← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

ထို့အပြင် ရှမ့်လန်အနေနှင့် သူ့ ယောက္ခမကြီး စိတ်ထဲတွင် ဉာဏ်ကောင်းလွန်းလှသည့် လူတစ်ယောက် အဖြစ် ထင်ပေါ်အောင် ကြိုးစားရသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။

ရှစ်ဝမ်ကျောင်း အတွက် သွားရောက်ကာ သနားခံ တောင်းပန်နေပါက သူ၏ ဂုဏ်သိက္ခာသည် ပျက်စီးသွားပေလိမ့်မည်။

ရှစ်ဝမ်ကျောင်းသည် သူ့ယောက္ခမကြီးနှင့် ဆွေမျိုးနီးစပ်တော်စပ်၍ သွားရောက်ကာ အကူအညီ တောင်းခံနေသည်ဆိုပါက အဆင်မပြေနိုင်ချေ။ ထိုကဲ့သို့သော အရည်အချင်းမျိုးနှင့် မည်ကဲ့သို့ ဦးဆောင်နိုင်သူ တစ်ယောက် ဖြစ်လာမည်နည်း။ ထို့ကြောင့် ရှမ့်လန်သည် ထိုင်ခုံတွင် ငြိမ်ငြိမ်သက်သက် ထိုင်ပြီး ရှစ်ဝမ်ကျောင်းတစ်ယောက် သူ၏ယောက္ခထီးနှင့်အတူ ပြန်လည်ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်၏။

“ဘာကြောင့် မပြေးရတာလဲ”

ကျင်းမူကုန်းက ပြောလိုက်သည်။ “မကြာခင် အရိုက်ခံရတော့မယ်။ ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး”

သေချာပေ၏။ ခဏလောက်ကြာပြီးနောက် အလောတကြီးနှင့် ဝင်ရောက်လာသည့် ခြေသံများကို အပြင်ဘက်မှ ကြားလိုက်ရ၏။ “မြို့စားကြီး… ကျုပ် ဆက်ပြီး မသင်နိုင်တော့ဘူး။ ကျုပ် ဒီလို ယဉ်ကျေးမှုမရှိတဲ့လူငယ်မျိုးကို ဘယ်တော့မှ သင်မှာမဟုတ်ဘူး”

ရှစ်ဝမ်ကျောင်း၏အသံသည် အားလုံးသောသူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

အခန်းထဲမှ ကျောင်းသားတစ်ဒါဇင်ကျော်တို့သည် ငြိမ်ငြိမ်သက်သက် ညီညီညာညာ ထိုင်လျက်ရှိနေပြီး ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ၎င်းတို့သည် ပွဲတစ်ခုကို ငြိမ်ငြိမ်သက်သက်နှင့် စောင့်မျှော်ကြည့်ရှုရန် စိတ်ဆန္ဒရှိလို့နေ၏။

“ကျုပ်တို့ နိုင်ငံက ကောင်းကင်နဲ့မြေကြီး၊ အင်ပါယာ၊ ဆရာ၊ ဒီအရာတွေကို အလေးအမြတ် ထားတယ်မလား။ ဒါပေမဲ့ ရှမ့်လန်က အကျင့်သိက္ခာ မရှိဘူး။ အကြီးအကဲတွေကိုလည်း လေးစားမှု မရှိဘူး”

ရှစ်ဝမ်ကျောင်းသည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “သူ့ရဲ့အပြုအမူက ဆိုးရွားလွန်းတယ်။ ကျောင်းသားအားလုံးအတွက် မကောင်းတဲ့အမူအကျင့်တွေ ကူးစက်သွားနိုင်တယ်။ သူက မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့လူတစ်ယောက်ပဲ။ သူ့ရဲ့အပြစ်ကို ခွင့်လွှတ်ပေးလို့ မရဘူး။ သူ့ကို ကျေးဇူးပြုပြီး အပြစ်ပေးပါ။ မြို့စားကြီး။ မဟုတ်ရင် အနာဂတ်မှာ အားလုံးက သူ့ကို အတုယူပြီးတော့ ကျုပ်ကို ဒုက္ခရောက်အောင် ပြုလုပ်တော့မယ်။ မြို့စားအိမ်တော်ရဲ့ ဂုဏ်သိက္ခာလည်း ဖျက်ဆီးခံရလိမ့်မယ်”

ရှမ့်လန်သည် အနည်းငယ် ဆွံ့အသွားခဲ့သည်။ ရှစ်ဝမ်ကျောင်း.. ခင်ဗျား ကျုပ်ကို မကြိုက်ဘူးဆိုရင်လည်း အကြောင်းပြချက်တစ်ခုကို သေသေချာချာ ရှာလေ။ အခုက ရှိရှိသမျှ အပြစ်တွေအားလုံးကို ကျုပ်ခေါင်းပေါ်တင်နေတဲ့အပြင် မြို့စားအိမ်တော်ကနေ နှင်ထုတ်ခံရအောင်ပါ လုပ်နေတာလား။

သူ့အနေနှင့် ယနေ့ မြို့စားကြီး၏ အကြိမ်သုံးဆယ်လောက် ကြာပွတ်နှင့် ရိုက်နှက်ခြင်းကို ခံရမည် ဆိုလျှင်တောင်မှ တစ်ဖက်လူ ဒေါသမီးများသည် ငြိမ်းသက်နိုင်မည့်ပုံမပေါ်ချေ။

မြို့စားကြီးသည် ရှမ့်လန်၏အရှေ့ဆီသို့ ရောက်ရှိလာပြီး အေးစက်စက် ပြောလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ။ မင်း အပြင်ဘက်မှာ ပြဿနာရှာခဲ့တယ်။ အခု အိမ်မှာလည်း ပြဿနာ ရှာနေပြန်ပြီလား”

သူ့အနေနှင့် လက်ထဲက ကြာပွတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ သူသည် ရှေးရိုးစွဲဆန်ပြီး ရှေးကျလွန်းသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ကျောင်းသားနှင့် ဆရာကြားတွင်ဖြစ်သည့် ပဋိပက္ခများကို လုံးဝသည်းခံမည် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် မည်သို့ပင်ဖြစ်ဖြစ် အရင်ဦးဆုံး အလျှော့ပေးရမည်မှာ ကျောင်းသားပင်ဖြစ်သည်။

ယခင်တုန်းက ကျင်းမူကုန်းသည် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ သူသည် ဆရာကို အပြစ်တင်ခြင်းမရှိခဲ့ချေ။ သူ၏သားကို ထပ်မံ ရိုက်နှက်ရန်ပင် အားပေးခဲ့သေး၏။ ထို့ကြောင့်ပင်လျှင် သူ၏သားသည် ဆရာအပေါ်တွင် ကျိုးကျိုးနွံနွံ လိုက်နာနေခြင်းသာဖြစ်သည်။

မြို့စားကြီးက ပြောလိုက်၏။ “ရှမ့်လန် ဒီနေ့ မင်း အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် ငါ့ကို အညှာအတာ ကင်းမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”

ကြည့်ရသည်မှာ ကြိမ်ဒဏ် သုံးဆယ်ရိုက်ခြင်းမှ လွတ်မြောက်ရန်အတွက် ခက်ခဲသည့်အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ.. ကျုပ် ဘာတစ်ခုမှ မှားတဲ့အရာကို မလုပ်ပါဘူး။ ကျုပ် လုပ်ခဲ့မိလို့လား”

“မြို့စားကြီး… သူ့ကို သေချာကြည့်။ သူ့ကိုကြည့်ရတာ ထောင့်မကျိုးဘူး။ တကယ့်ကို မျှော်လင့်ချက် ကင်းမဲ့တဲ့လူ ဖြစ်နေပြီ” ရှစ်ဝမ်ကျောင်းသည် နှာခေါင်းကို ရှုံ့လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်မေးချင်ပါတယ် လူကြီးမင်းရှစ်… ခင်ဗျားရဲ့အတန်းထဲမှာ ကျုပ် တခြားသူတွေနဲ့ စကားပြောနေသလား”

“ဟင့်အင်း” ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်သည်။ “ဒါဆိုရင် တခြားစာအုပ်တွေကို ဖတ်နေသလား။ စားပွဲပေါ်မှာ မှောက်ပြီး အိပ်နေသလား”

“ဟင့်အင်း” ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။

ရှမ့်လန်က ထပ်မံကာ ပြေလိုက်သည်။ “ကျုပ် ဘာတစ်ခုမှ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်လို ဖြစ်ပြီးတော့ ဆရာကို မလေးမစားပြုမူတယ် ဖြစ်သွားရတာလဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ငါ သင်နေတဲ့အချိန်မှာ မင်း တခြားအရာကို တွေးနေတယ်လေ။ ဒါ ဆရာကို လေးစားမှု မရှိတာပဲ။ ဆရာက ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစားနဲ့ မင်းတို့ကို သင်ကြား ပြသပေးနေတယ်။ ဒါပေမဲ့ မင်းက အတွေးပျောက်နေတယ်။ ငေးငိုင်နေတယ်။ ဒါ ပညာရေးကို စော်ကားနေတာနဲ့ တူတူပဲ။ နန်းတွင်း စာမေးပွဲမှာ ဂဏန်းသင်္ချာ ဘာသာရပ်ကို မဖြေဆိုရဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ မြို့စားအိမ်တော်ရဲ့ သားမက်အနေနဲ့ ဒါကို လေ့လာဖို့လိုအပ်တယ် မဟုတ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… လူကြီးလူကောင်းတွေ တတ်မြောက်သင့်တဲ့ အတတ်ပညာ ခြောက်မျိုးက ဓလေ့ထုံးတမ်း၊ တေးဂီတ၊ ပန်းချီ၊ နန်းတွင်းစီမံခန့်ခွဲခြင်း၊ လက်ရေးလှ နဲ့ ဂဏန်းသင်္ချာတို့ပဲ။ ဂဏန်းသင်္ချာကိုသာ သင်ယူနိုင်မယ်ဆိုရင် စီးပွားရေးနဲ့လူတွေရဲ့ နေထိုင်ခြင်း ကိုလည်း နားလည် လာလိမ့်မယ်။ ပြီးတော့ လောကကြီးရဲ့ ပြောင်းလဲမှုတွေ အကြောင်းကိုလည်း နားလည်ပြီး တွက်ချက်နိုင်လိမ့်မယ်။ ဒါကြောင့် ဂဏန်းသင်္ချာပညာဆိုတာက အရှင်မင်းကြီးကိုယ်တိုင် သင်ယူသင့်တယ်လို့ သတ်မှတ်ခဲ့တဲ့အရာပဲ”

မြို့စားကြီး၏ အမူအရာသည် ထိုစကားများကို ကြားရသည့်အချိန်မှာတော့ စိတ်အေးသက်သာ ဖြစ်သွားခဲ့၏။ သူ၏သမက်တော်သည် နောက်တောက်တောက် ပြောတတ်သည်ဆိုသော်လည်း အရာအားလုံးကိုတော့ နားလည်လို့နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “လူကြီးမင်းရှစ်.. ကျုပ်တို့ကို ဂဏန်းသင်္ချာပညာနဲ့ ပတ်သက်ရတဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့တယ်။ ဒါကြောင့် ကျုပ် တကယ့်ကို လေးစားပါတယ်။ ခင်ဗျားကို မလေးမစားပြုဖို့ ကျုပ်ဆီမှာ အစီအစဉ်မရှိဘူး”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ငါ အတန်းထဲမှာ ရောက်နေတယ်။ ဒါပေမဲ့ မင်းက အတွေး ပျောက်နေတယ်။ ဘယ်လိုဖြစ်ပြီး ငါ့ကို လေးစားသမှု ရှိမှာလဲ။ အရှက်မဲ့လိုက်တာ။ တကယ့်ကို ပေါက်ပန်းလေးဆယ်ပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “လူကြီးမင်းရှစ်.. ခင်ဗျားသင်တဲ့ အကြောင်းအရာတွေက အရမ်းကို ရိုးရှင်းတယ်။ ဒါတွေအားလုံးကို ကျုပ်သိပြီးသား။ သေသေချာချာ နားထောင်နေတယ်ဆိုရင် ကျုပ် ဟန်ဆောင်နေမယ်ဆိုရင် ဒါ အချိန်ဖြုန်းတာ မဟုတ်လား။ ခင်ဗျားကို ပိုပြီးတော့ အရိုအသေ ကင်းမဲ့သလို ဖြစ်မှာပေါ့။ ဒါကြောင့် ခင်ဗျားသင်ချင်တာကို သင်၊ ကျုပ်လည်း ကျုပ်ဘာကျုပ် ပိုပြီး နက်နဲခက်ခဲတဲ့ သင်္ချာပညာရပ်တွေကို လေ့လာနေတာပေါ့။ ဒါ သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ပဲ။ ပိုမိုကောင်းမွန်တဲ့ အတတ်ပညာကို ရရှိသွားခြင်းဆိုတာ ဆရာတွေကို လေးစားခြင်းတစ်မျိုးပဲ မဟုတ်လား။”

အခန်းထဲမှာ အနောက်ဘက်ဝန်းကျင်တွေ ရှိနေသည့် ကျောင်းသား တစ်ဒါဇင်ကျော်တို့သည် အလုံးစုံ ဆွံ့အလျက်ရှိနေ၏။ ရှမ့်လန်သည် လူများကို မည်ကဲ့သို့ အရူးလုပ်မည်ကို ကောင်းကောင်းသိရှိ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ဆရာကိုပင် ပေါက်ပန်းလေးဆယ်များ ပြောဆိုလျက်ရှိနေ၏။

“ဟား ဟား ဟား ဟား ဟား။”

ရှစ်ဝမ်ကျောင်းသည် ရယ်မောကာ ပြောလိုက်သည်။ “ငါ သင်ပေးတဲ့ ဂဏန်းသင်္ချာက ရိုးရှင်းနေတယ် ဟုတ်လား”

ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ အမှန်ပါပဲ ။ အရမ်းကို ရိုးရှင်းလွန်းပါတယ်။

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “မင်းက ငါ သင်ပေးတဲ့ ဂဏန်းသင်္ချာအကြောင်းကို ငါ့ထက်တောင် သိတယ်ပေါ့”

ရှမ့်လန်သည် ပိုမိုလေးနက်စွာဖြင့် ပြောလိုက်၏။ “အင်း သိတာထက်တောင် ပိုပါသေးတယ်။ ကျုပ် အလိုရှိသလို အသုံးပြုလို့ရပါတယ်”

ရှစ်ဝမ်ကျောင်းသည် ထပ်မံကာ ရယ်မောလိုက်သည်။ “အင်း နားရှိလို့သာ ကြားရတယ်ဆိုသလို ဖြစ်နေပြီ။ မင်းက ရွာကျောင်းလေးထဲမှာ ဆယ်နှစ်တိတိ လေ့လာသင်ယူခဲ့တယ်။ ဒါပေမဲ့ ဘာတစ်ခုမှ သင်ယူတတ်မြောက်ခြင်း မရှိခဲ့ဘူး။ မင်းက ဂဏန်းသင်္ချာနဲ့ ပတ်သက်ပြီး တစ်ခါမှတောင် ထိတွေ့ဖူးတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ ငါသင်ပေးတာထက် ပိုပြီး တတ်မြောက်နေတယ်လို့ ပြောရဲရတာလဲ”

ဤအခြင်းအရာနှင့် ပတ်သက်၍ ရှစ်ဝမ်ကျောင်းသည် အလုံးစုံ ယုံကြည်လျက်ရှိနေ၏။ ဂဏန်းသင်္ချာ ပညာဆိုသည်မှာ လူကြီးလူကောင်းများ တတ်မြောက်သင့်သည့် စွမ်းရည်ခြောက်မျိုးထဲမှာ တစ်ခု ဖြစ်သည်ကို လူအများ သိရှိ၏။ ထို့ကြောင့် တခြားသောသူများသည် လေ့လာသင်ယူနိုင်ခြင်း မရှိကြချေ။ တော်ဝင်မျိုးနွယ်များသာလျှင် အဓိက သင်ယူကြသည် မဟုတ်ပါလား။

ရှမ့်လန် သင်ယူလေ့လာခဲ့သည့် ကျောင်းရှိ ဆရာများပင်လျှင် ဂဏန်းသင်္ချာအကြောင်းကို သေသေချာချာ သိရှိခြင်းမရှိကြချေ။ ရွှမ်ဝူမြို့ထဲတွင်ရှိနေသည့် လူတော်တော်များများတို့သည် ဂဏန်းသင်္ချာနှင့် ပတ်သက်၍ ကျွမ်းကျင်သည်ဆိုခြင်းမှာ လက်နှစ်ဖက်ဖြင့် ပေါင်းနှုတ်မြှောက်စား ပြုလုပ်ခြင်းပင် ဖြစ်၏။ ထိုထက် ထူးထွေး၍ မတတ်မြောက်ကြချေ။

ရှစ်ဝမ်ကျောင်းသည် ထိုသူအားလုံးထက် ပိုမိုကာ တော်လွန်းသည့် လူတစ်ယောက်ပင်။ သူသည် အရာအားလုံးကို လေ့လာသင်ယူခဲ့၏။ ဆရာမရှိဘဲနှင့် ဂဏန်းသင်္ချာကို လေ့လာသင်ယူခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်တစ်ယောက် ဝံ့ကြွား မောက်မာပြီး ကြွားဝါပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်ဟု သူက ကောင်းကောင်း သိရှိ၏။ တခြားသောသူများကို အရူးလုပ်နေခြင်းပင်။

ထို့ကြောင့် ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “အင်း.. မင်း အရာအားလုံးကို သိနေတယ်ဆိုမှတော့ မင်းကို ငါ မေးခွန်း ဆယ်ခုမေးမယ်။ တကယ်လို့ မေးခွန်းသုံးခုကို မှန်အောင်ဖြေနိုင်မယ်ဆိုရင် ငါ သင်ပေးခဲ့တဲ့ အရာအားလုံးကို မင်းသိတယ်လို့ သက်သေပြနေတာပဲ။ ငါ မင်းကို အပြစ်မပေးတော့ဘူး။ တကယ်လို့ မေးခွန်းသုံးခုကို မှန်ကန်အောင်မဖြေနိုင်ဘူးဆိုရင် မင်းကို ငါ ကြိမ်ဒဏ်အချက် သုံးဆယ်ရိုက်မယ်။ တကယ်လို့ မေးခွန်းတစ်ခုကိုတောင်မှ မှန်မှန်ကန်ကန် မဖြေနိုင်ဘူးဆိုရင် မင်းက ဂဏန်းသင်္ချာကို လုံးဝ မသိတဲ့အဓိပ္ပာယ်ပဲ။ ပြီးတော့ မင်းကို ကြိမ်ဒဏ် အချက်တစ်ရာရိုက်မယ်။ ဘယ်လိုလဲ”

မြို့စားကြီးသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ မျက်မှောင်ကုတ် သွားမိ၏။ ရှစ်ဝမ်ကျောင်းသည် လွန်လွန်းနေသည်ဟု သူ ခံစားမိ၏။ ထို့ကြောင့် မည်သို့မှ မနေနိုင်ဘဲ ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“ရှမ့်လန်… လူကြီးမင်းရှစ်ကို တောင်းပန်လိုက်။ ဒီကိစ္စက ပြီးသွားပြီ။ နောက်ဆို အတန်းထဲမှာ အတွေးများ မနေနဲ့တော့”

သူ၏ ယောက္ခထီးသည် သူ့ကို ချစ်မြတ်နိုးလျက်တော့ ရှိနေသေး၏။ ဘေးတစ်ဖက်တွင် ရှိနေသော ကျင်းမူကုန်းသည်လည်း အံ့အားသင့်သွား၏။ အဖေသည် ထိုကဲ့သို့သော သူမျိုးမဟုတ်ချေ။ သူ့အပေါ်တွင် ရက်စက်လွန်းလှ၏။ ဆရာက အပြစ်တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို ဝင်ရောက်ကာ ရိုက်နှက်တတ်သည့်လူပင်ဖြစ်၏။ အဘယ်ကြောင့် ရှမ့်လန်အတွက် ဝင်ရောက်ကာ တောင်းပန်ပေးရသနည်း။

မြို့စားကြီးသည် ရှေးရိုးစွဲသည့်လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် မျက်ကန်း တစ်ယောက်တော့ မဟုတ်ချေ။

ရှစ်ဝမ်ကျောင်းတစ်ယောက် ရှမ့်လန်ကို လက်လွတ်မပေးဘဲ အဘယ်ကြောင့် ဖြစ်နေသည်ကို သူ ကောင်းကောင်းသိရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏တူ ဝမ်လျှံကြောင့်ပင်။ မြို့စားအိမ်တော်၏ သားမက်ရွေးပွဲတွင် ဝမ်လျှံ ရွေးချယ်ခြင်းမခံရဘဲ ရှမ့်လန် ရွေးချယ်ခံရခြင်းကြောင့် အမုန်းပွားနေခြင်း ဖြစ်၏။

သို့ပေမည့် ရှစ်ဝမ်ကျောင်းသည် မြို့စားအိမ်တော်၏ လူယုံကြီး တစ်ယောက်ဖြစ်၏။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ မြို့စားအိမ်တော်တွင်ရှိနေသည့် စာရင်းဇယားများနှင့်ပတ်သက်၍ တာဝန် ယူထားသည့် လူတစ်ယောက်လည်း ဖြစ်၏။ နှစ်ပေါင်းများစွာကြာ အလုပ်ကြိုးစားခဲ့သည့် လူတစ်ယောက်ပင်။ မြို့စားကြီးအနေနှင့် အတော်အတန် အားကိုးခဲ့ရ၏။ ထို့ကြောင့် ရှစ်ဝမ်ကျောင်းကို အနည်းငယ် မျက်နှာသာပေးမှ ဖြစ်ပေလိမ့်မည်။

ရှစ်ဝမ်ကျောင်းသည် ချက်ချင်းပင် အလောတကြီး ဖြစ်သွားခဲ့၏။ တောင်းပန်ရုံလောက်နှင့် မလုံလောက် နိုင်ချေ။ သူသည် အကြိမ်တစ်ရာ ရှမ့်လန်ကို အပြစ်ပေးချင်၏။ နှလုံးသားထဲတွင် ရှိနေသည့် အငြိုးအတေးများကို ဖြေလျှော့ရမည်ဟု စဉ်းစားထားခဲ့၏။

မနေ့က အိမ်သို့ရောက်ချိန်တွင် သူ၏မိန်းမနှင့် သူ၏ညီမတို့သည် သူ့ကို ဆူဆောင့်ခဲ့ကြ၏။ ပြောရမည်ဆိုလျှင် မြို့တော်ဝန်၏ လူယုံတစ်ယောက်ဖြစ်နေပြီး အဘယ်ကြောင့် ဝမ်လျှံတစ်ယောက် ဤကဲ့သို့သော အမှိုက်ကို ရှုံးနိမ့်ရသနည်းဟု သူ့ကို အပြစ်တင်ခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင် ရှစ်ဝမ်ကျောင်းက ပြောဆိုလိုက်၏။ “မြို့စားကြီး… တောင်းပန်မှုကသာ လုံလောက်နေတယ်ဆိုရင် အနာဂတ်မှာ ကျောင်းသူကျောင်းသားတိုင်းက အမှားအယွင်းတွေလုပ်ပြီး လာတောင်းပန်တော့မှာပေါ့။ ဒါက လေ့လာသင်ယူမှုပုံစံကို ဖျက်ဆီးနေတာနဲ့ တူတူပဲ”

ရှမ့်လန်က ရုတ်တရက် ပြောလိုက်သည်။ “အင်း မေးခွန်းသုံးခုကို မှန်မှန်ကန်ကန် ဖြေနိုင်တယ်ဆိုရင် အဆင်ပြေပြီ မဟုတ်လား”

“အင်း”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “မေးခွန်းသုံးခုကို မှန်မှန်ကန်ကန်ဖြေနိုင်တယ်ဆိုရင် မင်းက ငါ သင်ပေးခဲ့တဲ့အရာအားလုံးကို အတန်းထဲမှာ လေ့လာသင်ယူနိုင်ခဲ့တယ်လို့ အဓိပ္ပာယ်ပေါက်တယ်”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါဆိုရင် မေးခွန်း ဆယ်ခုလုံးကို မှန်အောင်ဖြေနိုင်မယ် ဆိုရင်ကော”

“မဖြစ်နိုင်တာ လူငယ်လေး… မင်း အိမ်မက် မမက်နဲ့”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ဂဏန်းသင်္ချာ အတတ်ပညာဆိုတာက နက်နဲလွန်းတယ်။ မင်းက ကလေးလေးပဲ ရှိသေးတယ်။ ဒီကိစ္စကို လုံးဝနားလည်မှာ မဟုတ်ဘူး။ ဒီတော့ မေးခွန်း ဆယ်ခုလုံးကို မှန်ဖို့ အကြောင်း ပြောမနေနဲ့တော့။ ငါးခု ဖြေနိုင်မယ်ဆိုရင်တောင်မှ ငါကမင်းကို လူသိရှင်ကြား တောင်းပန်လိုက်မယ်”

“ဒါဆိုရင် ကိစ္စဖြစ်ပြီ”

ရှမ့်လန်သည် ဦးညွှတ်ကာ ပြောလိုက်သည်။ “အဖေ၊ ဆရာကြီးလင်း.. ဒီမှာရှိတဲ့ ကျောင်းသားအားလုံး သက်သေရှိတယ်နော်”

မြို့စားကြီးသည် ရှမ့်လန်ကို ပေါက်ပန်းလေးဆယ်များ မပြောဖို့ သတိပေးရန် ပြင်လိုက်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ သူ၏နောက်တွင် ရှိနေသော ပြောင်းလဲခြင်းစာအုပ်ကို သင်ကြားပြသပေးသည့် ဆရာအိုကြီးသည် ပြုံးကာ ဝင်ရောက် ပြောလိုက်၏။ “ကောင်းပြီ။ ဒီအဘိုးကြီးက ကောင်းကောင်း အာမခံပေးမယ်”

ဤဆရာအိုကြီးသည် အသက် ခုနှစ်ဆယ် နီးပါးခန့်ဖြစ်၏။ ၎င်းသည် ကျင်းမူကုန်း၏ ဆရာဖြစ်သည့်အပြင် မြို့စားကြီး၏ဆရာလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ ပြောသည့်အချိန်မှာတော့ မြို့စားကြီးသည် မငြင်းပယ်တော့ချေ။

“ဟမ့်”

မြို့စားကြီးသည် ရှမ့်လန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “မောက်မာလွန်းတာက ကောင်းတယ်။ ဒါပေမဲ့ အရမ်းမောက်မာပြီး အပြစ်ပေးခံရတဲ့အချိန်ကျမှ အမလေး၊ အဘလေး အော်နေလို့ မဖြစ်ဘူးနော်”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ကျုပ်က ဆရာဖြစ်နေပြီဆိုမှတော့ ကျုပ်သူ့ကို ကိုယ်တိုင် အပြစ်ပေးရမယ်”

မြို့စားကြီးအနေနှင့် သက်ညှာစွာ ရိုက်နှက်မည်ကို သူ မလိုချင်ချေ။ အကြိမ်တစ်ရာ ရှမ့်လန်ကို သေဆုံးလုနီးပါး အခြေအနေထိရောက်အောင် သူက ရိုက်နှက်ချင်မိသည်။

မြို့စားကြီးသည် ငြင်းပယ်ရန်ပြင်လိုက်၏။ သို့ပေမဲ့ ရှမ့်လန်သည် ဦးကိုညွတ်ကာ ပြောလိုက်တော့၏။ “လူကြီးမင်းရှစ်.. ကျုပ်ကို မေးခွန်းတွေ မေးပါတော့”

“ဟမ့်” မြို့စားကြီးသည် မပျော်ရွှင်တော့ချေ။ ရှမ့်လန်သည် ကောင်းမှန်းဆိုးမှန်း နားလည်သည့်ပုံ မပေါ်ချေ။ ၎င်းသေချင်သည်ဆိုမှတော့ ထားလိုက်ပါတော့။ ၎င်း၏မှတ်ဉာဏ် ကောင်းမွန်သည်ကို သူ သိရှိ၏။ သို့ပေမည့် ဂဏန်းသင်္ချာကြားတွင် နှစ်ပေါင်းများစွာကြာ ရင်းနှီးမြှုပ်နှံခဲ့သည့်လူတစ်ယောက်နှင့် အဘယ်သို့ နှိုင်းယှဉ်ရမည်နည်း။ ရှစ်ဝမ်ကျောင်း၏ သင်္ချာဘာသာရပ်သည် နက်နဲလွန်းလှချေ၏။ ထိုသူနှင့်ယှဉ်ပြိုင်မည်ဆိုလျှင် ကျောက်တုံးကို ကြက်ဥနှင့်ပေါက်သလိုဖြစ်မှာ သေချာသည်။

…………

ရှစ်ဝမ်ကျောင်းသည် အလွန်အမင်း ဂုဏ်ယူဝံ့ကြွားတတ်သည့်လူတစ်ယောက်ဖြစ်၏။ ချက်ချင်းပဲ ၎င်း၏စားပွဲဆီသို့ သွားရောက်ပြီး မေးခွန်းများကို စဉ်းစားတော့၏။

ဟုတ်ပေ၏။ သူသည် အခက်ဆုံးသော မေးခွန်းများကို စဉ်းစားခဲ့ခြင်းဖြစ်၏။ ရှမ့်လန်တစ်ယောက် အရာအားလုံးကို မဖြေရှင်းနိုင်လျှင် အကောင်းဆုံးဖြစ်၏။ ထိုနည်းလမ်းနှင့် သူသည် ရှမ့်လန်ကို အကြိမ်တစ်ရာ လောက် ရိုက်နှက်နိုင်ပေမည်။ သေဆုံးလုနီးပါး အခြေအနေထိ ရိုက်နှက်ရမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေမည်။

ဟုတ်ပေသည်။ မြို့စားကြီးသည် ရှမ့်လန်အပေါ်တွင် အမြင်ကောင်းရှိကြောင်း ရှစ်ဝမ်ကျောင်း သိရှိ၏။ ရှမ့်လန်ကို အကြိမ်တစ်ရာလောက်သာ ရိုက်နှက်သည်ဆိုပါက မြို့စားကြီးသည် သဘောတွေ့မည် မဟုတ်ချေ။ သို့ပေမည့် ဘာဖြစ်သနည်း။ ရှစ်ဝမ်ကျောင်းသည် ဘဝ၏အဆုံးသတ်ဆီသို့ ရောက်ရှိလုနီးပါး ဖြစ်၏။ ထို့ကြောင့် ဒေါသတရားများကို မြိုသိပ်ထားရန် အကြောင်းအရင်းမရှိချေ။

ထို့အပြင် မြို့စားအိမ်တော်တစ်ခုလုံး၏ စာရင်းဇယားများကို သူက ကိုင်ဆောင်ထား၏။ ထို့ကြောင့် မြို့စားကြီးသည် သူမရှိဘဲ ဆက်လက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ ဘာတစ်ခုကိုမှ မကြောက်လန့်ချေ။

နာရီဝက်နီးပါးခန့် ကြာမြင့်ပြီးနောက် ရှစ်ဝမ်ကျောင်းသည် ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးပြီး သူ၏ဘဝတစ်သက်တာလုံး သင်ယူခဲ့သမျှထဲမှ အခက်အခဲဆုံးသော မေးခွန်းများကို စတင်ကာ ထုတ်ဖော်လေ၏။ နောက်ဆုံးမှာတော့ အလွန်ခက်ခဲသည့် မေးခွန်း ဆယ်ခု ထွက်ပေါ်လာခဲ့၏။ တစ်ခုချင်းစီတိုင်းသည် ပထမတစ်ခုထက် ပိုမိုကာ ခက်ခဲ၏။

ရှစ်ဝမ်ကျောင်းသည် အခန်းထဲတွင် ရှိနေသော ကျောင်းသားအားလုံးသည် ပထမမေးခွန်းကိုပင် ဖြေဆိုနိုင်ခြင်း မရှိကြောင်း သေချာသိ၏။ ကျောင်းသားများတွင် သာမက ရွှမ်ဝူမြို့ တစ်မြို့လုံးတွင်ပင်လျှင် ပထမဆုံးမေးခွန်းကို ဖြေဆိုနိုင်သည့်လူ များများစားစား မရှိချေ။ သို့ပေမည့် ထိုအရာက အလွယ်ဆုံးမေးခွန်း ဖြစ်နေသေး၏။ ကျန်သည့်မေးခွန်းများသည် အလွန် ခက်ခဲသည့် အရာမျိုးဖြစ်၏။ ရှေးသင်္ချာစာအုပ်ထဲမှာ ဖတ်ရှုပြီးသည့်နောက် ပေါ်ပေါက်လာခဲ့သည့် မေးခွန်းများပင် ဖြစ်သည်။

သာမန်လူများအနေနှင့် ထိုအရာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ဘာတွေရေးထားမှန်းကိုပင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ ရှမ့်လန်ကဲ့သို့သော ဘာတစ်ခုမှ မသိသော လူတစ်ယောက်အနေနှင့် မေးခွန်းတစ်ခုကို ဖြေရှင်းဖို့ဆိုသည်ကပင်လျှင် မဖြစ်နိုင်ချေ။

ရှစ်ဝမ်ကျောင်းသည် ရှမ့်လန် အရိုက်နှက်ခံနေသည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်လာမိ၏။ သူသည် ရှမ့်လန်၏အရှေ့ဆီသို့ မေးခွန်း ဆယ်ခုကို ချကာ ပြောဆိုလိုက်၏။

“မှတ်ထား။ ဒီထဲက သုံးခုကို မှန်အောင်ဖြေနိုင်ပြီဆိုရင် ဒီကိစ္စတွေအားလုံး ဒီမှာတင် ပြီးမယ်။ မဟုတ်ရင် ကြိမ်ဒဏ် သုံးဆယ် ရိုက်ခံရလိမ့်မယ်။ မေးခွန်းတစ်ခုကိုတောင် မှန်အောင်မဖြေနိုင်ဘူး ဆိုရင်တော့ ကြိမ်ဒဏ် တစ်ရာ တိတိ ရိုက်နှက်ခံရမယ်။ ဒီနေ့မှာ ဆရာတွေကို ဘယ်လိုလေးစားပြီး ဂဏန်းသင်္ချာဘာသာရပ်ကို ဘယ်လိုလေးစား သင်ယူသင့်တယ်ဆိုတဲ့အကြောင်းကို သင်ကြားပေးမယ်”

All Chapters