← Chapters

အစိမ်းရောင်ပင်လယ်​ပြင်ကို စူးစမ်း​လေ့လာခြင်း

Vol. 16 Ch. 219

အစိမ်းရောင်ပင်လယ်​ပြင်ကို စူးစမ်း​လေ့လာခြင်း

Vol. 16 Ch. 219

ဖန့်ရန်သည် လူသားများ ရင်ဆိုင်နေရသော ဘေးအန္တရာယ်အသစ်အကြောင်း မသိရှိသေးပေ။ သူသည် ကမ်းရိုးတန်းတစ်လျှောက်တွင် လှည့်လည်သွားလာ​နေပြီး သူ၏ နောက်၌ ဧရာမလိပ်ကြီးက လိုက်ပါလျက်ရှိ၏။

ဤဒေသတွင် စနစ်အမှတ် စုဆောင်းရခြင်းက အာဖရိကကမ်းရိုးတန်းတွင် စုဆောင်းရခြင်းထက် ပိုမိုမြန်ဆန်သည်။

ဤခေတ်ကာလသည် ကိုင်းဂျူး သားရဲနှင့် သ​န္ဓေပြောင်း သားရဲများ ရှေးဟောင်း သားရဲများ ပေါများလှသော ခေတ်ဖြစ်ခြင်းကြောင့် စနစ်အမှတ် စုဆောင်းရခြင်းသည် ရိုးရှင်းပြီး ဧရာမလိပ်ကြီး၏ သားရဲအမျိုးမျိုးကို ဆွဲဆောင်နိုင်စွမ်းကြောင့် စနစ်အမှတ် စုဆောင်းရခြင်းက ပိုလို့ပင် လွယ်ကူလို့နေ၏။

မနေ့က သူ၏ ဂုဏ်သတင်းရမှတ်သည် (၈) ဘီလီယံအထိ ရောက်ရှိသွားသောကြောင့် ကျွမ်းကျင်မှုရမှတ် (၁၄) မှတ် ဆုလာဘ်အဖြစ် ရရှိခဲ့သည်။

ထိုထက် ပို၍ ဝမ်းမြောက်စရာကောင်းသည်မှာ နောင်တစ်ရက် အကြာတွင် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ် ပြည့်မှီသွားခြင်း ဖြစ်သည်။ ထိုနောက် သူသည် တုံ့ဆိုင်းမနေဘဲ သူ၏ ဆင့်ကဲဖြစ်စဉ်ကို စတင်ခဲ့၏။

ဆင့်ကဲဖြစ်စဉ် အပြီးတွင် ကျွမ်းကျင်မှုရမှတ် (၂၇) မှတ်ကို ဆုလာဘ်အဖြစ် ထက်မံရရှိခဲ့ပြီး၊ သူ၏ ကျွမ်းကျင်မှုရမှတ်သည် စုစုပေါင်း (၄၃) ဖြစ်သွားခဲ့သည်။

ခဏတာ စဉ်းစားပြီးနောက် ဖန့်ရန်သည် စွမ်းအင်ဒိုင်းကာကို အဆင့်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် လူသားများ၏ အပူလက်နက်များဖြင့် တိုက်ခိုက်ခံရသည့်အခါတွင် ရှောင်ရှားရန် အချိန်မရခဲ့ပါက ဤစွမ်းရည်ကို အသုံးပြုခြင်းဖြင့် သူ၏ ဘေးကင်းမှုကို အာမခံနိုင်ပေမည်။

လူသားများသည် ရူးသွတ်လာနေ၏။ မည်သည့် နိုင်ငံက မည်သည့်အချိန်တွင် ရုတ်တရက် နျူကလီးယားဗုံးဖြင့် ဗုံးကြဲလာမည်ကို မည်သူမျှ မသိနိုင်ပေ။

ကိုင်းဂျူး သားရဲနှင့် သန္ဓေပြောင်း သားရဲများ၊ ရှေးဟောင်း သားရဲများသည် အရေအတွက် တိုးပွားလာနေပြီ လူသားများကို ရူးသွပ်မှု၏ အစွန်းတစ်ဖက်သို့ တွန်းပို့နေခြင်းကြောင့် ၎င်းတို့သည် မည်သည့်အချိန်တွင်မဆို မျှော်လင့်မထားသော အရာများအား လုပ်ဆောင်လာနိုင်၏။

ဖန့်ရန်သည် တိရစ္ဆာန်များ၏ သန္ဓေပြောင်းလဲ​ခြင်းအကြောင်းကို မသိရှိဘဲ တွေးတောနေခြင်း ဖြစ်သည်။

အကယ်၍ သူသာ သိခဲ့မည်ဆိုလျှင် သူ၏ ယခင်ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာလာမည်မှာ သေချာပေသည်။

စိတ်ပျက်အားငယ်ခြင်းဟူသော နွံထဲသို့ နစ်မြုတ်နေကြသူများသည်၊ အရာအားလုံး ဆုံးရှုံးရမည်ကို မကြောက်ကြတော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်များကို လုပ်လာနိုင်ပေသည်။

အကယ်၍ လူသားမျိုးနွယ် မျိုးသုတ်ပျောက်ကွယ်တော့မည့် အချိန်ရောက်လာလျှင် ကမ္ဘာပေါ်ရှိ ဧရာမသက်ရှိတိုင်းကို ဖျက်စီးရန်အတွက် ဒုံးကျည်နှင့် နူကလီးယား လက်နက်များ အသုံးပြုလာနိုင်ပေသည်။

၎င်းသည် အလွန်အကျွံသတိထားနေသည်နှင့် ဆင်တူသော်လည်း ဖန့်ရန်သည် ပို၍ သတိထားရန် ဆုံးဖြတ်ခဲ့၏။

ဆင့်ကဲဖြစ်စဉ် တစ်ခုပြီးစီးတိုင်းတွင် နောက်ထက်တစ်ကြိမ် ဆင့်ကဲဖြစ်စဉ် စတင်ရန်အတွက် စနစ်အမှတ်များ ပိုမိုလိုအပ်လာပြီး ယခုထက်မံ ဆင့်ကဲဖြစ်စဉ်စတင်ရန်အတွက် စနစ်အမှတ် သန်း (၈၀) လိုအပ်၏။

၎င်းသည် ဖန့်ရန်ကို အနည်းငယ် စိုးရိမ်မိစေသည်။

သူသည် ၎င်းပမာဏအား လအနည်းငယ် စုဆောင်းရနိုင်ပြီး၊ ထိုထက်ပိုလျှင် တစ်နှစ်ပင် ကြာသွားနိုင်သည်။

ဧရာမလိပ်ကြီးကို ရှေးဟောင်း သားရဲများ၊ သ​န္ဓေပြောင်း သားရဲများ ဝိုင်းရံထားလျက်ရှိပြီး ဖန့်ရန်သည် ၎င်းသားရဲများအား အမဲလိုက်ကာ စားသောက်လျက်ရှိသည်။

ဤခေတ်တွင် ပင်လယ်သားရဲများ၏ အရေအတွက်က ကြောက်ခမန်းလိလိ တိုးပွားလျက်ရှိသည်။

ပင်လယ်အတွင်း များပြားလာသော ဧရာမသားရဲကြီးများကြောင့် ရေနေသားရဲငယ်များ၏ အရေအတွက်သည် အမှန်တကယ်ကို လျော့ပါးသွားသင့်ပြီး၊ မညီမျှသော အစာကွင်းဆက်တစ်ခု ဖြစ်သွားသင့်ကာ ရေနေသားရဲများသည် အစားအစာအတွက် အမြဲတစေ တိုက်ခိုက်နေသင့်သည်။

သို့သော် ထိုကဲ့သို့ အဖြစ်အပျက်က ဖြစ်မလာခဲ့ပေ။

ဖန့်ရန်သည် ပင်လယ်ထဲရှိ အဏုဇီဝသက်ရှိ အရေအတွက်က ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီး၊ အဏုဇီဝသက်ရှိများကို စားသုံးခြင်းဖြင့် အသက်ရှင်နေသော ငါးနှင့် ပုစွန် အမျိုးမျိုးသည် လျင်မြန်စွာ ပွားများလာနေသည်ကို သတိထားမိသည်။

ထိုကြောင့်ပင် အစာကွင်းဆက်သည် တည်ငြမ်နေခြင်း ဖြစ်နိုင်ပေ၏။ ဤတွင် ဖန့်ရန် တွေးတောမိသည်။

အဘယ်ကြောင့် ပင်လယ်ထဲတွင် အဏုဇီဝသက်ရှိများ ဤမျှများပြားနေရသနည်း။

နောက်ဆုံးတွင် လက်ရှိကမ္ဘာမြေကြီးသည် အဟာရဓာတ်လွန်ကဲစွာ ထောက်ပံ့လာမှုကြောင့် သတ္တုဓာတ်နှင့် အဟာရဓာတ်တို့သည် ပင်လယ်အတွင်း များပြားလာကာ အဏုဇီဝသက်ရှိများကတဆင့် အကျိုးသက်ရောက်လာခြင်း ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။

သို့မဟုတ် အခြားကမ္ဘာတွင် အလွန်အမင်းကြီးထွားမှုနှင့် သ​န္ဓေပြောင်း​ခြင်းကို ဖြစ်စေသော အရာတစ်ခုခုသည်၊ ဤကမ္ဘာမြေသို့ စိမ့်ဝင်လာမှုကြောင့် ဤသို့ အကျိုးသက်ရောက်မှုများ ဖြစ်လာခြင်း ဖြစ်နိုင်ပေသည်။

"အား.. ဒါက ငါနဲ့မှ ဘာမှမဆိုင်တာ။ ငါက သိပ္ပံပညာရှင်လည်း မဟုတ်ဘူး။ ဒါက ဒီကမ္ဘာမြေက လူသားတွေ ရင်ဆိုင်ရမယ့် ပြဿနာပဲ"

ဖန့်ရန်သည် ခေါင်းသာခါရမ်းလိုက်ပြီး၊ ဧရာမလိပ်ကြီးကို ဝိုင်းရံလာခဲ့သော သားရဲများကို အမဲဆက်လိုက်နေတော့သည်။

...

အစိမ်းရောင်ပင်လယ်နှင့် ပတ်သတ်သော သုတေသနကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဤဒေသသည် တားမြစ်နယ်မြေတစ်ခု ဖြစ်လာသော်လည်း လူသားများ ရင်ဆိုင်နေရသော ဘေးန္တရာယ်များသည် ဤဒေသက အစပြုလာခြင်း ဖြစ်သည်။

A15 လေယာဉ်သည် ဤဒေသတွင် ပျက်ကျခဲ့သည်။ ဤလေယာဉ်၏ မတော်တဆမှုသည် သံလိုက်စက်ကွင်းကြောင့် မဟုတ်မှန်း လေယာဉ်မှူးသည် ၎င်းမသေဆုံးမီ ပေးပို့ခဲ့သော အချက်အလက်များတွင် ဖော်ပြခဲ့သည်။

A15 လေယာဉ်သည် အစိမ်းရောင်ပင်လယ်၏ ပုံမှန်ရှိသင့်သော ဧရိယာများစွာကို ဖြတ်ကျော်ခဲ့ပြီး လောင်စာဆီကုန်ခမ်းကာ ပင်လယ်ထဲသို့ ပျက်ကျခဲ့သည်။

သုတေသနပြုပြီးသော အချက်အလက်များအရ အစိမ်းရောင်ပင်လယ်ပြင်၏ ပုံမှန်မဟုတ်သော သံလိုက်စက်ကွင်းသည်၊ ပင်လယ်ပြင်အထက် (၃) ကီလိုမီတာအထိ သက်ရောက်နိုင်၏။ ထိုကြောင့် သူတို့သည် လေယာဉ်သုံးစီးကို မီတာ (၃၀၀၀) ကျော် အမြင့်တွင် ပျံသန်းစေခဲ့သည်။

လေယာဉ်နှစ်စီးကို ဆီဖြည့်လေယာဉ် အဖြစ် အသုံးပြုမည်​ဖြစ်ကာ ကျန်​လေယာဉ်တစ်စီးသည် မှတ်တမ်းတင်ရန် အသုံးပြုမည် ဖြစ်သည်။

လေယာဉ်သုံးစင်းသည် အစိမ်းရောင်ပင်လယ်ပြင် ဧရိယာသို့ ဝင်ရောက်ပြီးနောက် အချိန်စတင်တွက်ချက်မည်ဖြစ်ပြီး၊ လောင်စာဆီကုန်ခါနီး၌ ပြန်လည်ထွက်ခွာလာမည် ဖြစ်သည်။

ဤအစီအစဉ်ကို ရုရှားသည် လျှို့ဝှက် အကောင်အထည်ဖော်ခဲ့ပြီး၊ ကမ္ဘာကြီးသည် ဤအကြောင်း မသိခဲ့ဘဲ အာရုံကြော ဆက်သွယ်ခြင်း နည်းပညာအကြောင်း ဆက်လက်ပြောဆိုနေကြဆဲ ဖြစ်သည်။

လေယာဉ်သုံးစီးတွင် ထိန်းချုပ်ခန်းနှင့် ချိတ်ဆက်ထားသော အချက်ပြရင်းမြစ်များ ရှိနေပြီး လေယာဉ်မှူးခန်းနှင့် လေယာဉ်၏ အောက်ခြေတွင် ကင်မရာများ တပ်ဆင်ထားပြီး မြင်ကွင်းအားလုံးကို မှတ်တမ်းတင်လျက်ရှိသည်။

လေယာဉ်သုံးစီး အစိမ်းရောင်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ်...။ ထိန်းချုပ်ခန်းအတွင်းရှိ လူများသည် တင်းမာနေကြပြီး ၎င်းတို့၏ လက်ဖဝါးများ၌ ချွေး​စေးများ ပြည့်နှက်နေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်​နေသည်။

တစ်မိနစ်၊ ဆယ်မိနစ်၊ တစ်နာရီ..။

အဓိက လေယာဉ်တွင် တပ်ဆင်ထားသော ဆီတိုင်ကီသည် (၇၀၀၀) ကီလိုမီတာ ပျံသန်းနိုင်ရန် ထောက်ပံ့ပေးနိုင်ပြီး ဆီဖြည့်စက်နှင့် ဆိုလျှင် ကီလိုမီတာ (၄၀၀၀၀) ကျော်အထိ ပျံသန်းနိုင်သည်။

သို့သော် ပြန်သွားရန် လိုအပ်သော လောင်စာဆီ ပမာဏနှင့်ဆိုလျှင် အမြင့်ဆုံး သွားနိုင်သော အကွာအဝေးသည် ကီလိုမီတာ (၂၀၀၀၀) ဖြစ်သည်။

ထိန်းချုပ်ခန်းထဲရှိ ဖန်သားပြင်အားလုံးက မြင်ကွင်းသည် အဆုံးသတ် မရှိအောင် ကျယ်ပြောသည် ထင်ရသော ပင်လယ်​ပြင်နှင့် ကျယ်ပြောလှသော ကောင်းကင်သာ ဖြစ်သည်။

ယခင်မြေပုံ၏ အချက်အလက်များအရ လေယာဉ်သုံးစီးသည် နှစ်နာရီကြာပြီးနောက် ကျွန်းတစ်ကျွန်းကို မြင်တွေ့နိုင်သင့်၏။

သို့သော် သုံးနာရီကျော်သာ ဆက်တိုက်ပျံသန်းပြီးသွားသည် ထိုကျွန်း၏ အရိပ်အယောင်ကို မမြင်ရ​သေးပေ။

ဆယ်နာရီကြာသွားခဲ့၏။ ထိုနောက် သူတို့ မျှော်မှန်းထားသော ကျွန်းကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည်။

"အစိမ်းရောင်ပင်လယ်ပြင်ရဲ့ ဧရိယာက ကျယ်လာတာလား။ ပြီးတော့ ဒီလောက်တောင် ကျယ်လာတာ"

အာကာသမှ ကြည့်လိုက်လျှင် အစိမ်း​ရောင်ပင်လယ်​ပြင်၏ ဧရိယာသည် ယခင်အတိုင်းပင်။ ဂြိုလ်တုများနှင့် ထောက်လှန့်လျှင်ပင် ဤအတိုင်း ရှိနေဆဲ ဖြစ်သည်။

သို့သော် နှစ်နာရီအတွင်း ဖြတ်ကျော်ပျံသန်းနိုင်သော အကွာအဝေးသည် ယခု (၁၀) နာရီ ကြာမြင့်နေ၏။

၎င်းကို ကြည့်ခြင်းအားဖြင့် အစိမ်းရောင်ပင်လယ်ပြင်၏ ဧရိယာသည် အနည်းဆုံး (၅) ဆ ကျယ်လာခြင်း ဖြစ်သည်။

ဤတွေ့ရှိချက်သည် မယုံနိုင်စရာကောင်းနေပြီ ဖြစ်သော်လည်း ရှေ့ဆက်ပျံသန်းလာသည်နှင့်အမျှ ပို၍ မယုံနိုင်စရာကောင်းသော ထိတ်လန့်စရာအဖြစ်အပျက်များ ဖြစ်လာခဲ့သည်။

ဆယ်နာရီကြာ ပျံသန်းပြီးနောက် လေယာဉ်မှူးများသည် ပထမဦးစွာ ကျွန်းတစ်ကျွန်းကို တွေ့ခဲ့ရသည်။ ထိုနောက် ကျွန်းများစွာက ဆက်တိုက်ပေါ်လာ၏။ ဤကျွန်းများသည် မြေပုံပေါ်တွင် ယခင်က မရှိခဲ့ပေ။

လေယာဉ်အမှုထမ်းများသည် အဆင့်မြင့် မှန်ဘီလူးကို အသုံးပြုပြီး ကျွန်းကို လှမ်းကြည့်ချိန်တွင် ကျွန်းပေါ်တွင် ရှေး​ဟောင်းခေတ်၏ သားရဲများနှင့် ထူးဆန်သော အပင်များကို မြင်လိုက်ရသည်။

ကျွန်းပေါ်တွင် ဧရာမရှေးဟောင်းသစ်ပင် များစွာရှိနေပြီး၊ ဧရာမသားရဲများစွာက လှည့်လည်သွားလာနေကြ၏။

ဧရာမသားရဲများစွာနှင့် ထူးဆန်း​သော သားရဲများထဲတွင် အထင်ရှားဆုံးနှင့် မြင်ရုံဖြင့် ခွဲခြားသိနိုင်သည်က ဒိုင်နိုဆောများ ဖြစ်သည်။

"ဟူး... တုန်လှုပ်စရာ မြင်ကွင်းပဲ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လေယာဉ်အမှုထမ်းအားလုံးသည် အံ့အားသင့်ကာ ထိတ်လန့်သွားကြသည်။

ယခင်က ပင်လယ်ပြင်တွင် နေထိုင်သော ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများကိုသာ မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကုန်းနေ ရှေးဟောင်း သားရဲများကို မြင်တွေ့ရခြင်းသည် အလွန်ထိတ်လန့်စရာကောင်းသော ကိစ္စဖြစ်သည်။

လေယာဉ်သုံးစီးသည် ကျွန်းကို ခဏတာ လှည့်ပတ်ပျံသန်းပြီးနောက် ၎င်းတို့၏ ဇာတိမြေဆီသို့ ကူကယ်ရာမဲ့စွာ ပြန်သန်းလာခဲ့၏။

ဤထိတ်လန့်ဖွယ်ရာ တွေ့ရှိချက်ကို ရုရှားသည် လျို့ဝှက်ထားခဲ့ပြီး၊ အစီအစဉ်တချို့နှင့် သုတေသနအဖွဲ့အချို့ကို လျို့ဝှက်စွာဖြင့် ဖွဲ့စည်း​ခဲ့သည်။

သိုဝှက်ထားသော လှုပ်ရှားမှုတစ်ခုသည် အများပြည်သူ မသိရှိနိုင်သော မျက်နှာပြင်အောက်တွင် ဖြစ်ပေါ်နေပြီး၊ လူသားများကို ဆင့်ကဲတိုးတက်စေနိုင်သော သို့မဟုတ် ပျက်စီးစေနိုင်သော မမြင်နိုင်သည့် မုန်တိုင်းတစ်ခုသည် စတင်ဖွဲ့စည်း လာနေခဲ့သည်။ 

.....

All Chapters