← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ဖြောင်း ဖြောင်း ဖြောင်း

ရှစ်ဝမ်ကျောင်းသည် သူ၏မျက်နှာကို ထပ်တလဲလဲ ရိုက်နှက်ခံနေရသည်ဟု ခံစားနေမိ၏။ အားလုံးသောသူတို့၏ အကြည့်ထဲတွင်ရှိနေသည့် လှောင်ပြောင်သရော် အထင်သေးမှုများကို သူက မြင်နေရ၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် နီမြန်းလို့နေခဲ့ပြီး ခန္ဓာကိုယ်တွင် ရှိနေသည့် အမွေ’ပေါင်း များစွာတို့သည် ထောင်ထလို့ နေခဲ့၏။ နှလုံးသား တစ်ခုလုံးသည်လည်း ပေါက်ကွဲလုမတတ်ပင်။ ဤနေရာတွင် သူ ကြာကြာနေ၍ မဖြစ်တော့ချေ။ ထို့ကြောင့် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။

ရှမ့်လန်.. မင်းစောင့်ထား၊ မင်းစောင့်နေစမ်း။ အခုကစပြီး မင်းနဲ့ငါက တစ်ယောက်ယောက် သေမှဖြစ်မယ့် အခြေအနေမျိုးကို ရောက်သွားပြီ။

............

ကျောင်းသားပေါင်း တစ်ဒါဇင်ကျော်တို့သည် ရှမ့်လန်ကို ချီးကျူးသလို လှမ်းကာကြည့်ရှုလိုက်၏။ အံ့အားသင့်စရာပင်။ ရှမ့်လန်သည် ရှစ်ဝမ်ကျောင်းကို ဤကဲ့သို့သော အခြေအနေမျိုးဖြစ်အောင် ပြုလုပ်ခဲ့၏။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့်လူပင်။

“ရှမ့်လန်... မင်းလက် ငါ့ကိုပေး” မြို့စားကြီးသည် ရုတ်တရက် ပြောလိုက်၏။

“ယောက္ခထီး.. ဘာလို့လဲ” ရှမ့်လန်သည် အချိန်ကိုက်ပင် ပြန်လည်ကာ မေးမြန်းလိုက်သည်။

“မင်းလက်ကိုပေး” မြို့စားကြီးက ပြောလိုက်၏။

ရှမ့်လန်သည် လက်ကို အသာဆန့်ထုတ်ပေးလိုက်၏။ မြို့စားကြီးသည် ပေတံကို အသာကောက်ယူကာဖြင့် ရှမ့်လန်၏ လက်ဝါးကို ရိုက်နှက်လိုက်၏။ ရိုက်လည်း ရိုက်ချင်နေသေးသည်။ သို့ပေမဲ့ နာအောင် မရိုက်ခဲ့ချေ။

“...........” ကျင်းမူကုန်း။

“အရမ်းကြီး မောက်မာမနေနဲ့။ ပြီးတော့ အရမ်းကြီး ဂုဏ်ယူဝံ့ကြွားမနေနဲ့” မြို့စားကြီးက ပြောလိုက်၏။ ဤအဘိုးကြီးသည် တကယ့်ကို ရှေးရိုးဆန်သည့် အဘိုးကြီးဖြစ်သည်။

“ကောင်းပါပြီ ယောက္ခထီး” ရှမ့်လန်သည် လိမ္မာယဉ်ကျေးသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြင့် အသာ ဦးညွတ်ကာ ပြောဆိုလိုက်၏။

သူ၏ယောက္ခထီးသည် ကြင်နာသနားမှုကြောင့် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်ခဲ့ခြင်းပင်။ ဤကဲ့သို့သော အခြင်းအရာကို ကြည့်ရှု၍ ကျောင်းသားများသည် ရှမ့်လန်ကဲ့သို့ ပြုမူဆောင်ရွက်လာမည်ကို သူ မဖြစ်စေချင်ပေ။ ထို့အပြင် ရှမ့်လန်၏ ကြောင်တောင်တောင်၊ ပြောင်စပ်စပ် မျက်နှာကို သူမမြင်ချင်ပေ။ ထို့ကြောင့်ပင်လျှင် သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ယောက္ခထီးနှင့် သမက်ဆိုသည်မှာ သဘာဝရန်သူများပင် ဖြစ်၏။ မြို့စားကြီးသည် သူ၏သမက်တော်ကို ချစ်ခင်သည် ဆိုလျှင်တောင်မှ ရန်သူက ရန်သူပင်ဖြစ်သည်။

..........

ရှစ်ဝမ်ကျောင်းသည် မြို့စားအိမ်တော်တွင် ကြာကြာနေထိုင်ရန်အတွက် မျက်နှာဟူ၍ မရှိတော့ချေ။ ထို့ကြောင့် အိမ်ကိုပြန်ပြီးသည့်နောက် ဝမ်းနည်းဆွေးမြေ့စွာဖြင့် အရက်သေစာများကို သောက်စားလျက် ရှိနေ၏။ သို့ပေမည့် သူ၏ သတင်းသည် ရှမ့်လန်ကြောင့် မြို့စားအိမ်တော် တစ်ခုလုံးသို့ မြန်မြန်ဆန်ဆန် ပျံ့နှံသွားပြီ ဖြစ်၏။ ထိုမှတဆင့် ရွှမ်ဝူမြို့ထဲသို့ပင် ပျံ့နှံ့သွားခဲ့၏။ ရှစ်ဝမ်ကျောင်းသည် ဂုဏ်သိက္ခာတရားကို ဂရုစိုက်သူတစ်ယောက်ဖြစ်သည်။ ထို့အပြင် ရှမ့်လန်သည် သူတို့၏ သတင်းအား တမင်ဖြန့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိထားကြောင့် ချင့်မရဲ မခံမရပ်နိုင် ဖြစ်လို့နေ၏။

ရှမ့်လန်သည် အစောကြီးကတည်းက ရွှမ်ဝူမြို့ထဲ၌ ကျော်ကြားနှင့်ပြီးဖြစ်၏။ ပထမဦးဆုံး မြို့စား အိမ်တော်ထဲသို့ ဝင်ရောက် မြို့စားသမီးနှင့် လက်ထပ်ခဲ့ရ၏။ ပြီးနောက် ထျန်းဟန်၏ လောင်းကစားရုံကို သွားရောက်ကာဖြင့် ပညာပေးခဲ့၏။ မကျော်ကြားဘဲ နေလိမ့်မည် မဟုတ်ချေ။

ရှစ်ဝမ်ကျောင်းသည် မြို့စားအိမ်တော်ဆီသို့ ရက်အနည်းငယ်လောက် မသွားပါက မုန်တိုင်းအားလုံး ပြီးဆုံးသွား မည်ဟု ထင်မှတ်ခဲ့၏။ ထို့ကြောင့် သူသည် အရက်သေစာများကို သောက်သုံးလျက် ရှိနေ၏။

တစ်စုံ တစ်ယောက်သည် အခန်းဝ၌ ပေါ်ပေါက်လာခဲ့၏။ ထျန်းဟန်ပင် ဖြစ်၏။ ရန်သူ၏ ရန်သူသည် မိတ်ဆွေပင် မဟုတ်ပါလား။

ထျန်းဟန်သည် ရှစ်ဝမ်ကျောင်း၏ အရှေ့၌ အသာထိုင်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “လူကြီးမင်းရှစ်.. ခင်ဗျားက မျက်နှာပျက်ရုံပဲ ရှိသေးတယ်။ ကျုပ်က အရိုး၊ အသားထဲထိပါ နာခဲ့တာလေ။ ရှမ့်လန်နဲ့ ကျုပ်ကမှ တကယ့်ကို ရန်သူတွေဗျ”

ရှစ်ဝမ်ကျောင်းသည် အနည်းငယ်သက်သာသလို ခံစားမိ၏။ သူ့အနေနှင့် သူကံဆိုးသည်ဟု ခံစားမိနေချိန်မျိုးတွင် သူ့ထက်ပိုမိုကာ ကံဆိုးသည့်လူတစ်ယောက်ကို မြင်လိုက်ရတော့ စိတ်သက်သာရာရသွားမိခြင်းပင်။

ထျန်းဟန်က ပြောလိုက်သည်။ “လူကြီးမင်းရှစ်က ဒီမိစ္ဆာသတ္တဝါကောင် ရှမ့်လန်ကိုလည်း ဖျက်ဆီးချင်နေတာလား”

“သူ့ကို ဖျက်ဆီးမယ် ဟုတ်လား”

ရှစ်ဝမ်ကျောင်းက ကြောင်သွား၏။ “ဖျက်ဆီးမယ်ဆိုတာ ခင်ဗျား ဘယ်လို ပြောချင်တာလဲ”

“အင်း.. ဖျက်ဆီးတာကို ထားလိုက်။ ကျုပ်က သူ့ကို သတ်ချင်တာ” ထျန်းဟန်က ပြောလိုက်သည်။

ရှစ်ဝမ်ကျောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ “မဖြစ်နိုင်ဘူး။ မြို့စားကြီးက သူ့ကို အရမ်းနှစ်သက်တယ်။ ရွှမ်ဝူမြို့ထဲမှာ ရှမ့်လန်ကို ဘယ်သူက ထိရဲမှာလဲ”

ထျန်းဟန်က ပြောလိုက်သည်။ “ခင်ဗျားပြောတာ မှန်ပါတယ်။ မြို့စားကြီးရဲ့ ကာကွယ်ပေးမှု ရှိနေတယ်ဆိုမှတော့ ရှမ့်လန်ကို ဘယ်သူမှ မထိရဲဘူး။ ဒါပေမဲ့ မြို့စားကြီးက လိုလိုချင်ချင်နဲ့ ရှမ့်လန်ကို လက်လျော့လိုက်မယ် ဆိုရင်ကော …..”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှမ့်လန်က ကောလဟလထဲက ပြောသလို အသုံးမဝင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ မြို့စားကြီးက အရမ်းကို ပျော်ရွှင်နေတယ်။ သူ့သမက်ကို ဘယ်လိုလုပ် လက်လွှတ်ပေးမှာလဲ”

“ဘာလို့ လက်လွှတ်ပေးမှာလဲ ဟုတ်လား”

ထျန်းဟန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ မြို့စားကြီးက သူ့ကို လက်လွှတ်ပေးရလောက်တဲ့ အခြေအနေအထိ ရှမ့်လန်က အရမ်းတော်နေလို့”

ရှစ်ဝမ်ကျောင်းက ကြောင်အသွား၏။

ထျန်းဟန်က ဆက်ပြောလိုက်သည်။ “မြို့စားကြီးရဲ့ ပြဿနာက ဘာလဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “သူ့သားက သုံးမရတာပေါ့”

ထျန်းဟန်က ပြောလိုက်၏။ “ဟုတ်တယ်။ မြို့စားကြီးရဲ့သားက မပြည့်စုံဘူး။ သုံးစားလို့လည်း မရဘူး။ ဒါပေမဲ့ အခု မင်းကြီးထုတ်ဖော်ထားတဲ့ တော်ဝင်မျိုးနွယ်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေက အလှည့်အပြောင်း အရမ်း များလွန်းတယ်။ မြို့စားကြီးသာ သေသွားတဲ့အချိန်မှာ ရှမ့်လန်ရဲ့ အပြုအမူက သူများထက်ပိုပြီး ထူးချွန်နေတယ် မဟုတ်လား။ ဒါဆိုရင် မြို့စားသားက ရှမ့်လန်ကို ဘယ်လိုထိန်းချုပ်မှာလဲ။ အနာဂတ်မှာ ရွှမ်ဝူအိမ်တော် တစ်ခုလုံးက ရှမ့်မျိုးရိုးဖြစ်ပြီး ကျင်းမျိုးရိုးနာမည်‌ ပျောက်သွားလိမ့်မယ်”

ရှစ်ဝမ်ကျောင်းသည် ဝိုင်တစ်ခွက်ကို ကောက်မော့ကာ ထောက်ခံလိုက်သည်။ “ဒါကတော့ အမှန်ပဲ”

ထျန်းဟန်က ပြောလိုက်၏။ “ဟိုအရင်နေ့တုန်းက မြို့စားအိမ်တော်ရဲ့ သမက်တော်ရွေးပွဲအတွက် လူငါးယောက် ပြိုင်ဆိုင်ခဲ့ကြတယ်။ တခြားသောလေးယောက်က အရမ်းကို ထူးချွန်တဲ့လူတွေလေ။ ရှမ့်လန်က ဘာလို့ အနိုင်ရခဲ့တာလဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ သူ့ဆီမှ ရည်မှန်းချက် မရှိလို့။ သူက သုံးစားမရဘူး။ ပြီးတော့ ဆိုးရွားတဲ့ ဂုဏ်သိက္ခာကိုလည်း ပိုင်ဆိုင်လို့”

“သိပ်မှန်တာပေါ့”

ထျန်းဟန်က ပြောလိုက်သည်။ “ဒါပေမဲ့ သူက အခု မပြည့်စုံ၊ သုံးမရတဲ့ လူတစ်ယောက်နဲ့ တူလို့လား။ သူ့ရဲ့လုပ်ဆောင်မှုတွေက အရမ်းကို ပါရမီရှိပြီး ထူးချွန်နေတယ်။ အသိဉာဏ်ပညာကလည်း မြို့စားသား ကျင်းမူကုန်း ထက် ပိုသာနေတယ် မဟုတ်လား”

ရှမ်ဝမ်ကျောင်းက ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန်ဆီမှာ ဘာရည်ရွယ်ချက်မှ မရှိဘူးလေ။ သူလုပ်ခဲ့တာတွေ အားလုံးကို ကြည့်လိုက်။ ပထမဦးဆုံး ခင်ဗျားကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ပိုက်ဆံတွေ အနိုင်ရဖို့အတွက် လောင်းကစားရုံကိုလည်း သွားခဲ့တယ်။ ပြီးတော့ အခု ကျုပ်ကို တောင်းပန်ဖို့ အတိအလင်း ဖိအားပေးခဲ့တယ်လေ။ သူက တကယ့်ကို ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ ဆိုးရွားစုတ်ပြတ်တဲ့ ဂုဏ်သိက္ခာနဲ့ အရှက်မဲ့တဲ့ သခင်လေးတစ်ယောက်လိုပဲ။ သူ့မှာ ဘာရည်မှန်းချက်မှ မရှိတာကို ကြည့်လိုက်တာနဲ့ လွယ်လွယ်ကူကူ နဲ့ သိတယ်မလား”

ထျန်းဟန်က ပြောလိုက်သည်။ “သူ့ဆီမှာ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဒါပေမဲ့ ကျုပ်တို့က ရည်ရွယ်ချက်ရှိအောင် လုပ်လို့ရတယ်။ အပြင်ဘက်မှာ ကောလဟလ သတင်းတွေကို ကျုပ် စဖြန့်လိုက်မယ်။ ရှမ့်လန်က ဘယ်လောက် ထူးချွန်တဲ့အကြောင်း၊ မြို့စားသားက ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတဲ့အကြောင်းပေါ့။ ရှမ့်လန်က အနာဂတ်မှာ မြို့စားအိမ်တော်ရဲ့ ဆက်ခံသူနေရာကို ရယူလိမ့်မယ်လို့ ကျုပ် ကောလဟလ ဖြန့်လိုက်မယ်”

“ဒီသတင်းက မြို့စားကြီးနဲ့ မြို့စားကတော်ဆီ ရောက်သွားမယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာတက်ပြီ မဟုတ်လား။ ခင်ဗျားကလည်း မြို့စားကြီးနဲ့ မြို့စားကတော်ဆီ သွားပြီးတော့ ဘေးတီးပေးပေါ့။ ဆယ်ကြိမ်လောက် မလုံလောက်ဘူးဆိုရင် အကြိမ်တစ်ရာပြော။ မရရင် အကြိမ်တစ်ထောင်လောက်ပြောဗျာ”

“အင်း.. လူဆယ်ယောက်‌ပေါင်းရင် ကျားတစ်ကောင်အားဖြစ်တယ်ဆိုတာ တကယ်လား” ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။

ထျန်းဟန်က ပြောလိုက်၏။ “ခင်ဗျား လိမ်ညာမှုတစ်ခုကို အကြိမ်တစ်ထောင်လောက် ပြောဆိုမယ်ဆိုရင် ဒါက အမှန်တရား ဖြစ်လာလိမ့်မယ်”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင်တောင်မှ မြို့စားကတော်က နည်းနည်း နဝေတိမ်တောင် ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ရှမ့်လန်ကို ထိခိုက်နာကျင်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျုပ်မထင်ဘူး”

ထျန်းဟန်က ပြောလိုက်၏။ “အင်း.. မြို့စားကတော်က နဝေတိမ်တောင် ဖြစ်သွားပြီဆိုရင် ရှမ့်လန်ကို ကာကွယ်ချင်စိတ် ရှိမှာ မဟုတ်တော့ဘူး။ အပြင်မှာရှိနေတဲ့ ကောလဟလတွေက မှန်လား၊ မှားလား။ ပြီးတော့ ခင်ဗျား ဘေးတီးနေတဲ့ စကားက မှန်လား၊ မှားလား။ ဒါတွေအကုန်လုံးက အချိန်တစ်ခု ကြာတဲ့အခါမှာ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာမှာပဲ။ ရှမ့်လန်ကို သတ်ဖြတ်တဲ့နေရာမှာ ကျုပ်တို့က တကယ့်သတ်ဖြတ်အကွက်ကို ကိုင်ထားသလို ဖြစ်လာလိမ့်မယ်”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဘယ်လို သတ်ဖြတ်ကွက်မျိုးလဲ”

“ကျုပ် မပြောနိုင်ဘူး”

ထျန်းဟန်က ပြောလိုက်၏။ “ကောလဟလတွေကလည်း အပြင်မှာ လုံလုံလောက်လောက် ပျံ့နှံ့နေပြီ။ ခင်ဗျားရဲ့ ဘေးတီးမှုကလည်း လုံလောက်အောင် ကြမ်းတမ်းမယ်ဆိုရင် အစောကြီးကတည်းက တောက်လောင်ချင်နေတဲ့ မီးက ဖောက်ကနဲ ထတောက်ပြီပေါ့။ ဒါဆိုရင် ကျုပ်ကို့ ရှမ့်လန်ကို သတ်ဖြတ်နိုင်တဲ့ အခြေအနေရောက်ပြီ”

“တကယ်လား” ရှစ်ဝမ်ကျောင်းက မေးမြန်းလိုက်သည်။

ထျန်းဟန်က ပြောလိုက်၏။ “ဟုတ်တာပေါ့။ မြို့စားအိမ်တော်ကို လူကြီးမင်းရှစ် ပြန်သွားဖို့သင့်တယ်။ ပြီးတော့ မီးမွှေးဖို့ ပြင်ဆင်တော့”

ရှစ်ဝမ်ကျောင်းသည် လက်ရှိအခြေအနေ၌ မြို့စားအိမ်တော်ဆီသို့ မပြန်ချင်ပေ။ သို့ပေမဲ့ သူ ရှမ့်လန်ကိုသာ သတ်ဖြတ်နိုင်သည်ဆိုပါက အားလုံးသောသူတို့၏ လှောင်ပြောင်မှုကိုခံရပြီး လက်ညှိုးတစ်ထိုးထိုးနှင့် ပြောဆို ငေါက်ငမ်းမှုကို ခံရမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။

“စိတ်မပူနဲ့။ ကျုပ် မနက်ဖြန် မြို့စားအိမ်တော်ဆီကို ပြန်မယ်။ ပြီးတော့ မီးက အားကောင်းလာပြီဆိုရင် ရှမ့်လန်ကို သေတဲ့အထိ လောင်ကျွမ်းစေရမယ်။ ပထမဦးဆုံး မြို့စားကြီးနားမှာရှိတဲ့ မီးကို ကျုပ်အရင်မွှေးမယ်။ ပြီးတော့ မြို့စားကတော်ပေါ့။ ရှမ့်လန်အတွက် သေဖို့လမ်းနှစ်လမ်းကို ရှာပေးလိုက်မယ်”

ထျန်းဟန်သည် သူ၏လက်များကို အသာဆန့်တန်းကာ ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ် အတွင်းအပြင် အတူတူ ပူးပေါင်းကြမယ်။ ဒါဆိုရင် တစ်ကွက်တည်းနဲ့ ရှမ့်လန်ကို သတ်ဖြတ်နိုင်တဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်”

ပြီးနောက် လက်ဝါးနှစ်ခုသည် ပူးပေါင်းသွားခဲ့၏။

……..

ညသို့ ရောက်ရှိလာခဲ့၏။ ရှစ်ဝမ်ကျောင်းသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ကာ ရုပ်ဖျက်ထားခဲ့၏။ သူသည် လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်ပြီး နောက်ဘက်တံခါးဆီမှတဆင့် သူ၏အိမ်မှ ထွက်ခွာသွားခဲ့သည်။

ခဏလောက် ကြာပြီးနောက် ၎င်းသည် လျှို့ဝှက်ခြံဝန်းတစ်ခုထဲကို ဝင်လိုက်၏။ ဤအရာသည် ရှစ်မိသားစု ပိုင်ဆိုင်ရာ ခြံဝန်းတစ်ခုဖြစ်ပြီး ထိုအရာကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း လူတော်တော်များများ မသိကြချေ။ စစ်သည်တော်များထဲမှ တစ်ယောက်သည် ရှမ်ဝမ်ကျောင်းကို အိမ်အတွင်းသို့ ခေါ်ဆောင်လာခဲ့၏။

ရှစ်ဝမ်ကျောင်းသည် အထဲတွင် ရှိနေသည့်လူကို မမြင်ရချေ။ သူ့အနေနှင့် အမဲရောင် အရိပ်တစ်ခုကိုသာ မြင်ရသည်။ “ဆရာကြီး.. ဒါ ကျုပ် နှစ်ဝက်လောက်တိတိ ကြိုးစားထားခဲ့တဲ့ အရာတွေပါ။ ဒါတွေကို လက်ဆောင်ပေးပါတယ်”

ရှစ်ဝမ်ကျောင်းသည် စားပွဲပေါ်သို့ သေတ္တာလေးတစ်လုံးကို တင်လိုက်၏။ ထိုအရာကို ဖွင့်လိုက်သည့် အချိန်မှာတော့ အထဲတွင် ရွှေဒင်္ဂါးများ ပြည့်လို့နေ၏။ အနည်းဆုံး တစ်ထောင်နီးပါးခန့်ရှိ၏။

“ဒါ နည်းနည်းများတာပဲ” ကျင်းကျန်း၏ အသံက ထွက်ပေါ်လာသည်။

“မများပါဘူး။ မများပါဘူး”

ရှစ်ဝမ်ကျောင်းသည် သေတ္တာငယ်လေးကို ယူဆောင်ကာဖြင့် စားပွဲပေါ်သို့ ထပ်တင်လိုက်ပြန်၏။ “ဆရာကြီး… ခင်ဗျားရဲ့ မင်္ဂလာဆောင်ကလည်း နီးလာပြီလို့ ပြောတယ်။ ကျုပ် မလာနိုင်ပါဘူး။ ဒါ ခင်ဗျားမိန်းမအတွက် လက်ဆောင်ပါပဲ။ အထဲမှာရှိတဲ့ လက်ဝတ်ရတနာအားလုံးက မြို့စားအိမ်တော်ကနေ ရရှိလာတဲ့အရာတွေပါပဲ”

သေတ္တာငယ်လေးကို ဖွင့်လိုက်သည့်အချိန်မှာတော့ အထဲတွင် ကျောက်မျက်ရတနာများပေါင်း များစွာနှင့် ပြည့်နှက်နေသည်။

ကျန်းကျင်းက ပြောလိုက်၏။ “တခြားဘာတွေ ရှိသေးတယ်။ ကျုပ်တို့ ဘာလုပ်ရမလဲဆိုတာကို ခင်ဗျား အသိဆုံး နေမှာပေါ့”

ရှစ်ဝမ်ကျောင်းသည် စာအုပ်တစ်အုပ်ကို အသာထုတ်ယူလိုက်သည်။ “ဒါက ဒီလအတွက် မြို့စားအိမ်တော်ဆီက ရခဲ့တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေပါပဲ”

စစ်သည်တော်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် ထိုစာအုပ်ကို လှမ်းယူလိုက်၏။ ကျန်းကျင်းသည် ထိုအရာကို သေသေချာချာ လှန်ကာဖတ်ရှုပြီး ပြောလိုက်၏။ “အင်း.. ဒီအထဲမှာ တချို့အရာတွေက ရှုပ်ထွေးနေသေးတယ်။ မြို့စားအိမ်တော်ရဲ့ တကယ့်အစစ်အမှန် စီးပွားရေးအခြေအနေကို ကျုပ်တို့သိဖို့ လိုအပ်တယ်”

“ရတနာတိုက်ထဲမှာ ရွှေဒင်္ဂါး ဘယ်လောက်ရှိတာလဲ။ သူတို့ရဲ့ လက်ရှိအသုံးစရိတ်က ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။ ဒါက မြို့စားအိမ်တော်ကို နှိပ်ကွပ်နိုင်ဖို့အတွက် သော့ချက်တစ်ခု ဖြစ်လာလိမ့်မယ်။ အဓိက အရေးကြီးတဲ့ သတင်းအချက်အလက်တွေက မြို့စားအိမ်တော်ရဲ့ လျှို့ဝှက်ရတနာတိုက်က ဘယ်နေရာမှာ ရှိတယ်ဆိုတာပဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဆရာကြီး.. မြို့စားအိမ်တော်မှာရှိတဲ့ အဓိကလျှို့ဝှက်ချက်က အဲတာပါပဲ။ ကျုပ်အနေနဲ့ အာဏာရှိတဲ့ လူတစ်ယောက်လို့ သုံးသပ်လို့ရတယ်ဆိုပေမဲ့ ဒီအရာက မြို့စားကြီးသာသိတဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်ချပါ။ ကျုပ်ဆီမှာ သဲလွန်စတချို့ရှိတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ မြို့စားအိမ်တော်ရဲ့ အဓိက ရတနာတိုက်ကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ ကျုပ်ခံစားမိတယ်”

“အင်း… ဒါအရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ ရွှေဒင်္ဂါးတွေထက်တောင် အရေးကြီးသေးတယ်။ ခင်ဗျားအနေနဲ့ သေသေချာချာ ဂရုစိုက်သင့်တယ်” ကျန်းကျင်းက ပြောလိုက်၏။

“စိတ်မပူနဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် လက်လွှတ်ပေးမှာ မဟုတ်ပါဘူး။ သေသေချာချာ ရှာဖွေပေးပါ့မယ်”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ကျုပ်သားရဲ့ နန်းတွင်းစာမေးပွဲ အခြေအနေက ဘယ်လိုလဲ”

“အင်း… ရှစ်ဆယ်ရာခိုင်နှုန်း” ကျန်းကျင်းသည် တိုက်ရိုက်ပြောဆိုလိုက်၏။

ရှစ်ဝမ်ကျောင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ “ကျေးဇူးတင်ပါတယ် ဆရာကြီး”

ပြီးနောက်သူသည် မည်သို့မှ မနေနိုင်ဘဲ ပြောဆိုလိုက်၏။ ဒီခွေးတိရစ္ဆာန် ရှမ့်လန်က ဘာလို့ ပြဿနာ အဲလောက်ရှာနိုင်ရတာလဲ။

ကျန်းကျင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ “အင်း… သူက ပိုးကောင်တစ်ကောင် သာသာပါပဲ။ မြို့စားအိမ်တော်ကို အနိုင်ယူနိုင်ဖို့က ပိုပြီး အရေးကြီးတယ်”

လက်ရှိအချိန်မှာတော့ ရှစ်ဝမ်ကျောင်းသည် သူ၏အမုန်းတရားများအတွက် ရှမ့်လန်ကို သတ်ဖြတ်ချင်နေသည်။

ကျန်းကျင်းက ပြောဆိုလိုက်၏။ “ရှမ့်လန်ကို ထျန်းဟန်က သတ်ဖို့ စီစဉ်နေတယ် မဟုတ်လား။ ခင်ဗျား သူနဲ့ ပူးပေါင်းလိုက်ရုံပဲ”

ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ် မနက်ဖြန်ကျရင် မြို့စားအိမ်တော်ကို သွားမှာ။ ပြီးတော့ အဲအကောင်ကို နင်းသတ်နိုင်ဖို့ မစောင့်နိုင်တော့ဘူး”

………….

ညနေခင်းမှာတော့ ရှမ့်လန်သည် သူ၏ခြံဝန်းဆီသို့ ပြန်လာခဲ့၏။ ယနေ့သူသည် ကြီးမားသည့် အောင်ပွဲကို ရရှိခဲ့ပြီး ရှစ်ဝမ်ကျောင်း၏ စိတ်ဝိညာဉ်တစ်ခုလုံးကို သတ်ဖြတ်နိုင်ခဲ့လေ၏။ သို့ပေမည့် ရှမ့်လန်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခံစားမနေခဲ့ချေ။ အနီးပတ်ဝန်းကျင်ကို မေးမြန်းပြီး တော်တော်တန်တန် စုံစမ်းခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူက ဆုံးဖြတ်ချက် ချခဲ့၏။

ရှမ့်လန်၏ ဘဝတွင် များပြားလှသည့် သင်္ချာများကို ပြုလုပ်ခဲ့၏။ သင်္ချာဗေဒဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲ နေတတ်၏။ ထို့အပြင် လူများကိုလည်း သင်္ချာနည်းဖြင့် တွက်ချက်၍ ရ၏။ ရှမ့်လန်၌ ဥပဒေသတစ်ခုရှိ၏။ သူ့ကို ထိခိုက်နာကျင်အောင် မပြုလုပ်သရွေ့ သူ မည်သို့မှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ထိခိုက်နာကျင်အောင် ပြုလုပ်ချင်သည့် လူတစ်ယောက်ကိုတော့ အရက်စက်ဆုံး နည်းလမ်းများဖြင့် ဒဏ်ခတ်ရပေလိမ့်မည်။

ရှမ့်လန်တစ်ယောက် ၎င်း၏ ကိုယ်ပိုင် သင်္ချာဗေဒ ပညာရပ်နှင့် ရှစ်ဝမ်ကျောင်း၏ အခြေအနေကို သုံးသပ်ပြီးသည့် နောက် ရှစ်ဝမ်ကျောင်းသည် ကျိန်းသေပေါက် ပြဿနာတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်မိ၏။ ရှစ်ဝမ်ကျောင်း ကဲ့သို့ အမြင်ကျဉ်းမြောင်းသည့် လူတစ်ယောက်သည် အဘယ်သို့ သူ့အား လက်လွှတ်အလျော့ပေးမည်နည်း။ ရှစ်ဝမ်ကျောင်းကဲ့သို့ စိတ်ထားယုတ်ညံ့သည့် လူတစ်ယောက်သည် ဂုဏ်သိက္ခာ တရားများ ကျဆင်းသည့်အချိန်တွင် သူ့ကို ပျော်ပျော်ရွှင်ရွှင် ပြုံးပြုံးနှင့် ကြည့်နိုင်လိမ့်မည် မဟုတ်ချေ။

ဟုတ်ပေ၏။ ကျိန်းသေပေါက် သူ့ကို လက်စားချေပေလိမ့်မည်။ မနက်မှ ညအထိ ထိုအရာကို စဉ်းစားနေပေ လိမ့်မည်။ ရန်သူတစ်ယောက်ယောက်နှင့် ပူးပေါင်း၍ လက်စားချေရန် စဉ်းစားနေပေလိမ့်မည်။ ဥပမာအားဖြင့် ထျန်းဟန်ပင်။

ရှစ်ဝမ်ကျောင်းသည် သူ့ကို မည်ကဲ့သို့ လက်စားချေမည်နည်း။ ဤအရာက အရေးမကြီးချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် တစ်ဖက်လူကို လက်စားချေရန် အခွင့်အရေး ပေးလိမ့်မည် မဟုတ်သောကြောင့်ပင်။

ဆိုးရွားသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူသည် တစ်ဖက်လူကို နည်းနည်းလေးမှ ညှာတာပေးရန် အစီအစဉ် မရှိချေ။ လက်စားချေခြင်း မပြုနိုင်လျှင်ပင် တစ်ဖက်လူကို စုတ်ပြတ်သတ်သွားအောင် ပြုလုပ်ချင်မိ၏။ သူသည်သာ ရင်ဆိုင်ရလွယ်ကူသည့် လူတစ်ယောက်ဖြစ်နေပါက ဤဝတ္တုတွင် အပိုင်းတစ်ရာ အထိပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်သူကို ပထမဦးဆုံး ဝင်ရောက် သတ်ဖြတ်ရပေမည်။

“အားနာပါတယ်။ ခင်ဗျားက ကျုပ်ကို အရင်ဆုံး ထိခိုက်အောင် လုပ်ခဲ့တာလေ။ ဒါကြောင့် ကျုပ်က လုပ်ကို လုပ်ရလိမ့်မယ်”

ဤနေရာတွင် ခြွင်းချက်တစ်ခုရှိ၏။ ရန်သူများနှင့် ရင်ဆိုင်သည့်နေရာတွင် ငြိမ်ငြိမ်သက်သက်ဖြင့် စောင့်စားပြီး တန်ပြန် တိုက်ခိုက်မှုကို ပြုလုပ်ရမည့် အ ခြေအနေမျိုးလည်း ရှိ၏။ ဥပမာအားဖြင့် ထျန်းဟန်လို လူမျိုးပင်။ သူသည် ထျန်းဟန်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ရက်အနည်းငယ်ကြာ စောင့်စားရပေဦးမည်။

အချက်အလက် အားဖြင့် စကားလုံးပေါင်းများစွာတို့သည် စာသားတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဆိုပါက တစ်ခုတည်းပင်။ ရှစ်ဝမ်ကျောင်း.. ကျုပ် ခင်ဗျားကို သတ်မယ်။

All Chapters