နတ်ဘုရား မင်းသားများနှင့် ကြယ်များ အောက်တွင် တိုက်ခိုက်ခြင်း (၃)
Vol. 12 Ch. 1142
“ဘုန်း...”
တိုက်ပွဲအတွင်း ဝင်ရောက်လာသူကား ဝူကျိဂိုဏ်း၏ ဒုတိယ နတ်ဘုရား မင်းသား ဝမ်ဝေပင် ဖြစ်သည်။ သူသည် ကျောက်စိမ်းကြံ့၏ အပေါ် မတ်တပ် ရပ်နေကာ ငွေရောင် အတောင်ပံ နှစ်ခုမှာ သူ၏ ကျောထက်မှ ထွက်ပေါ်လျှက် ရှိသည်။ ယင်နှင့် ယန်သည် သူ၏ မျက်လုံး တစ်ဖက် တစ်ချက်၌ ရှိနေကာ ဘီလျံချီသော ဂြိုဟ်များမှာ သူ၏ နောက်သို့ လိုက်နေဟန် ရလေ၏။
“ဝူကျိပတ်လမ်း...”
ဝမ်ဝေသည် တိုက်ပွဲ အတွင်း ဝင်ရောက်သည်နှင့် ချက်ချင်းပင် ဝူကျိဂိုဏ်း၏ အစွမ်းထက် နတ်ဘုရား စွမ်းအား တစ်ခုကို သုံးလိုက်လေသည်။ အနက်ရောင်နှင့် အဖြူရောင် စွမ်းအင်များသည် ကြယ်များ ကဲ့သို့ တောက်ပလာကာ တစ်ခုတည်း ဖြစ်သွားကြသည်။ အဆုံးမဲ့ သေခြင်း၏ စွမ်းအားများသည် အမတေများ အဖြစ် စုစည်းကာ ယင်ယန် ငါးတစ်ကောင် အဖြစ် ပြောင်းလဲသည်။ ၎င်းသည် ချန်းဖန် ရှိရာသို့ တိုးဝင်လေ၏။
ဝမ်ဝေသည် “ယင်ယန် မျက်လုံး” နတ်ဘုရား စွမ်းအားဖြင့် ကျော်ကြားသည်။ သို့သော်လည်း သူသည် ဝူကျိပတ်လမ်းကို သုံးသော အခါ၌လည်း ရီချင်နှင့်ပင် နှိုင်းယှဥ်နိုင်သည်။ ပို၍ပင် အစွမ်းထက်ကောင်း ထက်ပေလိမ့်မည်။
“ခရက်... ခရက်...”
ဟင်းလင်းပြင်သည် အနက်ရောင်နှင့် အဖြူရောင် စွမ်းအင် နှစ်မျိုးကြောင့် လှုပ်ခါ သွားသည်။ ရီချင်၏ ဝူကျိ ပတ်လမ်းနှင့် နှိုင်းယှဥ်ရပါက ဝမ်ဝေ၏ ပတ်လမ်းမှာ ပို၍ ရှေးကျသလို ပို၍ အစွမ်းထက်၏။ ၎င်းသည် ချန်းဖန်၏ လမ်းကြောင်းကို ရှေ့နှင့် နောက် ညှပ်၍ ပိတ်ဆို့လေသည်။
“ဟမ်...”
ချန်းဖန်မှာ မျက်မှောင်ကြုတ်သွား၏။ သူက လက်အား လှုပ်ခါလိုက်ရာ နဂါး သင်္ကေတ လှံပုဆိန်မှာ ဖြောင့်တန်းသော လှံအဖြစ် ပြောင်းလဲ သွားသည်။ ထိုအခိုက်၌ ချန်းဖန်သည် လက်ထဲ၌ တောင်တစ်လုံးကို ကိုင်ထားသည့် အလား ဂရုတစိုက် လှုပ်ရှား နေခဲ့လေသည်။ ချန်းဖန်၏ လှုပ်ရှားမှုသည် နှေးကွေး လေးလံနေဟန် တူသော်လည်း အမှန်တကယ်တွင်မူ အလွန် မြန်ဆန် လှသည်။
“ဘုန်း...”
ချန်းဖန်၏ လှံနှင့် ဝူကျိ ပတ်လမ်း၏ ဗဟိုသို့ တည့်တည့် ထိုးစိုက်၏။ စွမ်းအင် နှစ်ခုသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့ ပေါက်ကွဲလေရာ ယင်ယန်ငါးမှာ ဆက်လက် ဖွဲ့တည်နိုင်စွမ်း မရှိတော့ချေ။
“ဟမ်...”
ဝမ်ဝေ၏ မျက်ခုံးများမှာ တွန့်ကွေးသွား၏။ ချန်းဖန်၏ တိုက်ခိုက်မှုသည် ဝူကျိပတ်လမ်း၏ အားအနည်းဆုံး နေရာသို့ တည့်တည့် ကျရောက်လာကာ တည်ဆောက်ပုံ တစ်ခုလုံးကို လွယ်ကူစွာ ချိုးဖျက် သွားခဲ့သည်။ ဝမ်ဝေ့သည် ပျက်စီးနေသော ဝူကျိ စက်ဝိုင်းကို အနက်နှင့် အဖြူရောင် စွမ်းအင်များ အဖြစ် ပြန်လည် ပြောင်းလဲ လိုက်သော်လည်း ထိုအရာမှာ ယခင်က ကဲ့သို့ အစွမ်းထက်ခြင်း မရှိတော့ချေ။
“နောက်တစ်ကြိမ်...”
ဝမ်ဝေက ဝူကျိ ပတ်လမ်းကို နောက်တစ်ကြိမ် ဖန်တီးလိုက်၏။ ထိုအရာသည် ပထမ တစ်ကြိမ်ကထက် ပိုမို ကြီးမားသော သဏ္ဌာန်ဖြင့် ချန်းဖန်ကို ဖုံးအုပ် လာပြန်သည်။ အကယ်၍ ချန်းဖန် နေရာတွင်သာ နတ်ဘုရား ဗိုလ်ချုပ်များ ဆိုပါက သူတို့မှာ ချက်ချင်း သေဆုံး သွားလိမ့်မည် ဖြစ်သည်။
“ဂါး...”
တစ်ချိန်တည်း၌ ဝမ်ဝေ၏ ခြေထောက်အောက်ရှိ အစိမ်းရောင် ကြံ့သည် အော်မြည်လေ၏။ အစိမ်းရောင် အလင်းတန်း တစ်ခုသည် သူ၏ ခေါင်းထက်ရှိ ဦးချိုထံမှ ထွက်ပေါ်လာသည်။
ထိုစွမ်းအင်သည် အန္တရာယ် မရှိပဲ နှစ်လိုဖွယ် ကောင်းသည့် သာမန် အစိမ်းရောင် အလင်းတန်း တစ်ခု ဟုသာ ထင်ရသည်။ သို့သော်လည်း ထိုအရာသည် ပျံသန်းသည်နှင့် လေဟာနယ်မှာ ထက်ပိုင်းပြတ် သွားလေ၏။ အခြေတည် ဝိညာဥ် အဆင့်၏ အစွမ်းကုန် တိုက်ခိုက်မှု ပင်လျှင် ထိုအရာကို ရပ်တန့်နိုင်မည့်ပုံ မရချေ။
“ဘုန်း...”
အစိမ်းရောင် အလင်းသည် လျှင်မြန်စွာပင် ချန်းဖန်ကို ဖြတ်သန်းသွားသည်။ ချန်းဖန်သည် အလွန် အစွမ်းထက်သည်မှာ မှန်သော်လည်း ၎င်းတို့ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ချေ။ အလင်းထိမှန်ခံရသော သူ၏ လက်တစ်ဖက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
“သတ်...”
ထိုအချိန်တွင်ပင် မိစ္ဆာနေဂိုဏ်း၏ နတ်ဘုရား မင်းသား လင်းယန်သည် အနီရောင် မီးမိစ္ဆာကျားကို စီးနင်းကာ ချန်းဖန်ထံသို့ တိုးဝင် လာပြန်သည်။ ဝမ်ဝေ့သည်လည်း သူ၏ စစ်ရထားကို စီးနင်းကာ ချန်းဖန်အား အမှုန့်ချေပစ်ရန် ကြိုးစား၏။ ချန်းဖန်၏ ကိုယ်ပွားသည် လက်မောင်းတစ်ဖက် ဆုံးရှုံး ထားသည့်တိုင် တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် လှံပုဆိန်ကို တစ်ဖက်က ကိုင်ကာ ကမ္ဘာပျက် မတတ် စွမ်းအားကို သယ်ဆောင်၍ ဆီးကြို ခုတ်ထစ်လေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ချန်းဖန်နှင့် နတ်ဘုရား မင်းသား နှစ်ပါး၊ ကောင်းကင် သားရဲ မျိုးဆက် နှစ်ကောင်သည် အလွန် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ လူအင်အားချင်း မမျှသည့်တိုင် ချန်းဖန်မှာ အနည်းငယ်ပင် အားနည်းသွားခြင်း မရှိပါချေ။ သူသည် ပို၍ပင် အစွမ်းထက် လာနေခဲ့သည်။
“ဘုန်း...”
ဝမ်ဝေ့မှာ ချန်းဖန်၏ လှံပုဆိန်ချက် အောက်တွင် ထက်ပိုင်းပြတ်လု နီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူ၏ နောက်ရှိ ငွေရောင် တောင်ပံသည် အလင်းများကို ထုတ်လွှတ်ကာ အကျိုးဆက် အားလုံးကို ကုသ ပေး၏။ ထိုအရာကား နတ်ဘုရားတို့၏ တောင်ပံအလား လှပလွန်းလှသည်။
“ကြယ်အလင်း တောင်ပံ...”
ထိုအရာမှာ ဝူကျိဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည်။ ရွှေအမြုတေ အဆင့်၌ ရှိစဥ်တွင် ကောင်းကင် ရတနာ နှစ်ခုကို သန့်စင်ကာ အတောင်ပံ အနေဖြင့် ကျင့်ကြံသူ၏ ကျော၌ တပ်ဆင် ပေးရသည်။ ထိုအတောင်ပံသည် သွေးနှင့် ချိတ်ဆက် သွားလေရာ ကျင့်ကြံသူ ပိုမို အစွမ်းထက် လာသည်နှင့် အမျှ ပိုမို သန့်စင် လာခဲ့၏။ အဆုံး၌ ၎င်းတို့မှာ ကောင်းကင်ကိုပင် ထက်ပိုင်းပိုင်းဖြတ်နိုင်သည် အထိ သန်မာ လာခဲ့ပေသည်။
“ဘုန်း...”
ချန်းဖန်သည် သူ၏ တိုက်ခိုက်မှု အလဟသတ် ဖြစ်သွားသည့်တိုင် စိုးရိမ် ပူပန်ဟန် မရချေ။ သူက ရွှေရောင်နှင့် အတူ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ဝမ်ဝေ၏ နောက်သို့ လိုက်၏။ ဝမ်ဝေသည် ငွေရောင် အတောင်ပံကို ခတ်ကာ ချန်းဖန်၏ တိုက်ခိုက်မှုများမှာ ရှောင်ရှားရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်း၌ ကျောက်စိမ်းကြံ့သည် အစိမ်းရောင် အလင်းတန်းများကို အချိန်နှင့် အမျှ ထုတ်လွှတ်လျှက် ရှိသည်။ သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီသည် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို ဖျက်ဆီးပစ်ရန်ပင် လုံလောက်နေသည်။ ချန်းဖန်ပင်လျှင် တိုက်ခိုက်မှုကို ရပ်ကာ ထိုအလင်းများကို ရှောင်ရှား နေကြလေ၏။ မည်သို့ပင် အစွမ်းထက်သည် ဆိုစေ ထိုအရာမှာ ကိုယ်ပွဦး တစ်ခုသာ ဖြစ်သည်။ ၎င်းသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်လောက်သာ အစွမ်းထက်ပေသည်။
“ဘုန်း...”
လင်းယန် တောင်တန်း မြစ်ပြင် ပန်းချီကားနှင့် တိုက်မိပြီး လွင့်စဥ် သွားစဥ်မှာပင် တတိယမြောက် နတ်ဘုရား မင်းသားမှာ တိုက်ပွဲ အတွင်း ဝင်ရောက်လာ၏။
သူကား ချန်ရှန်းဂိုဏ်း၏ မဟာ နတ်ဘုရား မင်းသား ယွမ်ရီပင် ဖြစ်လေသည်။ သူကား အမှန်တကယ်ပင် နာမည် ကျော်ကြားသည့် အရှင်သခင် တစ်ယောက် ဖြစ်ပြီး ကမ္ဘာသို့ ရောက်ရှိလာသော နတ်ဘုရား မင်းသားများ အနက် ချင်ဖန်း ပြီးလျှင် အစွမ်း အထက်ဆုံး ဖြစ်သည်။ သူသည် အေးစက်ကာ တိတ်ဆိတ်နေတတ်သော လူတစ်ယောက် ဖြစ်သော်လည်း သူ၏ မျက်လုံး အတွင်းတွင်မူ ခရမ်းရွှေရောင် သက်ရှည်အဆောင် ကိုးခုက တောက်ပနေသည်။ သူ ဝတ်ဆင်ထားသော ရှေးဟောင်း ဝတ်ရုံရှည်ကြီးသည် လပေါ်တွင် ရပ်နေသည့် အလား လေနှင့် အတူ တဖျတ်ဖျတ် လွင့်ပါနေ၏။
“သူက သူတော်စင်စိတ်ဆန္ဒ ကျင့်စဥ်ကို အဆင့်ခြောက်ရဲ့ ထိပ်ဆုံး အထိ ကျင့်ကြံထားတာ... နောက်ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ လပေါ်က နတ်ဘုရားဟာ ပျံထွက် လာနိုင်လိမ့်မယ်... အခု ဆိုရင် သူက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
နတ်ဘုရား မင်းသားများမှာ အနည်းငယ် အံ့အားသင့် နေကြသည်။ ချန်ရှန်းဂိုဏ်း၏ သူတော်စင်စိတ်ဆန္ဒ ကျင့်စဥ်ကို အဆင့် ခုနစ်ဆင့် ခွဲခြားထားသည်။ ထိုအထဲမှ အဆင့်ငါးမှာ အခြေတည် ဝိညာဥ် အဆင့် ဖြစ်ကာ အဆင့်ခြောက် မှာမူ နတ်ဘုရား မင်းသားများမှာ ကျင့်ကြံနိုင်သည့် အဆင့် ဖြစ်သည်။ ယွမ်ရီသည် အဆင့်ခြောက်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လော့ချန်ရှန်းထက် အဆများစွာ ပိုမို အစွမ်းထက်ပေသည်။
“ခရက်...”
ယွမ်ရီ စတင် တိုက်ခိုက်သည်နှင့် ချက်ချင်းပင် ချန်းဖန်၏ လှုပ်ရှားမှုတိုင်းသည် တောင်တန်း ထောင်သောင်းများစွာကို ထမ်းပိုးထားရသည့် အလား လေးလံသွား၏။ ထိုအရာမှာ သိသာခြင်းမရှိသည့်တိုင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တို့၏ တိုက်ပွဲတွင်မူ အကြီးမားဆုံး အားနည်းချက်ကို ဖြစ်ပေါ်စေသည်။
“သတ်...”
ဝမ်ဝေသည် ချက်ချင်းပင် ငွေရောင် တောင်ပံများကို လှုပ်ခပ်ကာ ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ မျက်လုံး နှစ်ဖက်သည် ငွေရောင်နှင့် ရွှေရောင် အလင်းတန်း နှစ်ခုကို ပစ်လွှတ်သည်။ ထိုအရာများသည် နေနှင့် လတို့ ကဲ့သို့ လင်းလက်ကာ ယင်ယန် အသွင်ပြောင်းခြင်း လျှို့ဝက် စွမ်းအင်များကို သယ်ဆောင်ထားလေသည်။
တစ်ချိန်တည်း၌ လင်းယန်သည် သူ၏ ဓားနှင့် အတူ ရှေ့သို့ လာကာ ချန်းဖန်အား အလစ် တိုက်ခိုက်ရန် ကြိုးစားသည်။
“ဘုန်း...”
ချန်းဖန်သည် အေးစက်သော လမင်းကို ဖြတ်သန်း၍ လင်းယန်၏ နောက်ကျောတွင် ပြန်လည် ပေါ်လာခဲ့၏။ သူက လက်ညိုးအား ဆန့်ထုတ်လိုက်ရာ လင်းယန်မှာ လွင့်စဥ် သွားခဲ့သည်။ တစ်ချိန်တည်း၌ ရှောင်တိမ်းရန် အချိန်မရှိတော့ရာ ယင်ယန် မျက်လုံးမှာ သူ့အား ထိမှန်၏။ ချန်းဖန်၏ ပေါင်တစ်ဖက်သည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“သူ ကြာကြာ မခုခံနိုင်တော့ပါဘူး...”
ဝမ်ဝေ၏ မျက်နှာက အပျော်များဖြင့် ဖုံးလွှမ်းနေ၏။ ချန်းပေ့ရွှမ်းကား စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ဂိုဏ်းနောက်ခံ မရှိသော ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ သူတို့ ကဲ့သို့ အစားထိုးခြင်း နတ်ဘုရား အဆောင်များ မရှိနိုင်ချေ။ သူသည် ဒဏ်ရာရလာသည်နှင့် အမျှ ပို၍ အားနည်း လာလိမ့်မည် ဖြစ်သည်။ နောက်ဆုံး၌ သူသည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်နိုင်စွမ်း မရှိပဲ သေဆုံး သွားရလိမ့်မည် ဖြစ်ပေသည်။
“သူ့ကို သတ်...”
လင်းယန်သည် ချန်းဖန်၏ အဖြစ်ကို ကြည့်ကာ ပို၍ စိတ်အား တက်ကြွလာ၏။ သူက ဓားကို သွေးကြောများ ထောင်ထသည် အထိ ကိုင်ဆောင်ရင်း ချန်းဖန်အား ကြိမ်ဖန်များမှာ ခုတ်ထစ်သည်။ မရေမတွက်နိုင်သော မိစ္ဆာ စိတ်ဆန္ဒများသည် ပေထောင်ဂဏန်းကို လွှမ်းမိုးထား၏။ ထိုအခိုက်၌ စစ်မြေပြင်ကား မိစ္ဆာတို့၏ နယ်မြေ တစ်ခု အလား ထင်မှတ်ရပေသည်။
“မိုးပြာ ပျံသန်းခြင်း ခုတ်ချက်...”
ယွမ်ရီသည် ထိုအခွင့်အရေးကို ယူကာ ချန်ရှန်းဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရား စွမ်းအား တစ်ခုကို ထုတ်သုံး လိုက်လေသည်။
***