နတ်ဘုရား မင်းသားများနှင့် ကြယ်များအောက်တွင် တိုက်ခိုက်ခြင်း
Vol. 12 Ch. 1140
အေးစက်သော ဟင်းလင်းပြင် စကြဝဠာ အတွင်း၌…
မရေမတွက်နိုင်သော အရိုးများ၊ သွေးစက်များမှာ နေရာအနှံ့ ပြန့်ကြဲနေ၏။ ချန်းဖန်သည် တောင်းတန်နှင့် မြစ်ပြင် မှော်ဆေးအိုးကြီး အသွင် ပြောင်းလဲကာ ဒေါသ အလုံးစုံကို စုစည်းလျှက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့် တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ် နိုင်ပေသည်။ ချန်းဖန်၏ ပထမဆုံး အကြိမ် တိုက်ခိုက်မှုတွင်ပင် တပ်မဟာထဲမှ ရွှေအမြုတေ အဆင့် ထောင်ချီကား သေဆုံး သွားခဲ့ရပြီ ဖြစ်လေသည်။
ကမ္ဘာပေါ်ရှိ လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက် နေကြသည်။ စစ်ရထားများပေါ်မှ နတ်ဘုရား မင်းသားများ ပင်လျှင် ဆွံ့အ နေမိကြ၏။ သူတို့သည် ချန်းဖန် အမှန်တကယ်ကြီး စတင် တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ကြချေ။
ထိုအရာကား သိန်းချီသော ရွှေအမြုတေ အဆင့်များ ဖြစ်သည်။ သူတို့ မည်မျှ အားနည်း စေကာမူ သူတို့ထဲမှ ရာချီစီတိုင်းမှာ စုပေါင်း၍ အခြေတည် ဝိညာဥ် အဆင့်များကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ အဘယ်ကြောင့် ချန်းပေ့ရွှမ်းမှာ ထိုမျှ သတ္တိကောင်းရသနည်း။
“သောက်ရူးကောင်...”
အပိုလို နန်းတော်၏ မဟာ နတ်ဘုရား မင်းသား ချင်ဖန်းက အေးစက်စွာ အော်ဟစ်လိုက်၏။ သူက လက်ထဲရှိ ကြိုးအား ဆွဲလိုက်လေရာ ရွှေရောင် စစ်ရထားကို ဆွဲသည့် အတောင် ကိုးချောင်း မီးဖီးနစ်မှာ ဟိန်းဟောက်သံကို ပြု၏။ များစွာသော ငှက်မွေးများမှာ ထောင်ထလာကာ ရွှေရောင် မီးဖြင့် ထုံလွှမ်းသော မျက်လုံးများက ချန်းဖန်အား စူးစိုက်ကြည့်သည်။ ထိုသားရဲကား သခင်၏ ဒေါသကို ခံစားမိဟန် ရလေသည်။
“ချန်းပေ့ရွှမ်းက တကယ် ခေါင်းမာလွန်းတာပဲ... အပိုလို နန်းတော်ရဲ့ ကမ်းလှမ်းမှုကို လိုချင်နေတဲ့ အခြေတည် ဝိညာဥ် အဆင့်တွေ တောင်ပိုင်း ဒေသငယ်မှာတောင် မရေမတွက်နိုင်အောင်ကို ရှိတယ်... ဒါပေမဲ့ သူက အဲဒီ အခွင့်အရေးကို တန်ဖိုးမထားဘူး”
ဖူယောင်ဂိုဏ်း၏ နတ်ဘုရား မင်းသားက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။ သူသည် ကြာပန်းနှင့် အလား သဏ္ဌာန် တူသော အဖြူရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။
“ကျင့်ကြံခြင်း အဖွဲ့အစည်းနဲ့ အဆက်အသွယ် မရှိတဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုက ကျင့်ကြံသူ ဆိုတော့လည်း အပိုလို နန်းတော်ရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ဘယ်မြင်ဖူးပါ့မလဲ... အပိုလို နန်းတော်က အထီးကျန် သူရဲကောင်း စွန်းယုဖုန်းကိုတောင် အဲဒီလို အခွင့်အရေးမျိုး မပေးခဲ့ဖူးဘူး... အခုတော့ အရှေ့ဂြိုဟ်မှာ ရှိတဲ့ ဘီလျံနဲ့ ချီတဲ့ လူတွေဟာ သူ့ကြောင့် အသတ်ခံရတော့မယ်”
ကျိုးကျန်းကလည်း ဆိုလိုက်သည်။
တစ်ချိန်တည်း၌ အပိုလို နန်းတော်၏ များစွာသော နတ်ဘုရား ဗိုလ်ချုပ်များ၊ အကြီးအကဲများမှာ ဒေါသထွက် နေကြလေသည်။ အပိုလို နန်းတော်သည် တောင်ပိုင်း ဒေသငယ်ကိုပင် လွှမ်းမိုးခဲ့သည်။ စွန့်ပစ်ခံ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေး တစ်လုံးရှိ ရွှေအမြုတေ အဆင့် တစ်ယောက်က အဘယ်ကြောင့် သူတို့ကို အာခံရဲသနည်း။
“သူ့ကို သတ်ပြီး နရန် အတွက် လက်စားချေမယ်ဟေ့”
“ဟုတ်တယ်... အပိုလို နန်းတော်ကို အာခံတဲ့လူတိုင်း သေရမယ်”
“ဘုန်း...”
အကြီးအကဲများ၏ အမိန့်ပေးမှု အောက်၌ တစ်သိန်းသော ရွှေအမြုတေ အဆင့်များသည် စတင် လှုပ်ရှား လာကြသည်။ သူတို့သည် လျှင်မြန်စွာပင် ရွေ့လျားကာ မရေမတွက်နိုင်သော ဝင်္ကပါများကို ဖန်တီးလေသည်။ မကြာခင်မှာပင် ချန်းဖန်သည် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း ဝင်္ကပါများ၏ အလယ်သို့ ကျရောက် သွားခဲ့တော့သည်။
“ဘုန်း...”
ချန်းဖန်သည် သူ၏ အစစ်အမှန် ခန္ဓာကို ပြ၏။ သူသည် လက်တစ်ဖက်ဖြင့် နဂါး သင်္ကေတ လှံပုဆိန်ကို ဆွဲကိုင်ကာ ရွှေရောင် အလင်းကို ဝန်းရံသည်။
သို့သော်လည်း သူရင်ဆိုင်နေရသည့် အရာကား ထာဝရဂိုဏ်းများမှ ဝင်္ကပါများ ဖြစ်ပေသည်။ ထို့အပြင် ဝင်္ကပါတွင် ပါဝင်နေသည့် ရွှေအမြုတေ အဆင့်များမှာ ထျန်းဟောင်ဂြိုဟ်မှ ခပ်နုံနုံ ရွှေအမြုတေ အဆင့်များ မဟုတ်ချေ။ သူတို့ကား တိုက်ပွဲဝင်ရန် အတွက် ဂိုဏ်းကြီးများ၏ လက်သပ်မွေး လေ့ကျင့်ခြင်းကို ခံထားရသည့် တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ သူတို့ ဝတ်ဆင် ကိုင်ဆောင်ထားသည့် လက်နက်၊ သံချပ်ကာ အားလုံးမှာလည်း ဝိညာဥ် ရတနာများ ဖြစ်ကြ၏။ ဝင်္ကပါ တစ်ခုချင်းစီတွင် တိုက်ခိုက်ရေး သမား တစ်ထောင်ခန့် ပါဝင်သည့်တိုင် တစ်ယောက်တည်း အလား ပေါင်းစည်း နေသယောင်ပင် ထင်ရသည်။ ဝင်္ကပါ တစ်ခုချင်းစီသည် အခြေတည် ဝိညာဥ် အဆင့်၏ စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
“ဘုန်း...”
ချန်းဖန်သည် ထောင်ချီသော ရွှေအမြုတေ အဆင့်များကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ယခုတွင်မူ ဝင်္ကပါ တစ်ခုသည် သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်နေခဲ့ပြီ ဖြစ်သည်။
“သတ်...”
ဒါဇင်ပေါင်းများစွာသော ဝင်္ကပါများသည် ချန်းဖန်ကို ဝန်းရံကာ ဝင်တိုး တိုက်ခိုက်နေကြ၏။ မရေမတွက်နိုင်သော မီးများ၊ လက်နက်များ၊ ဓားပျံများနှင့် ကြယ်အလင်းများသည် ကောင်းကင်ကို ဖြတ်သန်းကာ စွမ်းအင်လှိုင်းများ အသွင် ပြောင်းလဲ နေကြသည်။ ၎င်းတို့သည် ချန်းဖန်ရှိရာသို့ တိုက်ရိုက် တိုးဝင်ကာ တိုက်ခိုက် နေကြလေသည်။
ရွှေအမြုတေ အဆင့် တစ်သိန်း အတူတကွ တိုက်ခိုက်ခြင်းသည် မည်မျှ အစွမ်းထက်သနည်း။ ထို့အပြင် သူတို့မှာ ရွှေအမြုတေ အဆင့်များတွင်ပင် ပါရမီရှင်များ အဖြစ် သတ်မှတ်ခံရရန် ထိုက်တန်သူများ ဖြစ်သည်။ သာမန် ကျင့်ကြံသူများမှာ ထာဝရဂိုဏ်းများသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီချေ။ သာမန် အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် သူတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
“ဘုန်း...”
ဟင်းလင်းပြင် အတွင်း၌ ပေတစ်ထောင်ခန့် ရှိသော ဓမ္မ အစီအရင်များသည် ပျံဝဲ နေကြသည်။ မရေမတွက်နိုင်သော ဝင်္ကပါများ၊ လက်နက်များသည် သစ်ပင်များ ကဲ့သို့ ယှက်နွယ်နေကြ၏။ ထောင်ပေါင်း များစွာသော သံချပ်ကာမျာသည် အက်ကွဲသံများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ် နေကြသည်။ အလင်း ရောင်စဥ်များသည် စစ်သည်တော်များ၏ သံချပ်ကာ တစ်လျှောက် စီးဆင်း နေကြကာ ရွှေရောင် အော်ရာများမှာ သူတို့၏ ခန္ဓာကိုယ် တစ်လျှောက် တောက်ပနေကြသည်။ ထိုအလင်းများသည် ဝင်္ကပါ တစ်ခုလုံးနှင့် သူတို့အား ချိတ်ဆက် ထားကြသည်။ အဝေးမှ ကြည့်ပါက ထောင်ချီသော စစ်သည်တော်များမှာ လူတစ်ယောက်တည်း အလား ထင်ရပေသည်။
“ခရက်...”
ချန်းဖန်၏ လှံပုဆိန်သည် ကောင်းကင်ကို ဖြတ်သန်းကာ ဝင်္ကပါ တစ်ခုလုံးကို ထက်ပိုင်းပြတ် သွားသည်။ ထိုအရာသည် လေဟာနယ်ကိုပင် ခွဲဖျက်သွား၏။ သို့သော်လည်း သေချာ ကြည့်လိုက်သည်နှင့် ချန်းဖန်သည် သူ၏ တိုက်ခိုက်မှုမှာ သိပ်မထိရောက်ကြောင်း တွေ့လိုက်ရသည်။ ဝင်္ကပါ တစ်ခုလုံးတွင် လူတစ်ရာ လောက်သာလျှင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။
ခြပင်လျှင် စုပါများလျှင် တောင်ပို့ ဖြစ်သည်။ ရွှေအမြုတေ အဆင့် တစ်ထောင်သည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို အနိုင်ယူနိုင်သည်။ ယခု၌ ချန်းဖန်သည် ရွှေအမြုတေ အဆင့် တစ်သိန်း၏ ဝင်္ကပါများဖြင့် ဝန်းရံ ထားခြင်းကို ခံထားရသည်။
တိုက်ခိုက်မှုများမှာ နေရာအနှံ့ ဖြစ်ပေါ်နေ၏။ မရေမတွက်နိုင်သော အလင်းများသည် ကောင်းကင်တွင် ဖြတ်ပြေး နေကြသည်။ အလံများ၊ လက်နက်များသည် ချန်းဖန်၏ ပတ်ပတ်လည်ကို ပိန်းပိတ်အောင် ဖုံးအုပ် ထား၏။ ရွှေရောင် အလင်းသည် အချိန်နှင့် အမျှ ထ၍ တောက်ပနေ၏။ သို့သော်လည်း ၎င်းသည် မရေမတွက်နိုင်သော လူများ၏ ဖုံးအုပ်မှု အောက်၌ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ် နေခဲ့သည်။
“အဲဒါက မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင် စစ်သည်တော် တစ်သိန်း ဝိုင်းပြီး တိုက်ခိုက် နေတာနဲ့ မတူဘူးလား”
အဇူရာ နဂါးက ရေရွတ်လိုက်၏။ များစွာသော လူများမှာ မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ စိုးရိမ်စွာ ကြည့်နေကြသည်
အခြား တစ်ဖက်၌ နတ်ဘုရား မင်းသားများမှာမူ သက်တောင့် သက်သာ ရှိနေကြ၏။
“ဝင်္ကပါ တစ်ရာရဲ့ တိုက်ခိုက်မှုကနေ ချန်းပေ့ရွှမ်း လွတ်မြောက်နိုင်မယ်လို့ မင်းတို့ ထင်ကြလား”
ကျောက်စိမ်းကြံ့ ဆွဲသော စစ်ရထားပေါ်၌ ထိုင်နေသည့် ဝူကျိဂိုဏ်း၏ ဒုတိယ နတ်ဘုရား မင်းသား ဝမ်ဝေက မေးလိုက်၏။
“အဲဒီ ဝင်္ကပါတွေက ရွေးချယ်ခံ စစ်သည်တော်တွေနဲ့ ဖွဲ့စည်းထားတာ... သူတို့ကို အကောင်းဆုံး လက်နက်တွေနဲ့ သံချပ်ကာတွေကိုလည်း ပေးထားတယ်... နောက်ပြီး အကောင်းဆုံး တိုက်ပွဲဝင် ကျင့်စဥ်တွေကိုလည်း သင်ကြား ပေးထားသေးတယ်... သူတို့ တစ်ယောက်ချင်းစီက အဆင့်တူ ဆယ်ယောက်နဲ့တောင် တိုက်ခိုက်နိုင်စွမ်း ရှိတယ်”
ချင်ဖန်းက ပြောလိုက်သည်။
“အမှန်ပဲ... နောက်ပြီး သူတို့က နတ်ဘုရား ဗိုလ်ချုပ်တွေရဲ့ အမိန့်အောက်မှာ လှုပ်ရှား နေကြတာ... ချန်းပေ့ရွှမ်း အနေနဲ့ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး”
ကျိုးကျန်းက ခေါင်းညိတ်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေ၏။ ချန်းဖန်သည်သည် စစ်သည်တော် တစ်သိန်း ပါဝင်သော ဝင်္ကပါ၏ အောက်၌ တဖြည်းဖြည်း အရေးနိမ့် လာနေခဲ့သည်။ သူ၏ လှံပုဆိန်ချက်များသည် ရွှေရောင် အလင်းကို ထုတ်လွှတ်လျှက် ရိုင်းစိုင်း ကြမ်းတမ်းစွာ တိုက်ခိုက်နေသည့်တိုင် ဝင်္ကပါ တစ်ခုတစ်လေကိုပင် အပြီးတိုင် ဖျက်ဆီးနိုင်စွမ်း မရှိခဲ့ချေ။
“ငါဒီကို လာရတဲ့ အကြောင်းရင်းက ငါ့ညီကို သတ်တဲ့ ပုဂ္ဂိုလ် ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ ကြည့်ချင်လို့ပဲ... ဒါပေမဲ့ သူက ဒီလောက် အားနည်းမယ်လို့ မထင်ထားခဲ့ဘူး... သူက ငါတို့ရဲ့ စစ်သည်တွေကိုတောင် ကျော်ဖြတ်နိုင်စွမ်း မရှိဘူး”
အနက်ရောင် မိစ္ဆာချီများ ဝန်းရံကာ အနက်ရောင် နေတစ်စင်း အလား ကောင်းကင်၌ ရပ်တည်နေသည့် လူငယ်က ခေါင်းအား ခါယမ်းလိုက်သည်။ စစ်ရထားများ ထက်၌ ထိုင်နေကြသော ချန်ရှန်းဂိုဏ်း နတ်ဘုရား မင်းသားနှင့် နဲ့ကုန်းဂိုဏ်း နတ်ဘုရား မင်းသားတို့မှာလည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မဟာ နတ်ဘုရား မင်းသား ချင်ဖန်း ပင်လျှင် မျက်မှောင်ကြုတ် နေခဲ့၏။ ချန်းပေ့ရွှမ်းသာ ထိုမျှ အားနည်းသည် ဆိုပါက သူ ထုတ်ခဲ့သော အမိန့်မှာ ဟာသ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အပိုလို နန်းတော် အနေဖြင့် အဘယ်ကြောင့် ထိုပုရွက်ဆိတ်ကို နတ်ဘုရား ဗိုလ်ချုပ် ရာထူး ပေးမိသနည်း။
ရွှေအမြုတေ အဆင့် တစ်သိန်း ပါဝင်သော စစ်တပ် ဝင်္ကပါများသည် အလွန် ကြောက်မက်ဖွယ် ကောင်းကာ နတ်ဘုရား မင်းသားများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည် ဆိုသော်လည်း ချန်းပေ့ရွှမ်းမှာ ကြယ်ပင်လယ် အထိပင် ဒဏ္ဍာရီ သဖွယ် ကျော်ကြားသူ ဖြစ်သည်။ သူ့တွင် ထိုစစ်တပ်နှင့် ရင်ဆိုင်နိုင်သည့် အစွမ်းအစ ရှိသင့်ပေသည်။
“ဝှစ်...”
စွန်းယုဖုန်းသည် ကျန်းဖေဖေးကို ခေါ်ယူကာ တိုက်ပွဲ၏ အခြား တစ်ဖက်သို့ ထွက်ခွာသွား၏။
ထိုအချိန်တွင်ပင်...
“ဒင်...”
မိုးကြိုးကဲ့သို့ အသံတစ်ခု လေထဲတွင် ထွက်ပေါ်လာသည်။ ထိုအသံသည် လေထုကို ဖြတ်သန်း၍ တုန်ခါလှိုင်းများ အဖြစ် ပျံ့နှံ့လာခြင်း မဟုတ်ပဲ လူတိုင်း၏ စိတ်အတွင်းသို့ တိုက်ရိုက် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ထိုအသံသည် အလွန်တရာ ကြီးမားသော ကြေးခေါင်းလောင်းကြီး တစ်ခုအား ထိုးလိုက်သံနှင့် တူညီပေသည်။
ဝင်္ကပါ၏ အတွင်းပိုင်း၌ များစွာသော ရွှေရောင် အလင်းများမှာ နေရာ အနှံ့ ပြန့်ကြဲနေသည်။ ရွှေအမြုတေ အဆင့် အားလုံးနှင့် အခြေတည် ဝိညာဥ် အဆင့် အကြီးအကဲများ ပင်လျှင် လေထဲ၌ အေးခဲ နေကြသည်။ ဗဟိုနှင့် အနီးဆုံး နေရာရှိ စစ်သည်တော် တစ်ထောင်ခန့်၏ ဦးခေါင်းများကား ပေါက်ကွဲ၍ပင် သွားကြပြီ ဖြစ်သည်
“ဘုန်း...”
ခြေသုံးချောင်းနှင့် လက်ကိုင် နှစ်ခုပါသော တောင်တန်း မြစ်ပြင် မှော်ဆေးအိုးသည် ရွှေရောင် အလင်း အသွင် ပြောင်းလဲကာ ဝင်္ကပါထဲမှ ခုန်ထွက်သွား၏။ ရွှေရောင် အလင်းကို ဖြတ်သန်း၍ ကြည့်ပါက ထိုအထဲတွင် အလွန်တရာ ချောမော လှပသော ဒွါရကိုးပါး နတ်ဘုရား ကလေးငယ် တစ်ဦး မှော်ဆေးအိုး တစ်အိုးကို ပိုက်လျှက် ထိုင်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။ ထိုအရာသည် ဝင်္ကပါကို ဖျက်ဆီးကာ လမ်းကြောင်း တစ်လျှောက်ရှိ မရေမတွက်နိုင်သော စစ်သည်တော်များကို သတ်ဖြတ်သွား၏။ ၎င်းသည် နတ်ဘုရား ဗိုလ်ချုပ်နှင့် အကြီးအကဲ ခုနစ်ယောက်ကို တိုက်ရိုက် ကျော်ဖြတ်ကာ နေမိစ္ဆာဂိုဏ်းမှ နတ်ဘုရား မင်းသားထံ တိုးဝင် သွားလေသည်။
“ဘုန်း...”
လင်းယန်ဟု ခေါ်သော နေမိစ္ဆာဂိုဏ်း နတ်ဘုရား မင်းသားမှာ ရွှေရောင် နတ်ဘုရား မှော်ဆေးအိုး၏ တိုက်ခိုက်မှု အောက်တွင် တို့ဟူး တစ်ခုအလား အပိုင်းပိုင်း အစစ ပျက်စီးသွားလေတော့သည်။
***