← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

မြို့စားကတော်သည် ကျင်းမူကုန်း၏ နားရွက်ကို အသာလွှတ်ကာဖြင့် ပြောလိုက်၏။ “အင်း.. လန်အာ့မျက်နှာရှိလို့ ဒီနေ့ ခွင့်လွှတ်ပေးလိုက်မယ်။ တကယ်လို့ မင်းယောက်ဖကို အနာဂတ်မှာ မလေးမစား ဆက်ဆံမယ်ဆိုရင် ငါ မင်းကို အရေခွံခွာပစ်မယ်” မထွက်ခွာခင်မှာပဲ

သူမသည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ သူမ၏သားသာ ရှမ့်လန်၏ တစ်ဝက်လောက် လိမ်မာလျှင် မည်မျှကောင်းမွန်မည်နည်း။

.............

“ယောက်ဖ... စကားလုံးတွေနဲ့ ကျေးဇူးတင်စကားပြောဖို့တောင် ခက်သွားခဲ့ပြီ။ ကျေးဇူးကြီးမားလှပါတယ်။ ဒီနေ့ ကျင်းမူကုန်းက ယောက်ဖရဲ့ ကြင်နာမှုကို ကျိန်းသေပေါက် မှတ်ထားပါ့မယ်”

ကျင်းမူကုန်းသည် သူ၏ ဝဖြိုးလျက်ရှိနေသည့် ဝမ်းဗိုက်ကြီးကို အသာပွတ်ကာဖြင့် ပြောလိုက်၏။ “အနာဂတ်မှာ အကူအညီလိုတယ်ဆိုရင် ကျုပ်ကိုပြော။ ကျိန်းသေပေါက် သစ္စာရှိတဲ့ လူတစ်ယောက် ဖြစ်ရမယ်”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင်လည်းပြော၊ အခု ငါ့ကိုရိုက်ဖို့ ဘယ်သူမြှောက်ပေးလိုက်တာလဲ”

ကျင်းမူကုန်း၏ ခေါင်းတစ်ခုလုံးက ပုဝင်သွားခဲ့၏။ သူက အသာခေါင်းယမ်းလိုက်၏။ “မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျုပ် သစ္စာဖောက်လို့ မရဘူး။ ဒီနေရာမှာ သေတဲ့အထိ ရိုက်နှက်ခံရမယ် ဆိုရင်တောင်မှ ထုတ်ပြောလို့ မဖြစ်ဘူး။ ဒီကိစ္စက သစ္စာတရားနဲ့ဆိုင်တယ်ဆိုတော့ အရမ်း အရေးကြီးတယ်”

ရှမ့်လန်သည် ဤကံဆိုးလှသည့် လူငယ်ကို လှမ်းကာကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူ၏ ယောက္ခထီးနှင့် ယောက္ခမတို့သည် အဘယ်ကြောင့် သူ၏သားကို ရိုက်နှက်ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့၏။ ဤသို့ ရူးကြောင်ကြောင် သားတစ်ယောက်ကို ပိုင်ဆိုင်ထားမှတော့ တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်လောက်မှ ရိုက်နှက်ခြင်းဖြင့် ဒေါသမဖြေလျှင် အဘယ်သို့ သင့်တော်တော့မည်နည်း။

သို့ပေမည့် ရှမ်လန်သည် ထပ်မံကာ မမေးမြန်းတော့ချေ။ သူသည် သစ္စာတရားကို လက်ကိုင်ထားသည့် လူတစ်ယောက်ကို မဖျက်ဆီးချင်ပေ။

ဤကိစ္စနှင့်ပတ်သက်၍ အပြင်တင်သည်ဆိုပါက သူပင် မကောင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုအရာများကို အတင်းမေးမြန်းခြင်း မရှိခြင်းပင်။ သို့နှင့် ရှမ့်လန်သည် လက်မထောင်ပြကာ ပြောလိုက်၏။ “အင်း.. မြို့စားအိမ်တော်ရဲ့ ဆက်ခံသူဆိုတာ ဒီလိုမျိုး သစ္စာရှိမှ ဖြစ်မှာပေါ့။ ငါ မင်းကို ချီးကျူးမိတယ်”

မြို့စားသားသည် ရင်ဘတ်ကို အသာပုတ်ကာဖြင့် ပြောလိုက်သည်။ “အင်း.. ငါ့အကြောင်းကို ကောင်းကောင်း သိတာပဲ။ မင်းက တကယ့်ကို ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ”

ပြီးနောက် ဤဝတုတ်သည် ရှမ့်လန်၏ စာကြည့်ခန်းထဲတွင် စကားပြောရင်း အသာသန်းဝေကာ အိမ်မောကျသွားလေသည်။ သောက်ကျိုးနည်းပင်။ ခုပြော၊ ခုအိပ်။ မြန်ဆန်လွန်းလှချေသည်တကား။

ရှမ့်လန်သည် သူ၏ အခန်းဆီသို့ပြန်လာပြီး တံခါးကို သေသေချာချာ ပိတ်လိုက်၏။ ပြီးနောက် သူသည် အမဲရောင် ဂျုံအိတ်ကြီး တစ်ခုကို ထုတ်ယူလိုက်၏။ ပိုးကျသောကြောင့် မှိုတက်လုနီးပါး ဖြစ်နေသည့် အမဲရောင်ဂျုံများကို လှီးဖြတ်ကာ ယူဆောင်လာခဲ့ခြင်းပင်။ သူဘာလုပ်မည်ကို သိရှိပါက အားလုံးသော သူတို့သည် ကျိန်းသေပေါက် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကုန်မှာ သေချာ၏။

ရှမ့်လန်တစ်ယောက် ဤအရာများကို အသုံးပြု၍ မည်သူ့ကို ထိခိုက်နာကျင်အောင် ပြုလုပ်မည်ဖြစ်ကြောင်း တခြားသူများ မသိနိုင်ပေ။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် မိုးရွာမည့်နေ့အတွက် ကြိုတင်ကာ ပြင်ဆင်နေခြင်း ဖြစ်၏။ အရေးအကြောင်း အခြေအနေမျိုးတွင် အရာအားလုံးကို ပြောင်းပြန်လှန်ရပေလိမ့်မည်။

..........

နောက်တစ်နေ့ မနက်ခင်း ရှမ့်လန် နိုးလာသည့်အချိန်မှာတော့ မူလန်သည် ပြန်မလာသေးချေ။ သူ၏မိန်းမသည် စစ်ရေးတာဝန်များနှင့် အလုပ်ရှုပ်လျက် ရှိနေ၏။ ရှမ့်လန် အိပ်ရာထ မျက်နှာသစ်ခြင်းကို ကူညီသည့်လူမှာ ရှောင်ပင်းပင် ဖြစ်လေ၏။

“ပင်းပင်း.. ငါမင်းကို မေးချင်တာရှိတယ်” ရှမ့်လန်က မေးလိုက်သည်။

ရှောင်ပင်းက ပြောလိုက်၏။ “သမက်တော်.. ကျေးဇူးပြုပြီး မေးပါ”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာလို့ ကျားဖြူတွေက ရှားပါးပြီးတော့ တန်ဖိုးရှိတာလဲ မင်းသိလား”

ရှောင်ပင်းသည် မျက်လုံးလေးကလယ်ကလယ်လုပ်ကာ ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ .... အင်း .... ကျားတွေအကုန်လုံးက အဝါရောင် ဖြစ်နေလို့လား”

“မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... အချိန်တစ်လက်မတိုင်းက ရွှေလို တန်ဖိုးကြီးလို့ပေါ့။ ဒါပေမဲ့ ရွှေ တစ်လက်မက အချိန်ရဲ့ တစ်လက်မတိုင်းကို ဝယ်ယူလို့ မရနိုင်ဘူး”

ရှောင်ပင်း၏ မျက်ဝန်းလှလှလေးများမှာသည် အတွေးပွားကာ ကြောင်ငေးသွားရသည်။ ကျားဖြူနှင့် အချိန်သည် မည်ကဲ့သို့ သက်ဆိုင်နေရသနည်း။

(ကျားဖြူဆိုသည်မှာ ဘန်းစကားတစ်ခုဖြစ်ပြီး အမျိုးသမီးအင်္ဂါတွင် အမွေးမရှိခြင်းကို ဆိုလိုသည်)

သူ၏ဟာသ အလုပ်မဖြစ်သည်ကို မြင်ရချိန်မှာတော့ ရှမ့်လန်၏ နှလုံးသား တစ်ခုလုံးသည် အထီးကျန်သလိုပင် ခံစားလိုက်မိ၏။ သူ ဟာသလုပ် နောက်ပြောင်နေခြင်းကိုပင် တစ်ဖက်မှ မသိချေ။ ပျင်းရိစရာကောင်းလွန်းလှပေ၏။

ပင်းပင်းက ပြောလိုက်သည်။ “အင်း.. ညရောက်ရင် သခင်မလေး ပြန်လာလိမ့်မယ်။ ကျွန်မ သူ့ကို မေးလိုက်မယ်”

ရှမ့်လန်သည် ကျောရိုးမများပင် စိမ့်တက်သွားခဲ့၏။ သို့ပေမဲ့ မူလန်သည် ပင်းပင်းကဲ့သို့ပင် နားလည်နိုင်လိမ့်မည် မဟုတ်ကြောင်း သူက သတိပြုမိလိုက်၏။ ထို့ကြောင့် သူ့ကို ဘာမှ ပြဿနာရှာလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်သည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ မနေ့က ကျင်းမူကုန်း ရောက်ရှိလာပြီး သူ့ကို ရိုက်နှက်ရန် အားရပါးရ ရောက်ရှိလာစဉ်က ရှောင်းပင်းက အော်ဟစ်ငိုယိုခဲ့၏။

သူသည် မသိချင်ယောင်ဆောင်ကာဖြင့် မေးမြန်းလိုက်သည်။ “ရှောင်ပင်း.. မင်း မနေ့ကတုန်းက ငိုသေးလား”

ရှောင်ပင်းက ကြောင်သွားသည်။ ပြီးနောက် ပြောလိုက်၏။ “မငိုပါဘူး။ ဘာလို့ ကျွန်မက ငိုရမှာလဲ”

............

မနက်စာစားပြီးနောက် မြို့စားကြီး၏လူယုံ ကျင်းကျုံးသည် ရှမ့်လန်၏အရှေ့၌ ပေါ်ပေါက်လာခဲ့၏။ ဤလူသည် ဘယ်တော့မှ မပြုံးချေ။ သို့ပေမဲ့ ရှမ့်လန်ကို ကြည့်ရှုသည့် အကြည့်များသည် နွေးထွေးလာ၏။ ယခင်ကနှင့် မတူတော့ချေ။ ယခင်ကဆိုလျှင် ၎င်းဆီမှ ရွှေဒင်္ဂါးတစ်ထောင် ချေးငှားထားသလိုပင်။

“သခင်ကြီးက အမိန့်ပေးလိုက်တယ်။ သမက်တော် သခင်လေးနဲ့အတူ လေ့ကျင့်ရမယ်တဲ့။ လေ့လာသင့်ယူမှုကို ပစ်ပယ်ထားလို့ မဖြစ်ဘူးတဲ့” ပြောပြီးနောက် ကျင်းကျုံးသည် ထွက်ခွာသွားခဲ့သည်။

“လေ့လာရမယ် ဟုတ်လား။ အင်း.. ကောင်းပြီ။ ကျုပ် ရှမ့်လန်က ဗဟုသုတနဲ့ ပြည့်စုံတဲ့လူတစ်ယောက် ဖြစ်နေပြီးသားလေ။ ဘာကိုသွားပြီး လေ့လာရမှာလဲ”

သို့ပေမည့် သူ၏ ယောက္ခထီးကြီးသည် ဒေါသကြီးသူ တစ်ယောက်ဖြစ်၏။ ထို့အပြင် သူပုန်ကန်၍လည်း မဖြစ်နိုင်ချေ။ နှစ်ရက်၊ သုံးရက်လောက် လေ့လာချင်ယောင် ဆောင်မှ ဖြစ်ပေလိမ့်မည်။

“အင်း... ကျင်းမူကုန်းဆီ သွားပြီး အမှန်တရားကို ရှာဖွေမှဖြစ်မယ်” ကျင်းမူကုန်းသည် အဘယ်သို့သော သတ္တိကို ပိုင်ဆိုင်သနည်း။ အဘယ်ကြောင့် သူ့ကို လာရောက်ကာ ရိုက်နှက်ရန် ကြံစည်နေသနည်း။

............

မြို့စားအိမ်တော်တွင် ထူးခြားသည့် ကျောင်းတစ်ခု တည်ရှိ၏။ စုစုပေါင်း ကျောင်းသားတစ်ဒါဇင်ကျော် တည်ရှိ၏။ ကျင်းမူကုန်းနှင့်အတူ ကျောင်းတက်သည့် ကျောင်းသားမှာ တစ်ဒါဇင်ကျော်ခန့်ရှိပြီး အငယ်ဆုံးသည် ဆယ့်ငါးနှစ် ဖြစ်ပြီး အကြီးဆုံးသည် နှစ်ဆယ့်နှစ်ဖြစ်၏။ ရှမ့်လန်၊ ကျင်းမူကုန်းတို့နှင့် အသက်တူညီသည်။

ရှမ့်လန် ဝင်လာသည်ကို မြင်ရချိန်မှာတော့ အတန်းတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားသွားခဲ့၏။ မျက်လုံးပေါင်းများစွာတို့၏ အကြည့်သည် ရှမ့်လန်ပေါ်သို့ ရောက်ရှိလာခဲ့၏။ သို့ပေမည့် ထိုမျက်လုံးများ၌ မနာလိုမှု၊ အမြင်မကြည်မှုများကို မဖုံးကွယ်နိုင်ခဲ့ကြချေ။ အကြောင်းအရင်းမှာ ရိုးရှင်း၏။ ရှမ့်လန်သည် ကျင်းမူလန်ကို လက်ထပ်သွာခဲ့သောကြောင့်ပင်။

ကျင်းမူလန်သည် ယောက်ျားအားလုံးတို့၏ အိမ်မက်ချစ်သူပင် ဖြစ်၏။ အသက်ရှစ်နှစ်မှ နှစ်ဆယ့်ရှစ်နှစ် အတွင်း ရှိသည့် ယောက်ျားလေးများသည် ကျင်းမူလန်ကို လိုချင်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီးနောက် ဆယ်ကျော်သက် အားလုံးတို့သည် ၎င်းကို ဝိုင်းကာ ရိုက်နှက်ချင်စိတ်များပင် ပေါက်လာကြသည်။ လူငယ်များ၏ အတွေးက ရိုးရှင်းလွန်းလှ၏။ တစ်ဖက်လူကို ကြည့်မရပါက ကျိန်းသေပေါက် ရိုက်နှက်ရန်ပင်။

“ဘာလုပ်ချင်ကြတာလဲ”

ကျင်းမူကုန်းသည် ရှမ့်လန်၏ ဘေးဆီသို့ အသာရောက်ရှိလာခဲ့၏။ ပြီးနောက် ရှမ့်လန်၏ ပခုံးပေါ်ကို လက်တင်ကာ ပြောလိုက်၏။ “ဒါ ငါ့ရဲ့ယောက်ဖပဲ။ အနာဂတ်မှာ လေးလေးစားစား ဆက်ဆံကြ။ မဟုတ်ရင် ငါမင်းတို့ကို ရိုက်မယ်”

ပြီးနောက် သူသည် သူ၏ ကြီးမားသော လက်သီးကြီးကို ဝှေ့ယမ်းကာ ကြိမ်းမောင်းလိုက်သည်။

ကြည့်ရသည်မှာ ကျောင်းထဲတွင် ကျင်းမူကုန်းက အာဏာရှိပုံရ၏။ ထို့အပြင် ၎င်းသည် မြို့စားအိမ်တော်၏ မြို့စားသားဖြစ်၏။ ဆယ်ကျော်သက် တစ်ဒါဇင်ကျော်တို့သည် အနောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။ ရှမ့်လန်ကို ကြည့်ရှုလျက် ရှိနေသော ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အငြိုးအတေး ကြီးမားသည့် မျက်လုံးများ ဖြစ်လို့နေ၏။ ဤကျောင်းမှ မထွက်ခွာနှင့်ဆိုသော စကားလုံးများ ပါဝင်နေသည့် အကြည့်မျိုးပင်။ ထွက်လျှင် ဝိုင်းဆော်မည် ဟူသော သဘောပင်။

“ရှမ့်လန်.. ဘာမှမကြောက်နဲ့”

ကျင်းမူကုန်းသည် သူ၏ ဝဖြိုးနေသည့် ရင်ဘတ်ကြီးကို အသာပုတ်ကာဖြင့် ပြောဆိုလိုက်၏။ “ငါ့ဘေးနားမှာထိုင်။ ဘယ်သူမှ မင်းကို မထိရဲစေရဘူး”

ခဏလောက်ကြာပြီးနောက် ဆရာက ဝင်ရောက်လာခဲ့၏။ ၎င်းသည် အဘိုးအိုတစ်ယောက်ဖြစ်ပြီး ၎င်း၏ ဆံနွယ်တစ်ဝက်လောက်က ဖြူနေပြီဖြစ်၏။ ပိန်ပါးပါးနှင့်ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါင်လေးဆယ် ထက်ပင် ကျော်လွန်ဟန် မရှိချေ။ အားလုံးသောသူတို့သည် ထိုသူအား ဆရာလင်းဟု ခေါ်ကြ၏။ ၎င်းသည် မြို့စားသား၏ ဆရာတစ်ယောက် ဖြစ်သည်သာမက မြို့စားကြီး၏ အယုံကြည်ရဆုံး လူတစ်ယောက်ဖြစ်၏။ ထို့အပြင် ဗဟုသုတလည်း ကြွယ်ဝလွန်းသူပင်။

ယနေ့ သင်ယူရမည့် သင်ခန်းစာသည် ပြောင်းလဲခြင်းနိယာမဖြစ်၏။ တရုတ်ပြည်၏ ရှေးစစ်ပညာနှင့် ပတ်သက်သော စာအုပ်မျိုးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတွင် တည်ရှိနေသည့် အရာအားလုံးတို့၏ အကျိုးအကြောင်း နှင့် နိယာမများကို သင်ရိုးညွှန်း ပြဠာန်းထားခြင်းပင်။ ထို့ကြောင့် ရှမ့်လန်သည် ငြိမ်ငြိမ်သက်သက် နှင့် နားထောင်လျက် ရှိနေ၏။

တခြားသောသူများမှာတော့ စိတ်ပါဝင်စားမှု မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို နားထောင်ရ သည်မှာ ပျင်းရိစရာ ကောင်းလွန်းသောကြောင့်ပင်။ နာရီဝက်ကျော်ကြာကြာပြီးနောက် ဆရာကြီးက ရုတ်တရက် မေးမြန်းလိုက်သည်။ “ဒီနေ့ ကျောင်းသားသစ်တစ်ယောက် ရှိနေပါလား”

ရှမ့်လန်က ဆွံ့အသွားခဲ့၏။ “အခုမှ သတိပြုမိတာလား”

“အင်း... မင်းက တော်တော်ချောတာပဲ။ ယောက်ျားဖြစ်နေတာ နှမျောစရာပဲ” ဆရာအိုကြီးက ပြောဆိုလိုက်သည်။

“..........” ရှမ့်လန်သည် ဆွံ့အသွားမိ၏။ ဆရာကြီး ခင်ဗျား ဘာတွေပြောနေတာလဲ။

“အင်း.. ရွာကျောင်းလေးမှာ ဆယ်နှစ်ကျော် လေ့လာခဲ့တဲ့ ရှမ့်လန်ဆိုတာ မင်းပဲ ဖြစ်လိမ့်မယ်။ ဒါတောင်မှ ဘာမှ မတတ်ခဲ့လို့ ကျောင်းကနေ နှင်ထုတ်ခံလိုက်ရတယ်ဆို”

ဆရာအိုကြီးက ပြောလိုက်သည်။ “ငါတို့ဆရာတွေ သီးသန့်ပြောကြတာတော့ မင်းက ငါတို့ရွှမ်ဝူမြို့မှာရှိတဲ့ ကျောင်းတော်သားတွေရဲ့ အရှက်တရားပဲ”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဒီအဘိုးကြီး ငါ့ကို ရန်စချင်နေတာလား။

“မင်း.. ပြောင်းလဲခြင်းစာအုပ်ကို ဖတ်ပြီးပြီလား” အဘိုးအိုက မေးမြန်းလိုက်သည်။

ရှမ့်လန်က ဖြေလိုက်၏။ “တစ်ခု၊ နှစ်ခုလောက်တော့ သိပါတယ်”

‘မိုးမြေ၏ သွားရာလမ်းသည် ကြံ့ခိုင်လှ၏၊ လူကြီးလူကောင်းတို့သည် ထိုနည်းတူ မိမိကိုယ်ကို မရပ်မနား အားထုတ်ရမည်’ ဆိုတာ ဘာအဓိပွာယ်လဲ” ဆရာကြီးလင်းသည် မေးမြန်းလိုက်သည်။

ရှမ့်လန်က ဖြေလိုက်သည်။ “မိုးမြေလောကဓာတ်ကြီးရဲ့ လည်ပတ်လှုပ်ရှားမှုက အဆုံးမရှိ လည်ပတ်နေတာဖြစ်ပြီး ဘယ်အရာကမှ တားဆီးမရပါ။ ဒါကြောင့် လူကြီးလူကောင်းတစ်ယောက်ဟာ မိုးမြေရဲ့နိယာမကို အတုယူပြီး အမှီအခိုကင်းစွာ မိမိဘာသာ ရပ်တည်ကြိုးစားကာ မရပ်မနား တိုက်ပွဲဝင်ရမယ်လို့ ဆိုလိုခြင်းပဲ”

ဆရာအိုကြီးက ထပ်မံကာ မေးမြန်းလိုက်၏။ “ဝံ့ကြွားတတ်တဲ့ နဂါးတစ်ကောင်က နောင်တတရားနဲ့ ကြာကြာ မနေဘူးတဲ့။ ဒါ ဘာကို ဆိုလိုတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “နဂါးတစ်ကောင်သည် အမြင့်ဆုံးသို့ ပျံတက်သွားလျှင် နောင်တရစမြဲပါပဲ။ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် အထွတ်အထိပ်သို့ ရောက်သွားလျှင် ပြောင်းပြန်လှန်တတ်သည့် သဘောရှိသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါမှာလည်း အစွန်းစွန်းအဖျားဖျားအထိ လိုက်လံ မလုပ်ဆောင်သင့်ဘဲ နောက်ဆုတ်ရန် နေရာတစ်ခု ချန်ထားရမည်ဟု ဆိုလို၏။”

၎င်း၏ ပြန်လည်ဖြေဆိုခြင်းသည် အလုံးစုံ မှန်ကန်လျက် ရှိနေ၏။ တစ်ချက်ကလေးမှ မမှားခဲ့ချေ။ ဆရာအိုကြီးသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ “အင်း.. ဒီကောင်လေးက ကောလဟာလတွေအတိုင်း ထုံအတဲ့ လူတစ်ယောက် မဟုတ်ဘူးလား”

သို့ပေမဲ့ ကောလဟလများသည် တကယ့်ကို ဆိုးရွားလျက် ရှိနေ၏။ အပြင်ဘက်တွင် ထိုသို့ မဟုတ်ပုံပင်။ တစ်ဖက်လူသည် သူမေးသည့် မေးခွန်းများကို လွယ်လွယ်ကူကူဖြင့် နားလည်တတ်ကျွမ်းစွာ ပြန်လည် ပြောဆိုလျက် ရှိနေ၏။ တကယ့်ကို ဉာဏ်ကောင်းသည့် လူတစ်ယောက်ကဲ့သို့ပင်။ ဤအရာများသည် စာအုပ်ထဲတွင် ရှိနေသည့် အရာများကို မမှတ်မိဘဲ ဖြေဆို၍ ရလိမ့်မည် မဟုတ်ချေ။

အလွန်ခက်ခဲသည့် မေးခွန်းများကို အသုံးပြုကာဖြင့် ဤချောမောသည့် လူငယ်လေးကို စမ်းသပ်ရန် အကြံအစည် ရှိလာခဲ့၏။ ဆရာအိုကြီးက မေးမြန်းလိုက်သည်။ “ဒီနေ့ခေတ်မှာ ဥပဒေသစ်တွေက အလှည့်အပြောင်း များခဲ့တယ်။ အဟောင်းတွေနေရာမှာ အသစ်တွေ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တော်ဝင်မျိုးဆက် တော်တော် များများတို့က သူတို့ရဲ့ ပိုင်နက်မြေတွေကို ဆုံးရှုံးခဲ့ပြီး စစ်တပ်စခန်းတွေကိုလည်း ဆုံးရှုံးခဲ့တယ်။ တကယ်လို့ ပြောင်းလဲခြင်းစာအုပ်ထဲက စာသားတချို့ကို ရွေးချယ်ပြီး ဒီအဖြစ်အပျက်တွေကို ပြောပြပါဆိုရင် ဘယ်တစ်ခုကို မင်းရွေးချယ်မလဲ”

ဤမေးခွန်းသည် ခက်သည်လည်းမဟုတ်၊ မခက်သည်လည်း မဟုတ်ချေ။ ပြောင်းလဲခြင်းစာအုပ် ဆိုသည်မှာ တကယ့်ကို မှော်ဆန်သည့် စာအုပ်တစ်အုပ်ဖြစ်၏။ လက်ရှိအခြေအနေကို ဖော်ညွှန်းပြသသည့် စာသားတချို့ကို ရှာဖွေရန်ဆိုသည်မှာ တကယ့်ကို လွယ်ကူ၏။ သို့ပေမဲ့ မည်သည့်အချိန်တွင် ရှာဖွေတွေ့ရှိမည် ဆိုခြင်းမှာတော့ ခက်ခဲလှချေ၏။

ရှမ့်လန်သည် ခဏလောက် စဉ်းစားပြီးနောက် စာလုံးတစ်ခုကို မြန်မြန်ဆန်ဆန် တွေးတောမိ၏။ ဤနေရာတွင် စိတ်ပညာပိုင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်လျက် ရှိနေပြီး ရွှဲ့ပြည်နယ်၏ နိယာမ၊ စည်းမျဉ်းဥပဒေ အသစ်များ အကြောင်းကို ဖော်ညွန်းရန် အကောင်းဆုံးအရာပင် ဖြစ်သည်။

ဆရာအိုကြီးက ပြောလိုက်၏။ “အင်း.. မင်း မတွေးနိုင်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ ဒီမေးခွန်းက နည်းနည်း ခက်ခဲတယ်။ ပြီးတော့ နက်နဲတာပေါ့”

ရှမ့်လန်သည် ပါးစပ်ကို ဟကာဖြင့် ပြောလိုက်သည်။ “ထွက်သွားပြီး ပြန်မလာဟူ၍ မရှိ၊ ဤကား မိုးနှင့်မြေ၏ နယ်နိမိတ်ပင်တည်း။”

ဆရာအိုကြီးသည် ပထမ ကြောင်အသွား၏။ ပြီးနောက် သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ကောင်းတယ်၊ ကောင်းတယ်”

ဆရာအိုကြီးသည် ရုတ်တရက်ဆိုသလို စားပွဲကို ထုနှက်လိုက်၏။ သူ တကယ်ပင် စိတ်လှုပ်ရှားလို့ နေ၏။ ပြီးနောက် ရှမ့်လန်ရှေ့ဆီသို့ လှမ်းလျှောက်လာကာ ပြောလိုက်သည်။

“ကောလဟလတွေက တကယ့်ကို ဆိုးရွားခဲ့တယ်။ ဒါပေမဲ့ မင်းက တကယ့်ကို ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်နေတာကိုး သခင်လေးရှမ့်.. မင်းရဲ့စကားလုံးတွေက ငါ့ရဲ့ အရိုး၊ အသားထဲအထိ ထွင်းဖောက် စေခဲ့တယ်။ မင်းလို လူငယ်တစ်ယောက်ရဲ့ ပါးစပ်ထဲက ဒီလိုစာသားမျိုး ထွက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မြို့စားကြီးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တကယ့်ကို ကောင်းတဲ့စာလုံးပဲ။ ငါတောင် မစဉ်းစားမိဘူး”

ဆရာအိုကြီးသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ မင်းပြောတာကို ကြားပြီးတဲ့နောက်မှာ မြို့စားအိမ်တော်ရဲ့ လက်ရှိအခြေအနေကို ဖော်ညွှန်းနိုင်တဲ့ တခြားစာသား မရှိတော့ဘူးဆိုတာကို ငါနားလည်သွား ခဲ့တယ်။ ကောင်းတယ်။ ကောင်းတယ်”

ဆရာအိုကြီးသည် လက်ခုပ်လက်ဝါးတီးကာဖြင့် ပြောလိုက်သည်။ “ဒီလို ဉာဏ်ကောင်းတဲ့ ကလေးမျိုးက ဒီအတန်းထဲမှာတောင် ပေါ်မလာသင့်ဘူး”

ဆရာအိုကြီး၏ ချီးကျူးမှုသည် မိနစ်အနည်းငယ်ပင် ကြာမြင့်ခဲ့၏။

အတန်းထဲတွင်ရှိနေသည့် တခြားသော ကျောင်းသားအားလုံးသည် ဆွံ့အလျက်ရှိနေ၏။ တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောဆိုနေမိကြသည်။

“သူတို့ ဘာတွေပြောနေတာလဲ။ ငါတို့ တစ်လုံးမှ နားမလည်ပါလား”

“ငါလည်း နားမလည်ဘူး”

“ဒါဆိုရင် ရှမ့်လန်က ဘာတွေပြောခဲ့တာလဲ”

“ဘယ်လိုလုပ် သိမှာလဲ”

“ဆရာအိုကြီးက ဘယ်သူ့ကိုမှ ချီးကျူးဖူးတာ မဟုတ်ဘူးလေ။ ဒီတော့ ဆရာအိုကြီး ရူးသွားတာလား မသိဘူး”

“အင်း... ရူးသွားတာပဲ ဖြစ်လိမ့်မယ်”

သို့ပေမည့် ဆရာအိုကြီးသည် ရူးသွပ်သွားခြင်း မဟုတ်ချေ။ ဆရာအိုကြီးသည် ရှမ့်လန်နှင့်ပတ်သက်၍ အလွန်အမင်း သဘောကျနေခြင်းပင်။

ထွက်သွားပြီး ပြန်မလာဟူ၍ မရှိ၊ ဤကား မိုးနှင့်မြေ၏ နယ်နိမိတ်ပင်တည်း။

ဤစကားစုသည် ဘာကို ဆိုလိုသနည်း။ လောကကြီးတွင်ရှိသည့် အရာအားလုံးကို ဖော်ညွှန်းပြသနေ၏။ အရာအားလုံးသည် နောက်ပြန် သွား၍ မဖြစ်နိုင်ချေ။ အရာအားလုံးသည် အရှေ့ဆီသို့ ဆက်သွားရမှာဖြစ်ပြီး အပေါင်း လက္ခဏာ၊ အနုတ်လက္ခဏာဟူ၍ တည်ရှိနေသည် ဆိုလျှင်တောင်မှ ရင်ဆိုင်စရာရှိသည်များကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်၏။

ဤစကားစုသည် မြို့စားကြီးကို ရည်ညွှန်းရုံတင် မကဘဲ ရွှဲ့ပြည်နယ် မင်းကြီးကိုလည်း ရည်ညွှန်းလျက် ရှိနေ၏။ မင်းကြီးသည် ဥပဒေသစ်များကို ထုတ်ကာဖြင့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ရန် ကြိုးစားနေ၏။ ထိုလုပ်ရပ်သည် တကယ်ပင် အလုပ်ဖြစ်ပြီး ၎င်း၏ လက်ထဲရှိ အာဏာနှင့် ဩဇာသည် ခိုင်မြဲနိုင်ပါမည်လော။ အရာအားလုံးသည် အကျိုးနှင့်အကြောင်း တည်ရှိသည်။

ရွှဲ့ပြည်နယ်သည် အလွန်အားကောင်းသည် ဆိုသော်လည်း တော်ဝင်ရင်နိုင်ငံတော်၏ အဆက်အစပ် တည်နေရာလေး တစ်ခုသာဖြစ်ကြောင်း သိရှိသင့်၏။ တော်ဝင်မျိုးနွယ်ဟောင်းများ၏ ပိုင်နက်မြေများကို သိမ်းပိုက်လိုက်ခြင်းအားဖြင့် တော်ဝင်ရင်အင်ပါယာသည် ရွဲ့ပြည်နယ်မင်းကြီး၏ လက်ထဲတွင် ရှိသည့် အာဏာများ ကို လာရောက် လုယက်လျှင် လုယက်လာနိုင်၏။

ယနေ့ မုဆိုးသည် မနက်ဖြန် သားကောင် ဖြစ်သွားနိုင်၏။ ကိုယ်ပိုင်ထောင်ချောက်ထဲ၌ မိသွားသည် ဆိုပါက မည်သို့လုပ်မည်နည်း။ ထို့ကြောင့် မင်းကြီးအနေနှင့် အရာကိစ္စများကို အဆုံးစွန်ထိမပြုလုပ်ရန် လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့် ရှမ့်လန်၏ စာသားသည် အရာအားလုံးကို ဖော်ညွှန်းပြသနေသည့် စာသားဖြစ်ပြီး တကယ့်ကို ကောင်းမွန်သည့် အရာမျိုးပင်။

All Chapters