အခန်း (၅၃)
Vol. 4 Ch. 53
ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီး.. တစ်ညက တိုလွန်းတယ်။ ပြီးတော့ လုံလောက်ချင်မှလည်း လုံလောက်လိမ့်မယ်။ ကျုပ်တို့အနေနဲ့ အချိန်တစ်ခုချင်းစီတိုင်းကို သေသေချာချာ စီစဉ်ထားမှဖြစ်မယ်။ ဒီစာရင်းတွေနဲ့ပတ်သက်ပြီး လုံလောက်တဲ့ နားလည်မှုရှိပြီးသားဖြစ်မှာ သေချာမယ်။ ကျုပ်အတွက် တကယ့်ကို အရေးကြီးတဲ့ စာရင်းစာအုပ်တချို့ကို ယူပေးပါ့လား။ ကျုပ် ဖြစ်နိုင်သမျှ အမြန်ဆုံး တွက်ချက်ကြည့်မယ်”
ဤနေရာတွင် စာအုပ်စာအုပ်ပေါင်း တစ်ထောင်ကျော် တည်ရှိနေ၏။ ရှမ့်လန်အနေနှင့် အရာအားလုံးကို စစ်ဆေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အဓိက စာရင်းစာအုပ်များကိုသာလျှင် ရှာဖွေစစ်ဆေးရန် စဉ်းစားမိသည်။
“အင်း... အရေးကြီးတဲ့ စာရင်းစာအုပ်ကလည်း တစ်ဒါဇင်ကျော်တောင်ရှိတယ်”
ဆရာအိုကြီးလင်းက ပြောလိုက်၏။ “သခင်လေး... ဒါတွေကို တစ်ကြိမ်လောက် ဖတ်မယ်ဆိုရင်တောင် တစ်ရက်၊ တစ်ညလောက် ကြာမှာသေချာတယ်။ ဆယ်နာရီအတွင်း ဘာတစ်ခုမှ လုပ်နိုင်မှာ မဟုတ်ဘူး”
ဆယ်နာရီအတွင်း စာရင်းစာအုပ်ပေါင်း တစ်ဒါဇင်ကျော်ကို ဖတ်ရှုမည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လို့နေသည် မဟုတ်ပါလား။
ရှမ့်လန်က ပြောလိုက်သည်။ “မစမ်းကြည့်ဘဲ ဘယ်လိုလုပ် သိမှာလဲ။ လုပ်ကြည့်လိုက်ရအောင်”
ဆရာကြီးလင်းက ပြောလိုက်၏။ “အင်း.. လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ ဒါပေမဲ့ မင်းနဲ့အတူ လိုက်ပြီး ရူးသွပ်ကြည့်လိုက်တာပေါ့”
သခင်လေးသည် နုံနုံအအပုံ ဟန်ဆောင်ထားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ မျက်နှာပြင်တွင် မြင်နေရသည့် ပုံပန်းသွင်ပြင်မျိုးနှင့် တူညီသည် မဟုတ်ချေ။ ထို့ကြောင့် မြို့စားအိမ်တော်အတွက် ကောင်းမွန်သည့် အကျိုးကျေးဇူးကို ရရှိရန် သူသည် သခင်လေးနှင့်အတူ ရူးသွပ်လိုက်ရန် ဆုံးဖြတ်လိုက်မိ၏။ ထိုမှသာလျှင် ကျင်းမိသားစု၏ ဆုံးရှုံးမှုများကလည်း လျော့ကျသွားမည် မဟုတ်ပါလား။
ပြီးနောက် ဆရာကြီးလင်းသည် တောင်လိုပုံလျက် ရှိနေသည့် စာရင်းစာအုပ်များကြားထဲမှ စာရင်းစာအုပ် တချို့ကို ထုတ်ယူလိုက်၏။ ဤအရာသည် တစ်နှစ်စာ သို့မဟုတ် လေးလစာ ပိုင်းဖြတ်ထားသည့် ပိုက်ဆံ အဝင်အထွက် စာရင်းများပင် ဖြစ်၏။ ထို့အပြင် သူသည် မြို့စားအိမ်တော်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် စာရွက်အနည်းငယ်ကို လှန်လိုက်သည်ဆိုသည်နှင့် မည်သည့်အရာက အရေးကြီးကြောင်း သူ သေသေချာချာ သိရှိနေ၏။
တချို့စာအုပ်များဆိုလျှင် လှန်ကြည့်နေစရာပင် မလိုအပ်ချေ။ စာရင်းစာအုပ်၏ နာမည်ကို ကြည့်ရှုလိုက်ခြင်း သို့မဟုတ် စာရင်းစာအုပ်၏ အထူအပါးကို ကြည့်ရှုလိုက်ခြင်းအားဖြင့် အရေးကြီးသည့် စာရင်းစာအုပ်များ ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။
အလုပ်လုပ်လျက် ရှိနေတုန်းမှာပဲ ဆရာကြီးလင်းက သက်ပြင်းချလိုက်၏။ “ကျေးကျွန်တွေအတွက် မြို့စားကြီး ဆိုတာ တကယ့်ကို ကောင်းမွန်တဲ့လူတစ်ယောက်ပဲ။ သူက သူရဲကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့နေရာမှာ ကောင်းမွန်တယ်။ ပြီးတော့ သနားကြင်နာတတ်ပြီး စိတ်နှလုံးသား ကလည်း နူးညံ့တယ်။ အထူးသဖြင့် ဥပဒေသစ်တွေက အလှည့်အပြောင်း များနေတယ်။ မြို့စားကြီးက အခြေမခိုင်ဘူးလို့ စဉ်းစားနေတယ်။ ဒါကြောင့် အရေးကြီးတဲ့လူတွေကို တစ်စုတစ်စည်းတည်း နေထိုင်စေချင်တယ်။ ဒီအထဲမှာ ညစ်ပတ်တဲ့ လက်ပိုင်ရှင်တွေ ရှိတယ်ဆိုရင်တောင် သူကမမြင်သလို နေထိုင်ခဲ့တယ်”
“ဒါက အမှန်ပဲ။ လူတွေ မိမိအိတ်ကပ်ထဲ ပိုက်ဆံဖြည့်တဲ့ကိစ္စကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်သင့်တယ်။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုရှိတယ်။ ရှစ်ဝမ်ကျောင်းက အလွန်အမင်းကို ပြုလုပ်ခဲ့တာ။ ကျုပ် မြို့စားအိမ်တော်မှာ နေထိုင်ခဲ့တာကြာပြီ။ ကျုပ်က မြို့စားအိမ်တော်ကို ကျုပ်ရဲ့အိမ်လို သဘောထားခဲ့တယ်။ ကျင်းမိသားစုရဲ့ ကျန်ရှိတဲ့ မျိုးဆက်အမွေအနှစ်တွေ ပျောက်ကွယ်သွားမှာကို မမြင်ချင်ဘူး” ဆရာကြီးလင်း၏ စကားများသည် တစ်ချက်ကလေးမှ မမှားယွင်းခဲ့ချေ။
ရှစ်ဝမ်ကျောင်းသည် များပြားလွန်းသည့် ငွေကြေးများကို အကျင့်ပျက်ခြစား လိမ်လည်ပြီး အပြင်ဘက်တွင် လယ်မြေပေါင်းများစွာကို ဝယ်ယူခဲ့၏။ သို့ပေမဲ့ ဆရာအိုကြီးလင်းမှာတော့ မည်သည့်အရာကိုမှ ဝယ်ယူနိုင်ခြင်း မရှိခဲ့ချေ။ မိသားစုတစ်ခုလုံးသည် စားနိုင်ရုံ၊ နေနိုင်ရုံလောက်သာရှိ၏။
ဆရာကြီးလင်းသည် အလုပ်လုပ်ရင်း ပြောဆိုလျက်ရှိ၏။ မကြာခင်မှာပဲ သူသည် အဓိက စာရင်းစာအုပ်များကို တစ်ခုပြီးတစ်ခု ကောက်ယူကာဖြင့် ရှမ့်လန်၏ စားပွဲပေါ်သို့ တင်ပေး၏။
ရှမ့်လန်သည် စာရင်းစာအုပ်များကို ဖွင့်ကာဖြင့် မြန်မြန်ဆန်ဆန် ကြည့်ရှုလိုက်၏။ သူသည် ဖတ်ရှုနေခြင်း မဟုတ်ချေ။ ဓာတ်ပုံရိုက်နေခြင်း သာလျှင် ဖြစ်၏။ ပြီးနောက် ထိုစာရင်းစာအုပ်ထဲတွင် ရှိနေသည့် အချက်အလက် အားလုံးကို ထုတ်ယူကာဖြင့် ကွန်ပြူတာ စာရင်းတစ်ခုထဲတွင် သွားရောက်ကာ ထည့်သွင်းလိုက်သည်။
ကျင်းမိသားစု၏ သင်ရိုးညွှန်းတမ်းကို ဖတ်ရှုသည့်အချိန်တွင် ဦးနှောက်ကို မြန်မြန်ဆန်ဆန် အသုံးပြုသည့် နေရာ၌ ကျွမ်းကျင်နေသည် သာမကဘဲ စာရွက်များကို ဓာတ်ပုံရိုက်သည့်နေရာတွင် ကျွမ်းကျင်နေသည် ဖြစ်ကြောင်း သူက သိရှိခဲ့ရ၏။ လက်ရှိအချိန်တွင် စာရွက်တစ်ရွက်ကို လှန်ပြီး ဓာတ်ပုံရိုက်ရန်အတွက် သူသည် တစ်စက္ကန့်ပင် မကြာခဲ့ချေ။
ဆရာကြီးလင်းသည် ရှမ့်လန်တစ်ယောက် စာရင်းစာအုပ်များကို မြန်မြန်ဆန်ဆန် လှန်လျောနေသည်ကို မြင်ရသည့်အချိန်မှာတော့ အလွန်ပင် တုန်လှုပ်နေမိ၏။ ဤမျှမြန်ဆန်လွန်းသည့် အရှိန်နှုန်းမျိုးနှင့် စာရင်း စာရွက်ကို လှန်နေသည်ဆိုပါက အထဲတွင် ရှိနေသည့် စာတစ်လုံးကိုပင် ဖတ်ရှုနိုင်လိမ့်မည် မဟုတ်ချေ။ မှတ်သားထားဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့ကြောင့် ယနေ့ညတွင် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုသည့် မျှော်လင့်ချက်ကို သူ မတွေးရဲတော့ချေ။
“အင်း... ငါ မျှော်လင့်ချက်တွေ များများ မထားသင့်ဘူး”
ဆရာကြီးလင်းသည် သူ့ဘာသာ တွေးတောလျက် ရှိနေ၏။ ထိုသို့ဆိုလျှင်တောင် သူ အလကား မနေချေ။ အဓိက စာရင်းစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ကောက်ယူကာဖြင့် ရှမ့်လန်၏အရှေ့တွင် ပုံပေးလိုက်၏။
ဆရာကြီးလင်းသည် ရှမ့်လန်တစ်ယောက် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား ဆိုသည်ကို မတွက်တော့ချေ။ သူ့အနေနှင့် သူလုပ်စရာရှိသည်ကို အကောင်းဆုံး လုပ်ရန်သာ စဉ်းစားထားခဲ့၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် မျှော်လင့်ချက်များကိုလည်း များများစားစား မထားတော့ချေ။ ငါးနာရီကျော် ကြာမြင့်ပြီးနောက် ဆရာကြီးလင်းသည် သူ၏သားကိုပါ ခေါ်ဆောင်ပြီး အဓိက စာရင်းစာအုပ်များကို ရှမ့်လန်ရှေ့သို့ စုစည်း ပုံပေးခဲ့သည်။ ။
“သမက်တော်... လုပ်ချင်တာတွေ လုပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ”
ဆရာကြီးလင်းက ပြောလိုက်၏။ “ဒီနေရာမှာ တချို့သော လွဲချော်မှုတွေ ရှိနေတယ်ဆိုရင်တောင်မှ ဒီမှာရှိတဲ့ စာရင်းစာအုပ် တော်တော်များများက အရေးကြီးတဲ့ အရာတွေကြီးပဲ”
“ကျေးဇူးပါပဲ ဆရာကြီး”
ရှမ့်လန်က ပြောလိုက်သည်။ “ညတောင် တော်တော်နက်နေပြီ။ ခင်ဗျားကလည်း အသက်ကြီးနေပြီ မဟုတ်လား။ သွားပြီး နားတော့လေ”
ဆရာကြီးလင်းက ပြောလိုက်၏။ “သမက်တော် ကျုပ် ကူညီဖို့ အကြောင်းအရာ တစ်ခုတစ်လေ ရှိသေးလား”
“မရှိတော့ပါဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “သွားပြီးသာ နားလိုက်တော့”
ဆရာကြီးလင်းသည် ရှမ့်လန်တစ်ယောက် စာအုပ်များကို မြန်မြန်ဆန်ဆန် လှန်နေသည်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမဲ့ ဘာတစ်ခုကိုမှ မပြောခဲ့ချေ။ သူ့အနေနှင့် အကောင်းဆုံး ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ကျန်သည့်ကိစ္စများ အားလုံးကို ကံကြမ္မာပေါ်တွင်သာ ယိုးမယ်ဖွဲ့ရပေမည်။ သို့ပေမည့် ဤတစ်ကြိမ်တွင် သူသည် ရှစ်ဝမ်ကျောင်းဆိုသည့် ကလိမ်ကကျစ် ကောင်ကြီး ၏ အကျင့်ပျက် ခြစားမှုများကို မထုတ်ဖော်နိုင်ပါက စားဝင်အိပ်ပျော်လိမ့်မည် မဟုတ်ချေ။
မြို့စားကြီးသည် ခွင့်လွှတ်တတ်သည့် လူတစ်ယောက် ဖြစ်၏။ သို့ပေသိ ဆရာကြီးလင်းသည် ထိုကဲ့သို့သောလူမျိုး မဟုတ်ချေ။
“ဒီအတောအတွင်း လူတွေကို တစ်စုတစ်စည်းတည်း ဖြစ်တည်အောင် ပြုလုပ်ချင်တယ်ဆိုတာက ကောင်းကင်ကို ငြင်းပယ်တာထက်တောင် ပိုခက်ခဲနေတာပဲ။ ရှစ်ဝမ်ကျောင်းက ကလိမ်ကကျစ် ကိစ္စရပ်တွေ အများကြီး လုပ်ထားခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ မြို့စားကြီးအိမ်တော်ရဲ့ သစ္စာရှိ လူတစ်ယောက်လို့ ထင်နေတယ်။ လူတွေများ တယ်ခက်တာပဲ”
မြို့စားကြီးသည် ဘာတစ်ခုမှ မပြောသည်ဆိုမှတော့ ဆရာကြီးလင်းက ဘာပြောရမည်နည်း။ မည်သည့် သက်သေမှလည်း မရှိချေ။ ဘာတစ်ခုမှ သက်သေမရှိဘဲ သွားရောက်ကာ ပြောဆိုသည်ဆိုပါက တစ်ဖက်လူကို မနာလိုဝန်တိုကြီးစွာဖြင့် သွားရောက်ကာ စွပ်စွဲသည်ဟု သတ်မှတ်ကြပေလိမ့်မည်။
ဆရာကြီးလင်းသည် သူသေဆုံးခါနီး အချိန်သို့ ရောက်သည်ဆိုပါက မြို့စားကြီးအတွက် သွေးစာတမ်းကိုပင် ရေးသားခဲ့ရန် ဆုံးဖြတ်ထား၏။ တစ်ဖက်လူ ယူဆောင်ထားခဲ့သည့် ပမာဏသည် များပြားလွန်းလှပြီး မြို့စားကြီးအနေနှင့် ကြားသိမည်ဆိုပါက နှလုံးခုန်နှုန်းပင် ရပ်တန့်သွားမှာ သေချာ၏။
“ဒါဆိုလည်း ကျုပ် သွားတော့မယ်” ဆရာကြီးလင်းက ပြောလိုက်၏။ သူ့အနေနှင့် ရှမ့်လန်၏ ပြုမူ ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီးနောက် မည်သည့် မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။
“ဂရုစိုက်ပါ ဆရာကြီး”
ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် သူသည် စာရင်းစာရွက်များကို ဆက်လက်ကာ လှန်လျောလျက် ရှိနေ၏။ သူ၏အမြန်နှုန်းသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်ထဲတွင် ရှိနေသည့် ကွန်ပျူတာမှ အေအိုင်စနစ်ကို အသုံးပြုသည့် နေရာတွင် ပိုမိုကာ အသားကျလာသောကြောင့်ပင်။
တစ်နာရီကျော် ကြာမြင့်ပြီးနောက် ရှမ့်လန်သည် စာရင်းစာအုပ်ပေါင်း ဒါဇင်ချီကို လှန်လှောပြီးဖြစ်၏။ သူသည် ထိုအထဲတွင် ရှိနေသည့် အချက်အလက်အားလုံးကို ကောက်ယူကာဖြင့် အေအိုင်ထဲသို့ ထည့်သွင်းပြီး အသေးစိတ် စာရင်းဇယားတစ်ခုကို ဖန်တီးနေ၏။ စာရင်းစာအုပ်ထဲတွင် ရှိနေသည့် ပြစ်ချက်များကို သူ ရှာဖွေနေခြင်း ဖြစ်သည်။
ရှစ်ဝမ်ကျောင်းသည် နှစ် နှစ်ဆယ်လုံးလုံး အကျင့်ပျက် ခြစားခြင်းများကို ပြုလုပ်ခဲ့၏။ အမိကမ္ဘာမြေ၏ စာရင်းကိုင်များသည် တော်လွန်းကြသည်။ သို့ပေမဲ့ ရှစ်ဝမ်ကျောင်းကဲ့သို့ အပြစ်အနာအဆာကင်းသည့် စာရင်းများကို ဖန်တီးပြုလုပ်ဖို့ ဆိုသည်မှာ လွယ်လိမ့်မည် မဟုတ်ချေ။
ရှစ်ဝမ်ကျောင်းသည် တကယ့်ကို သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ပင်။ မလုပ်နိုင်သည့် အရာဟုပင် မရှိသကဲ့သို့ပင်။ သေသေချာချာ အကွက်ချ ဖန်တီးထား၏။ ထို့အပြင် ၎င်း ဖန်တီးထားသည့် စာရင်းများသည် ပုံမှန်အတိုင်း တွက်ချက်မည်ဆိုလျှင်တောင်မှ တကယ့်ကို ကြာမြင့်လွန်းမှာ သေချာ၏။ ပေသီးကို အသုံးပြု၍ တွက်မည်ဆိုလျှင်ပင် တစ်လ၊ နှစ်လလောက် တွက်ချက်ရပေမည်။
သို့ပေမဲ့ အေအိုင်တည်ရှိနေသည့် ရှမ့်လန်အတွက်တော့ တကယ့်ကို လွယ်ကူလွန်းသည့် အရာဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ရှုပ်ထွေးသည့် တွက်ချက်မှုများကိုပင် ပြုလုပ်နိုင်၏။ ရှမ့်လန်တစ်ယောက် စိတ်ထဲတွင် မြန်မြန်ဆန်ဆန် တွက်ချက်လျက် ရှိနေတုန်းမှာပဲ သူသည် စာရွက်ကို အသာထုတ်ယူကာဖြင့် စာရင်းဇယားများကို ရေးဆွဲလျက် ရှိနေသေး၏။
ဤနည်းလမ်းဖြင့် သူသည် မြို့စားအိမ်တော်တွင် ရှိနေသည့် စာရင်းဇယား သွားလာမှု အားလုံးကို သေသေချာချာ နားလည်လာခဲ့၏။ ရှမ့်လန်၏ စုတ်တံမှတဆင့် စာရင်းဇယား တစ်ခုပြီးတစ်ခုက ပေါ်ပေါက် လာခဲ့၏။ ရှစ်ဝမ်ကျောင်း သေသေချာချာ ပြင်ဆင်ထားသည့် စာရင်းများထဲတွင် ဖုံးကွယ်ထားသည့် အရာဟူ၍ မရှိတော့ချေ။
ရှမ့်လန်သည် ထိုစာရင်းများကို သေသေချာချာ ပြုလုပ်ပြီးနောက် အနည်းငယ် တုန်လှုပ်လို့နေခဲ့၏။ ရှစ်ဝမ်ကျောင်း သည် အတော်အတန်ပင် အကျင့်ပျက် ခြစားထားခဲ့ကြောင်း သူ သိရှိ၏။ သို့ပေမည့် ဤမျှ များလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။
.........
ကောင်းကင်ကြီးသည် စတင်ကာ တောက်ပလာခဲ့၏။ မနက်မိုးသောက် အလင်းရောက်ပြီ ဖြစ်၏။ မြို့စား အိမ်တော်၏ တံခါးက ပွင့်သွားခဲ့၏။
လူပေါင်းဒါဇင်ချီတို့သည် မြင်းများကို စီးရင်း မြို့စားအိမ်တော်မှ အလျင်အမြန်ဖြင့် ထွက်ခွာသွားခဲ့ကြ၏။ လူများ ဝင်ထွက်သွားလာခြင်း ဆိုသည်မှာ သာမန်ပင်ဖြစ်၏။ သို့သော်ငြား ထိုအထဲမှ တချို့သည့် ရှစ်ဝမ်ကျောင်း၏ အိမ်ဆီသို့ အမြန်ဆန်ဆုံးနည်းဖြင့် သွားနေကြခြင်းပင်။
“လူကြီးမင်းရှစ်.. ဆိုးရွားတဲ့ အရာတစ်ခုကတော့ ဖြစ်ပြီ။ ရှမ့်လန်နဲ့ ဆရာကြီးလင်းတို့က လွန်ခဲ့တဲ့ညက စာရင်းခန်းထဲကို ရုတ်တရက် ဝင်သွားခဲ့တယ်လေ။ ဆရာကြီးလင်းက စောစောစီးစီး ပြန်ထွက်သွားတယ် ဆိုပေမဲ့ ရှမ့်လန်က အခုထိ ပြန်ထွက်မသွားသေးဘူး။ စိုးရိမ်တာက စာရင်းတွေဝင် စစ်ဆေးပြီးတော့ ခင်ဗျားကို လက်စားချေဖို့များတယ်” ထိုလူသည် သတင်းပေးပို့ရင်း မောပန်းလျက် ရှိနေသည်။
ရှစ်ဝမ်ကျောင်းက ပထမ ကြောင်အသွား၏။ ပြီးနောက် ရယ်မောလိုက်၏။ “ဒီအကောင်ကတော့ တကယ့်ကို အကြောက်အလန့် ကင်းတာပဲ။ ဘာကို ကြောက်ရမလဲ ဆိုတာတောင် မသိတော့ဘူး။ ငါ့ရဲ့ စာရင်းစာအုပ် တွေကို စစ်ဆေးတယ် ဟုတ်လား”
ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။
“ငါ့ရဲ့စာရင်းစာအုပ်တွေက အပြစ် အနာအဆာ ကင်းတယ်လေ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်အတွင်း ဘာပြဿနာမှ မရှိခဲ့ဘူး။ ရှမ့်လန်က စာရင်းစာအုပ်တွေကို ဘယ်လောက်ကြာကြာ စစ်ဆေးနိုင်မှာလဲ။ ငါသူ့ကို ဆယ်ရက် ဒါမှမဟုတ် လဝက်လောက် အချိ်နပေးမယ်ဆိုရင်တောင် သူ ဘာမှ တွေ့မှာ မဟုတ်ဘူး။ စာရင်း စာအုပ်ပေါင်း တစ်ထောင်ကျော်က သူလှန်ပြီး ကြည့်ရင်တောင်မှ အချိန်တော်တော်ကုန်မှာ သေချာတယ်။ တစ်ညအတွင်း ဒါတွေအားလုံးကို ပြုလုပ်ဖို့ဆိုတာ အရူးတစ်ယောက် အိမ်မက် မက်နေသလိုပဲ ဖြစ်လိမ့်မယ်” ပြီးတော့ သူ့ဆီမှာ အချိန်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ မကြာခင်မှာ ပြီးသွားတော့မှာမလို့ဘဲ”
ထျန်းဟန်အကြောင်း သူ ကောင်းကောင်းသိ၏။ ထို့ကြောင့် သူနှင့် ထျန်းဟန်တို့ ဖန်တီးထားသည့် အစီအစဉ် သည် ရှမ့်လန်အား မြို့စားအိမ်တော်ထဲ၌ အပြီးတိုင် သတ်ဖြတ်ခံရမည့် အခြေအနေကို တွန်းပို့ရန် စီစဉ်ထားခြင်းပင်။
“ရှမ့်လန်.. ငါမင်းကို သတ်ချင်တယ်။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ မင်းက ငါ့ဆီကိုလာပြီး ခေါင်းထိုးဝင်ခဲ့တာကိုး”
ရှစ်ဝမ်ကျောင်းက ခဏလောက် တွေးတောလိုက်၏။ “ကောင်းပြီ။ ဒီတော့ ငါ မင်းကို သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက် ရသွားတာပေါ့”
သူ မြို့စားကြီးအကြောင်းကို ကောင်းကောင်းသိ၏။ ကြင်နာပြီး စိတ်ထား နူးညံ့လွန်းသည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် ဂုဏ်သိက္ခာတရားကိုလည်း အလေးထား၏။ သူသာ စာရင်းခန်းဆီသို့ သွားသည်ဆိုပါက မြို့စားကြီးသည် ရှမ့်လန်အား စာရင်းများစစ်ဆေးခြင်းမှ ရပ်တန့်ပြီး ထွက်ခွာသွားရန် ပြောဆိုမှာ သေချာသည်။
ထို့အပြင် လက်ရှိအခြေအနေ၌ ရွှဲ့ပြည်နယ်၏ ဥပဒေသစ်များကလည်း အပြောင်းအလဲများလို့ နေခဲ့၏။ မြို့စားကြီးအတွက် အရေးအကြီးဆုံးသည် သူ၏လက်အောက်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ စိတ်နှလုံးများကို တစ်စုတစ်စည်းတည်း ဖြစ်စေချင်ခြင်းပင်။ ထို့ကြောင့် ဤတစ်ကြိမ်မှာတော့ ရှမ့်လန် အနေဖြင့် မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ဘဲ မြို့စားကြီး၏ ကြိမ်နှင့်ရိုက်ခြင်းကိုပင် ခံရပေလိမ့်မည်။
“မြို့စားအိမ်တော်ကို သွားကြစို့”
လက်ရှိ အခြေအနေမှာတော့ ရှမ့်လန်၏ဖင်ကို မီးမှိုက်ရန် အချိန်ကောင်းပင် ဖြစ်၏။ ထျန်းဟန်၏ အကူအညီဖြင့် ပူးပေါင်းလိုက်သည်ဆိုပါက ရှမ့်လန်ကို ကျိန်းသေပေါက် ဖျက်ဆီးနိုင်မှာ သေချာ၏။ “အမှိုက်ကောင်လေး.. မင်း ငါ့ကို ရန်စရဲတယ် ဟုတ်လား။ သေဖို့သာ ပြင်ထားတော့”
..........
မြို့စားအိမ်တော်သို့ ဝင်ရောက်ပြီးသည့်နောက် ရှစ်ဝမ်ကျောင်း၏ မျက်လုံးများက နီမြန်းနေ၏။ သူသည် မြို့စားကြီးရှေ့တွင် ဒူးထောက်လိုက်၏။
“မြို့စားကြီး.. ကျုပ်ကို မယုံကြည်ဘူးလား” ရှစ်ဝမ်ကျောင်းသည် ဝမ်းနည်းဆွေးမြေ့နေသည့် အသံဖြင့် မေးမြန်းလိုက်သည်။
မြို့စားကြီး၏ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မှ မရှိချေ။ သူက ပြောလိုက်၏။ “ဒီလိုကိစ္စမျိုး မရှိပါဘူး”
ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “စာရင်းအခန်းထဲက ကျုပ် ထွက်သွားတဲ့အချိန်မှာ သမက်တော် ရှမ့်လန်က အထဲမှာ ရှိနေတာ ကျုပ်တွေ့ခဲ့တယ်။ မြို့စားကြီး ကျုပ်ကို မယုံကြည်ဘူးလား။ ဘာလို့ ကျုပ်ရဲ့ စာရင်းတွေကို စစ်ဆေးရတာလဲ”
ပြီးနောက် ရှစ်ဝမ်ကျောင်း၏ ပါးစပ်သည် ပေါက်ပေါက်ဖောက်သကဲ့သို့ပင် တရစပ် ပြောဆို တိုင်ကြားလျက် ရှိနေ၏။ “ဒီနိမ့်ကျတဲ့လူက တစ်ခါတစ်လေ အရည်အချင်း မရှိဘူးဆိုတာ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ မြို့စားကြီးနဲ့ ကျင်းမိသားစုအပေါ်မှာတော့ သစ္စာရှိတဲ့ လူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး မနားမနေ အလုပ်လုပ်ခဲ့တယ်။ ကျုပ်ရဲ့ စိတ်နှလုံးသားတစ်ခုလုံးကို မြို့စားအိမ်တော်အပေါ် ပုံအပ်ထားခဲ့ တယ်”
ရှစ်ဝမ်ကျောင်းသည် အသာဒူးထောက်ကာဖြင့် ပြောဆိုလိုက်သည်။ “ကျုပ်အသက် ငါးဆယ်နီးပါးပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေ အားလုံး ဖြူနေပြီ။ ဒီမှာ ကြည့်ပါအုံး။ အခု ဘာမဟုတ်တဲ့ ကလေးလေး တစ်ယောက်ကြောင့် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ ဒီအဘိုးကြီး ကို မယုံကြည်တော့ဘူး။ ကျုပ် အသက်ရှင်နေရတာ ဘာကြောင့်လဲ။ ကျုပ် အသက်ရှင်နေရခြင်းရဲ့ ရည်ရွယ်ချက် ကိုတောင် ကျုပ် မေ့နေပြီ”