← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ရှစ်ဝမ်ကျောင်းသည် ရှင်းရှင်းလင်းလင်း မြင်ခဲ့၏။ ရှမ့်လန်သည် ပထမဦးဆုံးသော မေးခွန်းကိုးခုကို ဖြေဆိုရန် အတွက် အချိန်ခဏသာ ယူခဲ့၏။ မည်သည့် တွက်ချက်မှုကိုမှလည်း မပြုလုပ်ခဲ့ချေ။ မေးခွန်းကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် အဖြေအားလုံးကို ချရေးလိုက်သကဲ့သို့ပင်။ ရှမ့်လန်တစ်ယောက် ပေါက်ပန်း လေးဆယ်များ လျှောက်လုပ်နေသည်ဟု သူ တွေးတောခဲ့၏။ သို့ပေမည့် အဖြေအားလုံးသည် မထင်မှတ်ထားလောက်အောင်ဘဲ မှန်ကန်လို့ နေခဲ့၏။ ဆိုးရွားလွန်းလှချေသည်။

ဤမေးခွန်းကိုးခုတို့သည် သင်္ချာပြဿနာနှင့် ပတ်သက်၍ အလွန်တရာကို ခက်ခဲနေပြီဖြစ်၏။ ရွှမ်ဝူမြို့ တစ်ခုလုံးတွင် ထိုအရာကို ဖြေရှင်းနိုင်သည့် လူဟူ၍ များများစားစား မရှိချေ။ ရှစ်ဝမ်ကျောင်းပင်လျှင် ထိုအရာကို ဖြေရှင်းရန်အတွက် အချိန်အနည်းငယ် ယူရပေမည်။ ရှမ့်လန်မှာတော့ အချိန်အနည်းငယ်အတွင်း ဖြေရှင်းခဲ့၏။ မည်သို့ လုပ်ခဲ့သနည်း။

ပိုမို၍ အရေးကြီးမားသည်မှာ မည်သည့်တွက်ချက်မှုကိုမှ မပြုလုပ်ခဲ့ခြင်းပင်။ ထိုအရာများကို မည်ကဲ့သို့ တွက်ချက် ခဲ့သနည်း။ ရှမ့်လန်အနေနှင့် ဂဏန်းသင်္ချာဘာသာဗေဒနှင့်ပတ်သက်၍ တစ်ခါမှ ထိတွေ့ဆက်ဆံဖူးသူတစ်ယောက် မဟုတ်ပေ။ သန္ဓေပါရမီဖြင့် မွေးဖွားလာခဲ့လေသည်လား။ ထိုသို့ဆိုလျှင် အနည်းငယ် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ မဟုတ်ပါလား။

...........

ရှစ်ဝမ်ကျောင်းသည် မျက်လုံးကို စုံမှိတ်ပြီးသည့်နောက် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ပြီးနောက် သူသည် ဆယ်ခုမြောက်မေးခွန်းကို ကြည့်ရှုလိုက်၏။ ရှမ့်လန်သည် ပထမဦးဆုံး မေးခွန်းကိုးခုကို မှန်ကန်အောင် ဖြေဆိုထားခဲ့၏။ ထို့ကြောင့် ရှစ်ဝမ်ကျောင်းသည် မျက်နှာပျက်ခဲ့ရပြီ ဖြစ်၏။ ဆယ်ခုမြောက် မေးခွန်းအတွက်တော့ ဂဏန်းသင်္ချာဘာသာရပ်၏ ဂုဏ်သိက္ခာတရားအတွက် တိုက်ပွဲပင် ဖြစ်၏။ သူ၏ ဉာဏ်ပညာကို စမ်းသပ် စစ်ဆေးရမည့် တိုက်ပွဲမျိုးပင်။

သစ်ပင်ကို နှစ်ဆယ်၊ တစ်တန်းကို လေးပင်ထား၍ စုစုပေါင်း အတန်းမည်မျှရအောင် ဖန်တီးမည်နည်း။ ဤမေးခွန်းသည် ရှေးသင်္ချာစာအုပ်ထဲတွင် မြင်ခဲ့ရသည့် မေးခွန်းပင် ဖြစ်၏။ ထိုအရာကို သူ ဆယ့်လေးတန်းအဖြစ် စီစဉ်နိုင်ရန်အတွက် ဆယ်နှစ်တိတိ အချိန်ကြာခဲ့၏။ ရှမ့်လန်တစ်ယောက် ထိုအရာကို ပြည့်စုံအောင် မပြုလုပ်နိုင်ကြောင်း ရှစ်ဝမ်ကျောင်းက သေသေချာချာ ယုံကြည်နေမိ၏။

ဖြေရှင်းနိုင်သည်ဆိုပါကလည်း ဂဏန်းသင်္ချာဘာသာရပ်၏ အစစ်အမှန် ဉာဏ်ပညာကို ပိုင်ဆိုင်သူပင်။ သို့ပေမည့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရှစ်ဝမ်ကျောင်း၏ ကျောရိုးမကြီးတစ်ခုလုံးက စိမ့်တက် သွားခဲ့၏။ ရှိရှိသမျှသော အမွေးများပင် ထောင်ထသွားခဲ့သည်။

ချီး... ရှမ့်လန်.. ရှမ့်လန် ရူးများနေလား။ မဟုတ်သေးချေ။ လောကတွင် ရှိနေသည့် နတ်ဘုရားများပါ ရူးသွပ်သွားခဲ့လေသည်လား။ ခက်ခဲလွန်းသည့် သင်္ချာပိုင်းဆိုင်ရာ မေးခွန်းတစ်ခုဖြစ်၏။ သို့ပေသိ တစ်ချက်ကြည့်လိုက်သည်နှင့် သေချာသည်။ ရှမ့်လန်၏အဖြေသည် ဆယ့်သုံးတန်းထက်ပို၍ သာနေခြင်းပင်။ ထို့ကြောင့် စတင်ကာ ရေတွက်ကြည့်လိုက်၏။

ဆယ့်ငါး၊ ဆယ့်ခြောက်၊ ဆယ့်ခွန်၊ ဆယ့်ရှစ်.... နှစ်ဆယ့်သုံး .... စုစုပေါင်း နှစ်ဆယ့်သုံးတန်းဖြစ်၏။ သူပင် သံသယ ဖြစ်လာခဲ့မိ၏။ မည်သို့ လုပ်လိုက်သနည်း။ အပင် နှစ်ဆယ်၊ တစ်တန်းကို လေးပင် - သို့ပေမဲ့ ရှမ့်လန်သည် ထိုအရာကို နှစ်ဆယ့်သုံးတန်းအထိ စိုက်ပျိုးခဲ့၏။ မည်သို့ လုပ်လိုက်သနည်း။ လူသားလား၊ သရဲတစ္ဆေလား။

သူ ... ရှစ်ဝမ်ကျောင်းသည် ဆယ့်လေးတန်း စိုက်ပျိုးဖို့အတွက် ဆယ်နှစ်တိတိ အချိန်ကုန်ခဲ့သည်။ ရှမ့်လန်က မည်သို့ လုပ်လိုက်သနည်း။ နာရီဝက်ပင် မကြာခဲ့ချေ။

ထိုအချိန်မှာတော့ ရှစ်ဝမ်ကျောင်းသည် သူ၏ ကိုယ်ပိုင်အသိအမြင်နှင့် အတွေးအခေါ်များကိုပင် သံသယ ဝင်လာခဲ့မိ၏။ သူသိခဲ့သမျှသည် အမှားအယွင်းများ ဖြစ်ခဲ့လေသည်လား။ သူသည် ဂဏန်းသင်္ချာကို ချစ်မြတ်နိုး၏။ ထို့ကြောင့် နက်နက်နဲနဲ လေ့လာလိုက်စားခဲ့သည်။

အင်ပါရီယာ စာမေးပွဲတွင် မပါဝင်သော ဘာသာရပ်မျိုးဖြစ်သောကြောင့် မည်သည့်အောင်မြင်မှုမျိုးမှ မရရှိနိုင်သော်လည်း သူသည် ဂဏန်းသင်္ချာတွင် ပြိုင်ဘက်ကင်းသည်ဟု ခံစားမိခဲ့၏။ ထို့ကြောင့်ပင်လျှင် ရွှမ်ဝူအိမ်တော် တစ်ခုလုံး၏ စာရင်းဇယား တစ်ခုလုံးကို တာဝန်ယူထားရသည့် လူတစ်ယောက်ဖြစ်ခဲ့ပြီး ရွှမ်ဝူအိမ်တော်၏ အခန်းကဏ္ဍတွင် အရေးကြီးသည့် လူတစ်ယောက်အဖြစ် ပါဝင် အသုံးတော်ခံခဲ့လေ၏။

ထိုအရာနှင့်ပတ်သက်၍ သူက ဂုဏ်ယူဝံ့ကြွားမိသည်။ သို့ပေမည့် သူသိရှိနားလည်ထားခဲ့သော ဂဏန်းသင်္ချာ ဘာသာရပ်၏ အောင်မြင်မှုအားလုံးသည် အလုံးစုံ ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။ သူ မည်ကဲ့သို့ မပြိုလဲဘဲ နေမည်နည်း။

.........

မြို့စားကတော်သည် ပန်းချီရေးဆွဲလို့ နေခဲ့၏။ သိုင်းပညာတွင်လည်း အလွန်တော်လို့နေ၏။ သို့ပေမဲ့ သူမသည် ငယ်ရွယ်စဉ်က သိုင်းပညာကို လေ့လာ၊ သင်ယူခဲ့ခြင်းမှာ တခြားသောသူများက ဖိအားပေးကာ လေ့ကျင့်ခိုင်းခဲ့သောကြောင့်ပင်။ အစစ်အမှန်မှာတော့ သူမသည် သိုင်းလေ့ကျင့်ရခြင်းကိ မနှစ်သက်ချေ။ ပန်းချီ ရေးဆွဲရခြင်းကိုသာ နှစ်သက်၏။ ထိုသို့ဆိုလျှင် သူမ၏ ပန်းချီစွမ်းရည်က ဘာဖြစ်သနည်း။

အတိုချုပ်ပြောရမည်ဆိုလျှင် မြို့စားအိမ်တော်ထဲတွင် ထိုအရာနှင့်ပတ်သက်၍ မကောင်းသည့်မှတ်ချက်မျိုးကို မည်သူမှ မပေးရဲချေ။ လက်ရှိအခြေအနေမှာတော့ မြို့စားအိမ်တော်၏ အစေခံတစ်ယောက်သည် လျင်လျင်မြန်မြန်ဖြင့် သတင်းပေးပို့လိုက်၏။ “မြို့စားကတော်... သခင်ကြီးက ကျောင်းကို မြန်မြန်လာဖို့ ပြောနေတယ်”

မြို့စားကတော်က ပြောလိုက်သည်။ “ဘာ.. ကျင်းမူကုန်း အရိုက်ခံရပြန်ပြီလား။ ဒါဆိုရင်လည်း ရိုက်ပလေ့စေ။ ထားလိုက်တော့”

မြို့စားအိမ်၏ အစေခံက ပြောလိုက်၏။ “အရိုက်ခံနေရတာက သခင်လေး ကျင်းမူကုန်း မဟုတ်ပါဘူး။ ဒါက”

ပြော၍မပြီးသေးခင်မှာပဲ မြို့စားကတော်က ဖြတ်ပြောလိုက်သည်။ “ဆရာတစ်ယောက်အနေနဲ့ ကျောင်းသား တစ်ယောက်ကို ရိုက်တယ်ဆိုတာ သဘာဝပဲ။ တခြားသောသူတွေဆိုရင်လည်း တူတူပဲ”

“........”

အစေခံက ပြောလိုက်၏။ “ဒါက သမက်တော် ရှမ့်လန်ပါ။ ဆရာရှစ်ဝမ်ကျောင်းက သမက်တော်ရှမ့်လန်ကို အကြိမ် တစ်ရာတိတိ ကြာပွတ်နဲ့ ရိုက်ချင်နေတယ်”

ဝှစ်

လက်ထဲတွင် ကိုင်ထားသည့် စုတ်တံသည် အဝေးဆီသို့ လွင့်စင်သွားခဲ့သည်။ “ရှစ်ဝမ်ကျောင်း ဘာဖြစ်နေတာလဲ။ ဒီလူ့ဦးနှောက်က ရေဝင်သွားတာလား”

မြို့စားကတော်သည် ဒေါကြီးမောကြီးနှင့် ပြောဆိုလိုက်၏။ “လန်အာက ဒီလောက်တော်ပြီး လိမ်မာရေးချားရှိတဲ့ ကလေးတစ်ယောက်လေ။ သူက ဘာကိစ္စ ရိုက်ချင်နေရတာလဲ”

ပြောပြီးသည့်နောက် သူမသည် လျင်လျင်မြန်မြန်ပဲ ကျောင်းဆီသို့ ဦးတည်ကာ သွားလေသည်။ အစေခံသည် နောက်မှလိုက်ပါလာခဲ့၏။ သို့ပေမဲ့ အနောက်မှ လိုက်မမှီနိုင်ခဲ့ချေ။ သူသည် သခင်လေးမူကုန်းအတွက် ဆယ့်ငါးမိနစ်လောက် ဝမ်းနည်းသလိုပင် ခံစားနေမိသည်။ သခင်မကြီးသည် သခင်လေးမူကုန်းအား မည်သည့်နေရာက ကောက်လာသနည်း။

.........

ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်၏ အဖြေကို ကိုင်ဆောင်ထားခဲ့၏။ သူ၏လက်များသည် တုန်ယင်လျက် ရှိနေပြီး သူ့၏ မျက်နှာသွင်ပြင်တစ်ခုလုံးကလည်း ဖြူလျော်နေသည်။ သူ ဘာလုပ်ရမည်နည်း။ သူ့အနေနှင့် ရှုံးနိမ့်မှုကို ဝန်ခံပြီး အားလုံးသောသူတို့၏ အရှေ့တွင် ရှမ့်လန်ကို တောင်းပန်ရမည်လား။

ထိုသို့ဆိုလျှင် သူ၏မျက်နှာ၊ ဂုဏ်သိက္ခာတရားကို မည်သည့်နေရာတွင် သွားထားရမည်နည်း။ ဂုဏ်သိက္ခာတရား သည် ဤလောကတွင် အရေးအကြီးဆုံးအရာတစ်ခု ဖြစ်၏။

“တောက် ... ပေါက်ကရတွေ”

ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်၏ အဖြေလွှာကို တစ်ခါတည်းဆွဲဖြဲကာဖြင့် အော်ငေါက်လိုက်၏။ “ပေါက်ပန်းလေးဆယ် တွေ လျှောက်ရေးထားတာပဲ။ မေးခွန်းတစ်ခုတောင် မမှန်ဘူး”

စာရွက်များကို စုတ်ဖြဲလိုက်ပြီ ဖြစ်သောကြောင့် မည်သည့်သက်သေမှ မရှိတော့ချေ။

ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ရှမ့်လန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သူ၏ရှေ့တွင် ရှိနေသည့် ရှစ်ဝမ်ကျောင်းသည် အမြင်ကျဉ်းလှသည်သာမက ကောက်ကျစ်ယုတ်မာသည့် လူတစ်ယောက်လည်း ဖြစ်လို့ နေ၏။ ဤကဲ့သို့သော စိတ်ခံစားချက်များကို ပိုင်ဆိုင်သည့်လူတစ်ယောက် အနေနှင့် ဂဏန်းသင်္ချာ၌ အဘယ်ကြောင့် တော်လွန်းနေရသနည်း။ ၎င်းအား မြို့စားကတော်က အဘယ်သို့ သည်းခံကာဖြင့် အိမ်တော်တွင် ဆက်ထားရသနည်း။

မြို့စားကြီးသည် မျက်မှောင်ကုတ်သွား၏။ ရှမ့်လန် မေးခွန်းတစ်ခုမှ မဖြေနိုင်ဘူးဆိုလျှင်တောင်မှ အဖြေလွှာကို အဘယ်ကြောင့် ဖျက်ဆီးပစ်ရသနည်း။

ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်၏ အဖြေလွှာများကို အလုံးစုံဖျက်ဆီးပြီးသည့်နောက် အေးစက်စက် ပြောလိုက်၏။ “အကုန်လုံးမှားတယ်။ ရှုပ်ယှက်ခတ်နေတာပဲ။ ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

သို့ပေမဲ့ ရှမ့်လန်သည် အလျင်မလိုလှချေ။ ဆွဲဖြဲလိုက်သော စာရွက်နှင့် တစ်ထပ်တည်း တူညီနေသည့် နောက်ထပ် အဖြေလွှာ စာရွက်ကို ထုတ်ယူလိုက်၏။ သူသည် အဆိုးဆုံးသော၊ အကောက်ကျစ်ဆုံးသော လူများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အစောကြီးတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

“တိုက်ဆိုင်လိုက်တာ။ ကျုပ်ဆီမှာ အချိန်တွေ အများကြီးပိုနေတယ်လေ။ ပျင်းပျင်းနဲ့ နှစ်ခါဖြေထားမိတာပဲ” ရှမ့်လန်သည် အဖြေလွှာကို ပြောင်းလဲခြင်းစာအုပ်အား သင်ကြားပေးသည့် ဆရာအိုကြီးဆီသို့ ကမ်းပေးလိုက်၏။ “ဆရာကြီးက ဂဏန်းသင်္ချာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တယ်။ ကျုပ်ဖြေထားတဲ့ အဖြေတွေ ဘယ်လောက်မှားလဲ။ ကြည့်ကြည့်ပါအုံး”

ထိုအရာကို ကြားသည့်အချိန်မှာတော့ ရှစ်ဝမ်ကျောင်းက ကြောင်အသွားခဲ့၏။

ရှမ့်လန်.. မင်းဘာလို့ အားအားယားယား နှစ်ခါဖြေထားရတာလဲ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လှုပ်ယမ်းသွားခဲ့၏။ သတိလစ်မေ့မျောလုမတတ်ပင်။

ဆရာအိုကြီးလင်းသည် ရှမ့်လန်၏ အဖြေလွှာကို ယူကာ ပြောလိုက်သည်။ “ပြောင်းလဲခြင်းစာအုပ်ကို လေ့လာတဲ့လူတိုင်းက ဂဏန်းသင်္ချာကို ချစ်မြတ်နိုးတယ်လေ။ ဒီတော့ ကျုပ်ရဲ့ဂဏန်းသင်္ချာစွမ်းရည်က လူကြီးမင်းရှစ် လောက် မကောင်းဘူးဆိုပေမဲ့ မှန်လား၊ မှားလားတော့ ပြောနိုင်ပါတယ်”

ပြီးနောက် ဆရာအိုကြီးလင်းသည် စတင်ကာ ဖတ်ရှုလေ၏။ အစမှ အဆုံးအထိ ဖတ်ရှုပြီးသည့်နောက် ဆရာလင်းသည် အလုံးစုံ ဆွံ့အသွားခဲ့၏။ သူသည် ရှမ့်လန်နှင့်ပတ်သက်၍ ယုံကြည်ချက်ရှိ၏။ ရှမ့်လန်သည် အနည်းဆုံး သုံးခု၊ လေးခုလောက်ကို မှန်ကန်အောင် ဖြေဆိုနိုင်လိမ့်မည်ဟု သူက ခံစားမိ၏။ သို့သော်ကြား သူ မထင်မှတ်ခဲ့ချေ။ ရှမ့်လန်သည် အရာအားလုံးကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့၏။

စာရွက်ပေါ်တွင် ရှိနေသည့် တချို့သော မေးခွန်းများသည် တကယ့်ကို အလှည့်အပြောင်း များ၏။ နောက်ဆုံး မေးခွန်းဆိုလျှင် အံ့အားသင့်စရာပင်။ သူ့အနေနှင့် ထိုအရာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ဖူး၏။ ရှစ်ဝမ်ကျောင်း သည် ဆယ့်သုံးတန်းပြည့်အောင် ပြုလုပ်နိုင်ခဲ့ပြီး ဆရာအိုကြီးလင်းမှာတော့ ဆယ့်ငါးတန်း ပြည့်အောင် ရေးဆွဲနိုင်ခဲ့၏။ သို့ပေမဲ့ သူသည် ထိုအရာကို ထုတ်ဖော်ကာ မပြောခဲ့ချေ။ နှလုံးသားထဲတွင်တော့ ဂုဏ်ယူဝံ့ကြွားစွာ ထိန်းသိမ်းထားသည်။ သို့ပေမဲ့ မည်သူက ထင်မှတ်မည်နည်း။ ရှမ့်လန်သည် နှစ်ဆယ့်သုံးတန်း တိတိ ပြည့်အောင် ရေးဆွဲခဲ့၏။ ကောင်းကင်က ငြင်းပယ်ရလောက်သည့် စွမ်းဆောင်ရည်မျိုးပင်။ အံ့အားသင့်စရာ သင်္ချာ ပါရမီရှင်မျိုးပင် ဖြစ်သည်။

မြို့စားကတော်က မေးမြန်းလိုက်၏။ “ဆရာလင်း.. ဘယ်လိုလဲ”

ဆရာအိုကြီးလင်းသည် မြို့စားကြီးကို ဦးညွတ်ကာ ပြောလိုက်၏။ “ဂုဏ်ယူပါတယ် သခင်ကြီး.. ဂဏန်းသင်္ချာရဲ့ ပါရမီရှင်ကို ရခဲ့ပြီလေ။ ဒီအဘိုးကြီး ဒါမျိုး တစ်ခါမှ မမြင်ခဲ့၊ မကြားခဲ့ဖူးဘူး”

ရုတ်တရက် ရောက်ရှိလာခဲ့သော မြို့စားကတော်က မေးလိုက်သည်။ “သူ ဘယ်လောက်အဖြေများများ မှန်ကန်အောင် ဖြေခဲ့တာလဲ”

ဆရာလင်းက ပြောလိုက်၏။ “အကုန်လုံးပါပဲ။ ပြီးတော့ ရှမ့်လန်ရဲ့ သင်္ချာစွမ်းရည်က မေးခွန်းဆယ်ခု အကန့်အသတ် ထက်တောင် ပိုပြီး သာလွန်နေတယ်။ ဒီအဘိုးကြီး ယခင်တုန်းက သိခဲ့တဲ့ အသိပညာတွေအတွက် ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိတယ်”

မြို့စားကြီးသည် မည်သို့မှ မယုံကြည်နိုင်သလိုပင် ပါးစပ်အဟောင်းသား ဖြစ်လို့နေခဲ့၏။ သူ၏ သမက်တော်သည် အကြိမ်ပေါင်းများစွာ သူ့ကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ အထူးသဖြင့် ၎င်း၏ မှတ်ဉာဏ်ပင် ဖြစ်၏။ မထင်မှတ်ထားလောက်အောင်ဘဲ ဂဏန်းသင်္ချာပိုင်းတွင်လည်း အလွန်တော်လို့ နေ၏။ အလုံးစုံသော ပါရမီများနှင့် မွေးဖွားလာသည့် လူတစ်ယောက်ကဲ့သို့ပင်။

“လန်အာ.. ဒါကို ဘယ်လိုလုပ်လိုက်တာလဲ” မြို့စားကတော်သည် မည်သို့မှ မနေနိုင်ဘဲ မေးမြန်းလိုက်မိသည်။

ရှမ့်လန်က ပြောလိုက်၏။ “အမေ.. ဒါ ကိုယ်ဘာကိုယ် သင်ယူခဲ့တာပါ”

မြို့စားကတော်က ပြောလိုက်သည်။ “ဒါပေမဲ့ ဆရာမရှိဘဲနဲ့ ဒီအဆင့်ထိရောက်အောင် ဘယ်လိုများ လေ့လာခဲ့တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အမေ.. တချို့ပါရမီရှင်တွေက လူတွေကို မျှော်လင့်ချက်မဲ့အောင် ပြုလုပ်ရတာ နှစ်သက်ကြ တယ်လေ။ ဂဏန်းသင်္ချာဆိုတာ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက ပါရမီ၊ တစ်ရာခိုင်နှုန်းကသာ သိမြင်ခြင်း တဲ့”

ကျင်းမူကုန်း ၎င်းကို ရိုက်နှက်ချင်သည် မပြောနှင့်။ ထိုစကားများကို ကြားသည့်အချိန်မှာတော့ မြို့စားကတော်ပင်လျှင် ရိုက်နှက်ချင်စိတ် ပေါက်သွား၏။ ပြောနေသည့် မျက်ခွက်ကလည်း ထောင့်မကျိုးပေ။

မြို့စားကြီးသည် ရှမ့်လန်၏ အဖြေလွှာကို အဘယ်ကြောင့် ဆုတ်ဖြဲခဲ့သည်ဖြစ်ကြောင်း ရှစ်ဝမ်ကျောင်းကို မေးမြန်းချင်၏။ သို့ပေမဲ့ အတန်းထဲတွင် ကျောင်းသား တစ်ဒါဇင်ကျော် ရှိနေသေးကြောင်း သတိရလိုက်မိ၏။ ထို့ကြောင့် မမေးတော့ချေ။

မြို့စားကြီးသည် အားလုံးသောသူတို့၏ရှေ့တွင် တစ်စုံတစ်ယောက်၏ သိက္ခာကိုချရခြင်းအား နှစ်သက်သူ တစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ ထိုကဲ့သို့သောအရာကို ပြုလုပ်ရန် အကြိုက်နှစ်သက်ဆုံး လူမှာတော့ ရှမ့်လန် ဖြစ်သည်။

“လူကြီးမင်းရှစ်.. ဘယ်လိုဖြစ်ပြီးတော့ ကျုပ်ရဲ့ အဖြေလွှာကို ဆွဲဖြဲလိုက်ရတာလဲ။ ကြည့်ရတာ ခင်ဗျားက သက်သေ သာဓက မရှိတော့ဘူးဆိုရင် ကျုပ်ကို သေအောင်သတ်လို့ရပြီလို့ ထင်တဲ့ပုံပဲ”

ရုတ်တရက် ရှစ်ဝမ်ကျောင်း၏ မျက်နှာတစ်ခုလုံးက စိမ်းပြာသွားခဲ့၏။ သူသည် အံများကို ကြိတ်ကာဖြင့် ဒေါသထွက်နေမိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “လူကြီးမင်းရှစ်.. ကျုပ် အဖြေလွှာကို ငါးခုတိတိ မှန်ကန်အောင် ဖြေဆိုနိုင်မယ်ဆိုရင် ခင်ဗျား ကျုပ်ကို တောင်းပန်မယ်လို့ ပြောထားတာနော်။ အခု ကျုပ် ဆယ်ခုတိတိကို ဖြေဆိုနိုင်ခဲ့ပြီ။ ဘယ်လိုလုပ်မလဲ။ ဟုတ်တယ်။ ခင်ဗျားကို အတင်းတွန်းအားပေးပြီး ကျုပ်ကို တောင်းပန်ခိုင်းမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်က ဆရာတွေကို လေးစားသမှုရှိတဲ့ လူတစ်ယောက် မဟုတ်လား။ ဒါပေမဲ့ ......

လူကြီးမင်းရှစ်က ဆရာ တစ်ယောက်အနေနဲ့ ကိုယ့်စကားကိုတော့ ကိုယ်တည်သင့်တယ် မဟုတ်လား”

ပြောပြောပြီးချင်းမှာပဲ အခန်းထဲတွင် ရှိနေသည့် ကျောင်းသားပေါင်းများစွာသည် စိတ်လှုပ်ရှားသွားမိ၏။ အလွန် ကြုံတောင့်ကြုံခဲ့ ကိစ္စရပ်မျိုး ဖြစ်၏။ တကယ့်ကို ဂုဏ်ယူမောက်မာစွာဖြင့် ကျောင်းသားများကို နှိပ်ကွပ် အနိုင်ကျင့်တတ်သော ရှစ်ဝမ်ကျောင်းသည် အားလုံးသောသူတို့၏ ရှေ့တွင် ဂုဏ်သိက္ခာကျရတော့မည်လား။

ရုတ်တရက် အားလုံးသောသူတို့သည် ရှစ်ဝမ်ကျောင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ ရှစ်ဝမ်ကျောင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးများတောက်နေသကဲ့သို့ပင်။ မထင်မှတ်ထားလောက်အောင် အရှက်ကွဲရခြင်းပင် ဖြစ်၏။ သူသည် မြန်မြန်ဆန်ဆန် မြေတွင်းတူးကာဖြင့် ပုန်းလိုက်ချင်၏။ ရုပ်ရည်တစ်ခုမှလွဲ၍ ဘာတစ်ခုမှ သုံးမရသည့် ရှမ့်လန်ကဲ့သို့ လူတစ်ယောက်ကို တောင်းပန်ရမည်လား။ သူ၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမည်နည်း။

“ဟမ့်... မင်းဘာတွေပြောနေတာလဲ ငါမသိဘူး”

ပြီးနောက် ရှစ်ဝမ်ကျောင်းက ထွက်ခွာသွားရန် ပြင်လိုက်၏။ သူသည် အရှက်မဲ့စွာဖြင့် ပြုမူလိုက်ခြင်းဖြစ်၏။ အနာဂတ်တွင် သူသည် စာသင်ကြားမှုကို ရပ်တန့်လိုက်ပြီး မြို့စားအိမ်တော်၏ စာရင်းဇယား ကိစ္စရပ်များကိုသာ အာရုံစိုက်ကာ ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ကျောင်းသားများနှင့် ထပ်မံတွေ့ဆုံစရာ မလိုတော့ချေ။ ထို့ကြောင့် ထိုသူတို့ကို ရှက်ရွံ့နေစရာ မလိုတော့ချေ။

ထိုအချိန်မှာပဲ မြို့စားကတော်က ပြောလိုက်၏။ “လူကြီးမင်းရှစ်.. ဆရာတစ်ယောက်အနေနဲ့ အရေးအကြီးဆုံး ကိစ္စရပ်က ကလေးငယ်တွေအတွက် ဥပမာကောင်းတစ်ခု ဖြစ်ဖို့ပဲ”

မြို့စားကြီးအတွက် ဤကဲ့သို့သော စကားများကို ပြောဆိုရန်ဆိုသည်မှာ ခက်ခဲ၏။ ရှစ်ဝမ်ကျောင်းသည် အင်္ကျီလက်ကို အသာလွှဲကာဖြင့် ထွက်ခွာသွားရန် ပြင်ဆင်သည်ဆိုပါက မြို့စားကြီးသည် တားဆီးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ မြို့စားကတော်မှာတော့ အသာရှေ့သို့ လှမ်းတက်လိုက်ပြီး တိကျခိုင်မာသော်လည်း ကြင်နာ နွေးထွေးသည့် အသံမျိုးဖြင့် ပြောဆိုလိုက်သည်။ “ရှင် တစ်စုံတစ်ခု မှားယွင်းတာတွေ လုပ်ထားတယ်ဆိုရင် အဲလုပ်ထားတဲ့ အကျိုးဆက်ကို ခံယူရမှာပဲ။ ပြီးတော့ ကိုယ့်ကတိ ကိုယ်တည်သင့်တယ်”

ရှစ်ဝမ်ကျောင်းသည် မြို့စားကတော်နှင့် ဆွေမျိုးနီးစပ်တော်၏။ ထို့ကြောင့် မြို့စားကတော်သည် သူ၏နောက်ခံ အဖြစ် သတ်မှတ်၍ရ၏။ ၎င်း၏နောက်ခံက ထိုကဲ့သို့သော စကားများကို ပြောဆိုနေသည်ဆိုမှတော့ သူ့အနေနှင့် အဆင်ခြင်မဲ့ မပြုလုပ်ရဲတော့ချေ။

ရှစ်ဝမ်ကျောင်းသည် အံကိုကြိတ်ကာဖြင့် ရှမ့်လန်၏ အရှေ့ဆီသို့ လျှောက်သွား၏။ ကြည့်ရှုနေကြသော လူပေါင်း များစွာ၏ မျက်လုံးအောက်မှာတော့ သူ၏ ခြေလှမ်းများသည် တကယ့်ကို လေးလံလွန်းခဲ့၏။ ပြီးနောက် ရှမ့်လန်ကို ဦးညွတ်ကာ ပြောလိုက်၏။ “တောင်းပန်ပါတယ် ရှမ့်လန်.. ငါ အဆင်အခြင်မဲ့ခဲ့ပါတယ်။ မှားခဲ့ပါတယ်”

သူတစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော အရှက်ကွဲမှုပင် ဖြစ်၏။ မြန်မြန်ဆန်ဆန်နှင့် မြေတွင်းတူးကာ ဝင်ပုန်းရန်ပင် ကြိုးစားချင်မိသည်။

All Chapters