အခန်း (၄၃)
Vol. 4 Ch. 43
မြို့စားကြီးသည် တကယ်ပင် နောင်တရမိနေ၏။ သူသည် သူ၏ဂုဏ်သိက္ခာကို အလေးထားခဲ့၏။ ထို့ကြောင့် သူ၏ကတိစကားကို မဖျက်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်ကို အပြင်ဘက်သို့ ထွက်သွား စေခဲ့ခြင်းပင်။ သို့ပေမဲ့ မည်သူက ထင်မှတ်မိမည်နည်း။ ရှမ့်လန်သည် တစ်ညအတွင်း မိသားစု၏ သင်ရိုးညွှန်းတမ်းကို အလွတ်ရအောင် ကျက်မှတ်နိုင်ခဲ့၏။ ထို့ကြောင့် သူသည် ရှမ့်လန်ကို နေအိမ်အကျယ်ချုပ် ချထားခြင်းမှ လွှတ်ပေးခဲ့ခြင်းဖြစ်၏။
မြို့စားကတော်သည် သူမ၏ယောက်ျားကို နှစ်သိမ့်လိုက်သည်။ “ယောက်ျား.. လူငယ်တစ်ယောက်အတွက် ရှုံးနိမ့်မှုဆိုတာ အဆင်ပြေပါတယ်။ ထျန်းလန်က လန်အာကို ထိခိုက်နာကျင်အောင် ပြုလုပ်ရဲမှာ မဟုတ်ဘူး။ သူ ကျိန်းသေပေါက် နာအောင်ရိုက်မှာ မဟုတ်ပါဘူး”
မြို့စားကြီးက ပြောလိုက်၏။ “ထျန့်ဟန်ရဲ့ နောက်ကွယ်မှာ လျှိုဝူယမ်နဲ့ ကျန်းကျင်းတို့ ရှိနေတယ်။ တစ်ယောက်က ကောက်ကျစ်ပြီး တစ်ယောက်က ရက်စက်တဲ့လူ။ ရှမ့်လန်က ကောင်းကင်ကြီးရဲ့ အထူးအပါးကို နားလည်တဲ့လူတစ်ယောက် မဟုတ်သေးဘူး။ သူက ဂိုဏ်းခေါင်းဆောင် တစ်ယောက်နဲ့ ရင်ဆိုင်နေတယ်လို့ပဲ ထင်နေမိမှာ။ သူကြီးကြီးမားမား ရှုံးနိမ့်ပြီး တစ်စုံတစ်ယောက်ရဲ့ ထောင်ချောက်ထဲ ကျမသွားဖို့ ဆုတောင်းရမယ်”
ဟုတ်ပေ၏။ မြို့စားကြီးသည် ထိုစကားလုံးများကို မပြောချင်ခဲ့ချေ။ ရှမ့်လန်တစ်ယောက် ထျန်းဟန်နှင့် တခြားသောသူများ၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားသည်ဆိုပါက ကျိန်းသေပေါက် မြို့စားအိမ်တော် တစ်ခုလုံးလည်း ပါဝင်လာပေလိမ့်မည်။ သို့ပေမည့် သူသည် ထိုအရာကို ထုတ်ဖော်မပြောချင်ပေ။ ရှမ့်လန်သည် ကလေး တစ်ယောက်သာလျှင် ဖြစ်၏။ ထို့ကြောင့် ကြီးမားသည့်ပြစ်မှုထဲ ပါဝင်ပတ်သက်မိမှာမျိုးကို သူမဖြစ်စေချင်ပေ။
မြို့စားကတော်က ပြောလိုက်သည်။ "လူငယ်တွေဆိုတာ အပြင်ဘက်ထွက်ပြီး လောကကြီးအကြောင်းကို ရှာဖွေသင့်တယ်လေ။ ဒါမှလောကကြီးရဲ့ အန္တရာယ်များမှုကို သိရှိမှာပေါ့၊ ဒါမှယောကျာ်းအနေနဲ့ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲဖို့ လွယ်ကူလာလိမ့်မယ်။ လန်အာက ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့ လူတစ်ယောက်လေ။ အရာအားလုံးကို သေသေချာချာ တွေးတောတတ်တဲ့ လူတစ်ယောက်ဖြစ်တယ်။ သူ့ကို အတင်း ထိန်းချုပ်ထားလို့ မဖြစ်နိုင်ဘူး။
ဆိုးဆိုးရွားရွား ရှုံးနိမ့်တာမျိုးလည်း ဖြစ်ရင်ဖြစ်ပလေ့စေပေါ့။ ဒါမှ အနာဂတ်မှာ သူပိုပြီး လိမ်မာလာလိမ့်မယ်။ ပြီးတော့ ထျန်းဟန်က အမြင်ရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်မ မျှော်လင့်မိတယ်။ အရမ်းဆိုးရွားတဲ့ အရာတွေကို မပြုလုပ်ဖို့ပေါ့။ ဒါမှ ထိုက်ချူးစီရင်စုနဲ့ ကျွန်မတို့ကြားမှာရှိနေတဲ ပဋိပက္ခက ပိုပြီးတော့ မကြီးမားလာမှာမလား”
မြို့စားကြီး၏ အမြင်အရဆိုလျှင် လျှိုဝူယမ်သည် မည်သည့်အချိန်တွင် ရပ်တန့်မည်။ မည်သည့်အချိန်တွင် ရှေ့ဆက်သွားရမည်ဆိုသည်ကို ကောင်းကောင်းသိရှိပြီး ဉာဏ်ကောင်းသည့်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် မြို့စားအိမ်တော်ကို အလုံးစုံ ဒေါသထွက်အောင် ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် ရှုံးနိမ့်ပြီး အိမ်သို့ ပြန်ရောက်သည်ဆိုသည်နှင့် မြို့စားကြီးသည် အခွင့်အရေးကိုအရယူပြီး ရှမ့်လန်အား စည်းမျဉ်းတကျ နေထိုင်ရန်အတွက် သင်ပြပေးရပေလိမ့်မည်။ အနည်းဆုံး ကောင်းကင်နှင့် မြေကြီးတွင် မောက်မာဝံ့ကြွားစွာနှင့် ပြုမူဆောင်ရွက်၍မရနိုင်ကြောင်း သိရှိခဲ့ပါက ကောင်းကျိုး တစ်ခုပင်။
ထိုအချိန်မှာပဲ လူတစ်ယောက်သည် အလျင်အမြန်နှင့် ရှေ့ကို လှမ်းဝင်လာခဲ့ပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။ “ဂါရဝပြုပါတယ် သခင်ကြီးနဲ့ သခင်မကြီး”
သူသည် မြို့စားအိမ်တော်၏ စောင့်ရှောက်သူ ကျင်းဝေဖြစ်၏။ ယနေ့မှာတော့ မြို့စားကြီးသည် ရှမ့်လန်ကို တိတ်တဆိတ်နှင့် ကာကွယ်ရန်အတွက် သူ့ကို စေလွှတ်ခဲ့၏။ သူနှင့်အတူ လူတစ်ဒါဇင်ကျော်လည်းပါဝင် သွားခဲ့သေးသည်။
မြို့စားကြီးက ပြောလိုက်၏။ “ဘယ်လိုလဲ။ ရှမ့်လန်ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့လဲ။၊ ထျန်းဟန်က သူ့ကိုနာကျင်အောင်တော့ မလုပ်ခဲ့ဘူးမလား။ လုပ်ခဲ့သေးလား”
ကျင်းဝေ၏ မျက်နှာသည် အနည်းငယ် ဇဝေဇဝါဖြစ်လို့နေ၏။ “သခင်ကြီး၊ သခင်မကြီး.... သားမက်တော်က နိုင်သွားခဲ့တယ်။ သူ ထျန်းဟန်ကို လုံးဝမွဲပြာကျလုမတတ် ဖြစ်အောင်လုပ်ခဲ့တယ်။ ပြီးတော့ ထျန်းဟန်ကို နံပါတ်ဆယ့်သုံးရဲ့ခြေထောက်နဲ့ နံပါတ်ဆယ့်လေးရဲ့ လက်နဲ့ခြေထောက်တွေကို အားလုံးရဲ့ရှေ့မှာ ရိုက်ချိုးစေခဲ့တယ်။ ထျန်းဟန်တစ်ယောက် အားလုံးရဲ့ရှေ့မှာ သွေးတောင်အန်ခဲ့တယ်။”
ထိုစကားစုများကို ကြားရသည့်အချိန်မှာတော့ ရှိရှိနေသမျှသောလူများသည် ဆွံ့အသွားခဲ့ကြ၏။ မြို့စားကြီးနှင့် မြို့စားကတော်တို့သည် အချိန်အတော်ကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုနေမိကြ၏။ ပြီးနောက် ပြောလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ”
ဟုတ်ပေ၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ရှမ့်လန်သည် တစ်ယောက်တည်းဖြစ်၏။ သူသည် တကယ့်ကို ကြမ်းတမ်းလှပါသည်ဆိုသော လူဆိုးဂိုဏ်းခေါင်းဆောင် ထျန်းဟန်နှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး ၎င်း၏ နောက်ကွယ်တွင် များပြားသည့်အာဏာပိုင်များလည်း တည်ရှိနေသေး၏။ ရွှမ်ဝူမြို့သည် ၎င်းတို့၏ တည်နေရာ ဌာနေဟုပင် သတ်မှတ်ရပေမည်။
“ကျန်းကျင်းနဲ့ လျှိုဝူယမ်တို့က ထျန်းဟန်ကို တစ်ချက်ကလေးမှတောင်မှ ဂရုမစိုက်ခဲ့ကြဘူးလား” မြို့စားကြီးက မေးမြန်းလိုက်၏။
ခေါင်းဆောင်ကျင်းဝေက ပြောလိုက်သည်။ “ကျန်းကျင်းနဲ့ လျှိုဝူယမ်တို့ကတော့ တကယ့်ကို ကြမ်းတမ်းတာပဲ။ သူတို့က လူတွေရှုပ်ထွေးနေတဲ့အချိန်ကို အခွင့်အရေးယူပြီး သားမက်တော်ကို ထိခိုက်အောင် ပြုလုပ်ချင်ခဲ့တယ်။ သူတို့ စီစဉ်ထားတာ တစ်ခါတည်း သားမက်တော်ကို သတ်ဖြတ်ဖိုပဲ။ သူတို့အနေနဲ့ ရွှမ်ဝူအိမ်တော်က လာပြီး အပြစ်မတင်နိုင်အောင် အကွက်ကျကျ စီစဉ်ခဲ့တယ်”
ထိုစကားစုကိုကြားရချိန်မှာတော့ မြို့စားကြီးနှင့် မြို့စားကတော်တို့သည် ရုတ်တရက် မတ်တပ် ထရပ်လိုက်မိကြ၏။ ဤလူနှစ်ယောက်သည် ရူးသွပ်နေကြလေသည်လား။ မြို့စားကြီးသည် ငြိမ်ငြိမ်သက်သက် နေထိုင်တတ်သူတစ်ယောက်ဖြစ်၏။ သူသည် ဒေသခံ မင်းမှုထမ်းများ၏ ကိစ္စရပ်များကို ပါဝင်ရှုပ်ထွေးခြင်းမရှိခဲ့ချေ။ သို့ပေမည့် သူ့ကိုမလေးမစားနှင့် အဘယ့်ကြောင့် သူ့အိမ်တွင် နေထိုင်သည့်လူကို ဒုက္ခပေးရန် ကြံစည်ခဲ့ရသနည်း။
“ဒါဆိုရင် ဘယ်လိုဖြစ်သွားတာလဲ”
မြို့စားကြီးသည် အေးစက်စက်နှင့် မေးမြန်းလိုက်၏။ ရှမ့်လန် သူ၏ သားမက်သည် ဤကဲ့သို့ကြီးမားသည့် အန္တရာယ်တွင်းအား မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းခဲ့ကြောင်း သူစဉ်းစားမရနိုင်ခဲ့ချေ။
ကျင်းဝေက ပြောလိုက်၏။ “အဲတုန်းက ကျုပ်တို့က သားမက်တော်ကို ကယ်တင်ဖို့အတွက် သေသေချာချာ ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ထင်မှတ်မထားလောက်အောင်ဘဲ သားမက်တော်က အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ သူက ဘေးအန္တရာယ်ကြီး တစ်ခုလုံးကို ဖြေရှင်းနိုင်ရုံမကဘူး။ အားလုံးရဲ့ရှေ့မှာ မြို့တော်ဝန်ကို အပြင်ထွက်လာအောင် ပြုလုပ်ခဲ့တယ်။ နောက်တော့ မြို့တော်ဝန်တစ်ယောက် သားမက်တော် ပြောသမျှကို အံကြိတ်ပြီးလိုက်လုပ်ရတဲ့ အခြေအနေမျိုးကို ရောက်သွားခဲ့တာပဲ”
မြို့စားကြီးသည် မည်သို့မျှ မယုံကြည်နိုင်ချေ။ ထို့ကြောင့် မေးမြန်းလိုက်၏။ “ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့ကိုအသေးစိတ် ပြောစမ်း”
ပြီးသည့်နောက် ကျင်းဝေသည် ရှမ့်လန်တစ်ယောက် လောင်းကစားရုံထဲတွင် ပြုလုပ်ခဲ့သည့် အရာအားလုံးကို ပြောပြလိုက်သည်။
“ဘာ”
မြို့စားကြီးက ဒေါသထွက်သွား၏။ “သူလောင်းကစားရုံထံ သွားရဲတယ်ဟုတ်လား။ ပိုက်ဆံတွေလည်း နိုင်သွားခဲ့တယ်။ ဒီပိုက်ဆံတွေကို ပြန်ယူခဲ့တယ် ဟုတ်လား။ ပိုက်ဆံတွေသာ သူပြန်ယူလာတယ်ဆိုရင် မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးက ပျက်စီးပြီပဲ”
ရှမ့်လန်တစ်ယောက် ပိုက်ဆံများနှင့် ပြန်လာသည်ဆိုပါက ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် ထိုသတင်းက ပျံ့နှံ့သွားပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်သည် ဆိုးရွားသည့်ကပ်ဘေး ဆိုက်ပြီဖြစ်၏။ ၎င်းတို့၏ သားမက်တော် သည် လောင်းကစားရုံသို့သွားခဲ့ပြီး ပိုက်ဆံများကို အနိုင်ယူခဲ့၏။ ထိုပိုက်ဆံသည် တနည်းအားဖြင့် ပြည်သူပြည်သားများ၏ ပိုက်ဆံဖြစ်သည်။ ထိုပိုက်ဆံတွေကို ယူဆောင်ကာဖြင့် ရွှမ်ဝူအိမ်တော်သို့ ပြန်လာခြင်းမှာ ရွှမ်ဝူအိမ်တော် ဒုက္ခရောက်မည့် အခြေအနေမျိုး။ ရွှမ်ဝူအိမ်တော်တစ်ခုလုံး၏ ဂုဏ်သိက္ခာ တရားသည် ကြီးကြီးမားမား ပျက်စီးပေတော့မည်။
ကျင်းဝေသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး။ သားမက်တော်က ရွှေဒင်္ဂါးတစ်ပြား တောင်မှ ပြန်ယူမလာခဲ့ဘူး။ သူကရှိရှိသမျှ ပိုက်ဆံတွေ အကုန်လုံးကို ရွှမ်ဝူမြို့ထဲမှာရှိတဲ့လူတွေ အကုန်လုံးကို ပေးခဲ့တယ်။ ပြီးတော့ ဒီပိုက်ဆံတွေက သူလိုချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ရွှမ်ဝူမြို့ထဲမှာရှိတဲ့ လူတွေအားလုံး ရဲ့ တရားမျှတမှုအတွက် သင်ခန်းစာပေးတာလို့လည်း ပြောခဲ့တယ်”
“ထျန်းဟန်ရဲ့ လောင်းကစားရုံက မိသားစုပေါင်းမြောက်များစွာကို ဖျက်ဆီးခဲ့တယ်။ ဒါ့ကြောင့် ဒီပိုက်ဆံတွေကို အဲဒီလူတွေကို ပြန်ပြီးပေးချင်ခဲ့တာ။ သူကပြောတယ်၊ မြို့စားကြီးက ဒီမှာရှိတဲ့လူတွေ အကုန်လုံးကို သူ့ရဲ့ကလေးတွေအဖြစ် သတ်မှတ်ထားခဲ့တယ်။ ဒါကြောင့် သူ့ဆီမှာလည်း မြို့စားကြီးရဲ့ စိတ်နေစိတ်ထားတွေ လွှမ်းမိုးသွားခဲ့တယ်။ ရွှမ်ဝူမြို့ထဲမှာရှိတဲ့လူတွေ အကုန်လုံး ဒုက္ခရောက်တာကို သူ လုံးဝ မကြည့်နိုင်ခဲ့ဘူး။ ဒါကြောင့်အခုလိုမျိုး လာရောက်ကူညီခဲ့တာလို့လည်း ပြောခဲ့တယ်”
“ကျိန်းသေပေါက် မြို့သူမြို့သားတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ခဲ့တာပေါ့။ အဲမှာရှိသမျှ လူတွေ အကုန်လုံးက မြို့စားကြီး သက်ရှည်ကျန်းမာပါစေလို့ အော်ဟစ်နေကြတယ်။ သားမက်တော်ကိုလည်း သူတို့ရဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့ကြတယ်”
“ဟမ်” မြို့စားကြီးသည် ဆွံ့အသွားခဲ့ကြ၏။ ဤခွေးကောင်လေးသည် အခွင့်အရေးကို အရယူပြီးနောက် မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာ ပိုမို တိုးတက်ရန် ကူညီခဲ့လေသည်လား။
မြို့စားကတော်၏ လှပသည့်မျက်လုံးများသည်လည်း စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ ရှမ့်လန်တစ်ယောက် မည်မျှ ဉာဏ်ကောင်းကြောင်းကို သူမ ကောင်းကောင်း သိရှိခဲ့သည်။
“သားမက်ကောင်းလေးပဲ။ လူကောင်းလေးပဲ”
နောက်တော့ ကျင်းဝေသည် ရှမ့်လန်တစ်ယောက် ဆိုးရွားသည့် အန္တရာယ်အတွင်းမှ မည်ကဲ့သို့ လွတ်မြောက်အောင် ရှောင်ရှားခဲ့ကြောင်း သေသေချာချာရှင်းပြခဲ့၏။ လျှိုဝူယမ်တစ်ယောက် သခင်လေး၏ ဇာတ်ကွက်ထဲ မျောကာကာဖြင့် ကောင်းကောင်း ဒုက္ခရောက်ခဲ့သည့်အကောင်းအား မြိန်ရေယှက်ရေ ပြန်လည် ပြောဆိုနေမိ၏။
ကျင်းဝေသည် ဆက်လက်ကာ ပြောလိုက်သည်။ “ထျန်းဟန်ကို စုစုပေါင်း ရွှေဒင်္ဂါးသောင်းခုနှစ်ထောင် ပေးပါမယ်ဆိုတဲ့ သဘောတူညီမှုစာချုပ် ရေးအောင်လို့ သားမက်တော်က ဖိအားပေးခဲ့တယ်။ ပြီးတော့ သူက အားလုံးရဲ့ရှေ့မှာပဲ လောင်းကစားအိမ်ထဲ ပြေးဝင်သွားခဲ့ပြီး အဲဒီ သဘောတူညီမှုစာရွက်ကို မြို့တော်ဝန်ဆီ ပေးခဲ့တယ်။ ပြီးတော့ မြို့တော်ဝန်ကို အဲအကြွေးတွေ ကောက်ခံပေးဖို့လည်း တောင်းဆိုခဲ့သေးတယ်။ ဒီပိုက်ဆံတွေက ရွှမ်ဝူမြို့ထဲမှာရှိနေတဲ့ ဆင်းရဲနွမ်းပါးတဲ့လူတွေအားလုံးကို ကူညီပေးဖို့တဲ့။ ဒါကြောင့် သူက လျှိုဝူယမ်နဲ့ ကျန်းကျင်းတို့ရဲ့ အခြေအနေတစ်ခုလုံးကို ဖျက်ဆီးနိုင်ရုံတင်မကဘူး။ ဒီနောက်ကွယ်မှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ အမြှီးကို မီးနဲ့ရှို့ခဲ့တာပဲ။ ထျန်းဟန်ဆို သွေးပါအန်ပြီး သတိလစ်ခဲ့တယ်”
မြို့စားကြီးနှင့် မြို့စားကတော်တို့သည် မည်ကဲ့သို့ ဖြစ်နေမည်ဆိုသည်ကို ကောင်းကောင်း နားလည်လိုက်ကြ၏။ မြို့တော်ဝန်လျှိုဝူယမ်သည် အလွန်တရာ ဒေါသထွက်ပေလိမ့်မည်။ ထို့အတူ အကူအညီမဲ့စွာလည်း ခံစားနေရမှာ သေချာ၏။
ခဏလောက်ကြာပြီးနောက် မြို့စားကြီးက ပြောလိုက်သည်။ “ဒီကောင်လေးက တကယ့်ကို အလှည့်အပြောင်းများပြီး ကောက်ကျစ်တဲ့ ကောင်လေးပဲ”
မြို့စားကတော်က ပြောလိုက်၏။ “အင်း... လန်အာရဲ့ လုပ်ရပ်တွေ အရမ်းကောင်းတယ်ထင်တယ်။ သူက သူ့ရဲ့မိဘတွေအပေါ်လည်း ကောင်းကောင်းသိတတ်တဲ့ လူတစ်ယောက်လေ”
ရှမ့်လန်အနေနှင့် တစ်ယောက်တည်းသွားရောက်ပြီး ရွှမ်ဝူမြို့ထဲတွင် ထျန်းဟန်ကို ရင်ဆိုင်ရဲလိမ့်မည်ဟု သူမက မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ရှမ့်လန်သည် တစ်ဖက်လူများကို ဆိုးဆိုးရွားရွား ရှုံးနိမ့်အောင် ပြုလုပ်ခဲ့သည်သာမက ကြီးမားသည့်အောင်ပွဲနှင့် ပြန်ရောက်လာခဲ့သည်။
ထျန်းဟန်သည် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်၏။ ၎င်း၏ဂုဏ်သိက္ခာအားလုံးကို ဆိုးဆိုးရွားရွား စုတ်ပြတ်သွားစေခဲ့ပြီး အားလုံးရဲ့ရှေ့တွင် သွေးအန်အောင်ပင် သားမက်တော်က ပြုလုပ်ခဲ့၏။ မြို့တော်ဝန် လျှိုဝူယမ်သည်လည်း လှည့်စားခြင်းကိုခံခဲ့ရပြီး ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။
မြို့စားကြီး၏ နှလုံးသားထဲတွင် ဂုဏ်ယူဝံ့ကြွားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ထို့အတူ သူသည် ဂုဏ်ယူမှု၊ ကျေးဇူးတင်မှု၊ ဒေါသတရား ထိုအရာများအားလုံးကို တစ်ပြိုင်နက်တည်း ခံစားနေ၏။
“ဒီနေ့အခြေအနေကို ကြည့်ရမယ်ဆိုရင် ဒီအမှိုက်ကောင်လေးက နိုင်သွားတယ် ဆိုပေမဲ့ အန္တရာယ် အရမ်းကြီးတယ်”
မြို့စားကြီး၏ နှလုံးသားများသည် တလှပ်လှပ်နှင့်ဖြစ်လို့နေခဲ့သည်။
“ပြီးတော့ ဒီကောင်လေးက အနာဂတ်မှာပိုပြီး လုပ်ရဲကိုင်ရဲဖြစ်လာလိမ့်မယ်”
မြို့စားကြီးက ဆက်လက်ကာ ပြောလိုက်၏။ “မဖြစ်သေးဘူး။ ငါအခွင့်အရေးကို အရယူပြီးတော့ သူ့ရဲ့မောက်မာမှုတွေကို ဖိနှိပ်ရမယ်။ မိန်းမ.. မင်းငါနဲ့တူတူ ပူးပေါင်းစမ်း. ဒီကောင်လေးကို အရမ်းကြီး မြှောက်မနေနဲ့”
မြို့စားကတော်သည် ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ယောက်ျား...စိတ်ချပါ။ ကျိန်းသေပေါက် ကျွန်မရှင်နဲ့အတူ ပူးပေါင်းပြီး ဒီကောင်လေးကို သင်ခန်းစာပေးမယ်”
.........
ကောင်းကင်ယံတစ်ခုလုံး မှောင်သည့်အချိန်မှာတော့ ရှမ့်လန်တစ်ယောက် ပြန်လာခဲ့၏။ ၎င်းသည် ကုတ်ကုတ်၊ ကုတ်ကုတ်ဖြင့် မြို့တော်ဝန်အိမ်တော်၏ ဂိတ်တံခါးဆီသို့ လှမ်းဝင်လာခဲ့၏။ ပြီးနောက် သူသည် မြန်နိုင်သမျှ အမြန်ဆုံး သူ၏ခြံဝန်းရှိရာဆီသို့ သုတ်ချေတင်၏။ သူ၏ယောက္ခထီးနှင့် တွေ့ဆုံ၍မဖြစ်ချေ။ ယနေ့တွင် သူ အနိုင်ရရှိခဲ့၏။ သို့ပေမည့် သူသည် လောင်းကစားရုံကို သွားခဲ့ခြင်းဖြစ်၏။ ထို့အပြင် အရေးအကြောင်းအခြေ အနေမျိုးတွင် စွန့်စားရသည့် ကိစ္စရပ်ကိုလည်းပြုလုပ်ခဲ့၏။ အနိုင်ရရှိသည် ဆိုလျှင်တောင်မှ သူ၏ ယောက္ခထီးသည် ရှေးရိုးဆန်သည့် လူတစ်ယောက်ဖြစ်၏။ ဤကဲ့သို့ စွန့်စားမှု ပြုလုပ်ခဲ့ခြင်းအား ကျိန်းသေပေါက် နှစ်သက်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူ၏ရှေးရိုးစွဲ ယောက္ခထီးသည် ကျိန်းသေပေါက် သူ့ကိုအပြစ်ပေးမှာဖြစ်၏။ ၎င်းသည် အခွင့်အရေးကို အရယူပြီး သူ့ကိုစည်းမျဉ်းတကျနှင့် နေထိုင်နိုင်ရန် ဆုံးမဩဝါဒ ခြွေပေလိမ့်မည်။ ရှမ့်လန် အနေနှင့် ဤကဲ့သို့အခြေအနေမျိုးကို မရောက်ချင်ပေ။ ထို့ကြောင့် သူ၏သေးငယ်သည့် ခြံဝန်းလေးဆီသို့ ငြိမ်ငြိမ်သက်သက်ဖြင့် အသာဝင်ရောက် ပုန်းအောင်းနေမည်ဖြစ်ပြီး နှစ်ရက်သုံးရက်အတွင်း လူမြင်ကွင်းဆီသို့ မထွက်ရန် စဉ်းစားထား၏။
သို့သော်ငြား ရှမ့်လန်တစ်ယောက် သူ၏ အခန်းတံခါးကိုဖွင့်လိုက်သည့်အချိန်မှာပဲ ချောမောခန့်ငြားပြီး တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်ရှိနေသည့် သူ၏ ယောက္ခထီးသည် မတ်မတ်ရပ်လျက် ရှိနေကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရသည်။
ရှမ့်လန်သည် ဆွံ့အသွား၏။ ယောက္ခထီး... ခင်ဗျားက ဂုဏ်သိက္ခာကြီးမားတဲ့ မြို့စားကြီးလေ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်အခန်းတံခါးရဲ့ နောက်မှာ လာပုန်းနေရတာလဲ။
“ဟ ... လောင်းကစားဘုရင်ကြီး... ပြန်လာပြီလား” မြို့စားကြီးသည် အေးစက်စက်နှင့် နှုတ်ဆက်လိုက်၏။ ၎င်း၏ မျက်နှာသည် ခံစားချက်ကင်းမဲ့လို့နေသည်။
ရှမ့်လန်၏နှလုံးသားထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သို့ပေမည့် သူ၏မျက်နှာကတော့ ရိုရိုသေသေ ရို့ရို့ကျိုးကျိုးနှင့်ပင်။ ပြောရမည်ဆိုလျှင် သူသည် ကျောကိုခပ်မှန်မှန်ထားပြီး သတိအပြည့်နှင့် မတ်တပ်ရပ်လျက်ရှိနေ၏။ “အဖေ ကျုပ်မှားခဲ့ပါတယ်”
မြို့စားကြီးသည် ကျယ်လောင်သည့်အသံဖြင့် ပြောလိုက်သည်။ “ရှမ့်လန်... မင်းသတ္တိရှိတယ် ဟုတ်လား။ မင်း ထျန်းဟန်ကိုတောင် ရိုက်ဖို့နည်းလမ်း ရှာနိုင်တယ်ပေါ့။ မင်းတကယ့်ကို ယဉ်ကျေးတဲ့နည်းလမ်းနဲ့ အသုံးပြုပြီး အနိုင်ယူခဲ့မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ မင်းက လောင်းကစားရုံသွားပြီး လောင်းကစားလုပ်ခဲ့တာကိုး။ ရွှမ်ဝူအိမ်တော်ရဲ့ နှစ်ပေါင်းတစ်ရာကျော် သမိုင်းမှတ်တမ်းထဲမှာ လောင်းကစားအိမ်ဆီသွားတဲ့ ကလေး ဆိုတာ တစ်ခါမှမရှိခဲ့ဘူး”
..........
မြို့စားကြီးသည် စကားကိုဆုံးအောင် မပြောလိုက်ရချေ။ ရှမ့်လန်သည် ဦးကိုညွတ်ကာ ပြောလိုက်၏။ “အဖေ ကျုပ်ထပ်ပြီးမလုပ်တော့ပါဘူး”
“အင်း... မင်းဒီနေ့ဘာတွေလုပ်ခဲ့တယ်ဆိုတာ သိရဲ့လား” မြို့စားကြီးသည် ရှမ့်လန်ကို လက်ညိုး တထိုးထိုးနှင့်ရှိလို့နေသည်။
ရှမ့်လန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီးနောက် မြို့စားကြီး၏ လက်ညိုးနှင့် သူ၏နဖူးကို ထိလိုက်၏။ “အဖေ ဒီသားမက်က နောက်ဆိုလောင်းကစားရုံကို မသွားတော့ပါဘူး”
ရှမ့်လန်သည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “ဒါတွေအားလုံး ကျုပ်ရဲ့အမှားပါ။ ကျေးဇူးပြုပြီးတော့ ဒေါသတရားကို ထိန်းသိမ်းပါအုံး။ မဟုတ်ရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်”
“မင်း ... မင်း”
မြို့စားကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သည်အထိ ဒေါသထွက်လျက် ရှိနေ၏။ “ခွေးကောင်လေး... မှားမှန်းသိတယ်ဆိုရင် အစောကြီးတည်းက မလုပ်သင့်ဘူးလေ။ ငါအခုဆုံးမနေတာကို ဘာလို့ ကြားကနေ ဖြတ်ဖြတ်ပြီး ပြောနေရတာလဲ”
ရှမ့်လန်၏ပါးစပ်သည် လိမ်မာယဉ်ကျေးသည့် စကားလုံးများနှင့် ပြည့်နှက်စွာဖြင့် ရိုကျိုးလျက်ရှိနေသည် ဆိုသော်လည်း ၎င်း၏ဝမ်းဗိုက်ထဲတွင် မိစ္ဆာလက်နက်များနှင့် ပြည့်နှက်နေကြောင်းကို မြို့စားကြီးက ကောင်းကောင်းမြင်ရသည်။
“အဖေ မှန်ပါတယ်။၊ အဖေပြောတာ အမှန်ပါပဲ။ ယောက္ခထီး သင်ပြပေးတာကို ကျုပ်အမြဲတမ်း လိုက်နာပါ့မယ်” ရှမ့်လန်က ပြောလိုက်၏။
ထိုအချိန်မှာတော့ သူ၏ယောက္ခမကြီးသည် အနားသို့ ရောက်ရှိလာခဲ့ပြီး မြို့စားကြီးကို နှစ်သိမ့်ပေးလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ.. ရှင်ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ။ လန့်အာက ငယ်သေးတယ်။ ကျွန်မတို့ နောက်မှ သေသေချာချာ ပြောလို့ရပါတယ်။ ပြီးတော့ သူ့ရဲ့ရည်မှန်းချက်ကလည်း ကောင်းတာပဲ။ သူ့ရဲ့နည်းလမ်းက အနည်းငယ်မှားယွင်းခဲ့တယ် ဆိုပေမဲ့ အရမ်းကြီးတော့ ဆူလို့မဖြစ်ဘူးမလား”
မြို့စားကြီးက ဆွံ့အသွားခဲ့၏။ စောဏတုန်းက သင်ခန်းစာ တူတူပေးမည်လို့ ပြောခဲ့သည် မဟုတ်ပါလား။ ယခု အဘယ့်ကြောင့် သူ့ကိုလာရောက်ကာ တားဆီးနေရသနည်း။ မြို့စားကတော်သည် စောဏကတုန်း ကတိပေးခဲ့သည့်အကြောင်းအရာများကို ပြန်လည်ကာ သတိရသွား၏။
သို့ပေမည့် သူမသည် မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “လန့်အာ မင်းနောက်တစ်ခါ အနာဂတ်မှာ လောင်းကစားရုံလိုနေရာမျိုးကို ဝင်ခွင့်မရှိဘူ။ မင်းထပ်ပြီးသွားမယ်ဆိုရင် အမေက မင်းကို အပြစ်ပေးရလိမ့်မယ်။ နားလည်လား”
“ကောင်းပါပြီ အမေ” ရှမ့်လန်၏အသံသည် ပိုမိုကာချိုမြသွားခဲ့၏။
သူ၏ ယောက္ခမက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် မင်းဆာနေတော့မယ်။ ထမင်းစားဖို့အချိန်ကျပြီ”
မြို့စားကြီးသည် ဆွံ့အသွားခဲ့၏။ ဒါ ဒါပဲလား။ မင်း ဆုံးမတယ် ၊ သင်ခန်းစာပေးတယ်ဆိုတာ ဒါလား။