ကိုယ်ပွားတစ်ခုလား
Vol. 12 Ch. 1143
“ဝှစ်...”
ယွမ်ရီ၏ နောက်ရှိ အေးစက်သော လမင်းသည် အလွန်တရာ အေးစက်မှုလှိုင်းများကို ထုတ်လွှတ်သည်။ ထိုလှိုင်းသည် သလင်းကျောက် အလား ကြည်လင်သော အလင်း အသွင်ဖြင့် ကောင်းကင်ကို ဓားတစ်စင်း အလား ဖြတ်သန်းသည်။ လမင်းထဲမှ နတ်ဘုရားဟု ခေါ်သော အရာသည် ခုန်ထွက်လာဟန်ရ၏။ သူသည် အလင်းကို လက်ဖြင့် ဖမ်းဆုပ်ကာ ချန်းဖန်အား နတ်ဘုရာတို့ ဓားတစ်စင်း အလား တိုက်ခိုက်လေတော့၏။
“ဘုန်း...”
ထိုတိုက်ခိုက်မှုကား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ နတ်ဘုရား မင်းသားများနှင့် အကြီးအကဲများ ပင်လျှင် ဖြူရော် သွားကြသည်။ သူတို့သည် ယွမ်ရီ ထိုမျှ အထိ အစွမ်းထက်လိမ့်မည် ဟု ထင်မှတ် မထားခဲ့ကြချေ။ သူကား သက်တူရွယ်တူ နှစ်ယောက် ဖြစ်သည့် လင်းယန်နှင့် ဝမ်ဝေတို့ကို လွယ်ကူစွာ လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ရီယွမ်၏ စွမ်းအားမှာ နှစ်ထောင်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံကာ အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်သို့ ရောက်နေသည့် လူအိုကြီးများနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိပေသည်။ ချင်ဖန်း ပင်လျှင် သူ့အား ကြည့်ကာ မျက်မှောင်ကြုတ် မိသည်။
“မကောင်းတော့ဘူး... ကောင်းကင်ဘုံ အလင်း... နတ်ဘုရား အရှင်ချန်း အဲဒါကို ထိပ်တိုက် ရင်ဆိုင်လို့ မဖြစ်ဘူး”
နဂါးအရှင်က အော်ဟစ်လိုက်၏။ အခြားလူများ မမေးရသေးခင်မှာပင် သူက မျက်နှာပျက်ပျက်ဖြင့် ဆက်ပြော လိုက်လေသည်။
“ကောင်းကင်ဘုံ အလင်း ဆိုတာ သူတော်စင်စိတ်ဆန္ဒ ကျင့်စဥ် ဆဋ္ဌမမြောက် အဆင့်ရဲ့ အမြင့်ဆုံးကို ရောက်ရှိတဲ့ အခါမှသာ ထွက်ပေါ်လာတတ်တဲ့ အလင်းပဲ... အတိတ်မှာတုန်းက နတ်ဘုရား အရှင်ချန်း သတ်ဖူးတဲ့ လော့ချန်ရှန်းဟာ အဲဒီ အဆင့်ကို ထိတွေ့နိုင်ရုံပဲ ရှိခဲ့တာ... ကောလဟာလတွေ အရဆို ကောင်းကင်ဘုံ အလင်းကို အောင်မြင်တာနဲ့ အဲဒီ ကျင့်ကြံသူက မဟာ ကျင့်ကြံသူ တစ်ပိုင်းအောက် အဆင့်မှာ ပြိုင်ဘက်ကင်း သွားပြီတဲ့”
အဆုံး၌ နဂါးအရှင်က သက်ပြင်း တစ်ချက် ချလိုက်လေ၏။
“နတ်ဘုရား အရှင်ချန်းတော့ ဒုက္ခရောက်ပြီ”
“ဂျစ်...”
ကောင်းကင်ဘုံ အလင်းသည် ချန်းဖန်ကို ထိမှန်ကာ ဘာမှ မထူးသလို ပျောက်ကွယ်သွား၏။ အပြင်ဘက်မှ ကြည့်ပါက ချန်းဖန်မှာ အကောင်းအတိုင်း ရှိသေးသော်လည်း အတွင်းပိုင်းရှိ သူ၏ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်မျာမူ ရှစ်လက်မခန့် အရွယ်အစားထိ ကျုံ့ဝင် သွားခဲ့သည်။ သူ၏ စွမ်းအင်မှာလည်း အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်မှ နေ၍ အခြေတည် ဝိညာဥ် အလယ်ဆင့်ထိ ပြုတ်ကျလု နီးနီးပင် ဖြစ်သွားခဲ့လေသည်။
“သတ်ကြဟေ့...”
ဝမ်ဝေမှာ ပို၍ပင် တက်ကြွလာသည်။ သူ၏ မျက်လုံးသည် ရွှေရောင် အလင်း၊ ငွေရောင် အလင်းတို့ဖြင့် လင်းလက် နေသည်။ သူသည် ယင်ယန် မျက်လုံးကို အမြင့်ဆုံး အဆင့်အထိ မြှင့်တင်၍ တိုက်ခိုက်လိုက်လေရာ ချန်းဖန်၏ ခန္ဓာကိုယ်တွင် အပေါက်နှစ်ခု ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်း၌ လင်းယန်၏ တိုက်ခိုက်မှုတွင် ချန်းဖန်၏ နောက်ကျောတွင် တစ်လက်မခန့် ရှည်လျားသော ဒဏ်ရာ တစ်ခု ပေါ်လာခဲ့သည်။
ရှုံးနိမ့်ခြင်း ကင်းမဲ့သည့် ပြိုင်ဘက်ကင်း ချန်းပေ့ရွှမ်းကား တစ်ခဏ အတွင်းမှာပင် အဆိုးဆုံး အခြေသို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်လေသည်။
နဂါးအရှင်နှင့် အားရှို့တို့မှာ ဖြူရော်နေကြ၏။ ကမ္ဘာပေါ်ရှိ ဘီလျံချီသော လူများမှာလည်း တိတ်ဆိတ် နေကြသည်။ သူတို့သည် စိုးရိမ်ခြင်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကောင်းကင်သို့ ငေးကြည့် နေခဲ့ကြလေသည်။
အခြားတစ်ဖက်၌ နတ်ဘုရား မင်းသားများမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိကြေသည်။
“ချန်းပေ့ရွှမ်းက တကယ်ပဲ အစွမ်းထက်ပါတယ်... သူက ဝမ်ဝေနဲ့ လင်းယန်ကိုတောင် တစ်ယောက်တည်း အထက်စီးက တိုက်ခိုက်နိုင်စွမ်း ရှိတယ်... ဒါပေမဲ့ ရောင်းရင်း ယွမ်ရီ တစ်ချက် လှုပ်ရှားတာနဲ့ ပြဿနာ အားလုံး ပြေလည် သွားတော့တာပဲ”
နဲ့ကုန်းဂိုဏ်း နတ်ဘုရား မင်းသားက အပြုံးဖြင့် ဆိုလိုက်၏။
“အမှန်ပဲ... ငါတို့ အနေနဲ့ ချန်းပေ့ရွှမ်း အစား ဒီဂြိုဟ်ပေါ်မှာ ရှိတဲ့ မဟာ အခွင့်အရေးကို ဘယ်လို ရအောင် ယူရမလဲ ဆိုတာကိုပဲ စိတ်ထဲ ထည့်ထားသင့်တယ်”
ချင်ဖန်းက အောက်သို့ ငုံ့ကာ ကမ္ဘာကြီးကို ကြည့်လိုက်သည်။ ချန်းပေ့ရွှမ်းမှာ အတိတ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် နတ်ဘုရား မင်းသား သုံးပါး၏ ဝန်းရံတိုက်ခိုက်မှုအောက်၌ ကျိန်းသေ ရှုံးနိမ့်ရပေတော့မည်။ ယွမ်ရီ၏ ပါဝင်မှုသည် ချန်းပေ့ရွှမ်း၏ သေဆုံးခြင်းကို အတည်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။ နတ်ဘုရား မင်းသားနှင့် နတ်ဘုရား ဗိုလ်ချုပ်များမှာ ရယ်ရယ်မောမော စကားပြောဆို နေကြ၏။ သူတို့သည် ကျူပင်ခုတ် ကျူငုတ်မကျန် မြောက်ပိုင်းချုံး တစ်ခုလုံးနှင့် ကမ္ဘာပေါ်ရှိ အားလုံးကို ရှင်းလင်းပစ်ရန်ပင် အဆင်သင့် ဖြစ်နေခဲ့ကြပြီ ဖြစ်လေသည်။
ထိုအချိန်တွင်ပင် ဖူယောင်ဂိုဏ်း၏ နတ်ဘုရား မင်းသမီး ကျိုးယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“နေကြဦး... အချက်အလက်တွေ အရဆို အဲဒီ ရွှေရောင် အခြေတည် ဝိညာဥ် အဆင့်က ချန်းပေ့ရွှမ်းရဲ့ ကိုယ်ပွား တစ်ခုပဲတဲ့နော်... အဲဒါကို သူတို့က ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်လို့ ခေါ်တယ်... အစစ်အမှန် ချန်းပေ့ရွှမ်းက သူ မဟုတ်ဘူး”
“ဘာ...”
လူတိုင်းမှာ ကျိုးယု၏ စကားကို ကြားပြီးနောက် ဆွံ့အ သွားကြ၏။ အပိုလို နန်းတော် မဟာ နတ်ဘုရား မင်းသား ချင်ဖန်း၏ မျက်နှာပေါ်ရှိ အပြုံးပင်လျှင် အေးခဲသွားသည်။
ရုတ်တရက်...
“ဟင်း...”
သူတို့သည် သက်ပြင်းချသံ တစ်ခုကို ကြားလိုက်ကြရ၏။ နတ်ဘုရား မင်းသားများမှာ ကြက်သီးထကာ ကြောက်လန့် သွားကြလေသည်။
“ဝှစ်...”
နတ်ဘုရား မင်းသားများသည် အသံလာရာသို့ ကြည့်လိုက်ကြရာ အနက်ရောင် ဝတ်စုံဝတ် လူငယ် တစ်ဦး ဖြည်းညင်းစွာ လမ်းလျှောက်လာသည်ကို တွေ့မြင်ရလေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူသည် အနက်ရောင် ဆံပင်နှင့် အနက်ရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ကာ ပန်းချီ ဆယ့်နှစ်ခု ရေးခြယ်ထားသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် နတ်ဘုရား အရှင် သရဖူကို ဝတ်ဆင်ထားကာ အသက် ဆယ့်ခုနှစ် အရွယ် လူငယ်လေး တစ်ယောက်နှင့် ဆင်တူ၏။ သူကား နတ်ဘုရား မင်းသား သုံးယောက်နှင့် တိုက်ခိုက်နေသည့် ချန်းပေ့ရွှမ်းနှင့် ခွဲမရအောင် တူညီပေသည်။
သို့သော်လည်း နှိုင်းယှဥ်ရပါက ယခု ရောက်ရှိလာသည့် ချန်းပေ့ရွှမ်းသည် ပထမ တစ်ယောက်ထက် အစစ်အမှန် လူသား တစ်ယောက်နှင့် ပိုမို ဆင်တူပေသည်။
“တကယ့်ကို ကိုယ်ပွားပဲ...”
အကြီးအကဲများမှာ ဆွံ့အ နေ၏။ နတ်ဘုရား မင်းသားများမှာ ဖြူရော်နေကြသည်။
“သူက ကိုယ်ပွားတစ်ခုနဲ့တင် နတ်ဘုရား မင်းသား သုံးယောက်နဲ့ တိုက်ခိုက်နိုင်တာလား”
လူတိုင်းမှာ ရင်ခုန်သံ မြန်နေကြ၏။ ကိုယ်ပွားများသည် ပုံမှန်အားဖြင့် မူရင်း ခန္ဓာ၏ စွမ်းအား ၂၀ ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ ကိုယ်ပွား ပင်လျှင် ထိုမျှ အစွမ်းနေရာ အစစ်အမှန် ချန်းပေ့ရွှမ်းမှာ မည်မျှ အထိ အစွမ်းထက်မည်နည်း။
“မင်းတို့က ငါ့ကိုယ်ပွားကို ဝိုင်းပြီး အနိုင်ကျင့် နေကြတာပဲ”
ချန်းဖန်က လက်တစ်ဖက်ကို အေးဆေးစွာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ နတ်ဘုရား မင်းသား သုံးပါးနှင့် တိုက်ခိုက်နေသည့် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်မှာ အလင်းတန်း အသွင် ပြောင်းလဲကာ သူ့ထံသို့ ပြန်လည် ရောက်ရှိလာသည်။
ယွမ်ရီသည် မျက်မှောင်ကြုတ်ကာ ချန်းဖန်ကို ကြည့်၏။ လင်းယန်နှင့် ဝမ်ဝေတို့မှာလည်း ကြောင်အအ ဖြစ်နေကြသည်။ သူတို့ တစ်ချိန်လုံး ကြိုးစားပမ်းစား တိုက်ခိုက်၍ သတ်ဖြတ်ရန် ကြိုးစားနေသူမှာ ချန်းပေ့ရွှမ်း၏ ကိုယ်ပွားလေး တစ်ခုသာ ဖြစ်နေသည်လား။ လင်းယန်မှာ သွေးအန်မလိုပင် ဖြစ်သွားခဲ့သည်။ သူသည် ထိုကိုယ်ပွားနှင့် တိုက်ပွဲ၌ အစားထိုးခြင်း အဆောင် သုံးခု ဆုံးရှုံး ခဲ့ရသည်။ ထိုတစ်ခုချင်းစီမှာ အလွန် ရှားပါးကာ အဖိုးတန်လွန်းလှသည်။
မဟာ နတ်ဘုရား မင်းသားက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ချန်းဖန်အား ကြည့်လိုက်သည်။
“မင်းကမှ တကယ့် ချန်းပေ့ရွှမ်းပေါ့... မင်းက ကိုယ်ပွား တစ်ခုနဲ့တင် ငါတို့ကို အရူးလုပ်နိုင်ခဲ့တာပဲ... တကယ်ပဲ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ပီသပါတယ်”
အတိတ်၌ ချင်ဖန်းသည် ချန်းဖန်ကို နတ်ဘုရား ဗိုလ်ချုပ် အဖြစ် ကမ်းလှမ်းခဲ့သော်လည်း ထိုအရာမှာ မဟာ ကျင့်ကြံသူများ၏ အစီအစဥ်သာ ဖြစ်ပေသည်။ သူသည် ယခုမှသာ ချန်းဖန်အား ပထမဆုံး အကြိမ်အဖြစ် အထင်ကြီးမိခြင်း ဖြစ်ပေသည်။
“စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ ဟုတ်လား... ငါ အဲဒီ နာမည်ကို မကြိုက်ဘူး... မင်း ခေါ်ချင်ရင် နဂါးငွေ့တန်း ဂလက်စီ ဒါမှမဟုတ် အရှေ့ဂြိုဟ်နယ်မြေလို့ပဲ ခေါ်”
ချန်းဖန်က ညင်သာစွာ ဆိုလိုက်၏။ တစ်ချိန်တည်း၌ သူသည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပြန်လည် ကုသပေးနေခဲ့လေသည်။
“နဂါးငွေ့တန်း ဂလက်စီ ဟုတ်လား... နာမည်ကောင်းပဲ... မင်းတို့ ကမ္ဘာပေါ်မှာ အဲဒီလို ခေါ်ကြတယ်ပေါ့”
ချင်ဖန်းက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။
“ငါ အဲဒီ နာမည် ဖြစ်အောင် တရားဝင် ပြောင်းပေးနိုင်တယ်... တကယ်လို့ မင်းသာ အပိုလို နန်းတော်နဲ့ ပူးပေါင်းမယ် ဆိုရင် ငါ မင်းကို စွန့်ပစ်... အရှေ့ဂြိုဟ် နယ်မြေ တစ်ခုလုံးကို အပိုင်ပေးပြီး နဂါးငွေ့တန်း နတ်ဘုရား ဗိုလ်ချုပ် အဖြစ် ချီးမြှင့်မယ်... မင်းအနေနဲ့ မဟာ အခွင့်အရေးက လွဲရင် ဒီနယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ ကြိုက်ရာ အကုန်လုံးကို ယူနိုင်တယ်... နောက်ပြီး မင်းရဲ့ ချန်းမိသားစုကိုပါ ကြယ်ပင်လယ်မှာ နေရာ တစ်ခု ရအောင် ငါ ဖန်တီးပေးနိုင်တယ်”
ချင်ဖန်းသည် ချန်းဖန်အား အပိုလို နန်းတော်၏ နတ်ဘုရား ဗိုလ်ချုပ် ရာထူးကို စိတ်လိုလက်ရဖြင့် ကမ်းလှမ်းနေခဲ့ခြင်း ဖြစ်ပေသည်။ သူသည် သူ၏ နတ်ဘုရား ဗိုလ်ချုပ် နရန် အသတ်ခံလိုက်ရခြင်းကိုပင် ထည့်သွင်း စဥ်းစားခြင်း မပြုချေ။
များစွာသော လူများမှာ ပထမ၌ ဆွံ့အ သွားကြသော်လည်း သူတို့သည် ချက်ချင်းပင် နားလည် သွားကြသည်။ ချင်ဖန်းသည် ချန်းဖန်၏ စွမ်းအားနှင့် ပါရမီကို အမှန်တကယ်ပင် စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။ ချန်းဖန်၏ ကိုယ်ပွားသည်ပင် ထိုမျှ အစွမ်းထက်နေလေရာ သူ၏ ခန္ဓာဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
မကျေနပ်မှု တစ်ခုက လင်းယန်နှင့် ဝမ်ဝေတို့၏ မျက်ဝန်းတွင် လင်းလက်သွား၏။ သို့သော်လည်း သူတို့သည် ဘာမှ မပြောကြချေ။ ချန်းပေ့ရွှမ်း၏ ခန္ဓာကိုယ် အစစ်နှင့် တိုက်ခိုက်ခြင်းမှာ ကြီးမားစွာ စွန့်စားခြင်းပင် ဖြစ်သည်။ သူနှင့် ငြိမ်းချမ်းရေး ယူနိုင်ခြင်းက အရာ အားလုံးထက် ပိုမို၍ ကောင်းမွန်ပေသည်။
“မင်း ဘယ်လို သဘောရလဲ... ငါ့ရဲ့ ကမ်းလှမ်းမှုက နည်းတယ် ထင်ရင် ထပ်ပြီး ညှိနှိုင်းလို့ ရတယ်နော်”
ချင်ဖန်းမှာ အလွန် ပျော့ပျောင်းနေ၏။
သို့သော်လည်း ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်?
“မင်းရဲ့ နောက်လိုက်တွေက ငါ တည်ထောင်ထားတဲ့ မြောက်ပိုင်းချုံးကို အသားလွတ် ဝင်တိုက်ပြီး သွေးချောင်းစီးအောင် သတ်ဖြတ် ခဲ့တယ်... အခုလည်း မင်းက စစ်သည် တစ်သိန်းနဲ့ ငါ့ရဲ့ ကမ္ဘာကို တိုက်ခိုက် လာတယ်... အဲဒီ အခြေအနေရောက်နေတာတောင် မင်း အတွက် အလုပ်လုပ်ပေးရအောင် ငါ့ကို အရူးလို့ မင်းက ထင်နေတာလား...”
ထို့အပြင် သူကား မြောက်ပိုင်း ကောင်းကင်၏ အရှင် ဖြစ်ပေသည်။ စကြဝဠာ အစွန်အဖျား ဒေသရှိ နတ်ဘုရား မင်းသားဟု ခေါ်သော ကျင့်ကြံသူလေး မဆိုထားနှင့်။ နတ်ဘုရား ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များ ပင်လျှင် သူ့အား နောက်လိုက် တစ်ယောက် အဖြစ် စေခိုင်းရန် အဆင့်အတန်း မမှီပါချေ။
“ဟမ်...”
ချင်ဖန်းမှာ အေးစက်သွား၏။ သူ၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်သွားသည်။ သူ့ကဲ့သို့ မဟာ နတ်ဘုရား မင်းသား တစ်ပါး၏ ကမ်းလှမ်းမှုကို ထိုနိမ့်ကျသော ကောင်က ငြင်းရဲသည်လား။
“ကောင်လေး... မင်း ဘာလုပ်နေလဲ ဆိုတာ မင်းသိလား... ငါတို့ နတ်ဘုရား မင်းသားက မင်းကို မျက်နှာသာ ပေးနေတာ... မင်းက အဲဒါကို ငြင်းဆန်ရဲတယ်ပေါ့”
“သူက အရမ်း မောက်မာတယ်... ငါတို့ သူ့ကို သတ်သင့်တယ်”
“ဟမ့်... နောက်ဆုံးမှာ သူ ဘာတတ်နိုင်မလဲ ကြည့်ရသေးတာပေါ့”
များစွာသော နတ်ဘုရား ဗိုလ်ချုပ်များမှာ ဒေါသထွက်သွားကြ၏။ ထိုအချိန်တွင်ပင် အသံ တစ်ခု ထွက်ပေါ် လာသည်။
“ငါ နားလည်သွားပြီ... အဲဒါက ဘယ်လိုလဲ ဆိုတာ”
လူတိုင်းက အသံလာရာသို့ လှည့်ကြည့်လိုက်ကြရာ တိုင်ချူ နတ်ဘုရား မင်းသားကို တွေ့လိုက်ရလေသည်။
“ဘာကို သိတာလဲ...”
နတ်ဘုရား မင်းသားများက မေးလိုက်ကြ၏။ တိုင်ချူ နတ်ဘုရား မင်းသားက ယုံကြည်ချက် ရှိစွာ ပြုံးရင်း ပြောလိုက်လေသည်။
“ချန်းပေ့ရွှမ်းက ငါတို့ အားလုံးကို အရူးလုပ်နေတာ... အဲဒီ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်က သူ့ရဲ့ ကိုယ်ပွား မဟုတ်ဘူး... နတ်ဘုရား ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် ရတနာ တစ်ခုခုနဲ့ ဖန်တီးထားတာ... အဲဒါက ရုပ်သေးရုပ် လိုမျိုး အရာပဲ”
“ရုပ်သေးရုပ်... ရတနာ...”
ထိုစကားလုံးကို ကြားကြရာ များစွာသော လူများမှာ အံ့အားသင့် သွားကြသည်။ နတ်ဘုရား မင်းသားများမှာမူ တစ်စုံတစ်ခုကို စဥ်းစားမိဟန် မျက်လုံးများ တဖျပ်ဖျပ် လင်းလက် သွားကြလေသည်။
***