← Chapters

ခုနစ်စင်ကြယ်အကယ်ဒမီ၌ ရှဲ့လင်ဖုန်း၏ ဂုဏ်သတင်း ပျံ့နှံခြင်း(၂)

Vol. 15 Ch. 216

ခုနစ်စင်ကြယ်အကယ်ဒမီ၌ ရှဲ့လင်ဖုန်း၏ ဂုဏ်သတင်း ပျံ့နှံခြင်း(၂)

Vol. 15 Ch. 216

ဖူယွင်ထန်းက ခေါင်းငြိမ့်ကာ ပြောသည်။

"ကောင်းပြီ ငါနဲ့လိုက်ခဲ့.."

သူက ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အတွင်းဘက်သို့ လျှောက်ဝင်သွား၏။

ရွှီယန်က သူ၏နောက်မှ နီးကပ်စွာ လိုက်သည်။ အခြား သိုင်းသမားများမှာတော့ အများစုက လိုက်လံခြင်း မရှိပါ။

သူတို့တွင် ဝင်ရောက်ရန် အဆင့်မှီခြင်းမရှိရာ ခုနှစ်စင်ကြယ်မြို့သို့သာ ထွက်ခွာပြီး ယနေ့တွင် မြင်တွေ့ခဲ့ရသည့် သတင်းများကို လိုက်လံ ဖြန့်ကျက်သည်။

ဒီလူငယ်သည် မကောင်းဆိုးဝါးဆန်သည့် ပါရမီကို  ပိုင်ဆိုင်ထား၏။ ခုနှစ်စင်ကြယ်အကယ်ဒမီမှ အထွတ်အထိပ် သိုင်းသခင် ၁၀ယောက်ကိုပင် တစ်ယောက်တည်း အနိုင်ယူခဲ့၏။

အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် ယခုကဲ့သို့သော ပါရမီမျိုးနှင့် လူငယ်တစ်ယောက်ကို နောက်ထပ် ရှာဖွေရန် ခက်ခဲလောက်ပါသည်။

လန်ချုန်းက နောက်မှ လိုက်သွား၏။ ဒီဓားသိုင်းပညာ၏ လူငယ်ပါရမီရှင်မှာ သူ၏ အိုင်ဒေါတစ်ယောက် အဖြစ် ကိုးကွယ်ရလောက်အောင် စွမ်းရည်ရှိပါသည်။

အခွင့်အရေးကို ဖမ်းဆုတ်ပြီး မိတ်ဆွေဖွဲ့ရမည် ဖြစ်၏။ သူသာ တစ်ဖက်လူဆီမှ ညွှန်ကြားချက်အချို့ကို ရရှိနိုင်ပါက သူ၏ ဓားတာအိုသည် သိသာသည့် တိုးတက်မှုတို့ သေချာပေါက် ရရှိလာမှာ ဖြစ်၏။

ခုနှစ်စင်ကြယ် အကယ်ဒမီ တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ လူငယ်တစ်ယောက်သည် သိုင်းစင်မြင့်၉ဆင့်လုံးကို ဖြတ်ကျော်ခဲ့၏။

သိုင်းသခင် သခင်သင်းယန်ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူကာ အထွတ်အထိပ် သိုင်းသခင် ၁၀ယောက်တို့ကို တစ်ယောက်တည်း အောင်နိုင်ခဲ့လေသည်။

မရေမတွက်နိုင်သည့် တပည့်များအားလုံး အံ့သြကုန်ကြ၏။ မည်သည့်နေရာမှ ယခုမျှ ကောင်းကင်ကို ဆန့်ကျင်သည့် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာရသနည်း။

အလွန် မကောင်းဆိုးဝါး ဆန်လှပါသည်။

သူတို့သည် ကျမ်းစာအုပ် စုဆောင်းခြင်း စံအိမ်ဆီသို့  အပြေးအလွှား သွားကြ၏။ လူငယ်၏ ပုံရိပ်အချို့ကို တွေ့မြင်လိုကြသည်။

ကျမ်းစာအုပ် စံအိမ်၏ အဝင်ဝတွင် ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ကျောင်းသူများနှင့် အနီးအနားရှိ လူများ စုစည်းနေကြ၏။

သူတို့သည် အကြီးအမှူးဆရာဖူ၏ နောက်မှ လိုက်ပါလာသည့် ချောမောသည့် လူငယ်ကို တွေ့လိုက်ရသည်။

ထိုလူငယ်၏ နောက်တွင် သင်းယန်နှင့် အခြားဆရာခေါင်းဆောင်များ လိုက်ပါလာ၏။ ဆရာများ၏  နောက်တွင်မှ အပြင်ဘက်ရှိ ပါရမီရှင်များ လိုက်ပါလာ၏။ အားလုံးမှာ သိုင်းပညာစင်မြင့်တွင် ကြိုးစားခဲ့ဖူးသည့်သူများ ဖြစ်ကြသည်။

"မိတ်ဆွေလေး... မင်းက သိုင်းပညာစင်မြင့်ရဲ့ အဆင့်၉ခုကို ချိုးဖျက်ခဲ့ပေမယ့် စာအုပ်တိုက်ရဲ့ ၉လွှာကို ဝင်ရောက်ဖို့တော့ သက်ဆိုင်ရာ နောက်ခံတစ်ခုကို လိုအပ်တယ်။ မဟုတ်ရင် ၈လွှာနဲ့ သူ့အောက်က စုဆောင်းမှုတွေကိုပဲ ကြည့်လို့ရမယ်.."

"မင်းကို ဘယ်လိုခေါ်ရမလဲ မသိဘူး မိတ်ဆွေလေး.."

ဖူယွင်ထန်းက ကျမ်းစာအုပ်စံအိမ်၏ ရှေ့တွင် ရပ်တန့်သွားပြီး အပြုံးတစ်ခုဖြင့် မေးသည်။

ရွှီယန်က မြင့်မားသည့် အဆောက်အအုံကို ခေါင်းမော့ကြည့်၏။ ဤသည်မှာ ခုနှစ်စင်ကြယ် အကယ်ဒမီ၏ သိုင်းကျမ်းများ သိုလှောင်ရာ နေရာ ဖြစ်ပါသည်။

သိုင်းပညာများစွာတို့ကို စုဆောင်းထား၏။ ပညာရှင်ကြီးများ၏ သိုင်းပညာအပေါ် မှတ်ချက်များစွာလည်း ရှိပါသည်။

သို့ပေမယ့် ဤသည်မှာ ခုနှစ်စင်ကြယ်အကယ်ဒမီ၏  စစ်မှန်သည့် စုဆောင်းမှုမဟုတ်ဟု သူ့အနေနှင့် တွက်ချက်မိ၏။ ၉လွှာပင်လျှင် အပါအဝင် ဖြစ်သည်။

သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူ ရှားပါးသည့် သိုင်းကျမ်းများစွာတို့နှင့် အပြင်ဘက်လောကတွင် ပျောက်ကွယ်သွားသည့် သိုင်းကျမ်းအချို့ကိုပင် သိုလှောင်ထား၏။

'ငါဒီကိုလာတာက အနှစ်သာရကို ထုတ်ယူပြီး ကိုယ့်ကိုယ်ကို အတွင်းကို ပေါင်းစပ်ဖို့ပဲ။ ဒီနေရာက  လုံလောက်တယ်။ ဒါပေမယ့် ၉လွှာမှာ ဘယ်အဆင့်ရှိတဲ့ သိုင်းပညာတွေ ရှိနေလဲ မသိဘူး..'

'ခုနှစ်စင်ကြယ်အကယ်ဒမီက ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး သိုင်းပညာ ပညာရှင်အုပ်စုလည်း ရှိတယ်။ သူတို့ဆီမှာ စစ်မှန်တဲ့ သိုင်းပညာ အမွေအနှစ်များ ရှိနေလားမသိဘူး..'

'အခွင့်အရေးတစ်ခုရှာပြီး သူတို့နဲ့ သိုင်းပညာအကြောင်း ဆွေးနွေးကြည့်တာပေါ့။ ဖြစ်နိုင်တာက အကျိုးအမြတ်တစ်ခုခု ရနိုင်မှာလဲ ဖြစ်နိုင်တယ်..'

'ဘာပဲဖြစ်ဖြစ် နှိုင်းယှဉ်ပြီးတော့ ကျင့်ကြံတာက သင်ယူရာမှာ အဓိက လိုအပ်ချက် တစ်ခုပဲ..'

ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်က မေးသည်။

"၉လွှာမှာ ဘာကျင့်ကြံခြင်းအတတ်တွေကို မှတ်တမ်းတင်ထားလဲ.."

ဖူယွင်ထန်းက ဖုံးကွယ်မနေပဲ ပြော၏။

"အပြင်ဘက်လောကမှာ ပျောက်ကွယ်နေတဲ့  လျှို့ဝှက်အတတ်အချို့ပါ။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကို ဒဏ်ရာရစေပြီး ခွန်အားကို ကြီးကြီးမားမား မြှင့်တင်နိုင်တာမျိုး.. ပြီးတော့ အခြားလူတွေကို ထိခိုက်စေတဲ့ သိုင်းပညာအချို့လည်း ရှိတယ်။ ဥပမာအားဖြင့် လူတွေကို သတ်ဖြတ်ပြီး အဆီအနှစ်နဲ့ သွေးကို ကိုယ်ပိုင်အသုံးပြုဖို့အတွက် သန့်စင်တဲ့ဟာမျိုးပေါ့..."

"အဲ့ဒီ့သိုင်းပညာတွေက အပြင်ဘက်ကို လက်ဆင့်ကမ်းပေးလို့ မရဘူး။ မဟုတ်ရင် သွေလွဲမှုတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါပေမယ့် သူတို့မှာလည်း ကိုယ်ပိုင် အထူးသီးသန့် အတွေးအမြင်တွေ ရှိတယ်။ သိုင်းပညာရဲ့ အကိုင်းအခွဲ လမ်းစဉ်တွေလို့တောင် ပြောလို့ရတယ်.."

"အဲ့ဒါကြောင့်မို့လို့ မဖျက်ဆီးဘဲနဲ့ သိမ်းဆည်းထားတာ.."

"အဲ့ဒါတွေအပြင် ၉လွှာမှာ ပုံမှန်ကျင့်ကြံလို့ရတဲ့ လျှို့ဝှက်အတတ်နဲ့ ကျင့်စဉ်တွေလည်း အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ၉လွှာကို လူတိုင်းဝင်လို့ မရဘူး.."

ရွှီယန် နားလည်သွား၏။ လက်စသတ်တော့ ထိုကဲ့သို့ ဖြစ်သည်။ သူသည် မိစ္ဆာကျင့်စဉ်များအကြောင်းကို တွေးမိလိုက်၏။ ဥပမာအားဖြင့် ရွှယ့်ဝူရှင်းသည် လူများ၏ သွေးနှင့် အဆီအနှစ်ကို စုပ်ယူသည့် မိစ္ဆာကျင့်စဉ်အား ကျင့်ကြံလေသည်။

ရွှီယန်က လက်လက်သီးနှစ်ဖက်ကို ဆုတ်ကာပြောသည်။

"လက်စသတ်တော့ ဒီလိုကို... ကျွန်တော်က ရှဲ့လင်ဖုန်းပါ။ ဒါဆိုရင် ၉လွှာကို ဝင်လို့ရပြီလား မသိဘူး.."

ဖူယွင်ထန်းက သူသိရှိပြီးဖြစ်သည့် ပုံစံနှင့်ပြုံး၏။ သူ၏ ခန့်မှန်းချက်မှာ မှားယွင်းခြင်း မရှိခဲ့ပေ။ ယနေ့ခေတ်၏ အတွင်းဘက်နယ်မြေတွင် ဓားပညာ၌ ယခုကဲ့သို့သော ပါရမီရှိသူ တစ်ယောက်မှာ ရှဲ့လင်ဖုန်းမှလွဲ၍ အခြားလူမဖြစ်နိုင်ပေ။

ခုနစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားအားလုံး အံ့သြသွားကြသည်။

ဤသည်မှာ ကျန်းကျွင်းရာ၏ နှစ်တစ်ထောင်တွင် တစ်ယောက်ပေါ်ထွန်းသည့် အကြီးမားဆုံး ဓားပါရမီရှင်လေးလား။ အမှန်တကယ်ကို စွမ်းအားကြီးမားလှသည်။

ကျန်းကျွင်းရာသည် အမှန်တကယ်ကို အတွင်းဘက်နယ်မြေ၏ နံပါတ်တစ်ဓားဂိုဏ်း ဖြစ်၏။

"လက်စသတ်တော့ ရှဲ့လင်ဖုန်းကို.. အံ့သြစရာမရှိဘူး.."

"ဟုတ်တယ်... ငါလည်း သူဆိုတာကို အစောကြီးကတည်းက ခန့်မှန်းမိခဲ့တယ်.."

"ငါကြားတာတော့ ရှဲ့လင်ဖုန်းက ဝူရွှမ်းစံအိမ်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုမှမပေးဘဲနဲ့ သွားရောက်လည်ပတ်ခဲ့တယ်တဲ့။ ဝူရွှမ်းစံအိမ်ရဲ့ နာမည်ကျော်မိန်းကလေးကိုတောင် တွေ့မြင်ခဲ့တယ် ပြောတယ်.."

"ဟစ်... ဘယ်လောက် မနာလိုစရာ ကောင်းလိုက်လဲ... စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်စက်ကိုတောင် မသုံးဘဲနဲ့ ဝူရွှမ်းစံအိမ်ကိုတောင် ဝင်ရောက်နိုင်တယ်။ ဒါက အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်ရဲ့ ခံစားခွင့်လား.."

"ဒါက အနှိုင်းမဲ့ ပါရမီရှင်ဖြစ်ရုံနဲ့တင် မရလောက်ဘူး။ သူ့ရဲ့ချောမောတဲ့ ရုပ်ရည်ကို ကြည့်လိုက်ဦး။ ဘယ်မိန်းကလေးက စိတ်လှုပ်ရှားဘဲ နေမှာလဲ။ ငါကတော့ တကယ့်ကို မနာလိုဖြစ်မိတယ်.."

ခုနှစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသားများက  ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြ၏။ အချို့က မနာလိုမှု၊ အချို့က အားကျမှု၊ အချို့က လေးစားမှု၊ အချို့ကချစ်ခင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

ရှဲ့လင်ဖုန်း၏ အမည်သည် ခုနှစ်စင်ကြယ်အကယ်ဒမီအတွင်း၌ လေပွေတစ်ခုကဲ့သို့ ပျံ့နှံ့သွား၏။ လန်ချုန်းက ကြောင်တောင်သွားသည်။

"အကိုရှဲ့လား... မဖြစ်နိုင်ဘူး.."

တစ်ဖက်လူက အကိုရှဲ့ယောင် အယောင်ဆောင်ထားသည်လား။ မည်သည့်နေရာမှ သတ္တိတို့ ရလာခဲ့သနည်း။

ထိုအချိန်၌ လန်ချုန်းအနေနှင့် ရှေ့သို့တက်ကာ တစ်ဖက်လူကို ထုတ်ဖော်ချင်လေသည်။ သို့ပေမယ့် စဉ်းစား၏။

'ငါသာ သူ့ကို အစ်ကိုရှဲ့မဟုတ်ကြောင်း ဖော်ထုတ်လိုက်ရင် ဆိုလိုတာက ဒီလောကကြီးမှာ ငါတို့ ဓားသခင်ချောက်ကမ်းပါးထပ် ကျော်လွန်တဲ့ လူတစ်ယောက် ရှိနေသေးတယ်လို့ ဆိုလိုတာပေါ့..'

'နောက်ပြီးတော့ သူက ဓားသခင်ချောက်ကမ်းပါးက လာတာလို့လည်း မပြောခဲ့ဘူး။ နာမည်ချင်း တူနေတာလို့ပဲ ပြန်ငြင်းရင်ရော...'

'မဟုတ်သေးဘူး။ သူ့ရဲ့ပုံစံကို ကြည့်ရတာ ကျန်းကျွင်းရာ သို့မဟုတ် စီနီယာအစ်ကိုကြီးက ဒီအကြောင်းကို သိသွားမှာကို စိုးရိမ်ပုံ လုံးဝမရှိဘူး။ ဖြစ်နိုင်တာက သူနဲ့ စီနီယာအစ်ကိုကြီးက အသိတွေများလား..'

'ငါစိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ဘူး။ မလောနဲ့.. အစ်ကိုကြီးကို အရင်ဆုံး သတင်းပို့ရမယ်..'

လန်ချုန်းက ထိုကဲ့သို့ တွေးမိပြီးနောက် အလျှင်အမြန် ထွက်ခွာသွား၏။

သူက စီနီယာအစ်ကိုကြီးဆီသို့ စာပို့ကာ အယောင်ဆောင်နေသူဟု သံသယဝင်ရသည့် လူတစ်ယောက်ရှိသည်ဟု ပြောမည် ဖြစ်သည်။

"လက်စသတ်တော့ မင်းကို... မိတ်ဆွေလေးရှဲ့ ၉လွှာကို မင်းဝင်နိုင်ပါတယ်။ ကျေးဇူးပြုပြီး.."

ဖူယွင်ထန်းက ပြုံးကာ ခေါင်းငြိမ့်သည်။

ရွှီယန်က ဝမ်းသာသွား၏။ ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'အစ်ကိုရှဲ့ရဲ့ ဂုဏ်သတင်းက တကယ့်ကို အသုံးဝင်တာပဲ။ ဒီတစ်ကြိမ် ငါသူ့ကို နာမည်ကြီးအောင် ကူညီပေးခဲ့တယ်။ အစ်ကိုရှဲ့သာသိရင် အရမ်းကို ပျော်သွားလောက်တယ်မလား..'

ဖူယွင်ထန်း၏ နောက်သို့လိုက်ကာ ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်အတွင်းသို့ ဝင်ရောက်၏။

"လူငယ်... ၉လွှာကို တစ်ခါတည်း သွားချင်လား။ ဒါမှမဟုတ် တစ်လွှာချင်းစီကို ကြည့်ချင်လား.."

ဖူယွင်ထန်းက မေးသည်။

"ကျွန်တော် ဒီကို အချိန်မရွေး ဝင်ရောက်ပြီးတော့ ဖတ်လို့ရောရလား.."

ရွှီယန်က ထူထဲစွာ ရှိနေသည့် စာအုပ်စင်များကို  ကြည့်ကာ စာအုပ်များ၏ အရေအတွက်မှာ ရေတွက်၍ပင် မရကြောင်းကို တွေ့လိုက်ရသည်။

"သိုင်းပညာစင်မြင့်ကို ဖြတ်ကျော်နိုင်တဲ့ လူတွေက တစ်နှစ်အတွင်းမှာ ဒီနေရာကို စိတ်ကြိုက်လာပြီးတော့ ဖတ်ရှု့လို့ရတယ်.."

ဖူယွင်ထန်းက ဖြေကြားသည်။

"ဒါဆိုရင် ၉လွှာကိုသွားပြီးတော့ အပေါ်ဆုံးထပ် ကနေပြီး တဖြည်းဖြည်း ဖတ်တာပေါ့.."

ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြော၏။

အလွန်သာမန်ဆန်ကာ အခြေခံကျသည့် သိုင်းစာအုပ်များမှာ သူ့အတွက် အသုံးမဝင်လုနီးပါး ရှိနေပါသည်။

အချို့ ချွင်းချက် စာအုပ်များလည်း ရှိ၏။ သို့ပေမယ့်  သိုင်းကျမ်းများ၏ အဆင့်ပိုမို မြင့်မားလေလေ အဖိုးပိုတန်လေဖြစ်ပြီး အကျိုးအမြတ်များလည်း ပိုမိုရနိုင်လေဖြစ်သည်။

သူက ၉လွှာသို့ လျှောက်လာရင်းက ပြော၏။

"ကျွန်တော်ကြားတာတော့ ခုနစ်စင်ကြယ်အကယ်ဒမီမှာ သိုင်းပညာ ပညာရှင် လူတစ်စု ရှိတယ်တဲ့။ ကျွန်တော် သူတို့နဲ့ သိုင်းပညာအကြောင်း ဆွေးနွေးချင်ရင်ရော ဖြစ်နိုင်လားမသိဘူး.."

ဖူယွင်ဖန်း၏ မျက်ခုံးများက မြင့်တက်သွားသည်။ ခဏတာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်၏။

"ကောင်းပြီ.."

ရွှီယန်၏ ပါရမီကို တွေးဆပြီးနောက် သိုင်းပညာအပေါ်တွင် ထူးကဲသည့် အတွေးအမြင်တို့ ရှိနေမည်ဟု သူသိလိုက်၏။

၉လွှာသို့ ရောက်ရှိချိန်၌ စာအုပ်စင်များက ပိုမို နည်းပါးလာပြီး စာအုပ်အရေအတွက်လည်း အများကြီး မရှိတော့ပေ။

"စိတ်ကြိုက် ဝင်ဖတ်ကြည့်ပါ မိတ်ဆွေလေး.."

ဖူယွင်ထန်းက ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ကာ ပြောသည်။

ရွှီယန်က ခေါင်းငြိမ့်ကာ စာအုပ်စင်တစ်ခုဆီသို့ အသာလျှောက်သွား၏။ စာအုပ်တစ်အုပ်ကို ယူကာ စတင်ဖတ်ရှု့သည်။

စာအုပ်များမှာ ကူးယူထားခြင်းဖြစ်ပြီး မူလစာအုပ်များ မဟုတ်ပေ။ ထိုသို့ဆိုလျှင်တောင် ကူးယူထားတာ အချိန်တစ်ခု ကြာပြီဖြစ်ပြီး အဝါရောင်သို့ ပြောင်းနေပြီးဖြစ်၏။

ဤသည်မှာ လျှို့ဝှက်သိုင်းပညာ အတတ်တစ်ခုဖြစ်သည်။ အပြင်ဘက်လောကတွင် ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်၏။

ဤသည်မှာ ကိုယ်ကိုယ်တိုင်၏ သွေးအဆီအနှစ်နှင့် အခြေခံကို ထိခိုက်အောင် ပြုလုပ်ပြီး မိမိခွန်အားထက် သာလွန်သည့် စွမ်းအားကို ယာယီ ထုတ်လွှတ်နိုင်သည့် အတတ်ဖြစ်သည်။

ရွှီယန်က ၎င်းတို့ကို လှန်‌လောပြီးနောက် ခေါင်းကိုအနည်းငယ် ရမ်း၏။ ဤသည်က ဆိုးရွားလှပါသည်။ ချပြီးနောက် နောက်ထပ်စာအုပ်များကို ဆက်လက်ဖတ်ရှု့၏။

ဖူယွင်ထန်းက ရွှီယန်အား အာရုံထားနေပါသည်။

တစ်ဖက်လူသည် စာအုပ်များကို အလွန်လျှင်မြန်စွာ လှန်‌လောနေကြောင်းအား တွေ့လိုက်ရ၏။ စာအုပ်တစ်အုပ်ကို အလွန်လျှင်မြန်စွာ ဖတ်ရှု့ပြီးနောက် နောက်တစ်အုပ်ကို ထပ်မံယူငင် ဖတ်ရှု့သည်။

အများစုတို့ကို ဖတ်ရှု့ပြီးနောက် ခေါင်းကိုရမ်း၏။ ကြည့်ရတာ အလိုမကျသည့်ပုံ ရှိ၏။

"မကောင်းဆိုးဝါးပဲ.."

ဖူယွင်ထန်းက နှလုံးသားထဲတွင် သက်ပြင်းချသည်။ ကျန်းကျွင်းရာတွင် နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာပြန်ပြီ ဖြစ်၏။

အချိန်က ကုန်ဆုံးနေ၏။ ရွှီယန်သည် ၉လွှာမှ စာအုပ်တစ်ဝက်ကျော်တို့ကို လှန်လောပြီးသွားသည်။ ဒီနေရာတွင် လျှို့ဝှက်အတတ် များစွာနှင့် သိုင်းပညာများစွာတို့ ရှိ၏။

သို့ပေမယ့် အများစုမှာ သူ၏မျက်လုံးထဲသို့ ဝင်ခြင်း မရှိပေ။

'ဒါတွေအားလုံးက အားနည်းပြီးတော့ သာမန်ဆန်လွန်းတယ်..'

'ဒါပေမယ့် လုံးဝ အသုံးမဝင်ဖြစ်နေတာတော့ မဟုတ်ဘူး။ ငါသာ အသုံးဝင်တာတွေကို စစ်ထုတ်ပြီး အနှစ်သာရကို ရှာဖွေနိုင်ရင် သိုင်းပညာအတတ်အချို့ကနေ နားလည်သဘောပေါက်မှုတွေ ရလာနိုင်တယ်..'

ရွှီယန်က စာအုပ်ကိုချသည်။

"ကျွန်တော် သိုင်းပညာ ပညာရှင်တွေနဲ့ သိုင်းပညာအကြောင်း ဆွေးနွေးပြီး တစ်ဖက်နဲ့တစ်ဖက်ရဲ့  အသိအမြင်တွေကို အတည်ပြုချင်တယ်.."

ရွှီယန်က ဖူယွင်ထန်းကို ကြည့်ကာ ပြောသည်။

"ကောင်းပြီ.."

ဖူယွင်ထန်းက ခေါင်းငြိမ့်ကာ မတ်တပ်ရပ်ပြီး ပြော၏။

"ခဏစောင့်.."

ပြီးနောက် သူက ထွက်ခွာသွား၏။

ရွှီယန်က စာအုပ်များကို ဆက်လှန်လောရင်းက စောင့်စားနေပါသည်။ သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ထိုသိုင်းပညာ ပညာရှင်များတွင် မည်သည့် ထူးကဲသည့် အတွေးအမြင်တို့ ရှိနေမည်လဲဟု ကြည့်မည်ဖြစ်၏။

ပြီးလျှင် စစ်မှန်သည့် သိုင်းပညာကို ကျင့်ကြံသူ ရှိလားဟုလည်း ကြည့်ရပေမည်။

လှေကားသို့ နင်းတက်သံများ ပေါ်လာခဲ့၏။ သိုင်းသခင်အဆင့် သိုင်းသမား၁၀ယောက်ကျော်တို့ လျှောက်တက်လာခဲ့သည်။

ရွှီယန်က ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကျုံ့သွား၏။ အဘယ်ကြောင့် အားလုံးမှာ သိုင်းသခင်များ ဖြစ်နေရသနည်း။ အထွတ်အထိပ် သိုင်းသခင်များဖြစ်ပေမယ့် မည်သည့် စစ်ဘုရင်တစ်ယောက်မှ မပါပေ။

ဖူယွင်ထန်းက ပြုံးကာ ပြော၏။

"သိုင်းသခင်တွေက သိုင်းလောကရဲ့ ထိပ်တန်းမှာရှိနေပြီးပြီ။ စစ်ဘုရင်တွေကတော့ သိုင်းပညာဆွေးနွေးမှုမှာ ပါဝင်မှာ မဟုတ်ဘူး.."

ရွှီယန်က ခေါင်းငြိမ့်သည်။ ဖူယွင်ထန်းက ရှင်းလင်းစွာ မပြောပေမယ့် စစ်ဘုရင်အဆင့် သိုင်းပညာ ပညာရှင်များမှာ သူကဲ့သို့ ဂျူနီယာတစ်ယောက်နှင့်အတူ လာရောက်ဆွေးနွေးမည် မဟုတ်ကြောင်းအား  နားလည်လိုက်၏။

သူ၏ အံ့သြစရာကောင်းလှသည့် ခွန်အားနှင့် ရှဲ့လင်ဖုန်း၏ ဂုဏ်သတင်းကို အသုံးပြုခဲ့၍ကြောင့်သာ မဟုတ်ပါက ဖြစ်နိုင်သည်မှာ သိုင်းသခင်အဆင့် သိုင်းပညာပညာရှင်များလည်း သူ့ကို လာရောက်တွေ့ဆုံမည် မဟုတ်လောက်ပေ။

"ကျေးဇူးပြုပြီး အစ်ကိုရှဲ့.."

သိုင်းပညာ ပညာရှင်အုပ်စုက တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ သူတို့၏ ပုံစံများက လေးနက်နေ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူများ၏ သိုင်းပညာအပေါ် ရူးသွပ်မှုကို တွေ့မြင်နိုင်ပါသည်။ ၁၀ယောက်ထဲတွင် ၉ယောက်သည် မျက်လုံးများ၌ အမဲကြောင်းများ ရှိနေ၏။

All Chapters