← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

“ပါရမီရှင် တကယ့်ကို ပါရမီရှင်ပဲ”

မြို့စားအိမ်တော်မှ ဆရာအိုကြီး ၏မျက်လုံးထဲတွင်တော့ စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ၎င်းသည် တကယ့်ပါရမီရှင်အားလုံးကို မြင်တွေ့ခဲ့ဖူးသူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်လောက် တော်ခြင်းမရှိဟု သူက သတ်မှတ်ခဲ့မိ၏။ တကယ့်ပါရမီရှင်ဆိုသည်မှာ ဤကဲ့သို့ ကြီးမားသည့် ဉာဏ်ပညာကို ပြည့်စုံသူပင် ဖြစ်ပေလိမ့်မည်။

မယုံကြည်ရသည့် အလှည့်အပြောင်းများကို နားလည်ပြီး ကောင်းမွန်သည့် အခြေအနေကို ကျော်ဖြတ်နိုင်စွမ်းရှိသူသည် သခင်လေးရှမ့်လန်ပင် ဖြစ်ပေမည်။ လမ်းမှားကို မရောက်ခဲ့ပါက ကျိန်းသေပေါက် မိသားစုအား ကြီးမားသည့် နေရာတစ်ခုဆီသို့ ဆွဲခေါ်သွားနိုင်သည့် လူမျိုးပင်ဖြစ်ပေမည်။

နတ်ဘုရားသည် ၎င်းကိုလှပသည့် မျက်နှာတစ်ခု ပေးအပ်ရုံတင်မက ကြီးမားသည့် ဦးနှောက်ကိုလည်း ပေးအပ်ခဲ့၏။ သူ့အနေနှင့် သခင်လေးရှမ့်အကြောင်း ပတ်သက်ပြီး မြို့စားကြီးကို ပြောရန် ဆုံးဖြတ်လိုက်၏။ ပတ္တမြားအား နွံနစ်စေ၍ မဖြစ်ချေ။

အတန်းပြီးသွားချိန်မှာတော့ ဆရာအိုကြီးလင်းသည် နှမြောတသစွာဖြင့် ထွက်ခွာသွားခဲ့၏။ အတိတ်တုန်းက သူသည် ဤအရူးများကို သင်ကြားပေးပြီးပါက အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာသွားတတ်သည့် လူတစ်ယောက် ဖြစ်၏။ ဤနေရာတွင် ဆက်လက်နေထိုင်ခြင်းသည် သူ၏အချိန်ကို ဖြုန်းခြင်းဟုပင် သတ်မှတ်ထားသူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် ယနေ့အချိန်မှာတော့ အတန်းထဲ၌ ရှမ့်လန် တည်ရှိလို့နေ၏။ ထို့ကြောင့် ဤနေရာတွင် နေထိုင်ခြင်းသည် ရွှေကဲ့သို့ပင် တန်ဖိုးကြီးမားသည်ဟု သူကထင်မှတ်မိ၏။

......

အတန်းပြီးနောက် ကျင်းမူကုန်းသည် ရှမ့်လန်ကို မနာလိုဝန်တိုစွာဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ရှမ့်လန်.. ခင်ဗျားဆီမှာ တခြားသူငယ်ချင်း ရှိလား”

“မရှိဘူး” ရှမ့်လန်က ဖြေလိုက်၏။

ကျင်းမူကုန်းက ပြောလိုက်သည်။ “ဒါဆိုရင် မင်းဆီမှာ ဘာလို့သူငယ်ချင်း မရှိတာလို့ထင်လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ငါက အရမ်းကို ချောတယ်လေ။ ဒါကြောင့် လူတွေအားလုံးက ငါနဲ့တူတူ နေမယ်ဆိုရင် မှေးမှိန်သွားကြတာပေါ့။ ငါ့ကို လူတွေက မနာလိုဖြစ်ကြတယ်။ ဘယ်လိုလုပ် ငါ့ဆီမှာ မိတ်ဆွေ သူငယ်ချင်း ရှိမှာလဲ”

မြို့စားသား ကျင်းမူကုန်းသည် မည်သို့မျှ မနေနိုင်တော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ အဘယ့်ကြောင့်မှန်း သူမသိချေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်မိ၏။ ရှမ့်လန်၏ နံရံပေါ်တွင် ရေးသားထားသည့် ရန်သူနာမည်များကို ပြန်လည်ကာ စဉ်းစားမိပြီးနောက် မြို့စားသားသည် တကိုယ်လုံး တုန်ယင်သွားမိ၏။ လက်သီးကို အသာဖြေလျော့ကာဖြင့် ပြောလိုက်သည်။ “အင်း... ကျုပ် ခင်ဗျားနဲ့အတူ မထိုင်ချင်တော့ဘူး”

ကျင်းမူကုန်းသည် အနောက်ဘက်သို့ ရွေ့ပြောင်းသွားသည်။။ ရှမ့်လန်သည် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ လူငယ်အားလုံးတို့သည် လက်ညိုးညွှန်ကာဖြင့် တီးတိုးပြောဆိုလျက်ရှိနေ၏။

“ဟမ့်... ဘာတွေဟန်ထုတ်နေတာလဲ။ သူက တကယ်တော်တာမျိုး ဟုတ်လို့လား။ တကယ်တော်တယ်ဆိုရင် ဘာလို့ အင်ပါရီယာစာမေးပွဲ သွားမဖြေရတာလဲ။”

“ဒါက အမှန်ပဲ။ အစွမ်းအစရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အိမ်ပါသားမက်ဖြစ်လာမှာလဲ။ သူက မိန်းကလေးတွေ ကြိုက်နှစ်သက်အောင်လုပ်တဲ့ ဖာခေါင်းသာသာပဲလေ။ ဘာတွေအထင်ကြီးစရာ ရှိနေလို့လဲ”

ရှမ့်လန်သည် ထိုစကားလုံးများကို ကြားရချိန်မှာတော့ အကူအညီမဲ့သလိုပင် ခံစားနေမိ၏။ သူ၏ ကြီးမားလှသည့် ဂုဏ်ကျက်သရေသည် အားလုံးသောသူတို့ဆီသို့ ပျံ့နှံ့ပြီးပြီ ဖြစ်၏။ ကြောက်မက်ဖွယ်ရာပင်။

....

နောက်ထပ်တစ်ချိန်မှာတော့ ဂဏန်းသင်္ချာ သင်ရပေမည်။ အင်ပါရီယာစာမေးပွဲ၌ ဖြေဆိုရန် လိုအပ်သည့် ဘာသာရပ်မျိုးမဟုတ်ချေ။ သို့ပေမဲ့ တော်ဝင်မျိုးနွယ် တော်တော်များများတို့သည် ထိုအရာကို မဖြစ်မနေ သင်ကြားရ၏။ ထို့ကြောင့်ပင် ရွှမ်ဝူအိမ်တော်တွင် ဂဏန်းသင်္ချာဘာသာရပ်သည် ကျိန်းသေပေါက် သင်ကြားရသည့် အရာမျိုး ဖြစ်သလို အလွန်အရေးကြီးသည့် အရာလည်းဖြစ်နေခြင်းပင်။

မြို့စား၏အကြံပေးလည်းဖြစ်သော ရှစ်ဝမ်ကျောင်းသည် မြို့စားအိမ်တော်၏ ငွေကြေးများကိုလည်း စီမံခန့်ခွဲသူ တစ်ယောက်ဖြစ်ပြီး သင်ကြားပြသသူ ဆရာတစ်ယောက်လည်းဖြစ်၏။ ၎င်းသည် ဤနေရာတွင် အခွင့်အာဏာတော်တော်များများကို ပိုင်ဆိုင်ပြီး မောက်မာကာ အားလုံးသောသူတို့ကို အထင်အမြင် သေးသည့် မျက်လုံးများနှင့် ကြည့်ရှုတတ်၏။

ထို့အပြင် လူတော်တော်များများတို့သည် ဂဏန်းသင်္ချာတွင် ကျွမ်းကျင်သည် မဟုတ်ချေ။ ၎င်းသည် ရွှမ်ဝူမြို့၏ အတော်ဆုံးသော သင်္ချာကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပြီးနောက် မြို့စားအိမ်တော်တွင် အတော်ဆုံးသော သင်္ချာဆရာ ဖြစ်လာခဲ့သည်။

အတန်းထဲသို့ လှမ်းလျှောက်ဝင်လာသည့် အချိန်မှာတော့ ၎င်းသည် ပထမဦးဆုံး ရှမ့်လန်ကို မြင်လိုက်ရ၏။ မည်သို့မျှ မနေနိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် သွားလေရာနေရာတိုင်းတွင် အလွန်ထင်ရှားကာ ချောမောနေသည် မဟုတ်ပါလား။ ရှစ်ဝမ်ကျောင်း၏ မျက်လုံးထဲတွင် ဒေါသ၏အရိပ်အငွေ့များ ဖြစ်တည် လာခဲ့၏။

အမြင်စူးရှလှသည့် ရှမ့်လန်ကလည်း ထိုအရာကို သတိပြုမိ၏။ သူသည် ထက်ရှလှသည့် ရှစ်ဝမ်ကျောင်း၏ အကြည့်များကို ရင်ဆိုင်ရချိန်မှာတော့ ထိုအရာသည် တကယ့်ကို နက်နဲသည့်အခြေအနေမျိုး ဖြစ်ကြောင်း နားလည်လိုက်မိသည်။

အဘယ့်ကြောင့်နည်း။ ထိုအကြည့်များ၏ အဓိပ္ပာယ်သည် မနာလို ဝန်တိုခြင်းများ ပေါ်ပေါက်လျက် ရှိ၏။

မဟုတ်ချေ။ ရှစ်ဝမ်ကျောင်းသည် အသက်ငါးဆယ်ကျော်ခဲ့ပြီဖြစ်ပြီး ကျင်းမူလန်နှင့်ပတ်သက်၍ မည်သည့် စိတ်ကူးစိတ်သန်းမှ ရှိနေလိမ့်မည် ဟုတ်ချေ။ တစ်ဖက်လူကဲ့သို့ ဂဏန်းသင်္ချာသမားသည် အသက်အရွယ်ကို ကောင်းကောင်း နားလည်နေမည်မှာ သေချာသည်။

ထို့အပြင် ရှမ့်လန်အနေနှင့် ထိုသူနှင့် တစ်ခါမှလည်း မတွေ့ခဲ့ဖူးချေ။ သူတို့နှစ်ယောက်၏ကြားတွင် တိုက်ရိုက် ပဋိပက္ခမျိုး တစ်ခါမှမဖြစ်ပွားခဲ့ဟု သတ်မှတ်ရပေမည်။ ထို့ကြောင့် ရှမ့်လန်သည် အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

......

ရှစ်ဝမ်ကျောင်းသည် အထဲသို့ လျှောက်ဝင်လာခဲ့ပြီးနောက် ရှမ့်လန်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် မည်သည့်စကားကိုမှ မဆိုချေ။ ရှမ့်လန်ကိုလည်း ဘာမှမလုပ်ချေ။ သူ၏သင်ခန်းစာကို စတင်ကာ ပို့ချတော့သည်။

ရှမ့်လန်သည် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။၊ အဘယ့်ကြောင့်ဆိုသော် ရှစ်ဝမ်ကျောင်း၏ သင်ခန်းစာများသည် အလွန်ရိုးရှင်းလွန်းသောကြောင့်ပင်။ ငါးတန်းအဆင့် ကျောင်းသားပင်လျှင် ထိုအရာကို ကောင်းကောင်း ဖြေဆိုနိုင်၏။ အရာအားလုံးတို့၌ မြှောက်ခြင်း၊ စားခြင်းတို့သာ ပါဝင်လျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်သည် စိတ်ပါဝင်စားမှု မရှိတော့ချေ။

“ရှမ့်လန် အခုမတ်တပ်ရပ်စမ်း”

ရုတ်တရက် သင်ခန်းစာများကို ပို့ချလျက်ရှိသည့် ရှစ်ဝမ်ကျောင်းသည် ရုတ်တရက် အော်ဟစ်လိုက်၏။ သူ၏ အသံသည် ရုတ်တရက်ဆန်လွန်းပြီး ကျယ်လောင်လွန်းသောကြောင့် နားထဲတွင် စူးကနဲပင်ဖြစ်သွား၏။

ရှမ့်လန်မှာတော့ အဆင်ပြေ၏။ ခပ်တည်တည်နှင့်ပင်။

အခြားသော အိပ်ငိုက်လျက်ရှိနေသည့် ကျောင်းသားများမှာတော့ ချက်ချင်းပဲ သတိဝင်သွားမိ၏။ ရုတ်တရက် ထကာ ထိုင်မိကြသည်။

ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်လျက်သားရှိ၏။ ရှစ်ဝမ်ကျောင်းသည် ပေတံကို အသာယူကာဖြင့် ရှမ့်လန်၏ရှေ့ဆီသို့ လျှောက်လာခဲ့၏။ ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်၏။ “မင်းရဲ့လက်ကိုဖြန့်စမ်း။ ငါမင်းကို ဆယ်ချက်ရိုက်မယ်”

ရှစ်ဝမ်ကျောင်းအနေနှင့် သူ့ကို အဘယ့်ကြောင့် ရိုက်နှက်ချင်သည်ဖြစ်ကြောင်း ရှမ့်လန် မသိချေ။ သို့ပေမည့် တစ်ဖက်လူ၏ စိတ်ထဲတွင် အမုန်းတရားများ တည်ရှိနေကြောင်းကို သူ ကောင်းကောင်း သိရှိနေ၏။ ထို့အပြင် တစ်ဖက်လူသည် မြို့စားအိမ်တော်ထဲတွင် တချို့သော အခွင့်အာဏာကို ပိုင်ဆိုင်သည်မှာ အချိန် အတော်ကြာမြင့်ပြီဖြစ်၏။ ထို့ကြောင့် မောက်မာလွန်းနေ၏။ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ရှမ့်လန်ကို ဖိနှိပ်ရန် ကြိုးစားလာသည်။

တစ်ဖက်လူ၏ လမ်းတစ်ခုခုကို သူ ပိတ်ပင်မိသည်မျိုး ဖြစ်နိုင်သလား။ ရှမ့်လန်သည် အခြေအနေကို ဆက်တိုက်တွေးတောကာ သုံးသပ်လျက် ရှိနေ၏။ ရှစ်ဝမ်ကျောင်းသည် ဝမ်လျှံ၏ အမျိုးအနွယ်ထဲမှ တစ်ယောက် ဖြစ်လေသည်လား။ သို့မဟုတ် မိုရီ၊ ကျင်းရှိယန်တို့၏ အဆက်အနွယ် တစ်ယောက်ယောက်များလား။

မြို့စားအိမ်တော်၏ သားမက်တော် ဖြစ်လာရန် ဇကာတင်ရွေးချယ်ခံရသည့် လူငါးယောက်ထဲမှ တစ်စုံတစ်ယောက်၏ အမျိုးအနွယ် ဖြစ်လိမ့်မည်ဟု သုံးသပ်လိုက်မိ၏။ ရှစ်ဝမ်ကျောင်း၏ အကြံအစည်ကို သူက ဖျက်စီးခဲ့မိ၏။ သူသည် တစ်ဖက်လူ နန်းပလ္လင်ပေါ်သို့ တက်မည့်အရာကို ဆွဲချခဲ့မိလေသည်လား။

ထို့အပြင် သူ့ကိုရိုက်နှက်ရန် ကျင်းမူကုန်းအား မြှောက်ထိုးပင့်ကော် ပြုလုပ်လိုက်သည့်လူသည် သူ၏ရှေ့တွင် ရှိနေသည့် ရှစ်ဝမ်ကျောင်းပင် ဖြစ်ရပေလိမ့်မည်။ ထိုသို့ဆိုပါက သူသည် ကျိန်းသေပေါက် ပြန်လည်ကာ လက်စားချေရပေမည်။

အချက်အလက်အားဖြင့် ရှစ်ဝမ်ကျောင်းသည် စိတ်သဘောထား ကျဉ်းမြောင်းသည့် လူတစ်ယောက် ဖြစ်၏။ မြို့စားကြီးဆီ၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူတစ်ယောက် ဖြစ်သောကြောင့် သူသည် အကြီးအကဲပင် ဖြစ်လာခဲ့သည်။ ထို့အပြင် ဂဏန်းသင်္ချာနှင့်ပတ်သက်လျှင် ပါရမီပါလွန်း၏။ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာမြင့်ပြီးနောက် ၎င်းသည် မြို့စားအိမ်တော်၏ စာရင်းဇယားအားလုံးကို ကိုင်ဆောင်ထားသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

မြို့စားကြီးနှင့် ၎င်း၏မိန်းမသည် စာရင်းဇယား တွက်ချက်သည့် နေရာတွင် တော်သည့်လူမျိုးမဟုတ်ချေ။ ထို့ကြောင့် သူ့အပေါ်တွင် မှီခိုရ၏။ ထို့ကြောင့် သူ၏ မလျော်ညီသည့် တချို့သောအပြုအမူများကို မြို့စားကြီးက လျစ်လျူရှုထားရသည်။ ဤအရာသည် ရှစ်ဝမ်ကျောင်းကို ပိုမိုကာ မောက်မာလာစေခဲ့၏။ ရှမ့်လန်ကိုမဆိုနှင့် ကျင်းမူကုန်း ဆိုလျှင်တောင်မှ သူသည် ရိုက်ချင်ပါက ထကာရိုက်နှက်တတ်၏။

“ဘာတွေငေးနေတာလဲ။ မင်းရဲ့လက်ကိုပေးစမ်း”

ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်ကို အော်ဟစ်လိုက်သည်။ “အင်း... ဆွေးမြေ့နေတဲ့ သစ်သားတုံးက ဘာတစ်ခုမှ ထွင်းထုလို့ မရနိုင်ဘူးဆိုတာက အမှန်ပဲ။ ငါမင်းကို ဆယ်ချက်ရိုက်ပြီးရင်တောင် မင်းက သတိဝင်မှာမဟုတ်ဘူး”

၎င်းစကားများက မှန်ကန်၏။ ထို့အပြင် ဆရာတစ်ယောက်အနေနှင့် တပည့်တစ်ယောက်ကို ရိုက်နှက် ဆုံးမသည် ဆိုခြင်းမှာ သဘာဝပင်။ သို့ပေမည့် အတန်းထဲတွင် လူပေါင်းတစ်ဒါဇင်ကျော် တည်ရှိပြီး တစ်ဝက်နီးပါးလောက်သည် အိပ်မောကျနေ၏။ ထိုသူများကို မရိုက်နှက်ဘဲနှင့် အဘယ့်ကြောင့် သူ့ကို ရွေးချယ်ကာ ရိုက်နှက်ရလေသည်လား။ ထိုအရာသည် လက်စားချေခြင်းပင်။

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီး... ကျုပ်အတန်းထဲမှာ အိပ်နေတာမဟုတ်ဘူး။ ပြီးတော့ တခြားသူတွေ နဲ့လည်း စကားပြောနေတာ မဟုတ်ဘူး။ ဘာကြောင့် ကျုပ်ကိုရိုက်ရတာလဲ”

ရှစ်ဝမ်ကျောင်းသည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “မင်း စာသင်ချိန်မှာ အာရုံမစိုက်ဘူးလေ။ ဒီတော့ မရိုက်သင့်ဘူးလား”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားသင်ပေးထားတဲ့ အရာအားလုံးကို ကျုပ်သိပြီးပြီလေ။ ဘာလို့ ကျုပ်က အာရုံစိုက်ရမှာလဲ”

ထိုစကားကို ကြားချိန်မှာတော့ ရှစ်ဝမ်ကျောင်းသည် အနည်းငယ် ဆွံ့အသွားခဲ့၏။ သူသည် မြို့စားအိမ်တော်၌ နှစ်ပေါင်းများစွာ သင်ကြားမှုကို ပြုလုပ်ခဲ့သူဖြစ်၏။ ကျောင်းသားများသည် ဂရုမစိုက်ဘူး ဆိုလျှင်တောင်မှ သူ့ကို လေးလေးစားစား ဆက်ဆံခဲ့၏။ ရှစ်ဝမ်ကျောင်းသည် သူဆန္ဒရှိသလို ရိုက်နှက် ဆူငေါက်ခြင်းကို ပြုလုပ်တတ်သည်။

သာမန်ကျောင်းသားများကိုမဆိုနှင့် ကျင်းမူကုန်းပင်လျှင် သူ၏ရိုက်နှက်ခြင်းကို သုံးကြိမ်မှ ငါးကြိမ်နီးပါးကျော် ခံစားခဲ့ရဖူး၏။ မြို့စားကြီးသည် ထိုအရာကို သိသည်ဆိုသော်လည်း စကားလုံး တစ်ခုကိုသာ ပြောဆိုခဲ့၏။

“အင်း ကောင်းတယ်။ ဆက်သာလုပ် ဆက်သာလုပ် ... ရိုက်စရာရှိတာရိုက်”

ဆရာကို လေးစားရသည်ဆိုခြင်းမှာ အကြောင်းပြချက် သက်သက်မဟုတ်ချေ။ ယခု သားမက် တစ်ယောက်သာဖြစ်သော ရှမ့်လန်သည် သူ့ကို ခွန်းတုံ့ပြန် ပြောဆိုရဲနေသည်။

“မင်း ငါ့ကိုပြန်ပြောရဲတယ် ဟုတ်လား”

ရှစ်ဝမ်ကျောင်း၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့သည်။ သူသည် အေးစက်စက် ပြောလိုက်၏။ “ဆယ်ချက် မဟုတ်တော့ဘူး။ မင်းကို အချက်သုံးဆယ် ရိုက်ရမယ်။ ပြီးတော့ ခြောက်နာရီတိတိ သူတော်စင်ကြီး ကွန်ဖြူးရှပ် ရှေ့မှာ ဒူးထောက် ထိုင်ရမယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... မလုပ်နိုင်တဲ့အတွက် ခွင့်လွှတ်ပါ”

ရုတ်တရက် ကျောင်းသားတစ်ဒါဇင်ကျော်တို့၏ လေးစားချီးကျူးသည့် အကြည့်များသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့၏။ ရှစ်ဝမ်ကျောင်းသည် တကယ်ကို ကြမ်းတမ်းသည့် ဆရာတစ်ယောက်ဖြစ်၏။ ရှမ့်လန် တစ်ယောက် ဤကဲ့သို့ ပြန်လည်ကာ ခွန်းတုံ့ပြန်ရဲလိမ့်မည်ဟု သူတို့မထင်မှတ်ခဲ့ချေ။

“ဟား ဟား ဟား”

ရှစ်ဝမ်ကျောင်းသည် ဒေါသတကြီးနှင့် ရယ်မောလိုက်မိ၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက တကယ့်ကို ခေါင်းမာလွန်းတဲ့ကောင်ပဲ။ မောက်မာလွန်းတယ်။ စည်းကမ်းလည်း မကျဘူး။ ဒီလိုလူမျိုးကို ဆုံးမတယ်ဆိုတာ ငါ့အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာပဲ။ မြို့စားကြီးက မင်းကို ဘယ်လိုအပြစ်ပေးမလဲ ကြည့်ပါ။ စောင့်နေလိုက်”

ရွမ်း

ရှစ်ဝမ်ကျောင်းသည် စားပွဲပေါ်သို့ သူ၏ပေတံနှင့် ရိုက်လိုက်၏။ ပေတံသည် ထက်ပိုင်းကျိုးသွားခဲ့၏။ ပြီးနောက် အတန်းထဲမှ ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့၏။ ၎င်းသည် မြို့စားကြီးကို သွားရောက်ကာ တိုင်တန်းခြင်းပင်။

ကျင်းမူကုန်း၏မျက်နှာသည် ဖြူလျော်လျက်ရှိနေပြီး ၎င်းသည် အသာရှေ့ကို လှမ်းတက်ကာ ပြောလိုက်၏။ “ရှမ့်လန်... ခင်ဗျားကတော့ ပြဿနာပဲ။ ဖင်ကို အရိုက်ခံရတော့မယ်။ အနည်းဆုံး ကြာပွတ်နဲ့ အချက်သုံးဆယ်လောက်”

ရှမ့်လန်က ပြောလိုက်သည် “ဆရာရှစ်ဝမ်ကျောင်း အရင်တုန်းက အဲလိုလုပ်ဖူးလား”

ကျင်းမူကုန်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကိုညိတ်လိုက်၏။ သူသည် ရှစ်ဝမ်ကျောင်း၏ ရိုက်နှက်မှုကို ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ခံစားခဲ့ရဖူး၏။ “သူက မြို့စားအိမ်တော်ရဲ့ သက်ရှိစာရင်းစာအုပ်ကြီးပဲလေ။ ပိုက်ဆံတွေ၊ စာရင်းဇယားတွေကပဲ သူ့ခေါင်းထဲမှာ ရှိတယ်။ အဖေကလည်း သူ့ကိုတော်တော်ကြီး အားကိုးတယ်”

ကျင်းမူကုန်းက ပြောလိုက်သည်။ “ပြီးတော့ သူက ဒေါသကြီးတယ်။ အိမ်တော်မှာရှိတဲ့ လူတော်တော်များများ က သူ့ကို ကြောက်ကြရတယ်”

ဤအရာမှာ အံ့အားသင့်စရာ မဟုတ်ချေ။ ဂဏန်းသင်္ချာတွင် ကျွမ်းကျင်သည့် လူများသည် ဂဏန်းသင်္ချာကိုသာ အာရုံစိုက်ကြပြီး ခံစားချက်တွင် နိမ့်ပါးတတ်သည် မဟုတ်ပါလား။

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မနေ့ကတုန်းက ငါ့ကိုရိုက်ဖို့အတွက် တွန်းအားပေးခဲ့တဲ့လူ၊ ငါ့ကို ရိုက်ဖို့အတွက် မင်းကိုမြှောက်ပေးခဲ့တဲ့လူက ဒီလူလား”

ကျင်းမူကုန်းသည် ချက်ချင်းပဲ ခေါင်းညိတ်လိုက်၏။ ပြီးနောက် အမြန် ငြင်းဆန်လိုက်၏။ “ကျုပ် မပြောနိုင်ဘူး။ သစ္စာမရှိသလို ဖြစ်သွားလိမ့်မယ်”

ဤအရူးကောင်အား သူ ကယ်တင်၍ မရနိုင်တော့ချေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါ ဝမ်လျှံနဲ့ပတ်သက်နေတာလား။ မိုရီနဲ့ပတ်သက်နေတာလား ဒါမှမဟုတ် ကျင်းရှိယန်လား”

ကျင်းမူကုန်းက ပြောလိုက်၏။ “သူက ဝမ်လျှံရဲ့ တစ်ဝမ်းကွဲဦးလေးလေ။ ပြီးတော့ ငါ့အမေနဲ့လည်း ဆွေမျိုးနီးစပ် တော်တယ်”

ဝမ်လျှံ - အဆင့်မြင့် ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီး ရွှမ်ဝူမြို့အကျဉ်းထောင် မင်းမှုထမ်း စာရေးလည်း ဖြစ်၏။ အမှန်တရားက ပေါ်ထွက်လာခဲ့ပြီ။

ရှစ်ဝမ်ကျောင်း၏ လမ်းကို တားဆီးခဲ့သူမှာ ရှမ့်လန်ဖြစ်၏။ ရှစ်ဝမ်ကျောင်း၏လမ်းသည် သူ၏တူ ဝမ်လျှံပေါ်တွင် မူတည်ခဲ့၏။ ဝမ်လျှံသာ မြို့စားအိမ်တော်၏ သားမက်ဖြစ်ခဲ့ပါက သူ၏ လမ်းခရီးသည် ပိုမိုကာ ဖြောင့်ဖြူးသွား ပေလိမ့်မည်။ သို့ပေမည့် ထိုအခွင့်အရေးအားလုံးကို ရှမ့်လန်က ယူဆောင်သွားခဲ့၏။ ထို့ကြောင့် ရှမ့်လန်အား သွားကြားထဲတွင် ညှပ်လျက်ရှိနေသည့် အသားစတစ်ခုကဲ့သို့ ဆက်ဆံနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ရှမ့်လန်က ပြောဆိုလိုက်သည်။ “ဒီလူက တကယ့်ကို အမြင်ကျဉ်းတာပဲ။ သေးငယ်တဲ့ အရာတစ်ခုအတွက်နဲ့ လက်စားချေမယ်ပေါ့”

ရုတ်တရက် ကျင်းမူကုန်းသည် ရှမ့်လန်ကို စွေစောင်းကာ ကြည့်ရှုလိုက်၏။ ဒီလိုပြောဖို့အတွက် ခင်ဗျား အခွင့်အရေး ရှိတယ်ထင်လို့လား။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ ဘယ်သူကပိုပြီး အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထား ကျဉ်းမြောင်းတာလဲဆိုတာ သိရဲ့လား။ ခင်ဗျားက ခေါင်းကို လက်ညိုးနဲ့ အထိုးခံရလို့ နံရံမှာတောင် စာရေးပြီး မှတ်ထားတဲ့သူလေ။

သို့ပေမဲ့ ဤဝတုတ်သည် သစ္စာတရားနှင့် ပြည့်နှက်သူတစ်ယောက်ဖြစ်၏။ သူသည် ချက်ချင်းပဲ ရှမ့်လန်ကို အကြံအစည်တစ်ခု ပေးလိုက်၏။ “ရှမ့်လန်... မြန်မြန် ကျုပ်အမေဆီကိုသွား။ ကျုပ်အဖေက ကြမ်းတမ်းတဲ့ လူတစ်ယောက်ပဲ။ သူကဆရာတွေကို လေးစားသမှုမရှိတဲ့လူမျိုးဆို မကြိုက်ဘူး။ ဒီတော့ ဆရာရှစ်က ခင်ဗျားအကြောင်းနဲ့ပတ်သက်ပြီး တိုင်တန်းတယ်ဆိုရင် ကျိန်းသေပေါက် ခင်ဗျားကိုရိုက်တော့မယ်။ မဟုတ်ရင် ခဏလောက် သွားပုန်းနေလိုက်။ ကျုပ်အစ်မရဲ့ အခန်းထဲကို၊ ကျုပ်အစ်မရဲ့ စစ်တပ်ထဲကို သွားပုန်းနေရင် ပိုကောင်းတယ်”

ကျင်းမူကုန်းသည် ကြောက်လန့်တကြားဖြင့် ပြောလိုက်သည် "ကြာပွတ်နဲ့ အချက်သုံးဆယ်ဆိုရင် ခင်ဗျား လဝက်လောက် အိပ်ရာထဲ လဲသွားလိမ့်မယ်”

“ဟာသပဲ” သေးငယ်သော ကိစ္စရပ်လေးတစ်ခုနှင့် ယောက္ခမကြီးဆီသို့ သွားရောက်ကာ တောင်းပန် ရမည်လား။ ယောက္ခမကြီးသည် သူ့ကို အထင်အမြင်သေးသွားပေလိမ့်မည်။ ယောက္ခမကြီး၏ အထင်အမြင် သေးမှုကိုခံရသည်ဆိုသည်မှာ ကိစ္စသေးသေးလေးသာဖြစ်၏။ သို့ပေမည့် သူ့မိန်းမ၏ အထင်အမြင်သေးမှုကို ခံရပါက ကိစ္စကြီး ဖြစ်ပေလိမ့်မည်။ အမျိုးသမီးတစ်ယောက်၏ အထင်အမြင်သေးမှုကို ခံရပါက သူမနှင့် အိပ်စက်ဖို့ အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။

All Chapters