← Chapters

ရွှီယန် "ခွန်အားကြီးသူက စည်းမျဉ်းတွေရဲ့အထက်မှာ ရှိတယ်.."

Vol. 15 Ch. 211

ရွှီယန် "ခွန်အားကြီးသူက စည်းမျဉ်းတွေရဲ့အထက်မှာ ရှိတယ်.."

Vol. 15 Ch. 211

ရွှီယန်က သိုင်းပညာစင်မြင့်၏ ပထမအဆင့်ကို  တစ်ခါတည်း ဖြတ်ကျော်သွား၏။ ထိုအပေါ်တွင် ရပ်နေသည့် ခုနစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားကို လုံးဝ လျစ်လျူရှု့ထားသည်။

ရှိနေကြသည့် သိုင်းသမားအားလုံးတို့ မှင်သက်သွားကြ၏။ ဒီလူငယ်သည် ထိုမျှအထိ မောက်မာလှသည်လား။

"ဖြစ်နိုင်တာက သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကို တတိယအဆင့်သိုင်းသမားတွေရဲ့ အတိုင်းအတာထဲကနေ ကျော်လွန်တာနေပြီလို့ ယူဆလို့ ဖြစ်မယ်။ အဲ့ဒါကြောင့်မို့လို့ အဆင့်ကျော်ပြီးတော့ စိန်ခေါ်ချင်တာ။ အတိတ်တုန်းက ငါ့အတိုင်းပဲ။ ဒါပေမယ့် နောက်ဆုံးရလဒ်ကတော့ ပထမစင်မြင့်ကိုတောင် မဖြတ်ကျော်နိုင်ခဲ့ဘူး.."

သိုင်းသမားတစ်ယောက်က သက်ပြင်းချ၏။ ငယ်ရွယ်ကာ အားမာန်ပြည့်ဖြိုးချိန်တွင် ဤသည်မှာ နားလည်လို့ ရပါသည်။ မည်သည့် ပါရမီရှင်က မမောက်မာလို့နည်း။

"တစ်ယောက်ယောက်ကတော့ ရိုက်ချခံရပြီး ခေါင်းမမော့နိုင်အောင် ဖြစ်တော့မယ်.."

"ဟားဟားဟား...ဟုတ်တယ်... ပါရမီရှင်တစ်ယောက် စိတ်ဝိဉာဉ် ပျောက်ဆုံးသွားတဲ့အထိ ထိုးနှက်ခံရတာမျိုးကို မမြင်ခဲ့ရတာ တော်တော်လေးတောင် ကြာပြီ.."

သိုင်းသမားအချို့က တစ်ဖက်လူ၏ ကံဆိုးမှုအတွက် ပျော်ရွှင်စွာ ပြောဆိုကြ၏။

"ရပ်လိုက်.."

ခုနှစ်စင်ကြယ်အကယ်ဒမီ၏ သိုင်းပညာ စင်မြင့်ပေါ်မှ ကျောင်းသားက အနည်းငယ် ကြောင်သွားသည်။စည်းမျဉ်းကို မလိုက်နာသည့် နောက်ထပ် လူတစ်ယောက် အဘယ်ကြောင့် ရောက်လာရသနည်း။

ခုနှစ်စင်ကြယ်အကယ်ဒမီမှ ခေါ်ယူခဲ့သည့် ကျောင်းသားများအကြားတွင် မည်သူက ပါရမီရှင် မဟုတ်လို့နည်း။

မည်သူ့တွင် ထူးကဲသည့် အရည်အချင်းတို့ မရှိလို့နည်း။

သိုင်းပညာစင်မြင့်ပေါ်တွင် စိန်ခေါ်မှုကို လက်ခံကြသည့် ကျောင်းသားများမှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောင်းသားများအကြား၌ သက်ဆိုင်ရာ အဆင့်အတွင်းတွင် စစ်မှန်သည့် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။

"ဘာတုန်း.."

ရွှီယန်က ခေါင်းလှည့်ကြည့်ကာ မေးသည်။

သိုင်းပညာစင်မြင့်ပေါ်မှ ကျောင်းသားက ရူးသွပ်လုမတတ် ဖြစ်သွားခဲ့၏။

ဒီကောင်က မည်သည့်နေရာမှ လာသနည်း။ ခုနှစ်စင်ကြယ် အကယ်ဒမီမှ စည်းမျဉ်းများကိုပင် မသိဘဲ တက်ရောက် စိန်ခေါ်သည်လား။ ထိုအပြင် သူ့ကိုပင် လျစ်လျူရှု့ထားလေသည်။

"ဒီကသခင်လေး... မင်းဒီကိုလာတာ ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ကျမ်းစာတိုက်ကိုဝင်ပြီး သိုင်းပညာစုစည်းမှုကို ဖတ်ချင်လို့မလား.."

ချောင်ကျုံးရဲ့က လေးနက်စွာ မေးသည်။

"ဟုတ်တယ်.."

ရွှီယန်က ခေါင်းငြိမ့်၏။

"အဲ့လိုဆိုရင် အရင်ဆုံး ငါ့ကိုနိုင်အောင် တိုက်ပြီးမှပဲ မင်းအပေါ်ကို ဆက်ပြီးတော့ သွားလို့ရမယ်.."

ချောင်ကျုံးရဲ့က ကြေငြာစွာ ပြော၏။

"မင်းက အရမ်း အားနည်းလွန်းတယ်။ အဲ့ဒါကြောင့် အပေါ်မှာပဲ သွားပြီးတော့ စိန်ခေါ်လိုက်မလို့.."

ရွှီယန်က ခေါင်းကိုရမ်း၏။

ချောင်ကျုံးရဲ့၏ မျက်နှာက ဒေါသဖြင့် နီရဲလာခဲ၏။ သူက ဒေါသတကြီး မေးသည်။

"ငါက အရမ်းအားနည်းတာလား... ပြောချင်တာက မင်းကိုယ်မင်း သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်လို့လား။ သိုင်းသခင်ဆိုရင်တောင် အဆင့်တစ်ဆင့်ချင်းစီ စိန်ခေါ်သွားဖို့ လိုအပ်တယ်.."

"ငါက သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် မဟုတ်ဘူး.."

ရွှီယန်က ခေါင်းကိုရမ်း၏။

"မူလအဆင့် သိုင်းသမားတစ်ယောက်ပဲ.."

ချောင်ကျုံးရဲ့က မှင်သက်သွား၏။ ရှိနေကြသည့် သိုင်းသမားများလည်း တူညီစွာ ဖြစ်သည်။ မူလအဆင့် သိုင်းသမားလေလား။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းအဆင့် ဖြစ်သနည်း။ အဘယ်ကြောင့် ယခင်က မကြားဖူးရသနည်း။

"ဘာမူလအဆင့်လဲ... ငါတစ်ခါမှ မကြားဖူးဘူး... မဟုတ်သုတ်ခ ခေါင်းစဉ်တွေနဲ့ လာပြီးတော့ မလိမ်နဲ့။ အပေါ်ကို ဆက်ပြီးတော့ တက်ချင်တယ်ဆိုရင် အရင်ဆုံး ငါ့ကို အနိုင်ယူဖို့ လိုအပ်တယ်.."

ချောင်ကျုံးရဲ့က ဒေါသတကြီး ပြောသည်။

တစ်ဖက်လူသည် ရိုးရှင်းစွာ စိန်ခေါ်မှုကို ဖြတ်ကျော်ပြီး ကျမ်းစာတိုက်ရှိ စုဆောင်းမှုများကို ဖတ်ရှု့နိုင်သည့် အခွင့်အရေးအား လိုချင်ခြင်း မဟုတ်ဘဲ ခုနှစ်စင်ကြယ်အကယ်ဒမီသို့ လာရောက် ပြဿနာရှာခြင်းသာ။ဖြစ်သည်ဟု သူ့အနေနှင့် သံသယဝင်မိ၏။

"အဲ့လိုဆိုရင်လည်း မင်းအဆင်သင့်လုပ်ထား.."

ခဏတာ စဉ်းစားပြီးနောက် ရွှီယန်က တစ်ဖက်လူကို အနိုင်ယူရန်မှာ အများကြီးကြာမည် မဟုတ်ကြောင်းအား တွေးမိ၏။ သူ့အတွက် လေညှင်းတစ်ဖြတ်လောက်သာ ရှိပါသည်။

"လာခဲ့.."

ချောင်ကျုံးရဲ့က သူ၏ဓားရှည်ကို လက်ထဲတွင် ရေပြင်ညီအတိုင်း ကိုင်ထားပြီး အေးစက်စွာ ပြောသည်။

"သေသေချာချာ ကြည့်ထား.."

စင်မြင့်ပေါ်ကို တက်ရန်ပင် စိတ်ကူးမနေဘဲ ရွှီယန်က သူ၏ လက်ချောင်းကို အသာ ဝှေ့ယမ်းလိုက်သည်။

အစစ်အမှန်ချီတစ်မျှင်က ထွက်ခွာသွား၏။

ထိုတိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် သူက အထက်သို့ ဆက်လက် တက်သွားလေသည်။

ချောင်ကျုံးရဲ့က ဒေါသတကြီးဖြင့် လှမ်းအော်တော့မှာပါ။ သို့ပေမယ့် သူ၏ပုံစံက ရုတ်တရက် ပြောင်းလဲသွား၏။ ဓားရှည်ကို ရင်ဘတ်ရှေ့တွင် လျှင်မြန်စွာ ကာလိုက်သည်။

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဓားရှည်က တုန်ခါသွားပြီး သူ၏ လက်ထဲမှ လွင့်စင်ထွက်သွား၏။

သူလည်းပဲ နောက်သို့ လွင့်စင်ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

မြင်ကွင်းက လုံးဝ တိတ်ဆိတ်သွားခဲ့၏။

လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ချောင်ကျုံးရဲ့ကို အနိုင်ယူခဲ့သည်လား။ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်လေလား။

သူသည် အလွန်မောက်မာတာ အံ့သြစရာမရှိပေ။ ယခုမျှ ငယ်ရွယ်သည့် အသက်နှင့် သိုင်းသခင်တစ်ယောက် ဖြစ်နေပြီးလေပြီ။ အမှန်တကယ်ကို မောက်မာရန်အတွက်  အရည်အချင်း ရှိ၏။

"ဒီပါရမီရှင်က ဘယ်နေရာကနေ လာတာလဲ။ သူကတကယ်ပဲ သိုင်းသခင် တစ်ယောက်လား.."

"မောက်မာတာဟုတ်တယ်... ဒါပေမယ့် ကြမ်းလည်း ကြမ်းလွန်းတယ်... ပြီးခဲ့တုန်းက ပြောတဲ့ ငါ့ရဲ့စကားတွေကို ပြန်ပြီး ရုတ်သိမ်းတယ်.."

ရှိနေကြသည့် သိုင်းသမားများက အံ့ဩသွားကြသည်။

ရွှီယန်က လှေကားများကို ဆက်လက်တက်သွား၏။

မြေပြင်ပေါ်တွင် လဲကျနေသည့် ချောင်ကျုံးရဲ့က နီရဲသော မျက်နှာဖြင့် ဒေါသတကြီး အော်သည်။

"မင်းက သိုင်းသခင် ဆိုရင်တောင်မှ အသုံးမဝင်ဘူး။ စင်မြင့်ပေါ်ကို တက်ပြီး ငါ့ကိုအနိုင်ယူမှပဲ တရားဝင်တာလို့ သတ်မှတ်တယ်.."

ရွှီယန်၏ သူ့အား လုံးဝလျစ်လျူရှု့ထားပုံကို တွေ့ရပြီးနောက် ဒေါသထွက်နေပါသည်။

"မင်းက ငါတို့ ခုနှစ်စင်ကြယ် အကယ်ဒမီကို စော်ကားနေတာပဲ.."

ရွှီယန်မှာ သူ့ကို အမှန်တကယ်ကို ဂရုစိုက်ခြင်း မရှိပါ။ အားနည်းသူ၏ အော်ဟစ်မှုများမှာ အသုံးမဝင်ပေ။ စည်းမျဉ်းများသည် ထိုအားနည်းသူများ အတွက်သာ ချမှတ်ထားခြင်း ဖြစ်၏။ စစ်မှန်သည့် ခွန်အားကြီးသူများသည် အမြဲတမ်း စည်းမျဉ်းများကို ချိုးဖျက်နိုင်ကြသည်။

"ရပ်လိုက်.."

ဒုတိယစင်မြင့်ပေါ်ရှိ ကျောင်းသားလည်း မှင်သက်သွားသည်။ ဒီလူသည် အမှန်တကယ်ကို မောက်မာလှ၏။ သူ့ကိုလည်း လုံးဝ လျစ်လျူရှု့ထားပါသည်။

ရွှီယန်က သူ၏ လက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ အစစ်အမှန်ချီ တစ်မျှင်က ထွက်ခွာသွားပြီး ဒုတိယစင်မြင့်ရှိ သိုင်းသမားကို အသဲအသန် ခုခံရစေ၏။ သို့ပေမယ့် ချက်ချင်းပင် နောက်သို့ လွင့်စင်ထွက်သွားလေသည်။

"မင်းရှုံးသွားပြီ.."

ရွှီယန်က သူ့ကို တစ်ချက်ကြည့်ပြီးနောက် အပေါ်သို့  ဆက်လက်တက်သွား၏။

တတိယအဆင့်တွင် ရွှီယန်သည် တစ်ဖက်လူ၏ ပြောစကားကိုပင် စောင့်နေခြင်း မရှိပေ။ လက်တစ်ချောင်းကို ဝှေ့ယမ်းကာ တစ်ခါတည်း အနိုင်ယူလိုက်၏။

စတုတ္ထအဆင့်လည်း ထိုနည်းလည်း‌ကောင်းပင် ဖြစ်သည်။ လက်တစ်ဝှေ့ဖြင့် ဆက်လက် အနိုင်ယူသွား၏။ သိုင်းပညာ စင်မြင့်ပေါ်သို့ ခြေလှမ်းခြင်းပင် မရှိပေ။

"အဆင့်၅က သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ပဲ။ အခု သိုင်းသခင် တစ်ယောက်ကို သူဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်တာပေါ့.."

"ကြည့်ရတာ ပွဲကောင်း ဖြစ်လိမ့်မယ်။ ပဉ္စမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သူ မတွေ့ရတာ နှစ်တွေ တော်တော်လေးကြာနေပြီ။ သူ့မှာရော အခွင့်အရေး ရှိမလား မသိဘူး.."

"ဒါက မဖြစ်နိုင်ဘူး... သူ့ဘာသာ ဘယ်လောက်ပဲ သိုင်းသခင်အဆင့်ကို ရောက်နေရောက်နေ အသက်က ငယ်ရွယ်လွန်းတယ်။ ခုနှစ်စင်ကြယ်အကယ်ဒမီက သိုင်းသခင်တွေကတော့ ထိပ်တန်းသိုင်းသမားတွေချည်းပဲ.."

ပွဲကြည့်ရန် လိုက်လံလာသည့် သိုင်းသမားများက သူတို့၏ အမြင်ကို ပြောကြသည်။ ရွှီယန်အား အဆင့်၅ကို ချိုးဖျက်နိုင်မည်ဟု တွေးမှတ်ထားသူ မရှိလုနီးပါး ရှိနေ၏။

ရွှီယန်က လှေကားပေါ်သို့ တက်လိုက်သည်နှင့်  ကောင်းကင်မှ ပုံရိပ်တစ်ခု သက်ဆင်းလာပြီး ။အဆင့်၅၏ လှေကားများပေါ်၌ ရပ်တန့်သွားသည်။

သူသည် အသက်၃၀လောက်ရှိသည့် ယောက်ျားသားတစ်ယောက်ဖြစ်ပြီး စာပေသမားတစ်ယောက်နှယ် ဝတ်ဆင်ထား၏။ ကြည့်ရတာ သပ်ရပ်လှသည်။

"မိတ်ဆွေလေး... မင်းက သိုင်းပညာ စင်မြင့်ပေါ်ကိုတောင် မတက်ဘူးဆိုတော့ ငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီက ကျောင်းသားတွေရဲ့ ခွန်အားကို အထင်သေးတယ်လို့ ဆိုလိုတာလား.."

ချန်ယွမ်ဟုန်က အပြုံးတစ်ခုဖြင့် ပြောသည်။

ရွှီယန်က ခေါင်းငြိမ့်၏။

"ဟုတ်တယ်။သူတို့ရဲ့ ခွန်အားက အရမ်းကို အားနည်းလွန်းတယ်။ ငါ့ကို စင်မြင့်ပေါ်ကိုတက်ဖို့ စိတ်တောင် မဝင်စားမိ‌စေဘူး.."

သိုင်းသမားများနှင့် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများ အားလုံး မှင်သက်သွားကြသည်။

ဤသည်က တည့်တိုးမဆန်လွန်းပေဘူးလား။ ဤသည်မှာ ခုနှစ်စင်ကြယ် အကယ်ဒမီအပေါ်သို့ လုံးဝ အထင်သေးနေခြင်း ဖြစ်သည်။

သိုင်းပညာစင်မြင့်ကို စောင့်ကြပ်သည့် ခုနစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများမှာ လောကကြီးရှိ သက်ဆိုင်ရာ အဆင့်များတွင် အကောင်းဆုံးများ ဖြစ်သည်ကို မသိသည့်သူ မည်သူ ရှိသနည်း။

ချန်ယွမ်ဟုန်က ပြုံးမြဲအတိုင်း ပြုံးနေရာမှ သူ၏ ပုံစံက လေးနက်လာခဲ့သည်။

"စည်းမျဉ်းတွေ အရဆို သိုင်းသခင်တစ်ယောက် လာရင်တောင် စင်မြင့်ပေါ်ကို တက်ပြီး တူညီတဲ့ ခွန်အားအဆင့်နဲ့ အဲ့ဒီ့စင်မြင့်ပေါ်မှာ စောင့်ကြပ်တဲ့ ကျောင်းသားကို ယှဉ်ပြိုင် အနိုင်ယူရတယ်.."

"လူငယ်လေး... မင်းဒီကို ရောက်လာကတည်းက မင်းရဲ့ ငယ်ရွယ်သူတစ်ယောက်ရဲ့ မာနကို ငါနားလည်တယ်။ မင်းသာ ငါ့ကို အနိုင်ယူနိုင်ရင် စည်းမျဉ်းတွေကို မလိုက်နာတဲ့ကိစ္စကို ထည့်မတွက်တော့ဘူး.."

All Chapters