← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

မြို့စားကြီးသည် မူလအားဖြင့် ရှမ့်လန်ကို သေသေချာချာ ဆုံးမရန် ပြင်ဆင်ထားခဲ့၏။ အခြေအနေကို အခွင့်ကောင်းယူကာဖြင့် လက်ရှိအခြေအနေတွင် သင်ပြခြင်းသည် အကောင်းဆုံးဖြစ်၏။ သို့ပေမည့် အရာအားလုံးသည် သူ့မိန်းမ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ယခု သူသည် သင်ခန်းစာကောင်းကောင်း ပေးရန် မဖြစ်နိုင်တော့ချေ။

ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်လျက် ရှိနေသည့် မိခင်တစ်ယောက်သည် သူမ၏သားကို အချစ်ဆုံးဟု သတ်မှတ် ရမှာဖြစ်၏။ တကယ်တမ်းဆိုလျှင် မြို့စားကတော်သည် သူမကိုယ်တိုင် မွေးထုတ်ထားသော သားကိုပင် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တတ်သူ တစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် သမက်တစ်ယောက်၏ အရှေ့တွင် ဤကဲ့သို့ လျော့ချပေးရသနည်း။ သူ၏ သမက်သည် ချောမောလွန်းသောကြောင့်လား။ သို့မဟုတ် အပြောချို သောကြောင့်လား။

အပြစ်ကင်းစင်သည့် မျက်နှာသွင်ပြင်မျိုးနှင့် ရှမ့်လန်တစ်ယောက် သူ၏ မိန်းမကို ကြည့်ရှုနေသည်ကို မြင်ရချိန်မှာတော့ မြို့စားကြီးသည် မည်သို့မှ မနေနိုင်တော့ချေ။ ဒေါသများ တလိပ်လိပ် ထွက်လျက်ရှိ၏။

“လူဆိုးလေး.. ငါ ဘာမှ မလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား”

မြို့စားကြီးက ပြောလိုက်သည်။ “ရှမ့်လန်... ဒီနေ့က စပြီး မင်း ထပ်ပြီး အကျယ်ချုပ်ကျပြီပဲ”

“ဟမ်” ရှမ့်လန်သည် ကြောင်သွားမိ၏။ သူသည် မကြာသေးခင်ကတင် နေအိမ်အကျယ်ချုပ်ကျခြင်းမှ လွတ်မြောက်ခဲ့သည် မဟုတ်ပါလား။

မြို့စားကြီးက ပြောလိုက်၏။ “အိမ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်တယ်။ ဒါပေမဲ့ မြို့စားအိမ်တော်ကနေ အပြင်ဘက်ကို ထွက်ခွင့်မရှိဘူး။ ငါပြောတာကို ကြားလား”

ရှမ့်လန်သည် လေးနက်တည်ကြည်စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။ “အဖေ... ဒါဆိုရင် ဘယ်လို အချိန်မှာ နေအိမ် အကျယ်ချုပ်ကနေ ပြန်လွတ်မှာလဲ”

မြို့စားကြီးက ပြောလိုက်၏။ “အင်း... ငါ မင်းအတွက် စိတ်ချရပြီလို့ ခံစားရတဲ့အချိန်ပေါ့”

အခြေအနေသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အဖေ... အခြေအနေတစ်ခုလောက် ကျုပ်ကို မပေးနိုင်ဘူးလား။ တာဝန်တစ်ခု ပြည့်စုံသွားပြီဆိုရင် နေအိမ်အကျယ်ချုပ်က ဖယ်ပေးဖို့ပေါ့။ ဥပမာအားဖြင့်...”

“မသိဘူး။ ငါ ဘာအခြေအနေမှ မရှိဘူး” မြို့စားကြီးသည် အလျင်အမြန်ဖြင့် ဝင်ရောက်ကာ အော်ဟစ်လိုက်၏။ ပြီးနောက် သူသည် ရှမ့်လန်၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်၏။ အခြေအနေဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့်တပြိုင်နက် မြို့စားကြီး၏ စိတ်တစ်ခုလုံးသည် သုန်မှုန်သွားခဲ့သည်။

ပြီးနောက် မြို့စားကြီးက ပြောလိုက်၏။ “မင်း ဘယ်လိုပဲထင်ထင် ကိစ္စမရှိဘူး။ ဒီနေ့ကစပြီး မင်း မြို့စားအိမ်တော် ထဲမှာပဲ နေရမယ်။ ပြီးတော့ မင်းရဲ့ အမူအကျင့်တွေကောင်းအောင်လို့ လေ့ကျင့်ရမယ်။ အပြင် ထွက်ခွင့်မရှိဘူး”

ရှမ့်လန်က ဆွံ့အသွားခဲ့၏။ သူ၏ယောက္ခထီးသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ မနေ့ကလေးတင် သူ့အား ကျင်းမိသားစု၏ သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို အလွတ်ကျက်မှတ်ရန် အမိန့်ပေးခဲ့၏။ မူလအားဖြင့် သူ့အား တစ်လ၊ နှစ်လလောက် အိမ်ထဲတွင်နေရန် ရည်မှန်းချက် ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ မည်သူက ထင်မှတ်မိမည်နည်း။ သူသည် ထိုအရာ တစ်ခုလုံးကို ညတွင်းချင်း အလွတ်ကျက်မှတ်နိုင်ခဲ့သည်။

မနေ့ကအဖြစ်အပျက်များကို ပြန်လည်တွေးတောလိုက်သည်နှင့်တပြိုင်နက် မြို့စားကြီးသည် အံတကြိတ်ကြိတ်ဖြင့် အခဲမကျေသလို ဖြစ်မိနေသည်။ မထင်မှတ်ထားလောက်အောင်ဘဲ ရှမ့်လန်သည် အပြင်ဘက်သို့ ထွက်သည့်အချိန်တွင် ကြီးမားသည့် ပြဿနာများကို ပြုလုပ်ခဲ့၏။ အနိုင်ရရှိခဲ့သည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရခြင်းပင်။ အန္တရာယ် များလှချေ၏။

မြို့စားကြီးသည် တကယ့်ကို ရှေးရိုးဆန်သည့် လူတစ်ယောက်ဟု သတ်မှတ်ရမှာဖြစ်၏။ အန္တရာယ်များသည့် လှုပ်ရှားမှုမျိုးကို ပြုလုပ်ခြင်းအား အစဉ်အမြဲ တားမြစ်တတ်သူ တစ်ယောက်ဖြစ်၏။ ထို့အပြင် ထျန်းဟန်သည် ရှိရှိသမျှ အရာအားလုံး စွန့်လွှတ်ကာဖြင့် ရှမ့်လန်ကို တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်လိုက်မည်ကို သူ စိုးရိမ်မိ၏။ သို့ပေမည့် သူသည် ထိုကဲ့သို့ စိုးရိမ်နေသည့် အကြောင်းအရာများအား ပါးစပ်မှ ထုတ်ကာ မပြောခဲ့ချေ။ သူ စိတ်ပူမိသည့်အကြောင်းအား ဤခွေးကောင်လေးရှမ့်လန် သိရှိပါက ယခုထက် ပိုမိုကာ ဆိုးရွားတော့မည် မဟုတ်ပါလား။

“အင်း... အားလုံးလည်း ငါ့အမိန့်ကို နာခံရမယ်။ ဒီနေ့ကစပြီး သမက်တော်က မြို့စားအိမ်တော်ကနေ ထွက်ခွင့် မရှိဘူး။ သူ အပြင်ကို ထွက်တာကို မြင်တဲ့လူ ဘယ်သူပဲဖြစ်ဖြစ် သူ့ကို တားဆီးရမယ်။ ငါပြောတာကို ကြားလား။ ငါ နေအိမ်အကျယ်ချုပ်ကနေ မဖယ်ပေးမချင်း အားလုံး ဒီအမိန့်ကို လိုက်နာရမယ်”

“ကောင်းပါပြီ” အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့က အော်ဟစ်လိုက်ကြ၏။

ပြီးနောက် သူသည် ရှမ့်လန်ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။ “အင်း.. မင်းက အစီအစဉ်တကျနဲ့ ကောက်ကျစ်တတ်တဲ့ကောင်။ ဒါပေမဲ့ ငါ့ရဲ့အမိန့်ကို လိုက်နာပြီး မင်း အိမ်မှာပဲ ငြိမ်ငြိမ်နေရမယ်”

..........

မြို့စားသား ကျင်းမူကုန်းသည် စစ်ပွဲအတတ်ပညာဆိုသည့် စာအုပ်ကို ဖတ်ရှုလျက်ရှိ၏။ ယနေ့မနက်တွင် သူသည် သူ့အမေ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ သီချင်းစာအုပ်ကို ဖတ်ရှုနေသောကြောင့် သူ၏အမေသည် သူ့ကို ရိုက်နှက်ခဲ့သည်ဟု မြို့စားသားက ထင်မှတ်သွားခဲ့သည်။ ထို့ကြောင့်ပင်လျှင် သီချင်းစာအုပ်ကို အသာဖယ်ပြီး စစ်ပွဲအတတ်ပညာစာအုပ်ကို ဖတ်ရှုရန် ဆုံးဖြတ်ခဲ့၏။

“ငါ့မိဘတွေက ငါ့ကို ဘိုးဘေးအမွေအနှစ်တွေ ဆက်ခံနိုင်တဲ့လူတစ်ယောက် ဖြစ်စေချင်ခဲ့တယ်။ ဒီတော့ စစ်ပွဲ အတတ်ပညာဆိုတဲ့ စာအုပ်ကို ဖတ်ရင် သူတို့ သဘောကျမှာပဲ”

သေချာပေသည်။ ခဏလောက် ကြာပြီးသည့်နောက် သူ၏မိဘများက လျှောက်ဝင်လာခဲ့သည်။ “အဖေနဲ့အမေ.. ကျုပ် စစ်ပွဲအတတ်ပညာဆိုတဲ့ စာအုပ်ကို ဖတ်နေတယ်။ ဘိုးဘေးရဲ့ အမွေအနှစ်တွေကို ဆက်ခံနိုင်တဲ့ အမျိုးသားကောင်း ဖြစ်ရမယ်။ စစ်ပွဲရဲ့ အတတ်ပညာတွေကို ကျိန်းသေပေါက် သင်ယူနိုင်ရမယ်”

ခဏလောက်ကြာပြီးသည့်နောက် ဖက်တီးသည် သူ့မိဘများ၏ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။ သူ၏အဖေသည် ကြာပွတ်ကိုကိုင်ကာဖြင့် ကောင်းကောင်း ရိုက်လျက်ရှိနေပြီး သူ၏ အမေမှာတော့ ပေတံကို အသုံးပြုကာ ရိုက်နှက်လျက်ရှိ၏။

ဘန်း ဘန်း ဘန်း ဘန်း

“အား အား ဘာ့ကြောင့်လဲ။ စစ်ပွဲအတတ်ပညာကိုဖတ်တာ မှားလို့လား။ ထပ်ပြီး ရိုက်ခံရသေးတာလား” မြို့စားသားသည် အကြီးအကျယ် အော်ဟစ်လျက် ရှိနေ၏။ သူ ဘာအမှားအယွင်းမှ မပြုလုပ်မိပေ။ စစ်ပွဲအတတ်ပညာကို ဖတ်ရှုခြင်းအားဖြင့် မည်သည့်ပြစ်ဒဏ်မှ မကျသင့်ပေ။ သို့ပေမည့် အဘယ်ကြောင့် မနက်ကနေ ညနေအထိ သူ့ကို ထပ်တလဲလဲ လာရောက်ကာ ရိုက်နှက်နေရသနည်း။

“အား အား .... အဖေနဲ့အမေ ဘာလို့ ကျုပ်ကို ထပ်ပြီး ရိုက်ရတာလဲ”

မြို့စားကြီးနှင့် သူ၏မိန်းမတို့သည် ဖြေဆိုခြင်း မရှိကြချေ။ ဆက်လက်ကာ ရိုက်နှက်လျက် ရှိနေ၏။ မြို့စားသားသည် အမှန်တကယ် ဆွံ့အလျက် ရှိနေသည်။

အချက်အလက်အားဖြင့် မြို့စားကြီးနှင့် မြို့စားကတော်တို့သည် သူတို့၏သားကို လာရောက်ကာ ရိုက်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် ရိုက်ချင်သောကြောင့်ပင်။ ရှမ့်လန်သည် အလွန်ဉာဏ်ကောင်းပြီး ထူးချွန်သော လူတစ်ယောက်ဖြစ်၏။ သူတို့၏သားအရင်းမှာတော့ ဆိုးရွားစွာ စုတ်ပြတ်သတ်လျက် ရှိနေ၏။

မြို့စားကြီးသည် မူလအားဖြင့် ရှမ့်လန်ကို သင်ခန်းစာကောင်းကောင်း ပေးချင်၏။ သို့ပေမဲ့ ဘာမှမစရသေးခင် တားဆီးခြင်းကို ခံခဲ့ရ၏။ သူ၏မိန်းမသည် ရှမ့်လန်ကို ဝင်ရောက်ကူညီခဲ့၏။ ထို့ကြောင့် သူ၏ ဒေါသတရား များကို ကျိန်းသေပေါက် လွတ်ချနိုင်မှ ဖြစ်ပေတော့မည်။ ဤလွတ်ချသည့်နေရာတွင် မည်သူ့အပေါ်တွင် လွှတ်ချ ရမည်နည်း။ သူ၏ ရင်နှစ်သည်းချာ သားရတနာ ဆီသို့ပင်။

.............

ရှမ့်လန်တစ်ယောက် ခြံဝန်းထဲသို့ ဝင်လာပြီးသည့်နောက် မူလန်သည် ချပ်ဝတ်ကို ဝတ်ဆင်ပြီး ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။

“ယောက်ျား... ပြန်လာပြီလား။ စားကြရအောင်” မူလန်က ပြောလိုက်သည်။

ရှမ့်လန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ပြီးနောက် ပြောလိုက်၏။ “မူလန်... ဘယ်လိုဖြစ်ပြီးတော့ အိမ်မှာ ချပ်ဝတ်တွေကို ဝတ်ထားရတာလဲ”

မူလန်က ပြောလိုက်သည်။ “ယောက်ျား မြို့ထဲမှာ ဒုက္ခရောက်နေတယ်ဆိုရင် စစ်သည်တော်တွေကို ခေါ်ပြီးလာကယ်မလို့လေ”

ရှမ့်လန်သည် အံ့အားသင့်သွား၏။ သို့ပေမဲ့ သူ၏နှလုံးသား တစ်ခုလုံးသည် နွေးထွေးသွားခဲ့၏။ မူလန်၏ လေသံသည် တည်ငြိမ်လျက် ရှိနေသော်လည်း ရှမ့်လန်သည် တကယ်ကို ရင်ထဲတွင် ထိတွေ့သွားခဲ့၏။

“လာခဲ့.. မင်းရဲ့ယောက်ျားက မင်းရဲ့ချပ်ဝတ်ကို ကူချွတ်ပေးမယ်။ ပြီးတော့ စားကြရအောင်” ရှမ့်လန်က အသာပြောလိုက်သည်။

မူလန်သည် အံ့အားသင့်သွားမိ၏။ ပြီးနောက် သူမ၏ လက်များကို ဖြန့်ကားပေးလိုက်၏။

အဝတ်ချွတ်နေစဉ်မှာပဲ ရှမ့်လန်၏ အသက်ရှူနှုန်းများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် မူလန်သည် အတွင်းဘက်၌ ကိုယ်ကျပ် မြွေသားရေဝတ်စုံကို ဝတ်ဆင်ထားခဲ့သောကြောင့်ပင်။

သူမ၏ ခန္ဓာကိုယ်သည် တကယ့်ကို လှပလွန်း၏။ အထူးသဖြင့် သူမ၏ မြွေကဲ့သို့သော ခါးနှင့်တင်တို့သည် အလွန်လှပသည့် အရာမျိုး ဖြစ်လို့နေ၏။ ရှည်လျားသည့် ခြေတံနှစ်ခုကို ပိုင်ဆိုင်ပြီး တကယ့်ကို ကြည့်ရှု၍လည်း ကောင်းမွန်လွန်းသည်။

“ကျေးဇူးပဲ မိန်းမ။ အိမ်မှာစောင့်နေတဲ့အတွက်။ ငါ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ပူပန်နေရတဲ့အတွက်လည်း အားနာပါတယ်” ရှမ့်လန်က ပြောလိုက်၏။

မူလန်က ပြောလိုက်သည်။ “အင်း.. ဒါ လုပ်ကို လုပ်ရမယ့် အရာပဲလေ။ ဒီနေ့ ယောက်ျားက အနိုင်ယူနိုင်ခဲ့တယ် မဟုတ်လား။ ဒါက ကျွန်မကို တကယ့်ကို အံ့အားသင့်စေခဲ့တယ်။ ပြီးတော့ ဂုဏ်လည်း ဂုဏ်ယူမိတယ်။ ဒါပေမဲ့ ယောက်ျား.. အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေ လုပ်မယ်ဆိုရင် မလုပ်ခင်မှာ နှစ်ကြိမ်လောက် စဉ်းစားသင့်တယ်။ ပြီးတော့ အဖေ၊ အမေ နဲ့ ကျွန်မက ရှင့်ကို စိတ်ပူနေတယ်ဆိုတာ ထည့်တွေးဖို့ လိုအပ်တယ်”

“ငါ နားလည်ပါပြီ” ရှမ့်လန်သည် ရင်ထဲတွင် နွေးထွေးသွားမိ၏။ သူသည် လက်များကို ဖြန့်ကားကာဖြင့် မူလန်၏ခါးကို အသာလှမ်းဆွဲလိုက်၏။

မူလန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သို့ပေမဲ့ တားဆီးခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်၏ အမူအရာသည် အလွန်အမင်း နွေးထွေးလျက် ရှိနေသောကြောင့်ပင်။ သို့ပေမဲ့ နောက်သုံးစက္ကန့် ကြာပြီးသည့်နောက် ရှမ့်လန်၏ လက်သည် ခါးဆီမှ အောက်ဆီသို့ အသာရွေ့လျားသွားခဲ့သည်။

“ယောက်ျား ဘယ်နေရာကို လာပြီး လက်တင်နေတာလဲ”

ရှမ့်လန်သည် ချက်ချင်းပဲ သူ၏လက်များကို ပြန်ရုတ်လိုက်၏။ ပြီးနောက် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “မိန်းမ.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းငါ့ကို အထင်သေးလို့ မဖြစ်ဘူး။ အပြစ်တင်ချင်တယ်ဆိုရင် မင်းရဲ့အသားအရေက အရမ်းချောနေတာကို အပြစ်တင်သင့်တယ်။ ချောလွန်းအားကြီးတော့ လက်က တင်လိုက်ရင် အောက်ကို လျောကျသွားမှာပဲ။ ငါ့မှာ အဲလိုနေရာမျိုးကိုင်ဖို့ စိတ်ဆန္ဒ မရှိပါဘူး”

“အင်း.. ဒါဆို နောက်ထပ် ထပ်မလုပ်နဲ့တော့” မူလန်က ပြောလိုက်သည်။

ရှမ့်လန်သည် လူကြီးလူကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် ပြောလိုက်၏။ “မိန်းမ.. ကျိန်ပြောပါတယ်။ နောက်တစ်ကြိမ်ကျရင် ဒီလက်ကိုသာ ခုတ်ဖြတ်လိုက်တော့”

သုံးစက္ကန့်လောက် ကြာပြီးသည့်နောက် မူလန်သည် သူမ၏ တင်ပါးပေါ်သို့ ရောက်နေသည့် ရှမ့်လန်၏လက်ကို အသာဆွဲယူကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ယောက်ျား.. ယောက်ျားဆိုတာက ကိုယ့်စကားကိုယ် တည်ရတယ်လေ။ အခု ရှင့်ရဲ့လက်ကို ကျွန်မ ခုတ်သင့်နေပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ.. ငါ ခုဏတုန်းက အမှတ်တမဲ့ ပြောလိုက်တာပါ။ ယောက်ျားစကားကို ဘယ်လိုဖြစ်ပြီးတော့ လေးလေးနက်နက်နဲ့ သတ်မှတ်နေရတာလဲ”

မူလန်သည် အကူအညီမဲ့စွာဖြင့် သူမယောက်ျား၏ ချောမောသည့် မျက်နှာကို လှမ်းကာ ကြည့်လိုက်၏။ ဤကဲ့သို့ ချောမောသည့် မျက်နှာထက်ဆီမှ အရေထူလွန်းလှသည့် အရှက်မဲ့သောစကားများ ထွက်ပေါ်လာလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။

“စားကြရအောင်”

မူလန်သည် ရှမ့်လန်၏ လက်များအတွင်းမှ အသာရုန်းထွက်ပြီးသည့်နောက် ထမင်းစားပွဲဆီသို့ အသာလှမ်းသွား၏။ ရှမ့်လန်၏ ရုပ်ရည်အလွန်ချောမောသည်ကို သူမ ဝန်ခံမိသည်။ ထို့အပြင် သူမ၌ ထိုချောမောသည့် မျက်နှာကို ရိုက်ချင်စိတ်က ပိုမိုများပြားလို့နေ၏။

ထမင်းစားပြီးသည့်နောက် မူလန်သည် ကိုယ်လက်ဆေးကြောကာဖြင့် သွားတိုက်၏။ ပြီးနောက် နှင်းဆီ ရေနွေးကြမ်းတစ်ခွက်ကို သောက်ကာဖြင့် အာလုတ်ကျင်းလေ၏။ ချက်ချင်းပဲ သူမ၏ ပါးစပ်ဆီမှ မွှေးပျံ့သည့် ရနံ့မျိုး ထွက်ပေါ်လာ၏။ ပြီးနောက် ချပ်ဝတ်ကို ပြန်လည် ဝတ်ဆင်လိုက်သည်။

“မိန်းမ.. ဒီလောက် နောက်ကျနေပြီ။ ဘယ်သွားမလို့လဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

မူလန်က ပြောလိုက်သည်။ “အင်း.. မြင်းတပ်ကို ဦးဆောင်ပြီးတော့ ညဘက် ကင်းလှည့်မလို့လေ”

ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးသည် နာကျင်သွားခဲ့၏။

မူလန်က ပြောလိုက်သည်။ “ယောက်ျား.. အိမ်မှာပဲနေခဲ့တော့။ ပြဿနာ မရှာနဲ့တော့”

.........

မြို့စားသား၏ အခန်းထဲမှာတော့ ၎င်းသည် အကောင်းမွန်ဆုံးသော သင်ခန်းစာများကို ရယူလျက် ရှိနေ၏။ တော်ဝင်မင်းမှုထမ်းများ တက်မြောက်ထားသင့်သည့် အဋ္ဌာရဿ ပညာရပ်ကြီးခြောက်ရပ်ထဲတွင် ဂဏန်းသင်္ချာ ပညာရပ်လည်း ပါဝင်၏။ သို့ပေမဲ့ ကျောင်းတော်သား တော်တော်များများမှာတော့ ထိုအရာကို လေ့လာခြင်း မရှိခဲ့ချေ။

တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် တော်ဝင်မျိုးနွယ်များမှာတော့ ထိုအတန်းကို တက်ရောက်ရန်အတွက် အလွန်တရာ အရေးကြီး၏။ အထူးသဖြင့် မြေဧကများကို ပိုင်ဆိုင်သည့် တော်ဝင်မျိုးနွယ်ဟောင်းကြီးများ ဖြစ်၏။ ၎င်းတို့သည် ထိုကဲ့သို့သော အတတ်ပညာများကို ကျိန်းသေပေါက် တက်ကျွမ်းထားသင့်၏။

မြို့စားသား ကျင်းမူကုန်းသည် သက်ပြင်းချလိုက်သည်။ “ဆရာရှစ်.. ကျုပ်ရဲ့ဘဝက အရမ်းခက်ခဲနေတယ်လို့ ဘာလို့ ထင်နေရတာလဲ။ အရင်တုန်းက ကျုပ်မိဘတွေ ကျုပ်ကို ရိုက်နှက်တဲ့နေရာမှာ အကြောင်းပြချက် ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ အခု ရိုက်နှက်တဲ့နေရာမှာ အကြောင်းပြချက်တောင် မလိုတော့ဘူး”

ဆရာရှစ်ဟု ခေါ်ဆိုလိုက်သည့်လူသည် ရှစ်ဝမ်ကျောင်းပင် ဖြစ်၏။ သူသည် ရွှမ်ဝူမြို့၏ ကျော်ကြားလွန်းသော ဂဏန်းသင်္ချာဆရာလည်း ဖြစ်၏။ ရှစ်ဝမ်ကျောင်းသည် မြို့စားအိမ်တော်၌ အရေးပါသည့် လူတစ်ယောက်လည်း ဖြစ်လေ၏။ ၎င်းသည် ကျင်းမူလန်နှင့် ကျင်းမူကုန်းတို့၏ သင်္ချာဆရာဖြစ်ပြီး မြို့စားအိမ်တော် တစ်ခုလုံး၏ ငွေကြေး၊ ပစ္စည်း၊ ကုန်စည်လဲလှယ်မှု အရာအားလုံးတို့ကို တာဝန်ယူထားရသည့် လူတစ်ယောက်လည်း ဖြစ်လို့နေ၏။

၎င်းသည် မြို့စားကြီး၏ ဘေးတစ်ဖက်တွင် နေထိုင်ခဲ့သည့် လူပေါင်းများစွာ ထဲမှ တစ်ယောက်ဖြစ်ပြီး မြို့စားအိမ်တော်အတွက် စာရင်းဇယားများကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပြုလုပ်ပေးခဲ့သည်။

“ဆရာရှစ်... ကျုပ်ရဲ့မိဘတွေက ကျုပ်မိဘအရင်း မဟုတ်ဘူးနဲ့တူတယ်” မြို့စားသားက မေးမြန်းလိုက်၏။

ရှစ်ဝမ်ကျောင်းသည် ကြည့်ကောင်းလှစွာ ပြုံးလိုက်၏။ ပြီးနောက် သူ၏အလုပ်ကို အသာပင် ဆက်ကာ လုပ်လျက်ရှိ၏။ သူ၏အလုပ်သည် အလွန်ပင် အရေးကြီး၏။ မြို့စားအိမ်တော်၏ လယ်ယာမြေများနှင့် ပတ်သက်သည့် စာရင်းဇယားများ ပြုလုပ်ခြင်း၊ ဝယ်ယူထားသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စာရင်းဇယားများ ပြုလုပ်ခြင်း၊ ထိုအရာအားလုံးကို ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် မြို့စားအိမ်တော်တွင် ၎င်းသည် ကြီးမားသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်သည့် ရာထူးရာခံနှင့် လူဟူ၍ သတ်မှတ်၍ ရ၏။ ရှစ်ဝမ်ကျောင်းသည် ရေးသားနေရာမှ ရပ်တန့်ပြီးသည့်နောက် ၎င်း၏ စိတ်ထဲတွင် ရှမ့်လန်၏ မျက်နှာက ပေါ်ပေါက်လာ၏။ ရုတ်တရက် သူ၏မျက်လုံးထဲတွင် မကျေမချမ်းနိုင်သည့် အငြိုးအတေးများ ဖြစ်တည်လာခဲ့၏။ သူ၏လမ်းကိုပိတ်ကာ ရပ်သည့်လူသည် သူ၏ရန်သူပင် ဖြစ်၏။

ခဏလောက် တွန့်ဆုတ်ပြီးနောက် ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “မူကုန်း.... မြို့စားကြီး မင်းကို ရိုက်ခဲ့တယ်ဆိုတာ ရှမ့်လန်ကြောင့်ပဲ”

မြို့စားသားသည် တုန်လှုပ်သွားခဲ့၏။ “ဘာ့ကြောင့်လဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ရှမ့်လန်က ဆိုးရွားတဲ့ကောင်ပဲ။ သူက ရှစ်မိသားစုရဲ့ ပိုက်ဆံတွေကို ခိုးယူခဲ့ရုံတင်မကဘူး၊ ရှစ်မိသားစုရဲ့ အစေခံကို ဗလက္ကာရ ပြုလုပ်ခဲ့တယ်။ ဒါကြောင့် အိမ်က နှင်ထုတ်ခံရတာပေါ့။ အဆုံးသတ်မှာတော့ သူက မြို့စားအိမ်တော်ကို ရောက်ရှိလာခဲ့ပြီး မင်းအစ်မနဲ့ လက်ထပ်ခဲ့တယ်။ မိန်းကလေးမူလန်က သူ့ကို ကိုယ်တိုင်ရွေးချယ်ခဲ့လို့သာ မြို့စားကြီးက မငြင်းပယ်ခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး မြို့စားကြီးက လုံးဝမကြိုက်ဘူး။ မြို့စားကြီးက ရှမ့်လန်ကို မကျေမနပ် ဖြစ်နေတာကြောင့် မင်းကို လာပြီး ရိုက်နှက်နေတာပဲ”

မြို့စားသား ကျင်းမူကုန်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဪ ဒါကြောင့်ကိုး”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဒီနေ့မှာ မြို့စားကြီးက မင်းကို ထပ်တလဲလဲ ရိုက်နေတယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ ရှမ့်လန်က ရွှမ်ဝူမြို့ထဲက လောင်းကစားရုံကို သွားခဲ့တယ်။ ဒါက မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာပဲ။ ဒါပေမဲ့ သူက ထျန်းဟန်ကို အနိုင်ယူခဲ့တယ်။ ဘာပဲပြောပြော သူက သမက်တော် တစ်ယောက်လေ။ သူ့ကို ဘယ်ရိုက်လို့ ရမလဲ။ ဒီတော့ သူ့ကို ရိုက်လို့မရရင် မင်းကို ရိုက်ရမှာပေါ့”

မြို့စားသားသည် ဒေါသထွက်သွားခဲ့၏။ သူသည် အမှတ်မထင် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် အရိုက်ခံရခြင်းရဲ့ နောက်ကွယ်က လက်သည်တရားခံကို ကျုပ်သိပြီ။ ဒီတော့ ဒီခွေးကောင်ကြောင့်ကိုး”

ခဏလောက် ကြာပြီးနောက် ရှစ်ဝမ်ကျောင်း၏ ဘေးတစ်ဖက်တွင် ရှိနေသည့် လူငယ်အစေခံက အသာ ပြောလိုက်သည်။

“ဪ ဟုတ်ပြီ။ မြို့စားသား.. ဒီနေ့ ပင်းအာ ငိုနေတာကိုလည်း မြင်ခဲ့သေးတယ်။ သူမကို ဘာဖြစ်လဲမေးတော့ ဘာမှ မဖြေဘူး”

မြို့စားသား၏ ဒေါသများသည် ပိုမိုကာ ကြီးလာခဲ့၏။ “ဒါ ရှမ့်လန်ကြောင့်ပဲ ဖြစ်ရမယ်။ သူက ရှစ်မိသားစုရဲ့ အိမ်စေကိုတောင်မှ ဗလက္ကာရ ပြုလုပ်ခဲ့တာလေ။ အခု ငါ့ရဲ့အိမ်စေကိုလည်း ဒါမျိုးလုပ်မှာပဲ။ ဒီကောင် တောသားပဲ။ ဒါပေမဲ့ ငါ့ကိုလာပြီး အနိုင်ကျင့်ရဲတယ် ဟုတ်လား။ ကျိန်းသေပေါက် ငါ လက်လွှတ်ပေးမှာ မဟုတ်ဘူး”

ပြီးနောက် မြို့စားသားသည် အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ “ရှမ့်လန်.. မင်း ကျိန်းသေပေါက် ချီးထွက်အောင် ရိုက်ခံရမယ်။ ရှမ့်လန်ရဲ့ သိုင်းပညာက ဘယ်လိုရှိလဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “သူက သိုင်းပညာဆိုတာကို မသိဘူး။ ကြက်တစ်ကောင် ကိုတောင် လည်လိမ်ပြီး မသတ်နိုင်ဘူး။ ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးရင် မောလို့ ခဏနားရတဲ့ကောင်မျိုးပဲ”

မြို့စားသား၏ သတ္တိများသည် ပိုမိုကာ တိုးလာခဲ့၏။ သူက အော်ဟစ်လိုက်သည်။ “ကိုယ့်လူတို့.. ငါနဲ့အတူ လိုက်ခဲ့စမ်း။ သူ့ကို သွားရိုက်မယ်”

All Chapters