထဲတွင် လူစိမ်းတစ်ဒါဇင်ကျော်တို့ ရောက်ရှိလာကြောင်း သူ သတိပြုမိသည်။
သူသည် ဉာဏ်ကောင်းလွန်းသည့် သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ အနီးပတ်ဝန်းကျင်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်နှာများကို သေသေချာချာ မှတ်သားထား၏။ ပြီးနောက် သူသည် လူချမ်းသာ လောင်းကစားအိမ်သို့ လှမ်းကာကြည့်ရှုလိုက်၏။
မည်သို့ပင်ကြည့်ကြည့် လက်ရှိအခြေအနေတွင် ထျန်းဟန်၏ နောက်ခံများသည် ပေါ်ပေါက်မလာခဲ့ချေ။ ဤအရာမှာ သာမန် မဟုတ်ချေ။ လက်ရှိပေါ်ပေါက်လာခဲ့သည့် လူများသည် ကျိန်းသေပေါက် ထျန်းဟန်၏ လူများမဟုတ်ပေ။ ပိုမိုကြီးမားသည့် အရှုပ်အထွေးနှင့် ဘေးအန္တရာယ်ကြီးကို ဖန်တီးချင်သည့်လူများသာ ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ တိတ်တိတ်နေကြ မလှုပ်ကြနဲ့” ရှမ့်လန်က အော်ဟစ်လိုက်သည်။
ထိုအချိန်မှာတော့ ရွှေဒင်္ဂါးများကို ကောက်လျက်ရှိနေသည့် လူပေါင်းများစွာတို့က ငြိမ်သက်သွားခဲ့ကြ၏။ ရှမ့်လန်၏ စကားကို ကြားရသည့်အချိန်မှာတော့ သူတို့သည် တကယ်ပဲ ရှမ့်လန်၏စကားကို နားထောင်လိုက် ကြ၏။
လူပေါင်းများစွာနှင့် ရောထွေးကာဖြင့် အနားသို့ရောက်ရှိလာခဲ့ပြီဖြစ်သော စစ်သည်တော် တစ်ဒါဇင်ကျော် တို့သည်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့ကြ၏။ ရှမ့်လန်သည် အချိန်ကိုက် တားဆီးချင်နေသည်လား၊ နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အနီးသို့ကပ်နိုင်သည် ဆိုပါက သူတို့ ရှမ့်လန်ကို ရှင်းပစ်နိုင်ပေတော့မည်။
ထျန်းဟန်သည် သွေးအန်ကာဖြင့် မေ့မျောလျက်ရှိနေကြ၏။ လက်ရှိအခြေအနေတွင် မည်သူ့ကို အပြစ်တင်ရမှန်း မသိဘဲ သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးရပေလိမ့်မည်။ ထို့အပြင် ရှမ့်လန် တစ်ယောက်တည်းတင်သာမဟုတ်၊ ကျန်သည့်လူများ အားလုံးကို ရှင်းပစ်ရမှာဖြစ်၏။ ထိုမှသာလျှင် ဖြစ်ပျက်ခဲ့သော ကိစ္စအဝဝကို မြို့စားအိမ်တော်က တာဝန်ယူရပေလိမ့်မည်။
....
ရှမ့်လန်သည် ထျန်းဟန်၏ သဘောတူညီမှုစာချုပ်ကို ထုတ်ယူလိုက်၏။ ထိုထဲတွင် ရွှေဒင်္ဂါး သောင်းခုနှစ်ထောင် ပေးအပ်မည်ဆိုသည့် သဘောတူညီမှုပင်ဖြစ်၏။ ဤအကြွေးကို သေသေချာချာ ကောက်ခံရန် စဉ်းစားထားခြင်းမရှိလျှင်တောင်မှ ရွှေဒင်္ဂါး သောင်းခုနှစ်ထောင် ဆိုသည်မှာ အလွန် များပြားသည့် ပမာဏပင်ဖြစ်၏။
“ထျန်းဟန်က ကျုပ်အပေါ်မှာ ရွှေဒင်္ဂါးသောင်းခုနှစ်ထောင် အကြွေးကျန်သေးတယ်” ရှမ့်လန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အင်း ကျုပ် ဒီရွှေဒင်္ဂါးတွေကို ကြေးတစ်ပြားတောင် ယူမှာမဟုတ်ဘူး။ ထျန်းဟန် ဒီပိုက်ဆံတွေကို ဘယ်ကရခဲ့လဲ။ လူချမ်းသာလောင်းကစားအိမ်က ပိုက်ဆံတွေက ဘယ်ကနေရလာခဲ့တာလဲ။ ဒါတွေ အားလုံးက ရွှမ်ဝူမြို့ထဲမှာ ရှိနေတဲ့လူတွေရဲ့ သွေးတွေ၊ ချွေးတွေပဲ။ ခင်ဗျားတို့အားလုံး ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားနဲ့ ရှာဖွေခဲ့ကြတဲ့ ပိုက်ဆံတွေပဲ။ တစ်ချက်လောက် လောဘကြီးပြီး ဆော့ကစားမိလို့ ရှုံးနိမ့်ခဲ့၊ ဘဝပျက်ခဲ့တယ် ဆိုပေမဲ့ ဒီရွှေဒင်္ဂါး တစ်သောင်းကျော်က ခင်ဗျားတို့ ပိုင်ဆိုင်တဲ့အရာပဲ”
ရှမ့်လန်သည် သဘောတူညီမှုစာချုပ်ကို လေထဲတွင် အသာမြှောက်ကာဖြင့် ပြောဆိုလိုက်၏။ “ဒီပိုက်ဆံက ဒီကလူတွေ အားလုံးအတွက်ပဲ။ ပြီးတော့ ကျုပ် ဒီသဘောတူညီမှုစာချုပ်ကို မြို့တော်ဝန်အိမ်တော်ဆီ ပို့လိုက်မယ်။ ဒီအကြွေးကို မြို့တော်ဝန်က ရွှမ်ဝူမြို့ထဲမှာ ရှိနေတဲ့ လူတွေရဲ့ကိုယ်စား တောင်းခံပေးလိမ့်မယ်။ ကျုပ်က ဒီပိုက်ဆံတွေထဲက ရွှေဒင်္ဂါးတစ်ခုကိုတောင် ယူမှာမဟုတ်ဘူး။ တစ်ချက်ကလေးတောင် မထိဘူး။ ရွှမ်ဝူမြို့ထဲမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့လူတွေကို ကူညီဖို့အတွက် ဒါတွေကိုသုံးမယ်။ ခင်ဗျားတို့ အားလုံး မြို့တော်ဝန်လျှိုဝူယမ်ကို ယုံကြည်ကြတယ် မဟုတ်လား”
ရှမ့်လန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုစကားစု ထွက်ပေါ်လာချင်းချင်းမှာပဲ မြို့တော်ဝန် လျှိုဝူယမ်၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ “ချီးထဲမှ... တကယ်ပဲ ငါ့ခေါင်းပေါ်လာပြီး မီးပုံ တင်နေပြီ”
လူအုပ်ကြားထဲ ဟန်ဆောင်ကာ ရောက်ရှိနေပြီဖြစ်သော စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် ရှမ့်လန်ဆီသို့ အသာပင်တိုးသွားခဲ့ကြ၏။ ပထမဦးဆုံး ၎င်းတို့သည် ရှမ့်လန်ကို မြေပေါ်သို့ တွန်းချမည်ဖြစ်၏။ ပြီးနောက် ပေါင်ကြားမှ မော်ကြွားသည့်နေရာဆီသို့ အားပြင်းပြင်းနှင့် နင်းချပြီး လူညွှန့်တုံးအောင် ပြုလုပ်ရပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန်သည် ရုတ်တရက် ပြေးထွက်သွားခဲ့၏။ ပြီးနောက် ၎င်းသည် လူချမ်းသာ လောင်းကစားအိမ်၏ တံခါးကို ရုတ်တရပ် တွန်းဖွင့်လိုက်၏။
ရုတ်တရက် တံခါး၏ အနောက်ဘက်တွင် မြို့တော်ဝန် လျှိုဝူယမ် ပေါ်ပေါက်လာသည်။
“မြို့တော်ဝန်... ခင်ဗျားဒီကိုရောက်နေတာကိုး”
တခြားသောသူများသည် သတိမပြုမိကြသေးချေ။ သို့သော်ငြား ရှမ့်လန်သည် ချက်ချင်းသည် အားလုံးသောသူတို့ သတိပြုမိအောင် အသံကုန် အော်ဟစ်လိုက်၏။ “အားလုံးပဲ မြို့တော်ဝန် ဒီမှာ ရောက်နေပြီ။ ကြည့်တော့”
အားလုံးသောသူတို့သည် ရုတ်တရက် လှည့်ကာကြည့်ရှုလိုက်ကြ၏။ ချက်ချင်းပဲ လူအုပ်များသည် မြို့တော်ဝန် လျှိုဝူယမ် ရောက်ရှိနေကြောင်းမြင်ရတော့ အံ့အားသင့်သွားမိသည်။
မြို့တော်ဝန်၏ မျက်နှာသည် အံ့အားသင့်မှု၊ တုန်လှုပ်မှု၊ ရှက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူသည် ရှက်ရွံ့လျက် ရှိနေ၏။
ရှမ့်လန်သည် လူချမ်းသာ လောင်းကစားရုံဆီသို့ ပြေးလာပြီး တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်၏။ သို့ပေမဲ့ အတွင်းဘက်တွင် မြို့တော်ဝန် လျှိုဝူယမ်က ရောက်ရှိနေခဲ့၏။ အံ့အားသင့်စရာပင်။
“သားမက်တော် ရှမ့်လန်က တကယ်တော်တဲ့လူပဲ။ မြို့တော်ဝန်အိမ်ရာကို သွားမယ်လို့ပြောတယ်။ အခုဒီကို ဆွဲဖွင့်လိုက်တာ မြို့တော်ဝန်က ရောက်လာပြီ။ အံ့အားသင့်စရာပဲ”
လက်ရှိအခြေအနေမှာတော့ အပြင်ဘက်တွင် ရှိနေသည့် လူတစ်ဒါဇင်ကျော်တို့သည် မလှုပ်ရှားဘဲ ရပ်တန့် သွားခဲ့ကြပြီဖြစ်၏။ ရှမ့်လန် ဤနေရာတွင် ရှိနေ၏။ ပြီးနောက် ဤနေရာတွင် မြို့တော်ဝန်ကလည်း တည်ရှိနေ၏။ ထို့ကြောင့် ရှမ့်လန် တစုံတခုဖြစ်ပြီး လူများတစုံတခု ဖြစ်ခဲ့ပါက မြို့တော်ဝန်၏ တာဝန် ပြန်ဖြစ်သွားပြီ မဟုတ်ပါလား။ ထို့ကြောင့်ပင်လျှင် မြို့တော်ဝန်၏တပည့် လူသတ်သမားများ၏ အစီအစဉ်က ရပ်တန့်သွားခဲ့ကြသည်။
မြို့တော်ဝန်သည် အရေးအကြောင်း အခြေအနေမျိုးတွင် ဤနေရာဆီသို့ ရောက်ရှိလာသည်။ အဘယ့်ကြောင့်ဆိုသော် ဤလောင်းကစားအိမ်မှ ပိုက်ဆံများသည် သူ့ဆီသို့ ရောက်ရှိလာသည် မဟုတ်ပါလား။
ရှမ့်လန် တံခါးကို တွန်းဖွင့်ပြီး သူ့ကို လူပေါင်းများစွာတို့ မြင်အောင် ပြုလုပ်လိမ့်မည်ဟု မြို့တော်ဝန် လျှိုဝူယမ် မထင်မိခဲ့ချေ။ ထိုတင်မကသေးချေ။ သူ ရောက်ရှိနေသည်ကို အဘယ်သို့ သိရှိနေသနည်း။
သို့နှင့် ရှမ့်လန်သည် လေးလေးစားစား အမူအရာမျိုးဖြင့် မြို့တော်ဝန်လျှိုဝူယမ်၏ လက်ထဲသို့ သဘောတူညီမှု စာချုပ်များ ထည့်ပေးလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။
“မြို့တော်ဝန်... လူပေါင်းများစွာတို့၏ နှလုံးသားမျှော်လင့်ချက်က ဒီထဲမှာရှိတယ်။ ခင်ဗျားက ဒီမြို့သူမြို့သားတွေ အားလုံးကို ခင်ဗျားရဲ့ကိုယ်ပိုင်ကလေးငယ်တွေလို ချစ်မြတ်နိုးတယ် မဟုတ်လား။ ဒီတော့ ဒီအရေးကြီးတဲ့ တာဝန်အတွက် ခင်ဗျားကိုပဲ ယုံကြည်စိတ်ချထားလိုက်တော့မယ်”
တည်ရှိနေကြသော လူပေါင်းများစွာတို့၏ မျက်လုံးများသည် မြို့တော်ဝန် လျှိုဝူယမ်ဆီသို့ ရောက်ရှိ လာခဲ့ကြ၏။
“ဒီရွှေဒင်္ဂါး တစ်သောင်းကျော်က ဒီရွှမ်ဝူမြို့ထဲမှာ ရှိနေတဲ့ လူပေါင်းများစွာတို့ရဲ့ ပိုက်ဆံတွေပဲ။ ဒါဆင်းရဲ နွမ်းပါးတဲ့လူတွေအားလုံးရဲ့ မျှော်လင့်ချက်နဲ့လည်း ဆိုင်တယ်” ရှမ့်လန်က ပြောလိုက်သည်။
“ကျုပ်စကားက နည်းနည်းကြီးကြီးကျယ်ကျယ် ဖြစ်ရင်ဖြစ်လိမ့်မယ်။ ကျုပ် ဒီပိုက်ဆံတွေကို လုံးဝပြန်ယူမှာ မဟုတ်ဘူး။ မြို့တော်ဝန်က ဒီမြို့ရဲ့ အုပ်ချုပ်သူတစ်ယောက်ပဲလေ။ ဒီတော့ ဆင်းရဲနွမ်းပါးတဲ့ လူပေါင်း များစွာတို့အတွက် ဒီအကြွေးကို ကျုပ်အတွက် တောင်းပေးပါအုံး။ ထျန်းဟန်က ကျိန်းသေပေါက် မပေးဘဲနေမှာ မဟုတ်ဘူးလို့ကျုပ် ထင်တယ်”
ဤစကားစု ထွက်ပေါ်လာလာချင်းမှာပဲ ရုတ်တရက် သတိပြန်လည်ကာ ရရှိလာခဲ့သည့် ထျန်းဟန်သည် ထပ်မံကာ မေ့လျော့သွားခဲ့၏။ ရွှေဒင်္ဂါး သောင်းခုနှစ်ထောင် သဘောတူညီမှုစာချုပ်သည် သူကိုယ်တိုင် လက်လွတ်စပယ်နှင့် ရေးသားခဲ့ခြင်းဖြစ်၏။ ပိုက်ဆံပြန်ပေးရန် မလိုအပ်ဟု သတ်မှတ်ခဲ့၏။ မြို့စားကြီးသည်လည်း လာရောက်ကာ တောင်းခံနိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ပြိုကျသည် ဆိုလျှင်တောင်မှ မြို့စားကြီးသည် သူ့ဆီသို့ လာရောက်ကာ အကြွေးတောင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤသဘောတူညီမှုစာချုပ်သည် အမှိုက်စာရွက်တစ်ခုသာသာပင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူသည် ထိုပိုက်ဆံများကို ပြန်လည်ပေးအပ်ရပေတော့မည်။
ကျန်းကျင်းနှင့် လျှိုဝူယမ်တို့သည်လည်း ခန္ဓာကိုယ်များပင် တုန်ယင်လျက် ရှိနေ၏။ ဤ လောင်းကစား အိမ်သည် အများအမြင်တွင် ထျန်းဟန် ပိုင်ဆိုင်သည့်အရာ ဖြစ်သော်လည်း ထိုထဲတွင် ရှိနေသည့် ပိုက်ဆံ တော်တော်များများသည် သူတို့၏အိတ်ကပ်ထဲသို့ ရောက်ရှိသည်။ ထို့ကြောင့် ဤဆုံးရှုံးမှုသည် သူတို့၏ ပိုက်ဆံများ ဆုံးရှုံးခြင်းပင် ဖြစ်၏။
မြို့တော်ဝန်၏ နှုတ်ခမ်းထောင့်များက တုန်ယင်လျက် ရှိနေ၏။ ပြီးနောက် သူသည် ပြုံးကာပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်အားလုံးကို စိတ်မပျက်စေရပါဘူး”
“ဒါဆိုရင် ဒီရွှေဒင်္ဂါး သောင်းခုနှစ်ထောင်ကို ရွှမ်ဝူမြို့ထဲမှာရှိနေတဲ့ လူဆင်းရဲတွေအတွက် ကျုပ်အလှူ လုပ်ခဲ့မယ်။ ဒီကိစ္စကို မြို့တော်ဝန်က သေချာဆောင်ရွက်ပေးပါ”
ရှမ့်လန်က ပြောလိုက်၏။ “ဆင်းရဲ နွမ်းပါးတဲ့လူပေါင်းများစွာအတွက် ဒီအကြွေးကို ကျိန်းသေပေါက် တောင်းပေးပါ”
မြို့တော်ဝန် ဘာလုပ်ရမည်နည်း။ ကျိန်းသေပေါက် ဤကိစ္စကို ဂရုမစိုက်၊ ပြန်လည်မပြောဆိုဘဲနေ၍ မဖြစ်နိုင်ချေ။ လူပေါင်းများစွာတို့၏ စောင့်ကြည့်နေသည့် မျက်လုံးအောက်တွင် ဖြစ်၏။ ရှမ့်လန်သည် တကယ်ပဲ ရွှမ်ဝူမြို့ထဲတွင်ရှိနေသည့် ဆင်းရဲနွမ်းပါးသည့် လူပေါင်းများစွာတို့၏ အသက်ကို ကယ်တင် ခဲ့သလိုပင် ဟိတ်ကြီးဟန်ကြီး ပြောဆိုလျက် ရှိနေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
မြို့တော်ဝန်သည်သာ ထိုအခြင်းအရာကို လက်မခံပါက မနက်ဖြန်တွင် မြို့တော်ဝန်နှင့် ထျန်းဟန် တို့သည် တစ်ဖွဲ့တည်း ကောလဟလများသည် ပျံ့နှံ့သွားပေလိမ့်မည်။ မဟုတ်လျှင် မြို့တော်ဝန်အနေနှင့် အဘယ့်ကြောင့် လူချမ်းသာ လောင်းကစားရုံထဲတွင် ပုန်းအောင်းနေရသနည်း။
လက်ရှိအခြေအနေမှာတော့ ထျန်းဟန်၏ ဂုဏ်သိက္ခာပင် ပျက်စီးခြင်း မဟုတ်ချေ။ သူ၏ ဂုဏ်သိက္ခာပါ ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် မြို့တော်ဝန်သည် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူ၏ နှလုံးသားထဲတွင်တော့ ထက်ရှလှသည့် ဓားပေါင်းများစွာနှင့် ထိုးနှက်ခံနေသလို နာကျင်နေ၏။ ရှမ့်လန်သည် တကယ့်ကို အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်၏။ လက်ရှိ လူပေါင်းများစွာတို့ စောင့်ကြည့် နေသောကြောင့် မြို့တော်ဝန်သည် သူ၏ အမူအရာကို ထိန်းချုပ်ထားရပေမည်။ ရင်းနှီးဖော်ရွေသည့် အပြုံးတစ်ခုကိုသာ ပြုံးထားရ၏။
“ဟုတ်တာပေါ့ ရှမ့်လန်... စိတ်မပူနဲ့” လျှိုဝူယမ်သည် လေးလေးနက်နက်နှင့် ပြုံးလိုက်သည်။
“ကျေးဇူးပါပဲ မြို့တော်ဝန်”
ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်၏။ “ဒါဆို နောက်ကျနေပြီ။ ကျုပ်သွားပါအုံးမယ်၊ နှုတ်ဆက်ပါတယ် မြို့တော်ဝန်”
လူပေါင်းများစွာတို့၏ ချီးကျူးသည့်အကြည့်၊ လူပေါင်းတစ်ဒါဇင်ကျော်တို့၏ နုတ်နုတ်စင်းပစ်ချင်စိတ် ပေါ်လျက်ရှိနေသည့် အကြည့်များအောက်မှာပဲ ရှမ့်လန်သည် သပ်ရပ်ခန့်ညားသည့် ရထားလုံးကြီး ပေါ်သို့တက်ကာဖြင့် ထွက်ခွာသွားခဲ့၏။ ယနေ့စစ်ပွဲသည် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ခြင်းပင်ဖြစ်၏။ ယနေ့မှစ၍ ရွှမ်ဝူမြို့တစ်ခုလုံးသည် သူ၏ အကြောင်းကို ပြောဆိုပေတော့မည်။
......
ရွှမ်ဝူအိမ်တော်
မြို့စားကြီးသည် ဟောခန်းထဲတွင်တော့ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်နှင့် ဂဏာမငြိမ်သလို လျှောက်လျက်ရှိနေ၏။ “ကျင်းကျုံး... ရှမ့်လန် အခုထိ ပြန်မလာသေးဘူးလား”
ကျင်းကျုံးက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ် သခင်ကြီး”
မြို့စားကြီးသည် ထပ်မံကာ မေးမြန်းလိုက်၏။ “သူ့အကြောင်း စုံစမ်းခိုင်းတဲ့လူတွေ ပြန်မလာသေးပါလား”
ကျင်းကျုံးက ပြန်လည် ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်။ မလာသေးပါဘူး”
မြို့စားကြီးက ပြောလိုက်၏။ “လူတွေကို စေလွှတ်ပြီးတော့ ရှမ့်လန်ကို ကာကွယ်ခိုင်းထားတာ အဆင်ပြေ ရဲ့လား။ ပြဿနာတက်ခဲ့သေးလား”
ကျင်းကျုံးက ပြောလိုက်သည်။ “လူဆယ်ယောက်ကျော် ရှိပါတယ်။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ”
မြို့စားကြီးသည် ကောင်းကင်ပေါ်တွင်ရှိနေသည့် နေမင်းကိုလှမ်းကာ ကြည့်ရှု၏။ ပြီးနောက် သူ၏ နှလုံးသားများသည် အလျင်စလို ဖြစ်လို့နေ၏။ သူသည် စိတ်ထဲတွင် နောင်တတရားလည်း ရနေ၏။ သို့ပေမည့် အပြင်ဘက်သို့ ထုတ်မပြောသေးချေ။ သူ့အနေနှင့် ရှမ့်လန်ကို အပြင်ဘက်သို့ မလွှတ်လိုက်သင့်ပေ။ ဤကောင်လေးသည် ကောင်းကင်နှင့်မြေပြင် မည်မျှကြီးမားကြောင်း သိရှိသည့် ကောင်လေး မဟုတ်ချေ။ ထျန်းဟန်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ပါက ကျိန်းသေပါက် ရှုံးနိမ့်ပေလိမ့်မည်။
ထျန်းဟန်၏ အနောက်ဖက်တွင် ကျန်းကျင်းနှင့် လျှိုဝူယမ်တို့နှစ်ယောက် ရှိ၏။ ရှမ့်လန်သည် ဆိုးဆိုးရွားရွား ရှုံးနိမ့်သည် သာမက ကြောက်လန့်ဖွယ်ကောင်းသည့် ဘေးအန္တရာယ်များပါ ရင်ဆိုင်ရနိုင်၏။ နောက်ကျသည့်အချိန်အထိ ပြန်ရောက်မလာသေးသောကြောင့် ရှမ့်လန် ဒုက္ခရောက်မည်ကို သူ အလွန်အမင်း စိုးရိမ်နေမိသည်။