← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

ရှမ့်လန်၏ မြို့စားကြီး၏ အခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ မြို့စားကြီးနှင့် မြို့စားကတော်တို့သည် အိပ်မောကျနေပြီဖြစ်၏။

“အဖေ၊ အမေ” ရှမ့်လန်သည် အသာပင် အော်ဟစ်လိုက်သည်။

“ဟမ်… ဟမ်” ဤအရာသည် သူ့ယောက္ခထီး၏ အသံပင်ဖြစ်၏။

“လန်အာ ဘာဖြစ်တာလဲ”

ဤအရာမှာတော့ သူ့ယောက္ခမကြီး၏ အသံပင် ဖြစ်၏။ အသံကို နားထောင်ရသည်မှာ မောပန်းနွမ်းနယ်နေသည့် အသံမျိုးလည်း ပေါသည်။

ရှမ့်လန်က ပြောလိုက်၏။ “လူကြီးမင်းရှစ်က ဒေါသတကြီးနဲ့ ထွက်ခွာသွားခဲ့တာလေ။ ရက်အနည်းငယ်လောက် ပေါ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြို့စားအိမ်တော်ရဲ့ စာရင်းဇယားတွေကတော့ ထုံးစံအတိုင်း ပြုလုပ်သင့်တယ် မဟုတ်လား။ မဟုတ်ရင် ရွှေတွေ၊ ငွေတွေ အပြင်ကို ရောက်ပြီးတော့ စာရင်းဇယားတွေ မှားကုန်လိမ့်မယ်။ စာရင်းဇယား ပြုလုပ်တယ်ဆိုတာ ရက်အနည်းငယ်လောက် နှောင့်နှေးသွားရင် ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တဲ့ အရာမျိုးလေ။ ဒီတော့ လူကြီးမင်းရှစ် ပြန်လာတာကို ခဏစောင့်ရင်းနဲ့ ဒီစာရင်းဇယားတွေကို ကျုပ် ရက်အနည်းငယ်လောက် ကိုင်တွယ်လိုက်မယ်”

မြို့စားကြီးက ပြောလိုက်သည်။ “ဒီကိစ္စကို မနက်မှ ပြောလို့မရဘူးလား။ ချီးတဲ့မှ”

မြို့စားကြီးသည် ညသန်းခေါင်ကြီး ရောက်ရှိလာသည့်အတွက် ဒေါသထွက်နေသည့်ပုံပေါ်၏။ သို့ပေမည့် တကယ်တမ်းမှာတော့ ညသန်းခေါင် မဟုတ်သေးချေ။ ကိုးနာရီသာလျှင် ရှိသေး၏။ အဘယ်ကြောင့် စောစောစီးစီး အိပ်ရသနည်း။ မအိပ်သေးဘဲ တစ်စုံတစ်ခု လုပ်နေခြင်းလည်း ဖြစ်နိုင်သည်။

မြို့စားကတော်က ပြောလိုက်၏။ “လန်အာက တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲ။ ရှင်ကောင်းကောင်း စကားပြောလို့ မရဘူးလား”

ပြီးနောက် အတွင်းဘက်ဆီမှ မြို့စားကတော်၏အသံက ထွက်ပေါ်လာသည်။ “လန်အာ.. အထဲကို ဝင်လာပြီးပြော”

ရှမ့်လန်သည် အချိန်အတော်ကြာ ခဏလောက် စောင့်စားပြီးမှ အထဲသို့ ဝင်သွား၏။ မမြင်သင့်စရာများကို မမြင်မိစေရန်ပင်။

မြို့စားကြီး၏ မျက်နှာထက်တွင် သဘောမကျသည့် အမူအရာမျိုး ပေါ်နေ၏။ သို့ပေမဲ့ မြို့စားကတော် မှာတော့ ရှမ့်လန်ကို ပြုံးပြီး ကြည့်ရှုနေသည်။

“အမှန်ကိုပြော။ မင်း ဘာတွေ တွေးနေတာလဲ” မြို့စားကြီးက မေးလိုက်၏။ မိသားစုထဲတွင် အရေးအကြီးဆုံး အရာသည် ပွင့်လင်းခြင်းပင် ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းသည် တခြားသောသူများ၏ အထင် အမြင်များကို ရှင်းလင်းသွားစေနိုင်၏။

ရှမ့်လန်က ပြောလိုက်သည်။ “လူကြီးမင်း ရှစ်ဝမ်ကျောင်းက မြို့စားအိမ်တော်ရဲ့ ပိုက်ဆံတွေကို အလိမ်အညာ စာရင်းဇယားတွေ ပြုလုပ်ထားတယ်လို့ ကျုပ်ထင်တယ်။ ကျုပ် သူ့ရဲ့စာရင်းတွေကို သွားပြီး စစ်ဆေးချင်တယ်”

“ပေါက်ကရ”

မြို့စားကြီးသည် စားပွဲခုံကို အသာထုနှက်လိုက်၏။ ရှမ့်လန်တစ်ယောက် သေးငယ်သည့် အကြောင်းအရာလေးတစ်ခုအတွက် လက်စားချေရခြင်းကို နှစ်သက်နေသည်အား သူ သဘောမကျလှချေ။

ရှစ်ဝမ်ကျောင်းသည် မနေ့က ပြဿနာ ရှာခဲ့သည်ဆိုသည်မှာ အမှန်ပင်ဖြစ်၏။ အတော်အသင့်လည်း အရှက်ကွဲခဲ့ပြီးပြီ ဖြစ်သည်။ အဘယ်ကြောင့် ထပ်မံကာ ပြဿနာရှာနေရသနည်း။

သို့ပေမည့် ဤကိစ္စနှင့်ပတ်သက်၍ မြို့စားကတော်သည် သဘောကျနှစ်သက်မိ၏။ သူမ၏ယောက်ျားသည် အလွန်ပဲ သဘောထား ပျော့ပျောင်းလွယ်၏။ ထိုအရာသည် ကောင်းမွန်သည့်အရာ မဟုတ်ချေ။ ရှမ့်လန်၏ အဆိုပြုချက်ကို သေသေချာချာ စဉ်းစားသင့်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ.. ရှစ်ဝမ်ကျောင်းရဲ့ တစ်နှစ်စာလစာက ရွှေဒင်္ဂါး နှစ်ရာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူ့သားက ရွှေတွေ၊ ငွေတွေအပြည့် ဝတ်ထားတယ်။ ပြီးတော့ မိန်းမတွေ အများကြီး ယူထားသေးတယ်။ ရွှမ်ဝူမြို့နဲ့ နုကျင်းစီရင်စုတို့ ကြားထဲမှာ ပိုင်ဆိုင်မှုတွေကလည်း အများကြီး ရှိသေးတယ်။ ပြီးတော့ လယ်ဧက မူတစ်ထောင်ကျော်တောင် ပိုင်ဆိုင် သေးတယ်။ ဒါတွေက သူ့ရဲ့လစာထက် ့ အများကြီး သာလွန်နေတယ် မဟုတ်လား”

မြို့စားကြီးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “လန်အာ… ကန်ထဲက ရေဆိုတာ ကြည်လင်ရှင်းလင်းနေမယ် ဆိုရင် ငါးရှိမှာ မဟုတ်ဘူး”

ဤစကားစုသည် မြို့စားကြီးမှာ နားလည်လွယ်သည့် လူတစ်ယောက် ဖြစ်ကြောင်း ဖော်ညွှန်းပြသနေခြင်းပင်။ သူသည် အရာအားလုံးကို အခန့်သားထိုင်ကာ ကြည့်ရှုနေသည်အထိ မျက်စိကန်းနေသည့် လူတစ်ယောက် မဟုတ်ချေ။ သဘောပေါက်သင့်သလောက်တော့ ပေါက်သည်။

ရှမ့်လန်က‌ ပြောလိုက်၏။ “အဖေက အရမ်းကို ကြင်နာလွန်းနေပြီ။ လူတွေကိုလည်း အကောင်းဘက်က တွေးနေတာကိုး။ ရှစ်ဝမ်ကျောင်း ယူဆောင်ထားတဲ့ ပိုက်ဆံတွေက ထင်မှတ်ထားတာထက် အများကြီး သာလွန်နေတယ် ဆိုရင် ဘယ်လိုလုပ်မလဲ”

မြို့စားကတော်က မေးလိုက်သည်။ “လန်အာ.. မင်း အမေ့ကို ပြောစမ်း။ ဘာလို့ မင်း ရှစ်ဝမ်ကျောင်းကို ဒီလိုမျိုး ပစ်မှတ်ထားနေရတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အမေ.. ရှစ်ဝမ်ကျောင်းက အမြင်ကျဉ်းမြောင်းတဲ့ လူတစ်ယောက်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ဘာလို့ကျုပ်ကို ပစ်မှတ်ထားရတာလဲ။ ဘာလို့ ကျုပ်ကို လက်စားချေ ဒုက္ခပေးနိုင်ဖို့အထိ မစောင့်နိုင် ရတာလဲ။ ဘာလို့လဲဆိုတော့ သူ့တူ ဝမ်လျှံနဲ့ ရင်းနှီးပတ်သက်တဲ့ ဆက်ဆံရေး ရှိနေလို့လား။ မဟုတ်နိုင်ဘူး။ အဲလောက် မရိုးရှင်းနိုင်ဘူး။ ဒါဆိုရင် တခြားအကြောင်းအရာ ရှိရမယ်။ ကျုပ်က သူသွားမယ့်လမ်းကို ပိတ်ပင်တားဆီးထားတာကြောင့် ဖြစ်ရမယ်”

ဤစကားစုသည် လိုရင်းကို တည့်တည့်ရောက်၏။ ရှစ်ဝမ်ကျောင်း၏ အပြုအမူနှင့် ပြောဆိုဆက်ဆံမှုများ သည် တကယ်ပင် ဤသို့ဖြစ်နိုင်၏။ မြို့စားကတော်နှင့် မြို့စားကြီးတို့သည် အတွေးနက်သွားမိသည်။

ပြီးနောက် ရှမ့်လန်သည် စာရင်းစာအုပ်နှစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်၏။

“ဒါ ရှစ်ဝမ်ကျောင်းရဲ့ စာရင်းစာအုပ်တွေပဲ။ အရေးမကြီးတဲ့ စာရင်းစာအုပ်နှစ်အုပ် ဖြစ်တယ်ဆိုပေမဲ့ မြို့စား အိမ်တော်ရဲ့ စားပွဲအတွက် ဝယ်ထားတဲ့ ဝိုင်စာရင်းတွေက ဒီအထဲမှာပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ အကျင့်ပျက် ခြစားပြီး လိမ်လည်ထားတဲ့အရာ အများကြီး ပါနေတာကို တွေ့ခဲ့ရတယ်”

“တကယ်လား” မြို့စားကတော်က မေးမြန်းလိုက်သည်။

မြို့စားကြီးကလည်း ဝင်ရောက် မေးမြန်းလိုက်၏။ “ဒီစာရင်းစာအုပ်နှစ်အုပ်ကို မင်း ဘယ်ကနေ ရလာတာလဲ”

“ဟင်း ဟင်း.. ဒါကတော့ အရမ်း အရေးမကြီးပါဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “မူကုန်းကို သွားယူခိုင်းလိုက်တာပေါ့”

ယူပေးလိုက်သည်လား။ ကျင်းမူကုန်းသည် သူခိုးတစ်ယောက်ပင် ဖြစ်နေလေသည်လား။ မြို့စားကြီး၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ ရူးကြောင်ကြောင် သားမျိုးပင်။

ရှမ့်လန်က ပြောလိုက်၏။ “လူကြီးမင်းလင်းကလည်း ဂဏန်းသင်္ချာကို ဖတ်ရှုတဲ့နေရာမှာ တော်တယ်လေ။ ပြီးတော့ သူက ထူးခြားတဲ့ လူတစ်ယောက်ပဲ။ ငွေကြေးဆိုတာကို အညစ်အကြေးလို ဆက်ဆံတတ်တဲ့ လူတစ်ယောက်။ ဒီသမက်တော်က သူ့ကိုခေါ်ပြီးတော့ စစ်ဆေးချင်ပါတယ်”

ရှမ့်လန်၏ စကားလုံးများသည် အလွန်ပင် ရိုးရှင်းလွန်းလှ၏။ သူစစ်ဆေးမည် မဟုတ်ဘဲ လူကြီးမင်းလင်းကို စစ်ဆေးစေခြင်းပင် ဖြစ်၏။ လူကြီးမင်းလင်းသည် ဂုဏ်သိက္ခာထည်ဝါပြီး ဖြောင့်မတ်၊မှန်ကန်သည့် လူတစ်ယောက် မဟုတ်ပါလား။

မြို့စားကတော်သည် ရှမ့်လန်ကမ်းပေးသည့် စာရင်းစာအုပ် နှစ်အုပ်ကို လှမ်းယူလိုက်၏။ သူမအနေနှင့် နားမလည်သော်လည်း သူမ သမက်တော်၏ စကားကိုတော့ ယုံကြည်မိ၏။ ပြဿနာရှိနေသည်ဟု လေးလေးနက်နက်နှင့် ပြောဆိုသည်ဆိုပါက တကယ်ပင် ပြဿနာရှိပေမည်။

မြို့စားကတော်က ပြောလိုက်၏။ “ယောက်ျား.. စစ်ဆေးကြည့်လိုက်တာ ကောင်းမယ်”

“ဒါပေမဲ့”

မြို့စားကြီးက တွန့်ဆုတ်သွားခဲ့၏။ ရှစ်ဝမ်ကျောင်းသည် သူ့မိန်းမ၏ ဆွေမျိုးနီးစပ်ဖြစ်၏။ ထို့ကြောင့် သူသည် ရှစ်ဝမ်ကျောင်းကို တခြားသောသူများထက် သည်းခံခဲ့ခြင်းပင်။

မြို့စားကတော်က ပြောလိုက်သည်။ “ရွှမ်ဝူမြို့ ကျင်းမိသားစုဆီ ကျွန်မ လက်ထပ်ပြီး ဝင်ရောက်လာတည်းက ကျင်းမိသားစုဝင်တစ်ယောက် ဖြစ်ခဲ့ပြီ။ ဒီတော့ ကျွန်မ ကျင်းမိသားစုရဲ့ ကိစ္စရပ်တွေကို ဦးထိပ်ထားရမယ်။ တခြားသောသူတွေရဲ့ ကိစ္စရပ်တွေကို ဦးထိပ်ထားနိုင်မှာ မဟုတ်ဘူးလေ။ ရှစ်ဝမ်ကျောင်းက ပိုက်ဆံတွေကို လိမ်ညာပြီး အကျင့်ပျက် ခြစားခဲ့တယ်ဆိုရင်။ ကောင်းပြီ.. ဘာမှ စဉ်းစားနေစရာ မလိုဘူး။ မျက်လုံး မကောင်းရင် မျက်လုံး။ လက်မကောင်းရင် လက်ပဲ”

မြို့စားကြီးသည် အချိန်အတော်ကြာ တွန့်ဆုတ်လို့နေ၏။ သူ့အနေနှင့် ဆိုးရွားသည့် လူတစ်ယောက် မဖြစ်ချင်ပေ။ ရှစ်ဝမ်ကျောင်းသည် အမြင်ကျဉ်းပြီး မောက်မာသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ ဆယ်စုနှစ်ပေါင်း များစွာအထိ မြို့စားအိမ်တော်နောက်သို့ လိုက်ပါခဲ့သည့် လူတစ်ယောက်ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ… ကျုပ်က စာရင်းတွေစစ်ဆေးဖို့ တာဝန်ကိုပဲ ယူမှာပါ။ စစ်ဆေးပြီးရင် အရာအားလုံးကို အဖေ့ကို ပေးမယ်။ ကျန်တာ ဘာမှမပြောပါဘူး”

မြို့စားကြီးသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒါဆိုလည်း ကောင်းပြီ။ ဒါပေမဲ့ ငါ မင်းကိုပြောအုံးမယ် ရှမ့်လန်။ ရှစ်ဝမ်ကျောင်းက မြို့စားအိမ်တော်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ ဒီတော့ သူ့ရဲ့မျက်နှာကို ထောက်ထားပေးရမယ်။ စာရင်းတွေကို စစ်ဆေးပြီးတဲ့နောက်မှာ အားလုံးကို လိုက်ပြီး ပြောလို့မဖြစ်ဘူး။ သူ ပြန်လာပြီဆိုရင် ဘာတွေပဲ ရှာတွေ့၊ရှာတွေ့ မင်းရဲ့စစ်ဆေးနေတဲ့ အကြောင်းအရာ အားလုံးကို ချက်ချင်း ရပ်ပစ်ရမယ်။ သူ့ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လို့ မဖြစ်ဘူး”

ရှမ့်လန်သည် ဆွံ့အသွားမိ၏။ သူ၏ ယောက္ခထီးသည် တကယ်ပင် နှလုံးသား နူးညံ့လွန်း၏။ သည်းခံနိုင်စွမ်း လည်း မြင့်မားသည်။

“ကောင်းပါပြီ” ရှမ့်လန်သည် ဦးညွတ်ကာ ပြောဆိုလိုက်၏။

ရှစ်ဝမ်ကျောင်းသည် ဂုဏ်သိက္ခာ တော်တော်များများကို ဆုံးရှုံးခဲ့သောကြောင့် လေး၊ ငါးရက်အတွင်း ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်တွင် အချိန်အများကြီးရှိနေ၏။ သို့ပေမည့် ပုံမှန်ထက်ပိုသော လုံခြုံမှုကို သူ နှစ်သက်၏။ အကယ်၍ ရှစ်ဝမ်ကျောင်း မနက်ဖြန်မနက် ပြန်ရောက်လာလျှင် မည်သို့ လုပ်မည်နည်း။ ရှမ့်လန်သည် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကောင်းဆုံး အသုံးပြုရန် စဉ်းစားထားသည်။

“ကောင်းပါပြီ အဖေ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သွားပါတော့မယ်”

ရှမ့်လန် ထွက်ခွာသွားပြီနောက် မြို့စားကြီးသည် ရှမ့်လန် ထွက်ခွာသွားရာ တည်နေရာဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “ကြည့် ကြည့်.. ဒီခွေးကောင်လေး… အငြိုးအတေး သေးသေးလေးအတွက် ကျိန်းသေပေါက် လက်စားချေဖို့ စီစဉ်နေပြီ။ သူ ဘာလုပ်ချင်နေတယ်ဆိုတာ ကျုပ် မသိဘဲ မနေဘူး”

မြို့စားကတော်က ပြောလိုက်၏။ “သူက တော်တယ်လို့‌တော့ ကျွန်မထင်တယ်။ ပြီးတော့ ဒီလို ပုံပန်းသွင်ပြင်မျိုး ရှိနေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသတယ် မဟုတ်လား။ သူက ကျွန်မတို့အပေါ် ပွင့်လင်းတယ်။ ဘာတစ်ခုမှ ဖုံးကွယ်မထားဘူး။ ရွာထဲမှာ အရူးကြီးက သူ့အတွက် ကောင်းမွန်တဲ့ လူတစ်ယောက်ပဲ။ ဒီအတွက် အရူးကြီးကို သူ ပစ်မထားသလိုပေါ့။ မူလန် ဒီလို ယောက်ျားမျိုး ကို ရတာ တော်တော်ကောင်းတယ်လို့ ကျွန်မ ခံစားမိတယ်”

မြို့စားကြီးသည် မနာလိုဝန်တိုစွာဖြင့် ပြောဆိုလိုက်၏။ “မူလန်က ရှမ့်လန်ကို လက်ထပ်တာ ကောင်းတယ် ဆိုတော့ မင်းက ကျုပ်ကို လက်ထပ်တာ မကောင်းဘူးလား”

မြို့စားကတော်က ရယ်လိုက်၏။ “ကောင်းတာပေါ့ ယောက်ျားရယ်။ ကောင်းတာပေါ့။ ဒါနဲ့ ရှင်ဘာလို့ စိတ်တို နေရတာလဲ”

မြို့စားကြီးက ပြောလိုက်သည်။ “ငါ ဒီမှာ ဆက်ပြီး ရပ်မနေနိုင်တော့ဘူး”

မြို့စားကတော်က ပြောလိုက်၏။ “ရှင်က သဘောထားကြီးတယ်။ မူလန်ကလည်း သဘောထားကြီးတဲ့ လူတစ်ယောက်။ ဒါပေမဲ့ လန်အာပါ ဆက်ပြီးတော့ သဘောထားကြီးနေမယ်ဆိုရင် တစ်မိသားလုံးက အကုန်လုံးရဲ့ ဝိုင်းဝန်းနင်းချေခြင်းကို ခံရလိမ့်မယ်”

…………

စာရင်းစစ်ဆေးရာ အခန်းထဲမှာတော့ …..

ရှမ့်လန်သည် ကြောင်အသွားခဲ့၏။ ကောင်းကင်ဘုံ… များ … များလှချည်လား”

စာရင်းစာအုပ်ပေါင်း ထောင်နှင့်ချီကာ ပုံထားသည်။

ဆရာအိုကြီးလင်းက ပြောဆိုလိုက်၏။ “ဒါက နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ မှတ်သားထားခဲ့တဲ့ စာရင်းစာအုပ်တွေလေ။ ဘယ်လိုဖြစ်ပြီး နည်းမှာလဲ။ လအနည်းငယ်လောက် ဒါတွေကို စစ်ဆေးရဖို့များတယ်။ စာရင်းစာအုပ်တွေကို စစ်ဆေးမယ်ဆိုရင် အနည်းဆုံး လူတစ်ဒါဇင်ကျော်လောက် ခေါ်ပြီးတော့ စစ်ဖို့လိုမယ်နဲ့ တူတယ်။ အဲတာတောင် လုံလောက်မှာ မဟုတ်ဘူး”

များပြားလွန်းသည့် စာရင်းစာအုပ်များ တည်ရှိနေသောကြောင့် အနည်းဆုံး တစ်လ၊ နှစ်လလောက် စစ်ဆေးမှသာလျှင် အဆင်ပြေပေမည်။ ထိုကဲ့သို့သောအချိန်ကို ရှမ့်လန် မည်သို့ရမည်နည်း။ မသိနိုင်ချေ။ အနည်းဆုံး လေးရက်၊ ငါးရက်လောက်သာ အချိန်ရမှာဖြစ်၏။ အနည်းဆုံးအနေနှင့် တစ်ညအတွင်းပင် ဖြစ်နေနိုင်၏။

“သမက်တော်… တစ်ညပဲ အချိန်ရှိမယ်နဲ့တူတယ်”

လူကြီးမင်းလင်းက ပြောဆိုလိုက်သည်။ “ကျုပ်တို့အတွက် တံခါးဖွင့်ပေးတဲ့လူက ရှစ်ဝမ်ကျောင်းရဲ့ အယုံကြည်ရဆုံး တပည့်တစ်ယောက်ပဲ။ ကျုပ်တို့ စာရင်းခန် ထဲကို လာပြီးစစ်ဆေးတာကို မြင်တဲ့အချိန်မှာ ကျိန်းသေပေါက် သတင်းကိုပို့မှာ။ ဒါဆိုရင် မနက် မိုးမလင်းခင်မှာ ရှစ်ဝမ်ကျောင်းက ပြန်လာလိမ့်မယ်”

ရှစ်ဝမ်ကျောင်း ပြန်လာပြီဆိုပါက စာရင်း၏အခန်းအား သူတို့ လွှဲပြောင်းပေးရတော့မည်။ မြို့စားကြီးသည် ကြင်နာတတ်သည့် နှလုံးသား တည်ရှိ၏။ ထို့ကြောင့် ကျိန်းသေပေါက် သူတို့ကို ဆက်လက် စစ်ဆေးခြင်းအား တားမြစ်ပေလိမ့်မည်။

ထို့ကြောင့် ရှမ့်လန်အနေနှင့် ဤစာရင်းများကို စစ်ဆေးရန် တစ်ညတည်းသာလျှင် အချိန်ရှိပြီး အနာဂတ်တွင်လည်း ဆက်လက်စစ်ဆေးရန်အတွက် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ရှမ့်လန်သည် ဘာတစ်ခုမှ ကောင်းမွန်စွာ ပြုလုပ်နိုင်ခြင်း မရှိသည့် ဗီလိန်တစ်ယောက်ကဲ့သို့ပင် ဖြစ်မှာ သေချာ၏။ ကျိန်းသေပေါက် ဂုဏ်သိက္ခာလည်း ကျဆင်းပေလိမ့်မည်။

………..

စာရေးသည် အခန်းတံခါးကို ဖွင့်ပေးလိုက်သည့် အချိန်မှာပဲ မျက်နှာသွင်ပြင် တစ်ခုလုံး သုန်မှုန်လျက် ရှိနေ၏။ ချက်ချင်းပဲ စာရင်းအခန်းကို ဖွင့်ပေးပြီးသည့်နောက် သတင်းပို့သင့်သည့် လူဆီသို့ ချက်ချင်း သွားပို့လိုက်၏။

“ဟို လူချောဆိုတဲ့ကောင်ကတော့ စာရင်းခန်းကို စစ်ဆေးဖို့လုပ်နေပြီ။ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ ဆရာရှစ်ဝမ်ကျောင်းကို သတင်းပေးမှ ဖြစ်မယ်”

မြို့စားအိမ်တော်၏ တံခါးသည် ပိတ်လျက် ရှိနေ၏။ မည်သူမှ ထွက်ခွာမသွားနိုင်ချေ။ နောက်တစ်ရက် နေထွက်ချိန်မှသာလျှင် ဖွင့်မှာဖြစ်သည်။

“အင်း… စာရင်းခန်းကို မီးရှို့လိုက်ရင်ကော။ ဒါဆိုရင် အထဲမှာရှိတဲ့ ဟိုအကောင်လည်း မီးလောင်ပြီး သေသွားတာပေါ့” လူတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။

သက်လတ်ပိုင်းအရွယ်လူသည် မည်သို့မှမနေနိုင်ဘဲ တစ်ချက်လှမ်းကြည့်လိုက်သည်။ “ချီးတဲ့မှ.. အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက် ရက်စက်နေရတာလဲ”

“အရူး.. မင်း အသက်မရှင်ချင်တော့ဘူးလား။ ဒီမှာရှိတဲ့ လူတွေအကုန်လုံး သေကုန်မှာပေါ့”

သက်လတ်ပိုင်း အရွယ်လူက ဆူငေါက်လိုက်၏။ “မနက်ဖြန် နေမွန်းမတည့်ခင်မှာ ဆရာ ရှစ်ဝမ်ကျောင်းကို သတင်းပေးပို့ရလိမ့်မယ်”

“တစ်ညအတွင်း သူတို့ ဘာရှာနိုင်မှာမလို့လဲ”

ဘေးတစ်ဖက်တွင် ရှိနေသည့်လူသည် အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။ “ဒီအထဲမှာ စာအုပ်ပေါင်း တစ်ထောင်ကျော်လောက်ရှိတယ်။ ဒါတွေကို ဖတ်ကြည့်ဖို့ဆိုရင်တောင်မှ တစ်လလောက် အချိန်ကြာမှာ။ တစ်လ၊ နှစ်လလောက်နဲ့ ပြီးဖို့ဆိုရင် လူတစ်ဒါဇင်လောက် မသုံးဘဲနဲ့ ဘာစာရင်းမှ စစ်လို့မရဘူး”

“သူတို့ ဘာသိမှာလဲ။ ဒီရူးကြောင်ကြောင်ကောင်က အိမ်မက် မက်နေတာပဲဖြစ်မယ်။ တစ်ညအတွင်း စာရင်းဇယားတွေ အကုန်လုံးကို စစ်ဆေးချင်နေတယ်ဆိုတော့ သူ့ရဲ့ဦးနှောက်က ရေဝင်သွားတာပဲဖြစ်မယ်။ နတ်ဘုရားတွေတောင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ကျိန်းသေပေါက် မနက်ဖြန် လူကြီးမင်းရှစ် ရောက်ရှိလာပြီး သူတို့မျက်နှာကို ပိတ်ရိုက်မှာ မြင်ချင်သေးတယ်”

“ဒါပေမဲ့ ဒီခပ်ချောချောကောင်က ဦးနှောက်ကောင်းတဲ့ လူတစ်ယောက်နော်။ သူ့ကို အသက်ရှင်လျက် ထားလို့ မဖြစ်ဘူး။ နောက်ကျရင် လူကြီးမင်းရှစ်နဲ့ သေသေချာချာ တိုင်ပင်ပြီး သူ့ကို ဘယ်လိုမျိုး နှိပ်ကွပ်ပစ်ရမလဲ ဆိုတာ စဉ်းစားရမယ်”

ဤအစုအဖွဲ့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုလျက် ရှိနေ၏။

…….

စာရင်းအခန်းထဲမှာတော့ လူကြီးမင်းလင်းသည် ပြောဆိုလိုက်သည်။ “သမက်တော်.. ဒီလိုအတွေးမျိုး ရှိနေတယ်ဆိုရင် ဘာလို့ ကျုပ်ကို ကြိုမပြောရတာလဲ။ ဒါဆိုရင် ကျုပ် ရှစ်ဝမ်ကျောင်းကို ရက်အနည်းငယ်လောက် ခပ်ဝေးဝေးပို့ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားနိုင်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီး.. ခင်ဗျားလည်း ရှစ်ဝမ်ကျောင်းကို သံသယရှိနေတာလား”

“သံသယရှိတာ မဟုတ်ဘူး။ ဒီကိစ္စက အတိအကျပဲ”

လူကြီးမင်းလင်းက ပြောဆိုလိုက်သည်။ “မြို့စားကြီးက အရမ်းကို ကြင်နာလွန်းတယ်။ လူသားတွေရဲ့ မိစ္ဆာဆန်တဲ့ သဘောသဘာဝကို သူက အထင်အမြင်သေးတဲ့ပုံပဲ။ အကြိမ်ပေါင်းများစွာ ကျုပ် စာရင်းတွေကို စစ်ဖို့ ကြိုးစားကြည့်ခဲ့ဖူးတယ်။ အဆင်မပြေခဲ့ဘူး‌။ ကျုပ် စာရင်းအခန်းထဲကို သူလျှိုတစ်ယောက်တောင် ထည့်ခဲ့ဖူးတယ်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်က အံ့အားသင့်သွားမိ၏။ ဤကဲ့သို့သော ဇာတ်ကြောင်းများ ရှိနေလိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။

ပြီးနောက် လူကြီးမင်းလင်းက ပြောဆိုလိုက်၏။ “ဒီကလေးက သုံးနှစ်တိတိ ရှစ်ဝမ်ကျောင်းရဲ့အောက်မှာ ယုံကြည်မှုတွေ ရလာအောင် သူလျှို လုပ်ခဲ့တယ်။ နောက်ဆုံး အရေးကြီးတဲ့ အချက်အလက်တွေကို ရှာတွေ့ ခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် နေမကောင်းဖြစ်ပြီးတော့ သေဆုံးသွားခဲ့တယ်”

“ဒီလူ အဆိပ်ခတ်ခံရတယ်လို့ ကျုပ်ထင်တယ်” ရှမ့်လန်က ပြောလိုက်သည်။

လူကြီးမင်းလင်းကလည်း ပြောဆိုလိုက်၏။ “ကျုပ်လည်း အဲလိုထင်တယ်။ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ သမားတော်အန်းကို ရှာဖွေခဲ့တယ်။ သမားတော်အန်းကတော့ အကြမ်းတမ်းဆုံးသော အဆိပ်နဲ့ သတ်ဖြတ်ခံလိုက်ရတယ် ပြောတာပဲ”

လူကြီးမင်းအန်း၏ သမားစွမ်းရည်ကို သူက မြင်ခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်သည် တစ်ဖက်လူ အပေါ်တွင် ယုံကြည်သည်။

လူကြီးမင်းလင်းက ပြောဆိုလိုက်၏။ “အဲကတည်းကစပြီး ကျုပ် ရှစ်ဝမ်ကျောင်းရဲ့ စာရင်းကို စစ်ဆေးဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမဲ့ သူ အကျင့်ပျက် ခြစားမှုတွေ လုပ်ထားတယ်ဆိုတာကို ကျုပ် သေသေချာချာ သိတယ်။ ထင်မှတ်ထားတဲ့ အရေအတွက်ထက်တောင် ပိုပြီးများလိမ့်မယ်။ စာရင်းအခန်းကို သူတစ်ယောက်တည်း ဦးစီးလုပ်ကိုင်နေရုံတင်မကဘူး။ ဒီမှာရှိတဲ့လူတွေ အကုန်လုံးက သူ့တပည့်တွေ၊ ဒါမှမဟုတ် သူ့တပည့်ရဲ့ တပည့်တွေ၊ အဲလိုလူတွေကြီးပဲ။ ဒါကြောင့် စာရင်းခန်းမှာရှိတဲ့ စာအုပ်တွေ အကုန်လုံးက ပြစ်ချက်ကင်းနေတာပေါ့”

သို့ပေမဲ့ ပြစ်ချက်ကင်းမဲ့သည့် စာရင်းစာအုပ် ဆိုသည်မှာ မရှိချေ။ ပြစ်ချက်ကင်းမဲ့နေသည်ဆိုပါက ဤအရာသည် မှားယွင်းမှုပင် ဖြစ်ပေမည်။

“အင်း.. သမက်တော်က တကယ့်ကို စိတ်မရှည်လွန်းတာပဲ”

လူကြီးမင်းလင်းသည် ကြီးမားသည့် နောင်တ တရားဖြင့် ပြောဆိုလိုက်၏။ “ဒါတွေက ဆယ်စုနှစ်ပေါင်းများစွာ ရှစ်ဝမ်ကျောင်းတစ်ယောက် ပြုလုပ်လာခဲ့တဲ့ စာရင်းခန်းကြီးလေ။ အကူအညီ တစ်ခုတစ်လေတောင် ကျုပ်တို့ မရှာနိုင်ဘူး။ ကျုပ်တို့ နှစ်ယောက်တည်းနဲ့ ဒီစာရင်းဇယားတွေကို စစ်ဖို့အတွက် တစ်လ၊ နှစ်လ လောက် လိုလိမ့်မယ်။ သူ မနက်ဖြန်ကျရင် ပြန်လာမှာသေချာတယ်။ တစ်ညအတွင်း ဒီစာအုပ်တွေကို လှန်ပြီး ဖတ်ရင်တောင် ပြီးမှာ မဟုတ်ဘူး။ ဘာတစ်ခုမှလည်း မရှာနိုင်ဘူး။ ဒါပေမဲ့ ရန်သူကလည်း သိသွားပြီ။ ဒီလိုအခြေအနေမျိုး ဖြစ်လိမ့်မယ်”

တစ်ညနှင့် လုံလောက်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်နှင့် လူကြီးမင်းလင်းတို့သည် မလုံလောက်တာ သေချာ၏။ သို့ပေမဲ့ စာရင်းစာအုပ်တိုင်းကို စစ်ဆေးရန် လိုအပ်နေလေသည်လား။ အရေးကြီးသည့် စာရင်းစာအုပ်များကိုသာ စစ်ဆေးလိုက်ရန် လိုအပ်၏။ ဟုတ်ပေသည်။ ထိုသို့ဆိုလျှင်တောင်မှ စာအုပ်များသည် အလွန်ထူထဲလွန်း၏။ နောက်ဆယ်ရက် သို့မဟုတ် လဝက် အနည်းဆုံး စစ်ဆေးရမည့် အရာမျိုးပင်။

သို့ပေမဲ့ ရှမ့်လန်သည် အင်မတန်ကောင်းမွန်လှသော ဦးနှောက်ကို ပိုင်ဆိုင်၏။ ထို့အပြင် ထိုဦးနှောက်ကိုလည်း ကောင်းကောင်း အသုံးချတတ်၏။ ပါရမီရှင်များ၏ စွမ်းဆောင်ရည်ကို အားလုံးသောသူတို့အား ပြသရန် အချိန်အခါ ကျရောက်လာပြီဖြစ်၏။

All Chapters