အခန်း (၄၉)
Vol. 4 Ch. 49
ဟုတ်ပေ၏။ ရှစ်ဝမ်ကျောင်းသည် သူ၏ စကားကို ဆုံးအောင် မပြောခဲ့ချေ။ အကယ်၍ ရှမ့်လန်သည်သာ မေးခွန်းငါးခုကျော် မှန်ကန်အောင် ဖြေဆိုနိုင်သည်ဆိုပါက ရှစ်ဝမ်ကျောင်း အနေနှင့် ဘာတစ်ခုမှ ဆက်လက်ကာ ပြဿနာရှာရမည် မဟုတ်ချေ။ အားလုံးသော သူတို့၏ ရှေ့တွင်ပင်လျှင် ရှမ့်လန်ကို တောင်းပန်ရပေလိမ့်မည်။ သို့ပေမဲ့ ဤအရာသည် ဖြစ်နိုင်သည့်အရာ ဟုတ်ပါရဲ့လား။ အနောက်ဘက်မှ နေထွက်ဖို့ကပင် ဖြစ်နိုင်သေး၏။
“မှတ်ထား။ ဤမေးခွန်းတွေကို ဖြေဖို့အတွက် မင်းနာရီဝက် အချိန်ရလိမ့်မယ်”
ပြီးနောက် ရှစ်ဝမ်ကျောင်းသည် အမွှေးတိုင်တစ်တိုင်ကို ထုတ်ယူကာဖြင့် မီးထွန်းညှိလိုက်သည်။ ထိုအမွှေးတိုင်တစ်ခု ငြိမ်းသတ်သွားရန်အတွက် အချိန်ကာလ တစ်နာရီကြာ ကြာမြင့်မှာဖြစ်သည်။
………
ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ မြို့တော်ဝန်သည် မည်သို့မှ မနေနိုင်တော့ဘဲ အကူအညီ မဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။ ရှမ့်လန်သည် ကြိမ်ဒဏ် အပြည့်အဝ ခံစားရပေတော့မည်။
ရှစ်ဝမ်ကျောင်းသည် ငယ်ရွယ်စဉ်ကတည်းက ထိုကဲ့သို့ပင် ဖြစ်၏။ တခြားသောသူများကို သည်းခံ တတ်သည့် လူတစ်ယောက် မဟုတ်ဘဲ ပြိုင်ဆိုင်ချင်စိတ်ကလည်း များပြားလွန်း၏။ သို့ပေမည့် အောင်မြင်သည့် ဆရာတစ်ယောက်အဖြစ် ရပ်တည်နိုင်သည့် လူတစ်ယောက် ဖြစ်သောကြောင့် ပါရမီရှင် ဟု သတ်မှတ်ရမှာမလွဲပင်။
ပါရမီရှင်များကို အသုံးပြုဖို့ဆိုသည်မှာ မြို့စားကြီး ပြုလုပ်ချင်သည့် အရာမျိုးပင် ဖြစ်၏။ လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် သူသည် တကယ်ပဲ အကူအညီမဲ့သလို ဖြစ်လို့နေခဲ့၏။ ဘယ်ဘက်ခြမ်းတွင် သူ၏ သမက်တော် ဖြစ်၏။ သို့ပေမည့် မြို့စားကြီးသည် သူ၏ သမက်တော်ကို တကယ်ပင် ချစ်ခင်နှစ်သက်၏။
ညာဘက်ခြမ်းမှာတော့ သူ၏လူယုံတော်ကြီးဖြစ်၏။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ မြို့စား အိမ်တော်၏ စာရင်းဇယားများကို ပြုလုပ်ဆောင်ရွက် တာဝန်ယူထားသည့် လူတစ်ယောက် ဖြစ်၏။ သူသည် ထိုသူ့အပေါ်တွင် အတော်အသင့် မှီခိုခဲ့ရ၏။ ထို့ကြောင့် တချို့သောအခြေအနေများတွင် ထိုဆရာ၏ မကောင်းသည့်ဉာဉ်များကိုပင် လစ်လျူရှုထားရသည်၊
ကျောင်းသားများအတွက်တော့ လက်ရှိအခြေအနေသည် ကြည့်ရှု၍ကောင်းသည့် ပွဲတစ်ခုပင် ဖြစ်၏။ ၎င်းတို့သည် မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေမျိုးဖြင့် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။
ရှမ့်လန်သည် တကယ်ပင် အားကောင်းလှပါသည်ဆိုသော ဆရာ ရှစ်ဝမ်ကျောင်းကို ရင်ဆိုင် တိုက်ခိုက်လျက် ရှိနေလေပြီ။ သူတို့သည် ရှားရှားပါးပါး မြင်ရသည်ဖြစ်သောကြောင့် ကြီးကျယ် ခမ်းနားသည့် ပွဲတစ်ခုအဖြစ် ကြည့်ရှုခွင့်ရရန် မျှော်လင့်နေမိသည်။
ရှမ့်လန်ဘက်တွင် အနိုင်ရနိုင်ချေ အနည်းငယ် ရှိသည်ဆိုသော်လည်း ရှမ့်လန်တစ်ယောက် အကြိမ် တစ်ရာခန့် ကြိမ်ဒဏ်အရိုက်ခံရခြင်းကို သူတို့က ပိုမိုကာမြင်ချင်လှ၏။ သူတို့၏ နတ်ဘုရားမကို မည်သူ လက်ထပ်ခဲ့သနည်း။
……….
ရှမ့်လန်သည် မေးခွန်း ဆယ်ခုကို ယူကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူသည် နှလုံးသားထဲတွင် တီးတိုး ရေရွတ်လိုက်မိ၏။ “အံ့ရော ရှစ်ဝမ်ကျောင်းက တစ်နာရီလောက်အထိ ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်ပြီး မေးခွန်းထုတ်ထားတာ ဘယ်လောက်ခက်တဲ့ မေးခွန်းတွေဖြစ်နိုင်မလဲ”
တစ်ချိန်တည်းမှာပဲ အလွန်ရိုးရှင်းသည့် မေးခွန်းများဖြစ်နေ၏။ ဆရာတစ်ယောက်အနေနှင့် ဂဏန်း သင်္ချာဖြေရှင်းရန် မေးခွန်း ဆယ်ခုကို ပေးခြင်းဆိုသည်မှာ ဝက်ကိုသတ်ဖြတ်ရန် ဓားကိုထုတ်ခြင်းနှင့် ဆင်တူသည်။
ယခု ပထမဦးဆုံးမေးခွန်းကို ကြည့်ရှုလိုက်၏။ ပထမဦးဆုံး မေးခွန်းသည် စပါးတစ်စေ့ကို ကိုင်ဆောင် ထားရမည်ဖြစ်၏။ ဒုတိယမြောက်လူသည် စပါးနှစ်စေ့ကို ကိုင်ဆောင်ထား၏။ တတိယဆိုလူသည် စပါးသုံးစေ့ကို ကိုင်ဆောင်ထားခဲ့၏။ ဆိုတော့ စုစုပေါင်း လူတစ်ရာလျှင် မည်မျှဖြစ်နေမည်နည်း။ မေးခွန်း လူတစ်ရာတွင် စပါးစေ့ မည်မျှကိုင်ဆောင်ထားသနည်း။
ဤအရာသည် ဤအရာသည် မူလတန်း၏ သင်ရိုးညွှန်းတမ်းထဲမှ မေးခွန်းမျိုးပင် ဖြစ်၏။ ငါးတန်းသင်္ချာလောက်ပင် ခက်ခဲသည့် အရာမျိုး မဟုတ်ချေ။ ရှမ့်လန်သည် ထိုမေးခွန်း၏ အဖြေကို ချကာ ရေးလိုက်သည့် အချိန်မှာတော့ ရိုးရှင်းလွန်းသည့် မေးခွန်းများကို ဖြေရှင်းနေရသည့် အသက်သုံးဆယ်အရွယ် သူငယ်တန်းကျောင်းသားတစ်ယောက်ကဲ့သို့ ခံစားနေမိသည်။
ဟုတ်ပေ၏။ ရှမ့်လန်အတွက် ဤမေးခွန်းသည် တကယ့်ကို လွယ်ကူလွန်းလှချေ၏။ သို့ပေမည့် ဤလောကတွင်ရှိနေသည့် လူများအတွက်တော့ ခက်ခဲလွန်းလှ၏။ ပြောရမည်ဆိုလျှင် လက်ရှိ တည်ရှိနေသည့် ကျောင်းသား တစ်ဒါဇင်ကျော်တို့ကို မဆိုနှင့် တခြားသောသူများပင်လျှင် အချိန် အတိုင်းအတာတစ်ခုအတွင်း ထိုမေးခွန်းကိုဖြေဆိုနိုင်လိမ့်မည် မဟုတ်ချေ။ ပြီးနောက် ရှမ့်လန်သည် ဒုတိယမြောက် မေးခွန်းကို ကြည့်ရှုလိုက်၏။
“ဟင့် စိတ်ဝင်စားစရာပဲ”
ရှမ့်လန်အတွက် အလွန်ပင် ရိုးရှင်းလွန်းသည် ဆိုသော်လည်း ဤလောကကြီးအတွက်တော့ ခက်ခဲသည့် မေးခွန်းမျိုးပင်။ မသိကိန်းများကိုပင် မေးမြန်းထားခြင်းဖြစ်သည်။ သုံးစက္ကန့်မပြည့်ခင်မှာပင် ရှမ့်လန်သည် ညီမျှခြင်း၏ အဖြေမှာ ၂၃ ဖြစ်ကြောင်း သိရှိနေ၏။ သူ၏ ခေါင်းထဲတွင်ရှိနေသည့် ကွန်ပျူတာကိုပင် ထုတ်ဖော်အသုံးပြုခြင်း မရှိခဲ့ချေ။
တတိယမေးခွန်းမှာတော့ စိတ်ဝင်စားစရာ ကောင်းလှချေ၏။ လူသုံးယောက်တို့သည် နှစ် ခုနှစ်ဆယ် ကျော်အောင် အတူတကွ လမ်းလျှောက်လာခဲ့၏။ အစရှိသဖြင့် ကြည့်ရှုရသည်မှာ ကဗျာ ရေးသားခြင်းနှင့်ပင် ဆင်တူ၏။ ဤအရာသည် ရိုးရှင်းသည့် သင်္ချာပုစ္ဆာတစ်ခုဟု ထင်မှတ် မှားရလောက်အောင် ဖုံးကွယ်ကာ မေးမြန်းထားခြင်းဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်သည် ထိုမေးခွန်းကို အားအင် စိုက်ထုတ်မှုကင်းစွာဖြင့် သိရှိခဲ့ပြီးသားဖြစ်သည်။
သူသည် လေး၊ ငါး၊ ခြောက်၊ ကိုးအထိ မေးခွန်းများကို ဆက်လက်ကာဖြေဆိုခဲ့၏။ တစ်ခုမှသည် ရှမ့်လန်အား ခက်ခဲစေသည့် မေးခွန်းမျိုး မဟုတ်ခဲ့ချေ။ သူ့အနေနှင့် ထိုအရာများအားလုံးကို ဖြေဆိုရန်အတွက် နှစ်မိနစ်ပင် မကြာခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးမေးခွန်းသည် သူ၏ မျှော်လင့်ချက်များ အားလုံးကို ပုံဖော်ထားခဲ့၏။ နောက်ဆုံးမေးခွန်းသည် စာရွက်တစ်ရွက်စာ အပြည့် စာများနှင့် ပြည့်နှက်နေသည်။
ရှမ့်လန် အသာကြည့်ရှုလိုက်ချိန်မှာတော့ သူသည် တကယ်ပင် မျက်လုံးပြူးသွားမိ၏။
သစ်ပင် အလုံး ၂၀ ကို တစ်တန်းလျှင် ၄ ပင်စီဖြင့် အတန်းအများဆုံးဖြစ်အောင် စိုက်ပျိုးနည်းကို ပုံနှင့်တကွ ဖြေဆိုရန် ဖြစ်သည်။ အကယ်၍ ၁၄ တန်းထက် နည်းပါက ဖြေဆိုသူမှာ ကျရှုံးသည်ဟု သတ်မှတ်မည်။
ဤပုစ္ဆာသည် ကြည့်လိုက်လျှင် ရိုးရှင်းသယောင်ရှိသော်လည်း၊ ဤလောက်တွင်မူ နှစ်ထောင်ချီ ခက်ခဲခဲ့သော သင်္ချာပုစ္ဆာတစ်ခု ဖြစ်ပေသည်။
သာမန်လူများအနေဖြင့် သစ်ပင် အလုံး ၂၀၊ တစ်တန်း ၄ ပင်ဆိုလျှင် ၅ တန်းသာ ရမည်ဟု တွေးထင်ကြပေမည်။ အမှန်စင်စစ် ထိုသို့ လုံးဝမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သစ်ပင်များကို ပုံသဏ္ဌာန်မမှန်ဘဲ စိုက်ပျိုးနိုင်သောကြောင့် ၅ တန်းထက် များစွာ ကျော်လွန်သွားနိုင်၏။
၁၆ ရာစုတွင် ပညာရှင်တို့က ၁၆ တန်းအထိ စီစဉ်နိုင်ခဲ့ကြသည်။ ၁၈ ရာစုတွင် ထင်ရှားကျော်ကြားသော သင်္ချာပညာရှင် ဂေါက်စ် (Gauss) က ၁၈ တန်းအထိ စီစဉ်နိုင်ခဲ့သည်။ ၂၀ ရာစု နှောင်းပိုင်းတွင် ကွန်ပျူတာကျွမ်းကျင်သူနှစ်ဦးသည် ကွန်ပျူတာကို အသုံးပြု၍ အတန်း ၂၀ အထိ ပြီးမြောက်အောင် စီစဉ်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။ သစ်ပင် ၂၀၊ တစ်တန်း ၄ ပင်ကို အတန်း ၂၀ အထိ စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၁ ရာစုသို့ ရောက်သောအခါ စံချိန်သစ်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပြီး အချို့သူများက ၂၃ တန်းအထိ စီစဉ်နိုင်ခဲ့ကြသည်။
ဤပုစ္ဆာသည် ရှစ်ဝမ်ကျောင်း အကျေနပ်ဆုံးဖြစ်သော ပုစ္ဆာတစ်ခုလည်း ဖြစ်သည်။ သူသည် ယင်းပုစ္စာကို ရှေးဟောင်း သင်္ချာကျမ်းဟောင်းတစ်အုပ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူသည် ဤပုစ္ဆာ၌ သေသေချာချာ အချိန်ပေးခဲ့ပြီး ဆယ်နှစ်ကျော်တိုင် ကြိုးစားခဲ့ကာ နောက်ဆုံးတွင် ၁၄ တန်းအထိ စီစဉ်နိုင်သော နည်းလမ်းကို တတ်မြောက်ခဲ့၏။
ထို့အပြင် သူသည် ဤပုစ္ဆာဖြင့် လူတိုင်းကို အကျပ်ရိုက်ရသည်ကို သဘောကျလေ့ရှိသည်။ မြို့စားကြီး စံအိမ်တော်မှ လုပ်ဖော်ကိုင်ဖက်များ၊ မြို့စားကြီးကိုယ်တိုင်၊ ပညာသင်ဆုအတွက် ဖြေဆိုရန်လာသော ကျောင်းသားများ အပါအဝင် အားလုံးကို ဤပုစ္ဆာဖြင့် စမ်းသပ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မည်သူ၏ သင်္ချာစွမ်းရည်ကမှ သူ့အဆင့်ကို မမီသောကြောင့် ဖြစ်သည်။ သူ၏ ၁၄ တန်း စိုက်နည်းပုံစံကို ရေးဆွဲပြလိုက်သည့်အခါတိုင်း အခြားသူများ၏ အံ့အားသင့်တုန်လှုပ်နေသော မျက်နှာအမူအရာများကို သူ မြင်တွေ့ခံစားရလေ့ရှိသည်။
ယခု သူသည် နောက်ဆုံးမေးခွန်းကို ဤမေးခွန်းအဖြစ် စီစဉ်ပြီး ရှမ့်လန်ကို ဒုက္ခပေးရန် ကြံစည်ခဲ့ခြင်းဖြစ်၏။ ရှမ့်လန်အနေနှင့် ထိုအရာကို ဖြေဆိုနိုင်မည်ဟု လုံးဝမမျှော်လင့်ခဲ့ချေ။ ဖြေဆိုနိုင်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
ရှမ့်လန်… မင်းဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ ငါကြည့်ချင်သေးတယ်။ ဒါပေမဲ့ ငါ ရှစ်ဝမ်ကျောင်းက မင်းကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ပေးမယ့် လူမျိုးမဟုတ်ဘူး။
ရှစ်ဝမ်ကျောင်း သည် ၁၄ လိုင်းတိတိ ဖန်တီးနိုင်ခြင်းသည် အံ့အားသင့်စရာဖြစ်ကြောင်း သိရှိခဲ့၏။ အံ့အားသင့်စရာ ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားခဲ့ပြီးသားဖြစ်၏။
သို့ပေမည့် ဤအရာသည် ရှမ့်လန်အတွက်တော့ ၁၆ ရာစုပိုင်း အဆင့်ထက်ပင် မပိုချေ။ အဘယ့်ကြောင့် ဆိုသော် သူသည် ထိုအရာကို ၂၃ ခုတိတိ လွယ်လွယ်ကူကူ စီစဉ်ရေးဆွဲနိုင်စွမ်း ရှိနေသောကြောင့်ပင်။ သစ်ပင် ၂၃ ပင်။ တစ်တန်းကို လေးပင်ရှိ၍ လက်ရှိအချိန်တွင် ၂၃ တန်းအထိအောင် စိုက်ပျိုးနိုင်စွမ်း ရှိနေ၏။ ကောင်းကင်မှ ငြင်းပယ်စရာပင်။ ကျိန်းသေပေါက် ရှစ်ဝမ်ကျောင်း၏ ၁၄ လိုင်းကို အနိုင်ယူနိုင်မည့် အရာမျိုးပင်။ ရှစ်ဝမ်ကျောင်းတစ်ယောက် အံ့ချီးနပန်းဖြင့် သတိလစ်မေ့မြောသွားမှာပင် စိုးရိမ်ရသည်။
………
မေးခွန်း ကိုးခုကို ဖြေဆိုရန်အတွက် ရှမ့်လန်သည် ဆယ်မိနစ်ထက်ပင် အသုံးမပြုခဲ့ချေ။ နောက်ဆုံး မေးခွန်းမှာမှ သူသည် နာရီဝက်ကျော်ကြာ အသုံးပြုရ၏။ ဟုတ်ပေ၏။ ဤမေးခွန်းသည် သူ၏ စိတ်ထဲတွင် အလွန်များစွာသည့် အဖြေကို ပေါ်စေ၏။ သို့ပေမဲ့ ချက်ချင်းဆိုသလို ဖြေဆို လိုက်မည်ဆိုပါ က အားလုံးသောသူတို့ အံ့ဩသွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပဲ ထုတ်ဖော်ကာ မပြောခဲ့ချေ။ ဤအရာများသည် စာများချကာ ရေးသားရသည့် အရာမျိုးမဟုတ်ချေ။ သစ်ပင်များကို စီရသည့် အရာမျိုးဖြစ်သောကြောင့် တစ်ချက်ကလေးသော အမှားအယွင်းကိုမှ ပြုလုပ်၍ မရနိုင်ပေ။
ထို့ကြောင့် ရှမ့်လန်သည် ထိုအရာကို ဖြေဆိုနိုင်ရန်အတွက် နာရီဝက်နီးပါးကျော် ကြာမြင့်ခဲ့ခြင်းပင် ဖြစ်၏။ မေးခွန်းကို ဖြေဆိုလျက်ရှိနေတုန်းမှာပဲ မြို့စားကြီးနှင့် ဆရာအိုကြီးတို့သည် သူ့ကို အနှောင့်အယှက် မဖြစ်ရလေအောင်လို့ အကွယ်မှာသာ စောင့်ကြည့်လျက် ရှိနေ၏။
ရှစ်ဝမ်ကျောင်း သည် အပေါ်ထိပ်နားတွင် ထိုင်လျက်ရှိနေပြီး ရှမ့်လန်၏ မေးခွန်းဖြေဆိုမှုကို ကြည့်ရှုနေ၏။ သူသည် သူ့ကိုယ်သူလည်း ဂုဏ်ယူဝံ့ကြွားလျက် ရှိနေသည်။
တစ်ချိန်လုံး ရှမ့်လန်ကို ကြည့်ရှုလျက်ရှိနေပြီး ရှမ့်လန်သည် ပထမမေးခွန်းကိုးခုကို အချိန် တိတိကျကျ မသုံးဘဲ ဖြေဆိုခဲ့ကြောင်း မြင်တွေ့နေရသည်။ သို့ပေမည့် နောက်ဆုံးမေးခွန်းနေရာတွင်တော့ အချိန် အတော်ကြာ သုံးဖြုန်းလျက်ရှိနေကြောင်း မြင်လိုက်ရ၏။ ဤအရာမှာ ပုံမှန်အပြုအမူပင် ဖြစ်၏။
သူ၏ အထင်အရဆိုလျှင် ပထမမေးခွန်း ကိုးခုသည် ခက်ခဲ၏။ ထိုအရာကို သူသိရှိ၏။ သို့သော်ငြား အလွန်ခက်ခဲသည့် အရာမျိုးတော့ မဟုတ်ချေ။ နောက်ဆုံးမေးခွန်းနေရာမှာတော့ ရှမ့်လန်သည် ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲထွက်သွားအောင်အထိပင် စဉ်းစားမည်ဆိုလျှင်တောင်မှ ဖြေနိုင်လိမ့်မည့် အရာမျိုး မဟုတ်ချေ။ ထိုမေးခွန်းကို မြင်သည့်လူများ အားလုံးတို့သည် နှလုံးသားထဲတွင်ရှိနေသည့် မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့ကြောင်း သူက မျက်မြင်တွေ့ကြုံခဲ့ပြီးဖြစ်၏။ သူပင်လျှင် ထိုအရာကို သိရှိရန်အတွက် လအတော်ကြာ အချိန်ကုန်ခဲ့၏။ ကျောင်းသားတစ်ယောက် အနေနှင့် မည်သို့ ဖြေရှင်းမည်နည်း။
ထို့ကြောင့် ရှမ့်လန်အနေနှင့် မေးခွန်းကို ဖြေဆိုနိုင်လိမ့်မည်မဟုတ်ဟု သူ အသေအချာသိရှိနေ၏။ ကြိမ်ဒဏ်တစ်ရာကို ရိုက်နှက်နိုင်ရန် အဆင်သင့်ပြင်ထားရပေလိမ့်မည်။
ရှစ်ဝမ်ကျောင်းအနေနှင့် ရှမ့်လန်အဘယ့်ကြောင့် ဖြေဆိုနိုင်ခြင်းမရှိဟု သေချာနေရသနည်း။ အဘယ့်ကြောင့်ဆိုသော် ပထမ မေးခွန်းကိုးခုကို ဖြေဆိုသည့်နေရာတွင် ရှမ့်လန်သည် မည်သည့်တွက်ချက်မှုကိုမှ ထူးထွေစွာ တွက်ချက်ခဲ့ကြောင်း မမြင်ခဲ့ရသောကြောင့်ပင်။ လက်တစ်ချောင်း ကိုပင် ချိုးခြေရေတွက်ခြင်း မရှိခဲ့ချေ။
သင်္ချာကို ကျွမ်းကျင်သည့် ဆရာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ တွက်ချက်ရန် အချိနအနည်းငယ် ကြာသင့်သည် မဟုတ်ပါလား။ ယနေ့ခေတ်ကြီးထဲတွင် လက်ကို ချိုးခြေကာ ရေတွက်ခြင်းမရှိဘဲနှင့် သင်္ချာကို တွက်ချက်နိုင်သူဟူ၍ ရှိမည် မဟုတ်ပေ။ စိတ်ကူးထဲ တွေ့ရာတွေ လျှောက်ကာ ရေးသားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရှစ်ဝမ်ကျောင်းသည် တစ်ယောက်တည်းသည်သာလျှင် ထိုကဲ့သို့ တွေးတောနေသည် မဟုတ်ပေ။ မြို့စားကြီးသည်လည်း ထိုသို့ တွေးတောမိ၏။ ရှမ့်လန်အနေနှင့် မည်သည့် လက်ချိုး တွက်ချက်မှုကိုမှ မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် မေးခွန်းတစ်ခုကိုပင် မဖြေဆိုနိုင်မည်ကို သူ စိုးရိမ်မိ၏။
“တကယ့်ကို ပြဿနာပဲ”
သူ၏ သားမက် အကြိမ်တစ်ရာနီးပါးခန့် ရိုက်နှက်ခံရသည်ကို အတိုင်းသား ထိုင်ကြည့်ရမည်လား။ ဤကောင်လေး၏ အသားအရေသည် နူးညံ့ကာ ပျော့ပျောင်းလွန်းလှသည်။
ရှစ်ဝမ်ကျောင်းသည် အခြေအနေကို နားလည်မှု မရှိချေ။ ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး သေမလို ဖြစ်သွားခဲ့ပါက မည်သို့လုပ်မည်နည်း။ ထို့ကြောင့် မြို့စားကြီးသည် မြန်မြန်ဆန်ဆန်ပဲ လှမ်းကာ ကြည့်ရှုလိုက်၏။
ရုတ်တရက် တံခါး၏ အပြင်ဘက်တွင်ရှိနေသည့် အစေခံတစ်ယောက်သည် မြို့စားကတော်ဆီသို့ သွားရောက်ကာ သတင်းပေးပို့တော့၏။ ရှစ်ဝမ်ကျောင်းတစ်ယောက် ရှမ့်လန်ကို ရိုက်နှက်မည် ဆိုပါက မြို့စားကြီးသည် တားဆီး၍ မရနိုင်ချေ။ သို့ပေမဲ့ မြို့စားကတော်သည် အမျိုးသမီး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တားဆီး၍ ရနိုင်ကောင်းသည်။
မေးခွန်း ဆယ်ခုကို ဖြေဆိုပြီးနောက် ရှမ့်လန်သည် လက်ထဲတွင် ရှိနေသည့် စာရွက်ကို အသာ ကမ်းပေးလိုက်၏။ သို့ပေမည့် သူသည် အနားတွင်ရှိနေသည့် မေးခွန်းကို တစ်ခါလှမ်းကြည့်လိုက်သေး၏။
ရှစ်ဝမ်ကျောင်း၏ နှလုံးသားများမှာတော့ ပိုမိုကာ ပျော်ရွှင်သွားခဲ့၏။ ဤကောင်လေး၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေ၏။ မဖြေဆိုနိုင်သည်မှာ အသေအချာပင်။
ရှစ်ဝမ်ကျောင်းက အေးစက်စက် ပြောလိုက်သည်။ “အချိန်ပြည့်ပြီ။ လက်ထဲက စာရွက်ကိုပေးတော့”
ပြီးနောက် သူသည် အောက်ဆီသို့ အသာလမ်းလျှောက်လာခဲ့ပြီး ရှမ့်လန်၏ စားပွဲပေါ်တွင် ရှိနေသည့် စာရွက်ကို ယူလိုက်၏။
“တကယ့်ကို မောက်မာပြီး အသုံးမကျတဲ့ကောင်ပဲ။ စာသင်ခန်းထဲမှာကျတော့ သေသေချာချာ နားမထောင်ဘူး။ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတယ်။ မင်းက ဘာတစ်ခုမှ သင်ယူခြင်း မရှိဘူး။ ကျန်တဲ့လူတွေ မင်းရဲ့အမူအကျင့်တွေ ကူးသွားမှာတောင် စိုးရတယ်” ရှစ်ဝမ်ကျောင်းသည် ဆူငေါက်လျက်ရှိသည်။
ပြီးနောက် သူသည် ရှမ့်လန်၏အဖြေလွှာကို ယူကာကြည့်ရှုလိုက်၏။ ပထမမေးခွန်း ရှစ်ဝမ်ကျောင်းသည် အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။ သို့ပေမည့် သူ၏မျက်လုံးများသည် ဒုတိယ မေးခွန်းဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် သူသည် ထိုအရာကို ကြက်ခြေခတ်အဖြစ် ခတ်လိုက်ချင်၏။
သို့သော်ငြား တစ်စက္ကန့်ကြာပြီးနောက် သူ၏မျက်လုံးများသည် ပထမမေးခွန်းဆီသို့ ပြန်လည်ကာ ရောက်ရှိသွားခဲ့၏။ မှန်နေလေသည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ ပထမမေးခွန်းသည် ရိုးရှင်း လွန်းသည်ဆိုလျှင်တောင်မှ သူသင်ပြထားသည့် အရာများထက် သာလွန်သည့်အရာ ဖြစ်၏။ ထို့ကြောင့် ဂဏန်းသင်္ချာသည် လွယ်ကူလှသည့်အရာမျိုး မဟုတ်ခြင်းပင်။ သို့ပေမည့် ရှမ့်လန်သည် ပိုမိုတိကျသည့် အဖြေမျိုးကို ပေးအပ်လျက် ရှိနေသည်။
သူသည် ဒုတိယအဖြေကို ထပ်မံကာ ကြည့်ရှုလိုက်၏။ မှန်ကန်နေသေး၏။ တတိယအဖြေသည် ကလည်း မှန်ကန်နေသေး၏။ ရှစ်ဝမ်ကျောင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိ၏။
သူ၏ မျက်နှာသွင်ပြင်က အနည်းငယ် ပြောင်းလဲသွား၏။ စတုတ္ထနှင့် ပဉ္စမအဖြေများကလည်း မှန်ကန်နေသေး၏။ အချက်အလက်အရဖြင့် မှန်ကန်သည်သာမကချေ။ ရှမ့်လန်၏ ပြဿနာဖြေရှင်းသည့် နည်းလမ်းများသည် ပိုမိုကာ ကောင်းမွန်နေပြီး သူ့ထက်ပင် ပိုမိုကာ တိကျနေသေးသည်။
ရှစ်ဝမ်ကျောင်း၏ နောက်ကျောတွင် ချွေးစေးများပင် ပြန်လာခဲ့၏။ ရှမ့်လန်သည် မေးခွန်းငါးခုကို မှန်ကန်စွာ ဖြေဆိုနိုင်သည်ဆိုပါက လူမြင်ကွင်း၌ တောင်းပန်မည်ဟု သူ ပြောဆိုခဲ့သည် မဟုတ်ပါလား။ ယခု ရှမ့်လန်သည် မေးခွန်းငါးခုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီဖြစ်၏။
သူ ဘာလုပ်ရမည်နည်း။
ပြီးနောက် ရှစ်ဝမ်ကျောင်းသည် ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမေးခွန်းများကို ဆက်လက်ကာ ကြည့်ရှုလိုက်၏။ သူသည် ချွေးစေးများ မထွက်တော့ချေ။ အလုံးစုံ ကြက်သေ သေလျက် ရှိနေသောကြောင့်ပင်။