← Chapters

ပုရွက်ဆိတ်တွေ

Vol. 12 Ch. 1139

ပုရွက်ဆိတ်တွေ

Vol. 12 Ch. 1139

ထိုအချိန် ကမ္ဘာ အပြင်ဘက် လေဟာနယ်ထဲ၌ နတ်ဘုရား မင်းသားများသည် ကောင်းကင် သားရဲမျိုးဆက်တို့ ပြေးဆွဲသော စစ်ရထားများ အတွင်း၌ ထိုင်နေခဲ့ကြသည်။ သူတို့သည် ကမ္ဘာပေါ်ရှိ မြောက်ပိုင်းချုံး တောင်ထိပ် ရှိရာ နေရာသို့ အေးစက်စွာ ကြည့်နေခဲ့ကြလေ၏။

"ချန်းပေ့ရွှမ်းက မင်းသားရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်မလား ငါ သိချင်နေပြီ"

ကျိုးကျန်းက ပြုံးရင်း ပြောလိုက်၏။ ကျို့ကျန်း၊ ကျိုးယုတို့နှင့် အတူ နတ်ဘုရား မင်းသား ရှစ်ယောက်သည် ထာဝရဂိုဏ်း ခုနစ်ဂိုဏ်း၌ အစွမ်း အထက်ဆုံး အရှင်သခင်များ ဖြစ်ကြသည်။

သူတို့သည် ရီချင်နှင့် အပိုလို နတ်ဘုရား မင်းသား တို့ကဲ့သို့ မဟုတ်ကြချေ။ သူတို့သည် ထာဝရ ဂိုဏ်းများအား ကိုယ်စား ပြုကာ မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲဖူးသည်။ သူတို့ကား တိုက်ပွဲဝင်ရန် အမြဲတမ်း စိတ်အား ထက်သန်ကြသူများ ဖြစ်ကြပေသည်။

အတောင်ပံ နှစ်ဖက်ကို ပိုင်ဆိုင်ကာ ဂလက်စီများ ဝန်းရံထားသည့် နတ်ဘုရား မင်းသားက အနည်းငယ် ရယ်မော လိုက်လေသည်။

"ဟဟ… ငါတော့ သူ လက်ခံမယ်လို့ မထင်ဘူး… သူက အရမ်း ခေါင်းမာလွန်းတယ်လေ"

သူကား ဝူကျိဂိုဏ်း၏ ဒုတိယ နတ်ဘုရား မင်းသား ဝမ်ဝေပင် ဖြစ်လေသည်။

သူသည် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည့် "ယင်ယန် မျက်လုံး" ကို ပိုင်ဆိုင်ထားသည်။ ကောလဟာလများ အရဆိုလျှင် သူ၏ မျက်လုံးများသည် နတ်ဘုရားများ၊ တစ္ဆေများ အပါအဝင် အရာရာကို ဖြတ်သန်းကာ မြင်နိုင်သည်ဟု ဆိုကြသည်။

သို့သော်လည်း ဝမ်ဝေ၏ အစစ်အမှန် စွမ်းအားကား သူ၏ နောက်ကျောရှိ ငွေရောင် တောင်ပံ တစ်စုံပင် ဖြစ်ပေသည်။ ထိုအရာများသည် သဘာဝ ဝိညာဉ် ရတနာဖြင့် ပြုလုပ်ထားသည့် "ရတနာ တောင်ပံများ" ဖြစ်ကြပေသည်။ ထိုတောင်ပံများသည် ထိပ်တန်း ကောင်းကင် ရတနာများနှင့်ပင် နှိုင်းယှဉ် နိုင်ကြပေသည်။

တိုင်ချူ နတ်ဘုရား နယ်မြေ နတ်ဘုရား မင်းသားက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်… သူက အရမ်းကို ခေါင်းမာတယ်… သူက မိုးပြိုကျရင်တောင်  အန်တုနိုင်မယ်လို့ တွေးနေမယ့် လူမျိုး… ဒါပေမဲ့ အဲဒါက ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်ဖို့ ကြိုစားနေတာနဲ့ အတူတူပဲ… သူ့မှာ ဘယ်လို ဝှက်ဖဲ၊ ဘယ်လို နတ်ဘုရား စွမ်းအားပဲ ရှိရှိ ငါတို့နဲ့ ရင်ဆိုင်တဲ့ အခါမှာ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"

"အမှန်ပဲ…"

နတ်ဘုရား မင်းသား အကုန်လုံးမှာ သဘောတူစွာ ခေါင်းများ ညိတ်လိုက်ကြသည်။

ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် အပိုလို နန်းတော်၏ မဟာ နတ်ဘုရား မင်းသား ချင်ဖန်းက ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်လေ… ငါ သူ့ကို အခွင့်အရေး ပေးပြီးပြီပဲ… လက်ခံမလား မခံဘူးလား ဆိုတာက သူ့ဘာသာ ရွေးချယ်ရမှာ… တကယ်လို့ သူသာ လက်မခံဘူး ဆိုရင် ငါတို့ တပ်မဟာတွေ ဆင်းသက်ပြီး မြောက်ပိုင်းချုံးကို ဖျက်ဆီးပစ်မယ်… အမှန် အတိုင်းပြောရရင် အဲဒီ ချန်းပေ့ရွှမ်းကို ငါ စိတ်ဝင်စားမိတယ်… သူက ရွှေအမြုတေ အဆင့်နဲ့တင် ရီချင်ကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတော့ သူ့ရဲ့ ပါရမီက တကယ် အံ့မခန်းလို့ ဆိုနိုင်တယ်"

အပိုလို နန်းတော်၏ ပထမ နတ်ဘုရား မင်းသားသည် အပိုလို နန်းတော် အင်ပါယာ၏ ဆက်ခံသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်း အင်ပါယာ၏ သွေးများဖြင့် စီးဆင်းနေသည်။ သူသည် အပိုလို နန်းတော် ရွှေမိသားစု၏ "ရွှေငှက် မျိုးဆက်သွေး" ကို ပိုင်ဆိုင်ထားရာ ပြိုင်ဘက်ကင်းလှပေသည်။ နှစ်ပေါင်း လေးသောင်း အသက်ရှင်သန် ထားသည့် မွန်းစတားအိုကြီးများ ပင်လျှင် သူ့အား ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဟူး… ဟူး…"

ချင်ဖန်း၏ လက်များသည် စစ်ရထား ဆွဲကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ ပေတစ်ရာကျော် ကြီးမားသည့် အတောင်ကိုးဖက်ပါ မီးဖီးနစ်သည် သူ၏ စစ်ရထားကို ဆွဲထားသည်။ ချင်ဖန်း၏ မျက်လုံးများသည် ကီလိုမီတာ များစွာကို ဖြတ်ကျော်လျှက် ချန်းဖန်အား ခံစားချက် ကင်းမဲ့စွာ ကြည့်နေခဲ့လေ၏။

သူသည် ချန်းဖန်၏ ဆုံးဖြတ်ချက်ကို အလေးအနက်ထားခြင်း မရှိချေ။ အကယ်၍ သူ၏ လက်အောက်သို့ ခိုဝင်ရန် ရွေးချယ်ပါက သူသည် စစ်တပ်ကို ရုတ်သိမ်းကာ ကြယ်ပင်လယ်သို့ ပြန်မည် ဖြစ်သည်။ အကယ်၍ ချန်းဖန်က ခုခံရန် ဆုံးဖြတ်မည် ဆိုပါကလည်း သူ့အနေဖြင့် တပ်မဟာများကို ချန်းဖန်နှင့် မြောက်ပိုင်းချုံးအား ရှင်းလင်းပစ်ရန် အမိန့်ပေးလိုက်ရုံသာ ဖြစ်ပေသည်။

အခြား နတ်ဘုရား မင်းသားများမှာလည်း တူညီသော အတွေးများ ရှိကြ၏။ ချန်းဖန်ကား သူတို့အတွက် လက်ခုပ်ထဲမှ ငါးတစ်ကောင်သာ ဖြစ်သည်။

“ချန်းပေ့ရွှမ်း... လမ်းကြောင်းက နင့်ရှေ့မှာ ရောက်နေပြီ... နင့်အသက်က နင့်လက်ထဲမှာပဲ”

ကျိုးယုက ခေါင်းအား ငုံ့ကာ ကမ္ဘာသို့ ကြည့်လိုက်လေသည်။

...

ထိုအချိန် မြောက်ပိုင်းချုံး နန်းတော် အတွင်း၌...

ချင်းရှီ၊ နဂါးအရှင်နှင့် ချန်ရှန်းဂိုဏ်းချုပ် လီယွမ်တို့သည် စိတ်များဖြင့် ဆက်သွယ်ကာ ဆွေးနွေး နေခဲ့ကြလေသည်။

“ကျွန်မအထင် ပြောရရင် နတ်ဘုရား အရှင်ချန်း အနေနဲ့ အပိုလို နတ်ဘုရားဂိုဏ်းနဲ့ ဟန်ဆောင် ပူးပေါင်းပြီး ကိုယ့်စွမ်းအားကို မြှင့်တင်သင့်တယ်လို့ ထင်တယ်”

ချင်းရှီက ပြောလိုက်လေသည်။

“ဟမ့်... နတ်ဘုရား အရှင်ချန်းက မြင့်မြတ်တဲ့ လူပဲ... သူက ဘာလို့ အပိုလို နန်းတော်လို ဂိုဏ်းလေး တစ်ခုဆီမှာ ခစားမှာလဲ”

နဂါးအရှင်က နှာခေါင်းရှုံ့လိုက်၏။ သူ၏ အမြင်အရဆိုလျှင် ချန်းပေ့ရွှမ်းမှာ စကြဝဠာ၏ နံပါတ်တစ် ဂိုဏ်းကြီး တစ်ခု ဖြစ်သည့် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး၏ တပည့် ဖြစ်သည်။ သို့ဖြစ်လေရာ ချန်းဖန်တွင် ဝှက်ဖဲများစွာ ရှိမည်မှာ သေချာပေသည်။ နောက်ဆုံး မနိုင်ခဲ့လျှင်ပင် သူ့အနေဖြင့် သူ၏ နောက်ခံကို ထုတ်ဖော် ပြောဆိုလိုက်ရုံသာ ရှိသည်။ သူ၏ အဆင့်အတန်း အမှန်ကို သိပါက နတ်ဘုရား မင်းသားများ မဆိုထားနှင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူကြီးများပင်လျှင် တုန်ရီကာ အလိုအလျောက် ဒူးထောက်လာကြလိမ့်မည် ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ဂရုစိုက်တာ ကောင်းတယ်... ချင်ဖန်း၊ ဝမ်ဝေ့၊ ကျိုးကျန်းနဲ့ ကျိုးယုတို့က ဒီမျိုးဆက်ရဲ့ အစွမ်း အထက်ဆုံး နတ်ဘုရား မင်းသားတွေလို့ ဆိုနိုင်တယ်... သူတို့က သာမန် နတ်ဘုရား မင်းသားတွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်... နတ်ဘုရားအရှင်က အခုမှ ရွှေအမြုတေ အဆင့်ပဲ ရှိသေးတာ ဆို‌တော့ သူတို့နဲ့ တိုက်ခိုက်တာက အရဲစွန့်ရာ ကျတယ်”

လီယွမ်က ဆိုလိုက်လေ၏။ ထိုသို့ဖြင့် လူတိုင်းသည် အပိုလို နန်းတော်၏ ကမ်းလှမ်းချက်ကို ချန်းဖန် လက်ခံသင့် မခံသင့် ဆွေးနွေးနေကြသည်။ အားရှို့သည် လက်သီးကို တင်းတင်းဆုပ်ကာ ချန်းဖန်အား ငေးကြည့် နေခဲ့လေသည်။ သူမ၏ လှပသော မျက်ဝန်းလေးများထဲတွင်မူ ကြောက်ရွံ့မှု တစ်ခုက နေရာယူ နေခဲ့လေသည်။

နတ်ဘုရား ဗိုလ်ချုပ် နရန်မှာ ဆက်လက် မစောင့်နိုင်တော့ချေ။ သူက မျက်မှောင်ကြုတ်ကာ ချန်းဖန်အား ကြည့်လိုက်၏။

“ချန်းပေ့ရွှမ်း... မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ... နတ်ဘုရား မင်းသားတွေရဲ့ ကြင်နာမှုကို မင်း လက်ခံမှာလား”

“ဟဟ...”

ချန်းဖန်က အေးစက်စက် ရယ်မောရင်း ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်အား မော့ကြည့်လိုက်လေသည်။

“နတ်ဘုရား မင်းသားတွေ ဟုတ်လား... ငါ့အတွက်တော့ ပုရွက်ဆိတ် အုပ်စု တစ်စုပါပဲ”

“ဘာကြီး...“

လူတိုင်းမှာ ချန်းဖန်၏ စကားကို ကြားကာ ဆွံ့အ သွားကြသည်။ ကောင်းကင်ရှိ နတ်ဘုရား မင်းသားများ ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့သည် ချန်းပေ့ရွှမ်း မောက်မာကြောင်း သိရှိ ထားပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ကိုပင် ပုရွက်ဆိတ် အုပ်စု ဟု မြင်သည့် အထိ မိုးမမြင်၊ လေမမြင် မောက်မာလိမ့်မည်ဟူ၍ စဥ်းပင် မစဥ်းစား ခဲ့မိချေ။

“သွားကြစို့... ဘာမှ ကြည့်စရာ မရှိတော့ဘူး”

အထီးကျန် သူရဲကောင်း စွန်းယုဖုန်းက ခေါင်းခါကာ ကျန်းဖေးဖေးအား ဆွဲလျှက် တံခါး အပြင်ဘက်သို့ ထွက်လိုက်သည်။

ကံကြမ္မာကား ချမှတ်ပြီးသွားပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းသည် သေရန် ရွေးချယ်ခဲ့ရာ မိုးနတ်မင်းပင် သူ့အား ကယ်တင် နိုင်တော့မည် မဟုတ်ချေ။

“ဘုန်း... ဘုန်း... ဘုန်း...”

ကောင်းကင်၌ တစ်သိန်းသော စစ်သည်‌တော်များသည် လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြ၏။ ကောင်းကင် သားရဲ မျိုးဆက်များသည် နှာခေါင်းများမှ မီးခိုးများကို မှုတ်ထုတ် နေကြသည်။ သူတို့သည် အချိန်မရွေး လှုပ်ရှားကာ ကမ္ဘာပေါ်ရှိ သန်း‌ပေါင်းများစွာသော လူများကို သတ်ဖြတ်ရန် တာဆူ နေကြပြီ ဖြစ်လေသည်။

“ကောင်းပြီလေ... ဒါဆိုလည်း ကမ္ဘာကြီး သွေးအိုင်အဖြစ် ပြောင်းလဲ သွားတာကိုပဲ ကြည့်ရတော့တာပေါ့.. တပ်မဟာတွေ ဆင်းသက်လာမှ မင်း နောင်တ မရနဲ့”

နရန်က ခေါင်းခါကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင်ပင် ရုတ်တရက် အသံတစ်ခုသည် သူ၏ နောက်မှ ထွက်ပေါ် လာနေ၏။

“နရန်... ငါမရှိတုန်းမှာ ငါ့ရဲ့ မြောက်ပိုင်းချုံး တစ်ခုလုံး နီးပါးကို ဖျက်ဆီးပစ်ခဲ့တယ်... အခု မင်းက ပြန်ထွက်သွားနိုင်မယ် လို့ ထင်နေတာလား”

“ဘာလဲ... မင်းက ငါ့ကို သတ်မလို့လား”

နရန်က နောက်သို့ လှည့်ရင်း ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။ အကယ်၍ ချန်းဖန်သာ သူ့အား သတ်ပစ်လိုက်ပါက နတ်ဘုရား မင်းသားများမှာ စိတ်ဆိုး ဒေါသထွက်ကြလိမ့်မည်။ ထိုအခါ သူတို့သည် တစ်ကမ္ဘာလုံးကို အမှုန့်ပင် မကျန်အောင် ဖျက်ဆီးပေလိမ့်မည်။ ချန်းပေ့ရွှမ်း အနေဖြင့် ထိုအကျိုးဆက်ကို ရင်ဆိုင်ဝံ့လိမ့်မည်ဟု သူ မထင်ချေ။

သို့သော်လည်း နောက်တစ်စက္ကန့် အကြာ၌...

“ရား...”

ချန်းဖန်၏ နောက်ရှိ နတ်ဆိုး ခြောက်ကောင်သည် ဟိန်းဟောက်ကာ နရန်အား ဝန်းရံလိုက်ကြလေသည်။ သူတို့သည် နရန်အား ထွက်ပေါက် မရှိအောင် အဖက်ဖက်မှ ပိတ်ဆို့ထားကြ၏။ နရန်၏ မျက်နှာက ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ ထိုနတ်ဆိုး တစ်ကောင်ချင်းစီကား သူနှင့် တန်းတူ အစွမ်းထက်ကြသည်။ သူ့အနေဖြင့် ထိုခြောက်ကောင်ကို ကျိန်းသေ ရင်မဆိုင်နိုင်ချေ။

"စားပစ်လိုက်…"

ချန်းဖန်က အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုး ခြောက်ကောင်မှာ နရန်ကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဆွဲဖဲ့ လိုက်ကြတော့သည်။

"ဟီးဟီး…"

ဝိညာဉ်စားမျောက်သည် ပျော်ရွှင်စွာ ရယ်မောရင်း ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားနေသော နရန်၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။ ထို့နောက် သူသည် ထိုအရာကို ပါးစပ်ထဲသို့ ထိုးထည့်ကာ ပလုပ်ပလောင်းဖြင့် ဝါးစားလိုက်တော့၏။

ချန်းဖန်သည် အစမှ အဆုံးထိ လေထဲကိုသာ ငေးမော ကြည့်နေခဲ့သည်။ သူသည် နတ်ဘုရား ဗိုလ်ချုပ် နရန်ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

ထို့နောက်…

"လာစမ်း…"

ချန်းဖန်၏ ကိုယ်ပွားသည် ခြေဖနှောင့်အား မြေပြင်သို့ ဆောင့်နင်းကာ ခြေထောက် သုံးချောင်းနှင့် လက်ကိုင် နှစ်ခု ပါသော အလွန် ကြီးမားသည့် မှော်ဆေးအိုး အသွင်သို့ ပြောင်းလဲလိုက်သည်။

"ဘုန်း…"

မှော်ဆေးအိုးသည် မိုးကြိုးကဲ့သို့ ထစ်ခြုန်းသံများနှင့် အတူ ကောင်းကင်သို့ ပျံတက် သွားလေသည်။ ထို့နောက် ၎င်းသည် ရွှေရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲ၍ မရပ်တန့်နိုင်သော စစ်နတ်ဘုရား တစ်ပါး အလား တပ်မဟာများထံ တိုးဝင် သွားလေတော့၏။

"ဘုန်း…"

မှော်ဆေးအိုးသည် များစွာသော ကောင်းကင် စစ်သည်တော်များကို ထောပတ်အလား ဖြတ်သန်းသွား၏။ အရိုးများသည် ရိုးကြေ သွားကာ သွေးများမှာ နေရာအနှံ့ ကြဲပြန့် သွားလေသည်။

ထိုအခိုက်အတန့်၌ ကမ္ဘာပေါ်ရှိ လူတိုင်းသည် ဆွံ့အ နေကြလေ၏။ နတ်ဘုရား မင်းသားများနှင့် လင်းယွင်တို့၏ မျက်လုံးများမှာ ပြူးထွက် နေကြသည်။ သူတို့သည် တစ်သိန်းသော စစ်သည်များ ပါဝင်သည့် စစ်တပ် တစ်ခုကို ချန်းဖန် တည့်တိုး ဝင်ရောက် တိုက်ခိုက်နိုင်လိမ့်မည် ဟု ထင်မှတ် မထားခဲ့ချေ။

ဝမ်မိသားစု၏ ဝမ်ရွှမ်လုံ တစ်ယောက်သာလျှင် ပေါင်များကို ရိုက်ကာ ထအော်ဟစ်လိုက်လေသည်။

“ကောင်းတယ်ဟေ့... ဒါမှ ချန်းပေ့ရွှမ်း... ငါတို့ သိထားတဲ့ နတ်ဘုရား အရှင်ချန်း”

"မင်းတို့ ဘယ်လောက်ပဲ တားဖို့ ကြိုးစား ကြိုးစား… သူက တစ်ယောက်တည်းနဲ့ အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်တယ်”

***

All Chapters