အခန်း (၅၄)
Vol. 4 Ch. 54
ရှစ်ဝမ်ကျောင်းသည် ဦးခေါင်းနှင့် မြေပြင်ကို တဒုန်းဒုန်း တိုက်လျက် ရှိ၏။
“ဒီလို မလုပ်ပါနဲ့”
မြို့စားကြီးသည် အလျင်အမြန် ရောက်ရှိလာကာ ရှစ်ဝမ်ကျောင်းကို တားဆီးလိုက်၏။ ရှစ်ဝမ်ကျောင်း သရုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကောင်းကောင်းသိသည် ဆိုလျှင်တောင်မှ သူသည် တာဝန်အရ တားဆီးရပေလိမ့်မည်။
ရှစ်ဝမ်ကျောင်းသည် အခွင့်အရေးယူပြီး မြို့စားကြီး၏ ခြေထောက်ကို လှမ်းဖက်ကာဖြင့် အားတက်သရော ပြောဆိုလိုက်၏။ “မြို့စားကြီး... ကျုပ် ဆယ်ကျော်သက် အရွယ်ကတည်းက မြို့စားအိမ်တော်ကို ရောက်ရှိခဲ့တာပါ။ မြို့စားကြီးရဲ့ အရှေ့မှာ ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်ပါ။ မြို့စားအိမ်တော်တစ်ခုလုံးမှာ ကျုပ်လောက် သစ္စာရှိတဲ့လူ ရှိမယ်တောင် မထင်ပါဘူး။ မြို့စားကြီး.. ကျုပ်သာ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်ရဲ့ နှလုံးသားကို အခုတောင် ထုတ်ပေးလိုက်ချင်တယ်။ ဒီနှလုံးသားက ဖြူနေလား၊ နီနေလားဆိုတာကို ကြည့်စေချင်တယ်”
ရှစ်ဝမ်ကျောင်းသည် ရင်ဘတ်ကို တဘုန်းဘုန်းဖြင့် ပုတ်ကာ ပြောဆိုနေ၏။ ဤစကား၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ ရှင်းလင်းလွန်း၏။ သူ ရှစ်ဝမ်ကျောင်းသည် တကယ်ပင် သစ္စာရှိသည့် လူတစ်ယောက်ပီပီ မြို့စားကြီးကို ဘုရာသခင်ကဲ့သို့ ကိုးကွယ်သူဖြစ်၏။
သို့ပေမည့် မြို့စားကြီးသည် ဤအဘိုးကြီးအောင် သေဆုံးအောင် ဖန်တီးပြုလုပ် နေသည်လားဆိုသည့် အဓိပ္ပာယ်ပင်။
“ထ ထ”
မြို့စားကြီးသည် အသာပင် ပြောဆိုလိုက်၏။ “ဝမ်ကျောင်း.. ငါ မင်းရဲ့ သစ္စာရှိမှုကို ယုံကြည်တာပေါ့”
ရှစ်ဝမ်ကျောင်းသည် ဒူးထောက်လျက် ရှိနေတုန်းပင်။ သူက ငိုယိုကာဖြင့် ထရန် ရည်ရွယ်ချက် မရှိသည့်ပုံပင။ ဟုတ်ပေသည်။ ရှစ်ဝမ်ကျောင်း ဘာလိုချင်သည် ဖြစ်ကြောင်းကို မြို့စားကြီးက ကောင်းကောင်းသိ၏။
“တစ်ယောက်လောက်... စာရင်းခန်းကို သွားပြီးတော့ သခင်လေးကို ထွက်ခဲ့ဖို့ ပြောလိုက်။ သူ့ကို ရပ်တော့လို့” မြို့စားကြီးက ပြောလိုက်သည်။
ရှမ်ဝမ်ကျောင်းသည် မထသေးချေ။ သူသည် မြို့စားကြီး၏ ခြေထောက်ကို အသာဖက်ကာဖြင့် အော်ဟစ်လိုက်၏။ “မြို့စားကြီး.. ကျုပ် သစ္စာမရှိဘူးလို့ သံသယ ရှိနေတယ်ဆိုရင်၊ တကယ်လို့ ကျုပ်က မြို့စားအိမ်တော်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အရာတွေ ပြုလုပ်ခဲ့တယ်လို့ သံသယ ရှိနေတယ်ဆိုရင် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျုပ်ရဲ့အိမ်ကို ရှာခိုင်းလိုက်ပါ။ ဒါဆိုရင် အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်”
မြို့စားကြီးက မျက်မှောင်ကုတ်လိုက်၏။ အိမ်ကို သွားရောက်ကာ စစ်ဆေးကြည့်ရှုရန်ပင် ပြောဆိုရဲလျက် ရှိနေ၏။ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်သည်ဆိုပါက မြို့စားအိမ်တော်ထဲတွင် ရှိသည့်လူပေါင်းများစွာတို့သည် မည်မျှ စိတ်ပျက်သွားမည်နည်း။
ရုတ်တရက် သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “သခင်လေးကို ဒီကိုလာခဲ့ဖို့ ပြောလိုက်အုံး”
“ကောင်းပါပြီ” ဒုတိယမြောက်လူသည် စာရင်းခန်းဆီသို့ အလျင်အမြန် ပြေးလေသည်။
ရှစ်ဝမ်ကျောင်းက သဘောကျသွားမိသည်။ သူသည် မြေပြင်ပေါ်မှ အသာထရပ်လိုက်၏။ သူ၏ မျက်နှာတွင် ကျေးဇူးတင်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ၎င်း၏ နှလုံးသားတစ်ခုလုံးသည် ဂုဏ်ယူဝံ့ကြွားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။
“ရှမ့်လန်.. မောက်မာလိုက်တဲ့ကောင်။ မင်း ငါ့ကို တိုက်ခိုက်ချင်တယ် ဟုတ်လား” မြို့စားကြီး၏ အမူအကျင့်နှင့် စိတ်နေစိတ်ထားကို ရှစ်ဝမ်ကျောင်းက ကောင်းကောင်းသိ၏။ သူသည် အလွန်လည်လွန်းလှသူ တစ်ယောက်ဖြစ်၏။ မြို့စားကြီး၏ စိတ်နှလုံးနူးညံ့မှုကို အခွင့်အရေးယူပြီးနောက် သူသည် သူလိုချင်သည့် အကြောင်းအရာအတိုင်း ကစားသွားနိုင်မည်ဟု ကောင်းကောင်း နားလည်ထားသည်။
တော်ဝင်မျိုးနွယ်များအနေနှင့် ၎င်းတို့၏ နောက်လိုက်များကို ဂရုစိုက်ရမည် ဆိုသည်မှာ သဘာဝပင်ဖြစ်၏။ ထို့ကြောင့် သူ့ကို အဆုံးစွန်အထိ ဘယ်တော့မှ တွန်းပို့လိမ့်မည် မဟုတ်ချေ။
......
ဘန်း
စာရင်းခန်း၏ တံခါးသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ပွင့်ဟသွားခဲ့၏။ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အစေခံလေးယောက်နှင့်အတူ အထဲသို့ လျှောက်ဝင်လာခဲ့၏။ ၎င်း၏ မျက်နှာပေါ်တွင် ရှိနေသည့် အမူအရာများ မှာတော့ ဆိုးရွားလွန်းလှချေ၏။ ၎င်းသည် တင်းမာခက်ထန်သည့် အကြည့်နှင့် ရှမ့်လန်ကို ကြည့်လိုက်၏။
ဟမ့်.. မြို့စားအိမ်တော်ရဲ့ သမက်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဒီနေရာမှာ လုပ်ချင်တိုင်း လုပ်နေတာ။ မင်းက သမက်တစ်ယောက်သာသာပါပဲ။ ဘယ်လိုဖြစ်ပြီးတော့ ငါတို့ဆရာကြီးရှစ်နဲ့ နှိုင်းယှဉ်လို့ ရမှာလဲ။ ကျက်သရေ မဲ့လိုက်တာ။
သက်လတ်ပိုင်းလူက တွေးတောလိုက်၏။ သို့ပေမဲ့ မျက်နှာပြင်ထက်တွင် လေးစားသည့် အမူအရာမျိုးကို ထုတ်ဖော်ထားရ၏။
သူသည် ဦးညွတ်ကာ ပြောလိုက်သည်။ “သခင်လေး.. မြို့စားကြီးက ဒီမှာလုပ်နေတဲ့ အရာအားလုံးကို ရပ်တန့်ပြီး စာရင်းခန်းထဲက ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်”
ရှမ့်လန်သည် မျက်လုံးကို ဖွင့်ကာဖြင့် အပြင်ဘက်တံခါးဆီသို့ လှမ်းကြည့်လိုက်၏။ “အင်း.. မိုးသောက် သွားခဲ့ပြီလား”
အချိန်များသည် မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့၏။ ဘာမှန်းမသိဘဲ နေပင်ထွက်လာခဲ့၏။ သက်လတ်ပိုင်း လူသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ပိုမိုကာ အထင်အမြင်သေးမိ၏။ ဤသခင်လေးသည် တကယ်ပင် ဟိတ်ဟန်များလွန်းလှ၏။ စာရင်းစာအုပ်များကို တစ်ညအတွင်း ဖတ်ရှု၍ပင် ပြီးနိုင်လိမ့်မည် မဟုတ်ချေ။ စာရင်းများကို ဆက်လက်ကာ စစ်ဆေးချင်နေသည်လား။ တကယ့်ကို ရူးသွပ်နေသူ တစ်ယောက်ပင်။ စာရင်းများကို စစ်ဆေးချင်သည်ဆိုပါက ကျိန်းသေပေါက် ကျွမ်းကျင်သော လူတစ်ဒါဇင်ကို ခေါ်ကာဖြင့် တစ်လ သို့မဟုတ် နှစ်လလောက် ပြန်လည်ကာ ပြုလုပ်ရပေမည်။
ပြီးနောက် ဒုတိယအဖွဲ့သည် ထပ်မံဝင်ရောက်လာကာဖြင့် အော်ဟစ်လိုက်သည်။ “သခင်လေး... မြို့စားကြီးက ဟောခန်းထဲကို လာခဲ့ပါအုံးတဲ့။ ရှစ်ဝမ်ကျောင်းကို တောင်းပန်ဖို့လေ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ဂုဏ်ယူဝံ့ကြွားမှုများနှင့် တောက်ပသွားခဲ့ကြ၏။ ဤလူများသည် အစေခံများဖြစ်ပြီး စာရင်းဇယားရုံး၏ လက်ထောက်များလည်း ဖြစ်၏။ ၎င်းတို့အားလုံးသည် ရှစ်ဝမ်ကျောင်း ကောင်းခြင်း၊ ဆိုးခြင်းနှင့်အတူတူ တည်ရှိနေသည့် လူများပင်။ ပြောရမည် ဆိုလျှင် အလုံးစုံသော လူများသည် အကျင့်ပျက် ခြစားခြင်းကို ပြုလုပ်သည့် လူများပင်။
ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “သိပါပြီ။ ကျုပ် အခုသွားလိုက်မယ်”
ပြီးနောက် သူသည် လက်ထဲတွင် စာရွက်အပုံကြီးကို ဆွဲယူကာဖြင့် အဓိကဟောခန်းဆီသို့ လျှောက်သွားလိုက်သည်။
သက်လတ်ပိုင်းလူသည် ရှမ့်လန်၏ လက်ထဲတွင် ရှိနေသည့် စာရွက်အပုံကြီးကို သေသေချာချာ အနီးကပ် လှမ်းကြည့်လိုက်၏။ သို့ပေမည့် ဘာတစ်ခုမှ သေသေချာချာ မမြင်ရချေ။ ထို့အပြင် တစ်ညလေးသာ ရှိသေး၏။ ရှမ့်လန် တစ်ယောက် ဘာတွေ ရှာတွေ့သွားမည်နည်းဆိုသည်ကို စိုးရိမ်ပူပန်စရာ မရှိချေ။
........
ဟောခန်းထဲမှာတော့ မြို့စားကြီးသည် အဓိက ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေ၏။
ရှစ်ဝမ်ကျောင်းသည် အောက်ဘက် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လျက် ရှိနေ၏။ ရှမ့်လန်အား မည်ကဲ့သို့ ရင်ဆိုင်ရမည် ဖြစ်ကြောင်းကို ထျန်းဟန်နှင့် ပြောခဲ့သည့် အကြောင်းအရာများကို သူက တွေးတောနေမိသည်။
မူလအားဖြင့် ရှစ်ဝမ်ကျောင်းသည် ရှမ့်လန်တစ်ယောက် သူ့ကို လာရောက်တောင်းပန်မည်ကို စောင့်မျှော်နေခြင်း ဖြစ်၏။
“မြို့စားကြီး.. ပြောသင့်လား၊ မပြောသင့်လား မသိတဲ့ အကြောင်းအရာတစ်ခု ရှိသေးတယ်” ရှစ်ဝမ်ကျောင်းသည် တစ်စုံတစ်ခုကို ပြောချင်၏။
မြို့စားကြီးက ပြောလိုက်သည်။ “ပြောသာပြောပါ”
ရှစ်ဝမ်ကျောင်းက ပြောလိုက်၏။ “အင်း ရွှမ်ဝူမြို့ထဲမှာ ကောလဟလတချို့ ကြားခဲ့တယ်။ ပြောကြတာက ရှမ့်လန်က ကျားသားစားချင်လို့ ဝက်တစ်ကောင်လို ဟန်ဆောင်ထားခဲ့တာတဲ့။ သူက တကယ်တော့ ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ တုံးအချင်ယောင်ဆောင်နေတာလေ။ သူရဲ့စိတ်ထဲမှာ ဘာတွေရှိနေမလဲဆိုတာ မသိနိုင်ဘူး။ အန္တရာယ်ရှိနိုင်တယ်လို့ ကျုပ်ထင်တယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ မြို့စားကြီးက မပျော်ရွှင်ခဲ့ချေ။ ချက်ချင်းပဲ မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ရံဖန်ရံခါဆိုသလို ရှမ့်လန်ကို ဆူငေါက်တတ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ရှမ့်လန်ကို ချစ်မြတ်နိုး၏။ ရှမ့်လန်ကိုလည်း သဘောကျသည်။
ရုပ်ရည်ချောမော၊ နေထိုင်ပုံကောင်းပြီး နှုတ်ချိုသည့် လူတစ်ယောက်သည် ပြဿနာများကို ရှာဖွေတတ်သည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ လူငယ်လူရွယ်များကြားထဲတွင် နာမည်ကျော်ကြားသော လူတစ်ယောက် ဖြစ်တတ်သည် မဟုတ်ပါလား။ မြို့စားကြီးသည် ရှေးရိုးဆန်သည့် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ နှလုံးသား၏ အတွင်းဘက်မှာတော့ ရှမ့်လန်၏ ကိုယ်ရည်ကိုယ်သွေးကို နှစ်သက်၏။
မြို့စားကြီး မျက်မှောင်ကုတ်သွားသည်ကို ရှစ်ဝမ်ကျောင်းက မြင်လိုက်ရ၏။ သူ၏ စကားလုံးများသည် တစ်ဖက်လူ၏ နှလုံးသားထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သူက တွေးတောလိုက်မိ၏။ သူသည် ပိုမိုကာ သတ္တိ ကောင်းလာခဲ့၏။ ထို့ကြောင့် ပြောဆိုလိုက်သည်။ “သခင်မလေးမူလန်က ရှမ့်လန်ကို သမက်တော်အဖြစ် ဘာလို့ ရွေးလိုက်လဲဆိုတော့ သူက ဉာဏ်တုံးပြီးတော့ ရည်မှန်းချက် ကင်းမဲ့လို့လေ။ အခုကြည့်.. ရှမ့်လန်က အရမ်းကို ရည်မှန်းချက် ကြီးမားနေတဲ့ပုံပဲ”
မြို့စားကြီးသည် ထိုအရာကို နားထောင်ရခြင်းအား မနှစ်သက်ပေ။ အဘယ်ကြောင့်နည်း။ ရှမ့်လန်သည် ရည်မှန်းချက် ကြီးမားသည်ဟု တစ်ဖက်လူမှ ပြောဆိုခဲ့၏။ သူ ကျင်းကျိုးသည် ကြင်နာတတ်ပြီး ခွင့်လွှတ်ပေးတတ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ မျက်ကန်းတစ်ယောက် မဟုတ်ချေ။
ရှမ့်လန်သည် အဘယ်သို့ ရည်မှန်းချက် ကြီးနေမည်နည်း။ ၎င်း၏ အကြီးမားဆုံး ရည်မှန်းချက်သည် ထျန်းဟန်နှင့် ရှစ်ချင်းချင်းတို့ကို လက်စားချေရန်ပင်ဖြစ်၏။ ဤခွေးကောင်လေးသည်သာ ရည်မှန်းချက် ကြီးမားသည်ဆိုပါက သူ ရွှမ်ဝူမြို့စားသည် တစ်လောကလုံးတွင် ရည်မှန်းချက်အကြီးဆုံး အင်ပါယာပင် ဖြစ်လာမှာ သေချာ၏။
“မြို့စားကြီး အသက်ရှိနေတုန်းဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ မြို့စားကြီး သေသွားပြီဆိုရင် မူကုန်းရဲ့ ပါရမီနဲ့ ဘယ်လိုဖြစ်ပြီး ရှမ့်လန်ကို ထိန်းချုပ်မှာလဲ”
ရှစ်ဝမ်ကျောင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ပြီးတော့ မိန်းကလေးမူလန် ရှိသေးတယ် ဆိုရင်တောင်မှ သူမက မိန်းကလေး တစ်ယောက်လေ။ သူမရဲ့ယောက်ျားက သူမအတွက် အနီးကပ်ဆုံး လူတစ်ယောက် ဖြစ်လိမ့်မယ်။ ရှမ့်လန်က ချောမောပြီး စကားချိုချိုလေးတွေ ပြောတက်တယ်။ အချိန်ရောက်လာပြီဆိုရင် ရွှမ်ဝူအိမ်တော် တစ်ခုလုံးက ပိုင်ရှင်အသစ် လက်ထဲကို ရောက်သွားမယ်လို့ ကျုပ်ထင်မိတယ်”
ဤနေရာတွင် ထိုစကားများကို ပြောဆိုခြင်းအားဖြင့် ရှစ်ဝမ်ကျောင်း၏ အသံသည် တဖြည်းဖြည်း ပိုမိုကာ လေးနက်လာခဲ့၏။ သူက ပြောလိုက်၏။ “မြို့စားကြီး.. ဒီအကြောင်းအရာကို သေသေချာချာ တွေးကြည့်လိုက်။ ကျုပ် အိပ်ရာထဲမှာ ဟိုဘက်လှည့်၊ ဒီဘက်လှည့်နဲ့ အိပ်လို့တောင် မပျော်ဘူး။ ဒါကြောင့် သခင်လေးရှမ့်လန်ကို ကျုပ်က ပစ်မှတ်ထားခဲ့မိတာပဲ။ ဒီစကားတွေက ကျုပ်ရဲ့ နှလုံးသားထဲက လာတဲ့စကားတွေပါပဲ”
ရှစ်ဝမ်ကျောင်းသည် အောင်မြင်မှုကို မြန်မြန်ဆန်ဆန်နှင့် ရယူချင်စိတ်ရှိ၏။ ထို့ကြောင့် မီးကို သေသေချာချာ မွှေးရန်ပင် ဂရုမစိုက်တော့ချေ။ အကုန်လုံး လောင်ရင် လောင်သွားပလေ့စေ။ တရစပ် ပြောဆိုလျက် ရှိနေလေသည်။
ထိုအချိန်မှာပဲ ရှမ့်လန်က လျှောက်ဝင်လာခဲ့၏။ “ဂါရဝပြုပါတယ် အဖေ”
ရုတ်တရက် ရှမ့်လန်၏ မျက်နှာပေါ်တွင် ပျင်းရိလေးကန်သည် အသွင်အပြင်များ ပေါ်ပေါက်လာခဲ့၏။ သူ၏ ချောမောလှသည့် မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများလည်း တစွန်းတစ တည်ရှိနေ၏။
မြို့စားကြီးသည် ရှစ်ဝမ်ကျောင်း တစ်ယောက် ပြဿနာရှာနေသည်ကို မနှစ်သက်ချေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန် အဆုံးသတ်သွားစေချင်၏။ နောက်မှ ဖြည်းဖြည်းချင်း ၎င်း၏ လက်ထဲတွင်ရှိနေသည့် အခွင့်အာဏာများကို ပြန်လည် သိမ်းဆည်းရန် စဉ်းစားထားခဲ့သည်။
ထို့ကြောင့် ပြောလိုက်၏။ “ရှမ့်လန်... ဒီနေရာမှာ လူကြီးမင်း ရှစ်ဝမ်ကျောင်းကို တောင်းပန်လိုက်။ ပြီးတော့ မင်းက ကျောင်းသားတစ်ယောက်လေ။ မနေ့က ပြုလုပ်ခဲ့တဲ့ အပြုအမူက ကောင်းတာ မဟုတ်ဘူး”
မြို့စားကြီး၏ စိတ်နေစိတ်ထားက ရှင်းလင်းလွန်း၏။ ရှမ့်လန်သည် တစ်ဖက်လူအား တောင်းပန်ရန်ပင် ဖြစ်၏။ ထို့အပြင် တောင်းပန်ခြင်းကလည်း မနေ့က ပြုလုပ်ခဲ့သည့်အပြုအမူကြောင့်ဖြစ်ပြီး စာရင်းဇယားများကို စစ်ဆေးခြင်းအတွက် တောင်းပန်စေချင်ခြင်း မဟုတ်ချေ။
ဤနေရာနှင့်ပတ်သက်၍ သူသည် ရှင်းလင်းသည့် စိတ်နေစိတ်ထားရှိ၏။ စာရင်းဇယားများကို စစ်ဆေးခြင်းနှင့် ပတ်သက်၍ ရှမ့်လန်သည် မှားယွင်းခြင်း မရှိချေ။ သို့ပေမဲ့ ရှစ်ဝမ်ကျောင်းသည် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များကို သေသေချာချာ သိရှိ၏။ ထို့ကြောင့် ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် ပြောလိုက်၏။
“သမက်တော် ရှမ့်လန်... ငါမင်းကို ဘယ်အချိန်တုန်းက ပြဿနာ ရှာမိခဲ့လို့လဲ။ မင်းက ဘယ်လိုဖြစ်ပြီးတော့ အမြင် ကျဉ်းမြောင်းတဲ့ လူတစ်ယောက် ဖြစ်ရတာလဲ။ စိတ်ထားကျဉ်းမြောင်းပြီးတော့ ကျုပ်ရဲ့ စာရင်းဇယားတွေကိုတောင် စစ်ဆေးနေသေးတယ်။ အရာအားလုံးကို ကျုပ်ရဲ့ အိတ်ကပ်ထဲကို ထည့်နေတယ်လို့ ထင်နေလို့လား။ ကျုပ် ရှစ်ဝမ်ကျောင်းက ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား လုပ်တတ်တဲ့ လူတစ်ယောက်ပါ။ ကောင်းကင်နဲ့မြေကြီးက ဒါကို ကောင်းကောင်းသိတယ်”
ရှမ်လန်သည် မည်သို့မှမပြောချေ။ တစ်ဖက်လူ၏သရုပ်ဆောင်နေမှုကို ငြိမ်ငြိမ်သက်သက်နှင့် ကြည့်ရှုလျက် ရှိသည်။
ရှစ်ဝမ်ကျောင်းသည် အသံကိုမြှင့်ကာဖြင့် ပြောဆိုလိုက်၏။ “သခင်လေးရှမ့်... မင်းက ငါ့ကို ဒီကနေ မောင်းထုတ်ဖို့ အတွက် မစောင့်နိုင်တော့ဘူးနဲ့ တူတယ်။ ဘာတွေ စီစဉ်ထားနေသေးတာလဲ”
ပြီးနောက် သူသည် မြို့စားကြီးဘက်သို့ လှည့်ကာဖြင့် ပြောလိုက်သည်။ “မြို့စားကြီး.. အခု ဥပဒေသစ်တွေက အပြောင်းအလဲ များနေတယ်။ တော်ဝင်မျိုးနွယ် တော်တော်များများက နေရာအနှံ့မှာ ကြောက်လန့်တကြားနဲ့ နေထိုင်နေခဲ့ရတာလေ။ ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကလည်း အုပ်ချုပ်သူတွေအတွက်တော့ ဆူးတစ်ချောင်းလို ဖြစ်နေတယ်။ ရှမ့်လန်က အချိန်ကိုက် ပြဿနာတွေ ရှာနေတတ်တယ်။ လူပေါင်းများစွာတို့ကို ဒုက္ခပေးတယ်။ ဒီတော့ သူ့ကိုသာ သေသေချာချာ အပြစ်မပေးဘူးဆိုရင် ဒုက္ခရောက်လိမ့်မယ်”
နောက်ဆုံး၌ ၎င်းသရုပ်ဆောင်ရခြင်း ရည်ရွယ်ချက်က ရောက်ရှိလာခဲ့၏။ ထိုအချိန်၌ ရှမ့်လန်အလှည့် ရောက်ပြီ ဖြစ်သည်။
ရှမ့်လန်သည် တစ်ဖက်လူကို စူးစိုက်ကြည့်ကာဖြင့် ပြောလိုက်၏။ “ရှစ်ဝမ်ကျောင်း.. ခင်ဗျား အကျင့်ပျက် ခြစားမှုတွေ လုပ်ထားတယ်ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ ဒီလောက်ကြီး လောဘကြီးလိမ့်မယ်လို့ ကျုပ် မထင်ခဲ့ဘူး။ ခင်ဗျားက မြို့စားအိမ်တော်၊ စာရင်းဌာနရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် အတွင်းမှာ ရွှေဒင်္ဂါး သုံးသောင်းကျော်နီးပါးကို အကျင့်ပျက်ခြစားခဲ့တယ်။ ဒါ တုန်လှုပ်စရာ ပမာဏပဲ”
ရှမ့်လန်သည် လေသံကို အဆုံးစွန်ထိမြှင့်ကာ အော်ဟစ်လိုက်သည်။ “ရှစ်ဝမ်ကျောင်း.... ခင်ဗျားရဲ့ အပြစ်ကို ခင်ဗျား မသိဘူးလား။ ခင်ဗျားက ခွေးချေးစားထားလို့ ဒီလိုသတ္တိမျိုးနဲ့ ပြောနေတာလား”
“ရွှေဒင်္ဂါးသုံးသောင်း”
ရှစ်ဝမ်ကျောင်းသည် ထိုအရေအတွက်ကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက် ထခုန်လုမတတ် ဖြစ်သွား၏။
“လန်အာ... မင်းပြောနေတာတွေက အမှန်လား” မြို့စားကြီးက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ ရှစ်ဝမ်ကျောင်း၏လက် အနည်းနှင့်အများ ဆိုသလို ညစ်ပတ်မည်ကို သူသိ၏။ သို့ပေမဲ့ ဤမျှ များပြားသည့် ပိုက်ဆံများ ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
ရွှေဒင်္ဂါး သုံးသောင်းဆိုသည်မှာ အလွန်တရာ များပြားလွန်း၏။ မထင်မှတ်ထားလောက်အောင်ဘဲ ရှမ့်လန်သည် ရွှေဒင်္ဂါးသုံးသောင်းဟု အတိအကျ ပြောဆိုလျက် ရှိနေ၏။ ဤအရာမှာ သူ ခန့်မှန်းထားသည့် ပမာဏထက် ဆယ်ဆကျော် များပြားလို့နေသည်။
ပိုမို၍အံ့အားသင့်စရာမှာ ဤကဲ့သို့သော အရာများကို ပြုလုပ်သည့်လူသည် ရှစ်ဝမ်ကျောင်း ဖြစ်နေခြင်းပင်။ တစ်ဖက်လူသည် စာရင်းဇယားများနှင့်ပတ်သက်၍ မည်မျှစိုးမိုးခြယ်လှယ်ခဲ့ကြောင်း သူတွေးလိုက်မိသည်။ စာရင်းဇယားအားလုံးကို မိမိလက်ဖမိုး၊ လက်ဝါးကဲ့သို့ လှန်လိုလှန်၊ မှောက်လိုမှောက် အရာအားလုံး ပြုလုပ်ခဲ့သည့်ပုံပင်။
လွန်ခဲ့သည့် နှစ် နှစ်ဆယ်အတွင်း ရွှေဒင်္ဂါး သုံးသောင်းကျော်ကို အကျင့်ပျက် ခြစားခဲ့၏။ ထို့ကြောင့် ရှမ့်လန် တစ်ယောက် ထိုအရေအတွက်ကို ပြောဆိုလိုက်သည့် အချိန်မှာတော့ ရှစ်ဝမ်ကျောင်း၏ နှလုံးသား တစ်ခုလုံးသည် ငြိမ်သက် တိတ်ဆိတ်သွားခဲ့၏။ သူ၏ ခြေထောက်များသည်လည်း ရုတ်တရက် တုန်ယင်သွားခဲ့၏။ ဤအရာသည် တိကျလုနီးပါး အရေအတွက်ပင် ဖြစ်၏။ သို့သော်လည်း မကြာခင်မှာပဲ သူသည် မိမိကိုယ်ကို တည်ငြိမ်အောင် အားတင်းကာ ကြိုးစားလိုက်၏။
ရှမ့်လန်သည် ကျိန်းသေပေါက် တောင်စဉ်ရေမရ လျှောက်ပြောနေခြင်းသာ ဖြစ်ပေလိမ့်မည်။ တစ်ညအတွင်း ဤပမာဏကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိမည်နည်း။ စာအုပ်များကို ဖတ်ရှုရန်ပင်လျှင် ခက်ခဲနေပြီဖြစ်၏။ ရွှေဒင်္ဂါး တစ်ပြား အကျင့်ပျက် ခြစားထားသည်ကိုပင် စုံစမ်းရန် မလွယ်ကူချေ။
“ရှမ့်လန်.. မင်းက တကယ့်ကို အရှက်မဲ့တာပဲ”
ရှစ်ဝမ်ကျောင်းသည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ငါ ရွှေဒင်္ဂါး သုံးသောင်းကို လိမ်လည်ထားတယ် လို့ပြောတယ်။ ဘယ်နေရာမှာလဲ သက်သေ။ ပြစမ်း”
ပြီးနောက် ရှစ်ဝမ်ကျောင်းသည် မြို့စားကြီး၏ ရှေ့ဆီသို့ သွားကာ ဒူးထောက်၏။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မြို့စားကြီး... ကျုပ် ရှစ်ဝမ်ကျောင်းက နှစ်နှစ်ဆယ်လုံးလုံး မြို့စားကြီးအိမ်တော်မှာ သစ္စာရှိရှိနဲ့ နေထိုင်ခဲ့တယ်။ ကျုပ်က အရမ်းကောင်းမွန်တဲ့အရာတွေကို မလုပ်ခဲ့ဘူးဆိုရင်တောင်မှ အရမ်းကိုပြင်းပြင်းထန်ထန်နဲ့ အလုပ် ကြိုးစားခဲ့ပါတယ်။ ရှမ့်လန်က ကျုပ်ကို ရွှေဒင်္ဂါးသုံးသောင်း ကလိန်ကကျစ် လုပ်တယ်ဆိုပြီး လက်ညှိုးထိုး စွပ်စွဲနေတယ်။ သူက သမက်တော်တစ်ယောက်လေ။ ဒါပေမဲ့ သူ မောက်မာနေပြီ။ အနာဂတ် မြို့စားကြီးသာ သေဆုံးသွားမယ်ဆိုရင် ဒီရွှမ်ဝူအိမ်တော်တစ်ခုလုံးကို မောင်ပိုင်းစီးတော့မယ်နဲ့တူတယ်။ အရာအားလုံး သူ့လက်ထဲကို ရောက်သွားမှာ သေချာပြီ”
“ရှစ်ဝမ်ကျောင်း... ခင်ဗျားရဲ့ စာရင်းဇယား လိမ်လည်တဲ့ နည်းလမ်းက ပြည့်စုံတယ်လို့ ကျုပ်ထင်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ဟာကွက်တွေ အများကြီး ဖြစ်နေတာကိုး”
ရှမ့်လန်သည် ဗီလိန်တစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ရယ်မောကာ ပြောဆိုလိုက်၏။ “ခင်ဗျား ပေါက်ပန်းလေးဆယ်တွေ ပြောမနေနဲ့တော့။ သေဖို့သာ ပြင်ထား”
ထို့နောက် စားပွဲပေါ်သို့ သူစစ်ဆေးထားသည့် စာရင်းစာရွက်များကို တစ်ခုချင်းစီ တင်လိုက်၏။ ထိုအရာများ အားလုံးကို မြို့စားကြီး သေသေချာချာ မြင်ရပေမည်။