← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

မူလန် ထွက်ခွာသွားပြီးနောက် ရှမ့်လန်သည် အခန်းထဲတွင် တွေဝေငေးငိုင်စွာဖြင့် စဉ်းစားလျက် ရှိနေ၏။ သူသည် အကျယ်ချုပ် ကျခံ၍ မဖြစ်ချေ။ သူ၏လွတ်မြောက်မှု၊ သူ၏ယောက္ခထီးဆီမှ လွတ်မြောက်ရာ နည်းလမ်းကို ရှာဖွေရပေလိမ့်မည်။ သူ့အနေနှင့် လာမည့်ရက်အနည်းငယ်အတွင်း အရေးကြီးသည့် ကိစ္စရပ်များကို ပြုလုပ်ရန်ရှိ၏။ သို့ပေမဲ့ သူ၏ ယောက္ခထီးအား အတင်းပုန်ကန်နေ၍လည်း မဖြစ်နိုင်ချေ။ အကောင်းမွန်ဆုံးသော ချဉ်းကပ်နည်းမျိုးကို အသုံးပြုရပေမည်။

ထိုအချိန်မှာပဲ ရှောင်ပင်းသည် အထဲသို့ ပြေးဝင်လာကာဖြင့် ပြောလိုက်၏။ “သခင်လေး.. သတင်းဆိုးပဲ။ ပုန်းနေမှ ဖြစ်တော့မယ်။ သခင်လေးမူကုန်းက ဒီကိုလာပြီးတော့ သခင်လေးကို ရိုက်တော့မယ်”

ရှမ့်လန်က ကြောင်အသွားမိသည်။ “ကျင်းမူကုန်း.. ဟိုဝတုတ်လား”

ဘယ်လိုဖြစ်ပြီး သူ့ကို လာရိုက်ရမည်နည်း။

ရှောင်းပင်းက ပြောလိုက်၏။ “သခင်လေး.. သွားပုန်းတော့။ သခင်မကြီးကို သွားပြောလိုက်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “မလိုဘူး၊ မလိုဘူး။ ယောက္ခမကြီးကို မပြောနဲ့အုံး”

ရှောင်ပင်းက ပြောလိုက်၏။ “သခင်လေး.. ကျွန်မတို့ရဲ့ သခင်လေးမူကုန်းက တကယ့်ကို အရူးပဲ။ သူ ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် သူ သိတဲ့လူမျိုး မဟုတ်ဘူး။ တကယ်လို့ သခင်လေးသာ သခင်လေးမူကုန်းရဲ့ ရိုက်နှက်မှုကို ခံရမယ်ဆိုရင် အလကားသက်သက် နာတာပဲ ဖြစ်လိမ့်မယ်။ မြို့စားကြီးက သူ့ကို အပြစ်ပေးမယ်ဆိုရင်တောင် ကိုယ်က အရင်ခံရမှာ”

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ ငါ ဘာလုပ်ရမလဲဆိုတာ ငါသိတယ်။ မင်းအခု ထွက်သွားတော့”

“သခင်လေး.. ရူးကြောင်ကြောင် လုပ်မနေနဲ့နော်”

ရှမ့်လန် မပုန်းအောင်းဘူးဆိုသည့် စကားလုံးကို ကြားရချိန်မှာတော့ ရှောင်ပင်းသည် ခြေဆောင့်လိုက်မိ၏။ သူမ၏ လှပသည့် ခန္ဓာကိုယ်ပေါ်ရှိ လှုပ်ယမ်းသင့်သည့်အရာများသည် လှုပ်ယမ်းသွားလေ၏။ တကယ်ပင် ကြည့်ကောင်းလှချေ၏။

ရှမ့်လန်၏ အကြည့်ကို မြင်ရသည့်အချိန်မှာတော့ ရှောင်ပင်းသည် ချက်ချင်းပဲ သူမ၏ရင်ဘတ်ကို ဖုံးကာလိုက်၏။ သူမသည် ထပ်မံကာ ခြေဆောင့်လိုက်ချင်၏။ သို့ပေမည့် လှုပ်ယမ်းသွားမည် စိုးသောကြောင့် အသာပင် ထိန်းသိမ်းလိုက်ရသည်။ “ဟမ့်.. ကျွန်မရဲ့ သတိပေးမှုကို ဂရုမစိုက်ဘူးပေါ့။ ကျွန်မကို လျစ်လျှူရှုတာပဲ”

ရှောင်ပင်းသည် ရှမ့်လန်ကို စူးစိုက်ကြည့်ပြီးသည့်နောက် အပြင်ဘက်သို့ ပြေးထွက်သွားခဲ့၏။ သူမသည် သခင်မကြီးကို သွားရောက်ပြောဆိုရန် ဆုံးဖြတ်လိုက်၏။ သခင်လေးမူကုန်းသည် ရိုးရှင်းသည့် စိတ်ဓာတ်ရှိသူ ဖြစ်ပြီး ၎င်း၏ အားအင်အဆင့်ကိုလည်း ထိန်းချုပ်နိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သခင်လေး ရှမ့်လန်အား ထိခိုက်နာကျင်အောင် ပြုလုပ်မိမှာ သေချာ၏။

ရှောင်ပင်း ထွက်ခွာသွားပြီးနောက် ရှမ့်လန်က ပြုံးလိုက်၏။ သူ့အနေနှင့် ဤဝတုတ်ကိုတောင်မှ ရင်မဆိုင်ဘဲ ပုန်းနေမည်ဆိုလျှင် ဤမြို့စားအိမ်တော်ထဲတွင် မည်သို့ ဆက်နေရမည်နည်း။ သူသည် ယခင်က ကျင်းမူကုန်းနှင့် မတွေ့ဆုံခဲ့ဖူးသော်လည်း ကျင်းမူကုန်းအကြောင်းကို ကောင်းကောင်းနားလည်ပြီးဖြစ်သည်။

၎င်း၏ ခြေ၊ လက်များသည် ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ပြီးသည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ၎င်း၏ ဦးနှောက်မှာတော့ ရိုးရှင်းလွန်းလှ၏။ ထို့အပြင် အမြှောက်အပင့်လည်း ကြိုက်လွန်းလှ၏။ ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရခြင်းမှာ အလွန်ပင် လွယ်ကူ၏။

..........

ရှမ့်လန်သည် စုတ်တံတစ်ခုကို ကောက်ယူပြီးနောက် ၎င်း၏ အခန်းထဲတွင် ရှိနေသည့် နံရံပြောင်တစ်ခုပေါ်၌ နာမည်များကို တစ်ခုပြီးတစ်ခု ရေးလျက်ရှိနေ၏။ ထိုနာမည်များကို ရေးသားသည့်နေရာတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများက တဝင်းဝင်းနှင့် တောက်ပလျက် ရှိနေသည်။

ခဏလောက် ကြာပြီးသည့်နောက် အပြင်ဘက်တွင် ဆူညံဆူညံ အသံများ ထွက်ပေါ်လာခဲ့၏။ လူမရောက်ရှိ လာခင်မှာပဲ အသံကို ကျယ်လောင်စွာ ကြားရ၏။

“ရှမ့်လန်.. မင်း အခု ထွက်ခဲ့စမ်း။ ငါ ဒီနေ့ မင်းကို ချီးထွက်အောင် မရိုက်ရဘူးဆိုရင် ငါ့ရဲ့မျိုးရိုးက ကျင်းမဟုတ်တော့ဘူး။ ဘယ်လိုဖြစ်ရတာလဲ။ သမက်တော်တစ်ယောက်ဖြစ်ပြီး ငါတို့မြို့စားအိမ်တော်မှာ ရှိတဲ့ အစေခံမိန်းကလေးကို ဘယ်လိုဖြစ်ပြီး အနိုင်ကျင့်ရဲရတာလဲ။ ရှောင်ပင်းကို ငါ့ရဲ့ ညီမငယ်လေးလို သဘောထားခဲ့တာ။ မင်း သူမကို အနိုင်ကျင့်ရဲတယ် ဟုတ်လား။ သေချင်နေတာပဲ”

မြို့စားသား ကျင်းမူကုန်းက အော်ဟစ်လျက် ရှိနေ၏။ သူသည် ယနေ့ ရိုက်နှက်ခံခဲ့ရသည့် ဒေါသတရားများ အားလုံးကို ရှမ့်လန်အပေါ်တွင် ပုံချမှ ဖြစ်ပေလိမ့်မည်။ ဤအရာအားလုံးသည် ရှမ့်လန်၏ အမှားများပင်ဖြစ်ပြီး အဓိကလက်သည် ပြဿနာကောင်သည် ရှမ့်လန်ပင်ဖြစ်သည်။

မကြာခင်မှာပဲ လက်ထဲတွင် သံချောင်းကြီးကို ကိုင်ဆောင်ကာဖြင့် အခန်းထဲသို့ ပြေးဝင်လာခဲ့သော လူဝကြီးကို မြင်လိုက်ရ၏။ ၎င်း၏နောက်တွင် လူဆယ်ယောက်တို့က လိုက်ပါလာ၏။ မြို့စားသားသည် သမက်တော်ကို ရိုက်ရဲသည်။ သို့ပေမဲ့ သူတို့က မရိုက်ရဲချေ။ ထို့ကြောင့် သခင်လေးကို စောင့်ရှောက်ရန်အတွက် ဘေးတစ်ဖက်ဆီမှ အသာလိုက်ပါလာခဲ့ခြင်းပင်။

အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ရှမ့်လန်သည် ထိုင်ခုံတစ်လုံးပေါ်သို့ တက်ကာဖြင့် နံရံပေါ်တွင် နာမည်များကို တစ်ခုပြီးတစ်ခု ရေးသားနေကြောင်း ကျင်းမူကုန်းက မြင်လိုက်ရ၏။ “ရှမ့်လန်.. မင်း ဘာလုပ်နေတာလဲ။ ဆင်းခဲ့စမ်း”

ရှမ့်လန်သည် ခုံအမြင့်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေတုန်းပင်။ သူသည် အောက်သို့ ဆင်းမလာခဲ့ချေ။ အောက်သို့ ဆင်းလာသည်ဆိုပါက ကျိန်းသေပေါက် ကျင်းမူကုန်း၏ ရိုက်နှက်မှုကို ခံရမှာဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် အလွန် နာကျင်ရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... မြို့စားသားကြီးလား၊ ငါ နာမည်တွေ ရေးနေတာပေါ့”

နံရံပေါ်တွင် ရေးသားထားသည့် နာမည်များသည် တော်တော်များနေပြီ ဖြစ်၏။ နံပါတ်ဆယ်သုံး၊ နံပါတ်ဆယ့်လေး၊ ထျန်းဟန်၊ လင်းဝူ၊ ရှစ်ချင်းချင်း၊ ကျန်းကျင်း၊ ရှစ်ကွမ်းယွမ် ...

ကျင်းမူကုန်း၏ စိတ်ဝင်စားမှုများက တိုးလာခဲ့၏။ ထို့ကြောင့် မေးမြန်းလိုက်၏။ “ဒီနာမည်တွေကို ဘာလို့ ရေးထားရတာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလူတွေအားလုံးက ငါ့ရဲ့ရန်သူတွေပဲလေ။ ငါသူတို့ကို မေ့သွားမှာစိုးလို့ နာမည်တွေကို တစ်ခုချင်းစီ ရေးထားတယ်။ ပြီးတော့ အချိန်ကိုက်ပြီဆိုတာနဲ့ ဒီရန်သူတွေကို ကောင်းကောင်း လက်စားချေပြမယ်”

ပြီးနောက် ရှမ့်လန်သည် အနီရောင်မင်ထဲတွင် စုတ်တံကို အသာနှစ်လိုက်၏။ ပြီးနောက် နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေး ဆိုသည့်နာမည်များတွင် ကြက်ခြေခတ် ခြစ်လိုက်၏။ ထိုကြက်ခြေခတ် ခြစ်လိုက်သည့် နေရာဆီမှ အနီရောင်ဆေးစက်များသည် သွေးကဲ့သို့ပင် အောက်သို့ စီးကျလာခဲ့၏။

“ဒီလူနှစ်ယောက်ရဲ့ နာမည်ကို ဘာလို့ ကြက်ခြေခတ် ခြစ်လိုက်ရတာလဲ” မြို့စားသားက မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဒီလူနှစ်ယောက်ကို ရှင်းပြီးပြီလေ။ ကျိန်းသေပေါက် လက်စားချေပြီးပြီပေါ့”

မြို့စားသားသည် ဆွံ့အသွားခဲ့၏။ နာမည်များကို နံရံပေါ်တွင်ရေးထိုးသည်အထိ ပြုလုပ်ရလောက်အောင် ရှမ့်လန်သည် ၎င်းတို့အား မည်မျှမုန်းတီးနေသနည်း။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျုပ် လက်စားချေဖို့အတွက် ကျိန်းသေပေါက် စိတ်ထဲမှာ မှတ်ထားရမယ်။ မနက်မိုးလင်း အိပ်ရာက ထလာတာနဲ့ ကျုပ်ရန်သူတွေရဲ့ နာမည်တွေကို သုံးခါတိတိ ရေရွတ်မယ်။ မအိပ်ခင်လည်း ဒီလူတွေနဲ့ နာမည်ကို သုံးခါတိတိ ရေရွတ်ရမယ်”

မြို့စားသားသည် မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ အမုန်းတရားသည် မည်သို့မှ မေ့ပျောက်၍ ရနိုင်သောအရာ မဟုတ်သောကြောင့် ကျိန်းသေပေါက် သွေးကြွေးဆပ်တော့မည့်ပုံပင်။

“နံပါတ်ဆယ့်သုံးက မင်းနဲ့ ဘယ်လိုအမုန်းတရားတွေ ရှိခဲ့တာလဲ”

မြို့စားသားက မေးမြန်းလိုက်၏။ “အဖေကို သတ်တဲ့ အမုန်းတရားလား။ ဒါမှမဟုတ် မိန်းမအလုခံရတဲ့ အမုန်းတရားလား”

ဤကဲ့သို့ အမုန်းတရားကသာလျှင် နှလုံးသားထဲတွင် ကြီးမားသည့် အရာမျိုးအဖြစ် ဖြစ်တည်စေမှာဖြစ်၏။ ယခု ရှမ့်လန်သည် နံရံပေါ်တွင်ပင် နာမည်များကို တစ်ခုချင်းစီ ရေးထိုးထား၏။ ကြီးစွာသော အမုန်းတရားမျိုးဖြစ်ပေမည်။

ရှမ့်လန်က အေးစက်စက် ပြောလိုက်သည်။ “ဒီနံပါတ်ဆယ့်သုံးဆိုတဲ့ ကောင်ကတော့ ကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် ထျန်းဟန်ကို သူ့ခြေထောက်ကို ရိုက်ချိုးဖို့ ပြောခဲ့တယ်။ အခု သူရဲ့ခြေထောက်က အပိုင်း လေး၊ ငါးပိုင်း လောက်တောင် ကျိုးသွားခဲ့ပြီ”

“ဟမ်”

မြို့စားသား၏ နှုတ်ခမ်းများသည် ရှုံ့မဲ့သွားခဲ့၏။ “ဒါ.. ဒါဆိုရင် နံပါတ်ဆယ့်လေးကကော”

ရှမ့်လန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “သူက ပိုပြီးတော့ မုန်းဖို့ကောင်းတယ်။ သူ့အပေါ်မှာရှိတဲ့ ငါ့ရဲ့ အမုန်းတရားတွေက ပင်လယ်ပြင်လိုပဲ နက်ရှိုင်းလွန်းတယ်။ သူက ကျုပ်ကို ခြိမ်းခြောက်ရုံတင် မကဘူး။ ကျုပ်ရဲ့ ခေါင်းတည့်တည့်ကို လက်ညှိုးနဲ့ထိုးပြီးတော့ အော်ဟစ်ခဲ့သေးတယ်။ ငါ့ရဲ့ဘဝ တစ်သက်တာမှာ ငါ့ရဲ့ခေါင်း ကို လက်ညှိုးနဲ့ထိုးတာ အမုန်းဆုံးပဲ။ ဒီတော့ ငါ သူ့ရဲ့ ခြေထောက်တွေ၊ လက်တွေကို ရိုက်ချိုးခဲ့တယ်။ သူက ဒုက္ခိတ ဖြစ်နေပြီ”

“ဟမ်” ကျင်းမူကုန်းသည် သူ၏လက်ထဲတွင် ရှိနေသည့် သံတုတ်ကြီးဖြင့် ရှမ့်လန်ကို ညွှန်ထားသည်ကို သတိရသွားမိ၏။ ချက်ချင်းပဲ ထိုအရာကြီးကို အနောက်ဘက်သို့ ပစ်လိုက်၏။ သူသည် ဆွံ့အလျက် ရှိနေ၏။ ဤမျှသေးငယ်သည့် အမုန်းတရားအတွက် ရှမ့်လန်သည် တကယ်ပင် နံရံပေါ်တွင် နာမည်များ ရေးထိုးနေ လေသည်လား။ ထို့အပြင် မနက် သုံးကြိမ်၊ ညသုံးကြိမ် ရန်သူများ၏ နာမည်ကို ရွတ်ဖတ်ပေဦးမည်။

“မင်း... မင်း ရှမ့်လန် ဘယ်လောက် အငြိုးအတေး ကြီးမားလိုက်တဲ့ကောင်လဲ။ ပြီးတော့ စိတ်သဘောထားက ကျဉ်းမြောင်းလိုက်တာ။ မင်းက နတ်ဆိုးပဲ။ ငါ မင်းလို အငြိုးအတေးကြီးမားတဲ့ လူမျိုးကို ဘဝ တစ်သက်တာလုံးမှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

ရှမ့်လန်သည် အသာပင် သူ့ကို လှမ်းကာ ကြည့်ရှုနေ၏။ လက်ထဲတွင် ရှိနေသည့် စုတ်တံကို နံရံပေါ်တွင် ရေးထိုးရန် ပြင်နေသည့်အချိန်မှာတော့ ကျင်းမူကုန်းက မည်သို့မှ မနေနိုင်တော့ပေ။ ထို့ကြောင့် မေးလိုက်၏။ “နံရံပေါ်မှာ နေရာလွတ်တွေ အများကြီး ကျန်နေသေးတယ်။ မင်း နံရံပေါ်မှာ လူတွေအားလုံးရဲ့ နာမည်ကို ရေးမလို့လား”

ရှမ့်လန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “အင်း.. လူတွေရဲ့ သက်တမ်းဆိုတာ အရမ်းကို ရှည်တယ်လေ။ ဘဝ တစ်သက်တာလုံးမှာ ရန်သူ ဘယ်လောက်များများ ရှိမလဲဆိုတာ ကျုပ် မသိနိုင်ဘူး။ ဒီတော့ နေရာလွတ်တွေ ချန်ထားတာပဲ။ အသစ်ပေါ်လာသမျှ ရန်သူတွေရဲ့ နာမည်ကို ဒီနေရာမှာ ရေးရမယ်”

မြို့စားသားသည် ကျောရိုးမကြီး တစ်ခုလုံးပင် စိမ့်တက်သွားခဲ့လေ၏။ နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေးသည် ၎င်းကို ခြိမ်းခြောက်ပြီး လက်ညှိုးနှင့် ထိုးခဲ့ခြင်းသာဖြစ်၏။ သို့ပေမည့် ခြေများ၊ လက်များ ရိုက်ချိုးခြင်း ခံရပြီး အိမ်သို့ပင် ကောင်းကောင်း မပြန်နိုင်သည့် အခြေအနေမျိုးပင်။ သူသည်သာ ရှမ့်လန်ကို ရိုက်နှက်ခဲ့သည်ဆိုပါက သူ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ပြုလုပ်မည်လား။ ရှမ့်လန်၏ ပုံပန်းသွင်ပြင်ကို မြင်ရသည်မှာတော့ အချိန်မရွေး နံရံပေါ်တွင် ကျင်းမူကုန်းဆိုသည့် နာမည်ကို ရေးတော့မည့်ပုံပင်။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “မြို့စားသား.. ငါ့ကို ဘာလို့ လာရှာတာလဲ”

“ဘာ.. ဘာမှ မဟုတ်ပါဘူး”

မြို့စားသားသည် လက်ထဲတွင် ရှိနေသည့် သံတုတ်ကြီးကို ခပ်ဝေးဝေး တည်နေရာဆီသို့ ပစ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အင်း... ဗိုက်ပြည့်နေတာလေ။ အခုမှ ထမင်းစားလာတာ။ ဒါ့ကြောင့် လမ်းပတ်လျှောက်နေတာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “ခုဏတုန်းက ကြားတာက ကျုပ်ကို ရိုက်ချင်တာဆိုလား ....”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒီစကားကို ဘယ်သူအော်လိုက်တာလဲ။ မြို့စားအိမ်တော်မှာ မြို့စားသမက်တော်ကို ဘယ်ကောင်က ရိုက်ရဲမှာလဲ။ သေသွားချင်တာလား”

မြို့စားသားက အသာပြောလိုက်သည်။ “ဒါဆို ရှမ့်လန် ဆက်ရေးအုံးလေ။ ငါ သွားလိုက်အုံးမယ်”

ပြီးနောက် မြို့စားသား ကျင်းမူကုန်းသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အခန်းထဲမှ ထွက်ခွာသွားခဲ့၏။ သူ၏ ဒေါသတရားများသည် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကွယ်သွားခဲ့၏။

ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ထကာ ရယ်မောလိုက်မိသည်။ “တကယ့် ငကြောက်ပဲ”

...........

မြို့စားသား ကျင်းမူကုန်းသည် အပြင်ဘက်သို့ ရောက်သည့်အချိန်မှာတော့ နတ်ဆိုးတစ်ကောင် နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိလိုက်မိသည်။ ပြီးနောက် သူသည် ပိုမိုကာ ကြောက်စရာ ကောင်းသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။ သူ၏အမေ မြို့စားကတော်ပင်။

“နေအုံး။ အသုံးမကျတဲ့ကောင်။ မင်း ရှမ့်လန်ကို ရိုက်ဖို့ လာရဲတယ် ဟုတ်လား”

မြို့စားကတော်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ သူမသည် ကျင်းမူကုန်း၏ နားရွက်ကို ခပ်နာနာဆွဲကာဖြင့် အပြင်ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ “ဒီနေ့ ငါမင်းကို ကောင်းကောင်း မရိုက်ဘူးဆိုရင် အဓိပ္ပာယ်မရှိ ဖြစ်ကုန်မယ်”

ကျင်းမူကုန်းသည် နာကျင်စွာ အော်ဟစ်လိုက်၏။ “အမေ.. အမေ၊ ကျုပ်ကို မရိုက်ပါနဲ့။ ကျုပ် သူ့ကို မရိုက်ရ သေးပါဘူး”

“မင်း သူ့ကို မရိုက်ရသေးဘူး ဟုတ်လား။ ဆိုလိုတာ မင်းရိုက်ဖို့ အကြံအစည်ရှိတယ်ပေါ့”

မြို့စားကတော်က ပြောလိုက်သည်။ “ကြည့်ရတာ မင်းက အသားမနာဘူးဆိုရင် နားလည်မယ့်လူမျိုး မဟုတ်ဘူး။ ကျင်းမူကုန်း... မင်းက အသားနာမှ ကျေနပ်မယ့်လူမျိုးပဲ။ သမက်တော်က မြို့စားအိမ်တော်အတွက် အပြင်ဘက်ကိုထွက်ပြီး ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။ ဒါပေမဲ့ မင်းက သူ့ကို ရိုက်နှက်ချင်ခဲ့တယ် ဟုတ်လား။ ငါ့မှာ မင်းလို သားမျိုး မရှိဘူး”

ကျင်းမူကုန်းက ပြောလိုက်၏။ “အမေ.. ဘယ်လိုဖြစ်ပြီး ရောက်လာခဲ့ရတာလဲ။ အခုကိစ္စကို ဘယ်လို သိရတာလဲ”

မြို့စားကတော်က ပြောလိုက်သည်။ “ရှောင်းပင်းကိုယ်တိုင် လာခေါ်တာလေ။ ဘာလဲ။ ငါက မဟုတ်ဘဲ မင်းကို ရိုက်နေတယ်လို့ ပြောချင်တာလား”

ကျင်းမူကုန်းသည် တကယ်ပင် ငိုချင်သွားမိ၏။ သူ၏မျက်လုံးထဲတွင် မျက်ရည်များပင် ရစ်သိုင်းလာမိ၏။ ရှောင်ပင်း.. မင်း ငါ့ကို သွားတိုင်တယ်။ ဟုတ်လား။ ငါကတော့ မင်းအစား ရှမ့်လန်ကို ရိုက်ဖို့ ကြံစည်ခဲ့တာလေ။ ငါ့အတွက် တရားမျှတမှုဆိုတာ ဘယ်မှာလဲ။

သူသည် ရှောင်ပင်းအား ညီမတစ်ယောက်လို သဘောထားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ရှောင်ပင်းသည် သူ့အား ရန်သူ တစ်ယောက်လို သဘောထားခဲ့၏။ ကျင်းမူကုန်းသည် တကယ်ပင် ဝမ်းနည်းလို့ နေ၏။ မျက်လုံးအိမ်ထဲမှ မျက်ရည်များပင် စီးကျလာခဲ့၏။ “ကောင်းကင်ဘုံ.. ငါ အရင်ဘဝတုန်းက ဘာတွေ လုပ်ခဲ့တာလဲ။ ဘာလို့ အခုလိုမျိုး အပြစ်ပေး ခံနေရတာလဲ”

လက်ရှိအချိန်၌ သူကောင်းကောင်း သိနေပြီဖြစ်၏။ သူသည် လဝက်လောက် အိပ်ရာမှ မထနိုင်သည်အထိ ရိုက်နှက်ခံရပေတော့မည်။ သူ၏အမေသည် လှပပြီး ကြည့်ကောင်းလွန်းသလို တော်ဝင်လည်းဆန်၏။ သို့ပေမည့် သူ့၏အမေသည် ကျားအသည်းကဲ့သို့ပင် အသည်းနှလုံး မာကျောလှသူဖြစ်ပြီး သိုင်းပညာလည်း မြင့်မားလွန်း၏။ ကျိန်းသေပေါက် ရိုက်နှက်တော့မည်ဆိုလျှင် သေမလို အခြေအနေအထိ ရိုက်နှက်တတ်သူ တစ်ယောက်ဖြစ်သည်။

ထိုအချိန်မှာပဲ ရှမ့်လန်က အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့၏။ “အမေ”

မြို့စားကတော်၏ မျက်နှာသွင်ပြင်သည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ သူမသည် ကျင်းမူကုန်းနှင့် စကား ပြောသည့်နေရာတွင် ရေခဲကဲ့သို့ အေးစက်ခဲ့သော်လည်း ရှမ့်လန်ဘက်သို့ လှည့်သည့်အချိန်မှာတော့ နွေဦးလေပြည်ကဲ့သို့ပင် နွေးထွေးလျက် ရှိနေသည်။

“လန်အာ.. စိတ်မပူနဲ့။ ငါ မင်းရဲ့ ဒေါသတွေအတွက် ကျိန်းသေပေါက် ဖြေရှင်းပေးမယ်”

ရှမ့်လန်က ပြောလိုက်၏။ “မူကုန်းက ကျုပ်နဲ့ စကားပြောချင်ရုံသက်သက်ပါ။ ကျုပ်တို့ ရန်ဖြစ်တာ မဟုတ်ဘူး။ ဒီတော့ သူ့ကို မရိုက်ပါနဲ့။ ခွင့်လွှတ်ပေးလိုက်ပါ”

“တကယ်လား” မြို့စားကတော်သည် အသာပင် မေးမြန်းလိုက်သည်။

“တကယ်ပါ” ရှမ့်လန်က ပြောလိုက်၏။

ဘုတ်

မြို့စားကတော်သည် ကျင်းမူကုန်း၏ ခေါင်းကို အသာထုနှက်လိုက်၏။ မူကုန်းသည် မေ့လဲလုမတတ်ပင် ဖြစ်သွားသည်။

ရှမ့်လန်သည် တကယ်ပင် နဝေတိမ်တောင် ဖြစ်သွား၏။ ဤကံဆိုးသည့် လူငယ်သည် ငယ်ရွယ်စဉ်တည်းက ဤသို့ ရိုက်နှက်ခံရသောကြောင့် ရူးကြောင်ကြောင် ဖြစ်နေလေသည်လား။

“ကြည့်.. မင်း ယောက်ဖ ဘယ်လောက်ကောင်းလဲ။ အခု မင်းအတွက်တောင် ဝင်ပြီး ပြောပေးနေသေးတယ်။ ခွေးလေး”

မြို့စားကတော်က ပြောလိုက်သည်။ “ဒါပေမဲ့ လန်အာ.. မင်း ဒီအရူးကို အလိုလိုက်လို့ မဖြစ်ဘူး။ လိုအပ်ရင် အနာဂတ်မှာ မင်းအပေါ် လေးစားမှုရှိအောင် ရိုက်သင့်ရင် ရိုက်ရမယ်”

ပြီးနောက် မြို့စားကတော်သည် စတင်ကာ ရိုက်နှက်တော့၏။ သူ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသည့် လက်ဝါးများသည် တကယ့်ကို သန်မာလွန်းလှချေ၏။ လေထဲတွင် ဝှေ့ယမ်းလိုက်သည့် အခါမျိုးတွင် လေတိုးသံ များပင် ထွက်ပေါ်လျက် ရှိနေ၏။ စိန်ဒူးဝါးထက်ပင် လက်သံပြောင်လွန်းလှချေသည်။

မြို့စားသား ကျင်းမူကုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ နာကျင်မှုသည် အသည်းခိုက်လုမတတ်ပင်။ အနားမှ ရပ်ကြည့်နေသည့် ရှမ့်လန်ပင်လျှင် နာကျင်မှုကို ခံစားနေမိ၏။

“အမေ.. ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ်ကို ခွင့်လွှတ်ပါ”

ရှမ့်လန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီး ယောက္ခမကြီးကို တားဆီးလိုက်၏။ “အမေ.. ကျေးဇူးပြုပြီး ရပ်ပါအုံး။ အရမ်း ဒေါသမထွက်ပါနဲ့။ ဒေါသထွက်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်နှလုံးကို ဒုက္ခပေးနိုင်တယ်။ မူကုန်းက တကယ့်ကို ရိုးသားတဲ့ လူတစ်ယောက်ပါ။ ကျုပ်တို့ သူ့ကို ကောင်းကောင်းမွန်မွန် စကားပြောပြီး သင်ပြပေးလို့ရပါတယ်”

မြို့စားကတော်သည် ရှမ့်လန်ကို ကြင်နာနွေးထွေးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ “အင်း.. လန်အာက ဉာဏ်အကောင်းဆုံးပဲ။ လန်အာ.. သူက မင်းရဲ့ ယောက်ဖပဲ။ ဒီတော့ သူ့ကို စည်းမျဉ်းစည်းကမ်းတကျဖြစ်အောင် သင်ပြပေးလို့ရတယ်။ သူ မင်းစကား နားမထောင်ဘူး ဆိုရင် ရိုက်သာရိုက်။ ငါသွားတော့မယ်”

မြို့စားကတော်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

ကျင်းမူကုန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ အသက်ရှင်သန်ရခြင်းသည် လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ ထိုအချိန်မှာပဲ မြို့စားကတော်သည် ရုတ်တရက် လှည့်လာပြီးသည့်နောက် ကျင်းမူကုန်း၏ နားရွက်ကို ဆွဲလိုက်၏။

“သက်ပြင်းတောင် ချလိုက်သေးတယ်။ ဘာလဲ မကျေနပ်ဘူးလား။ ငါ့ကို စိတ်ထဲကနေ ကျိန်ဆဲနေတာလား”

All Chapters