လောကကြီးမှာ ဒီလိုမျိုး သိုင်းပညာ ရှိလို့လား(၂)
Vol. 15 Ch. 218
သိုင်းပညာ ပညာရှင် အုပ်စုက ပဟေဋိဖြစ်သွားသည်။ သံအရိုး၊ ကြေးအရိုးနှင့် ရွှေအရိုးတို့ အကြောင်းကို ကြားရပြီးနောက် ကြောင်သွားကြ၏။ သူတို့သည် ပိုမိုနားထောင်လေလေ ပိုမို ယုတ္တိမရှိဟု ခံစားရလေ ဖြစ်လာခဲ့သည်။
သံသယအကြည့်များက ရွှီယန်အပေါ်သို့ ကျရောက်လာ၏။ ဖြစ်နိုင်တာက ဒီလူငယ်သည် အချို့ အတုအယောင် သီအိုရီများကို ဖတ်ရှူပြီး ရူးသွားသည်လား။
ဖူယွင်ထန်း၏ မျက်နှာကလည်း အံ့ဩမှုတို့ဖြင့် ပြည့်နှက်လာ၏။
“မင်းဆက်ပြော”
သိုင်းပညာ ပညာရှင်တစ်ယောက်က သိလိုစိတ်ကို ဖိစီးကာ ပြောသည်။
“အရိုးသန့်စင်ခြင်း အပြီးမှာတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း လာတယ်.. ကြွက်သားနဲ့ အရိုးတွေက မိုးကြိုးလို မြည်ဟည်းလာပြီး ချီနဲ့သွေးက ပြင်းပြင်းထန်ထန် စီးထွက်လာရင် ချီနဲ့သွေး အဆင့်ကို ရောက်ပြီ… ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ဆက်သွယ်ပြီးချိန်မှာတော့ မူလအစစ်အမှန်ချီကို သန့်စင်နိုင်ပြီ.. အဲ့ဒါက မူလအဆင့်ပဲ”
ရွှီယန်က သိုင်းပညာအား ရှင်းပြ ပြီးစီး၏။ သိုင်းပညာ ပညာရှင်များ အားလုံး၏ မျက်လုံးများက ပြူးကျယ်နေပြီး ပြောစရာစကား ကင်းမဲ့လောက်အောင် အံ့ဩနေပါသည်။
“ဒါက မင်းဘာသာ လျှောက်ပြီး စိတ်ကူးယဉ်ထားတာ မလား”
သိုင်းပညာ ပညာရှင်တစ်ယောက်က အနေနိုင်ပဲ ပြောသည်။
ဤသည်က လုံးဝ ထူးဆန်းနေပါသည်။ ကြွက်သားများနှင့် အရိုးများ မိုးကြိုးကဲ့သို့ မြည်ဟည်းခြင်း၊ ချီနှင့်သွေး၏ ပြင်းထန်စွာ စီးထွက်လာခြင်း၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို တည်ဆောက်ခြင်း… သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ရှူသွင်းရှူထုတ်လုပ်ခြင်း.. ချီနှင့်သွေးအဆင့်.. မူလအဆင့်..
ဘယ်အချိန်တုန်းက သိုင်းပညာတွင် ထိုအဆင့်များ တည်ရှိလာခဲ့သနည်း။
“ဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်တာ ဖြစ်နိုင်မှာလဲ”
ရွှီယန်က လူအားလုံးတို့ကို သူသဘောပေါက်ပါသည် ဟူသည့် အကြည့်ဖြင့် ကြည့်၏။ လက်ကိုဆန့်သည်။
“ငါ့ရဲ့လက်ကို ကြည့်လိုက်.. ဓါးနဲ့ဆေဘာတွေ ထိခိုက်အောင်လုပ်လို့ မရဘူး”
“မဖြစ်နိုင်ဘူး။ မင်းပြောနေတာ အားလုံးက လုံးဝ ယုတ္တိမရှိဘူး”
သိုင်းပညာ ပညာရှင်တစ်ယောက်က ခေါင်းကိုယမ်းသည်။
ရွှီယန် ဖော်ပြသည်မှာသာ သိုင်းပညာ၏ စစ်မှန်သည့် တည်ရှိမှုတစ်ခု ဖြစ်ပါက ဒီလောကကြီးတွင် သူတို့ကျင့်ကြံသည့် သိုင်းပညာမှာ မည်ကဲ့သို့ ဖြစ်သွားမည်နည်း။ နှိုင်းယှဉ်ကြည့်ပါက သူတို့၏ သိုင်းပညာ ကျင့်ကြံမှုများမှာ အလွန် အားနည်းနေပုံ ရှိသည်။
ဆန်းကြယ်မှုပဲဖြစ်ဖြစ်၊ အမည်များပဲဖြစ်ဖြစ် နောက်တွင် အများကြီး ကျန်ရစ်ခဲ့၏။
“လာခဲ့.. ငါပြောနေတာ မှန်လား၊ မမှန်လား ဆိုတာကို စမ်းသပ်ဆွေးနွေးကြမယ်”
ရွှီယန်က ပြုံးသည်။
“ကောင်းပြီလေ။ ဆွေးနွေးတာပေါ့”
သိုင်းပညာ ပညာရှင် အုပ်စုက သိုင်းပညာ သီအိုရီများအကြောင်း ယှဉ်ပြိုင်ခြင်း တိုက်ပွဲကို စတင်ဆင်နွှဲပြီး သူတို့ ကိုယ်ပိုင် စွမ်းရည်များ၏ အခြေခံကျမှုများနှင့် ခွန်အားတို့ကို ဆွေးနွေးသည်။
ဆွေးနွေးမှု အပြီးတွင် သိုင်းပညာ ပညာရှင် အားလုံးတို့ ငိုင်တိုင်သွားကြ၏။ သူတို့၏ မျက်နှာများက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။
သီအိုရိအရပဲဖြစ်ဖြစ်၊ ခွန်အားအရာပဲဖြစ်ဖြစ် ရွှီယန်၏ ရှင်းပြချက်နှင့် သရုပ်ပြမှုများမှာ သူတို့ထက် သာလွန်နေပါသည်။ ချက်ချင်းပင် နှလုံးသားထဲ၌ ကြီးမားသည့် လှိုင်းများ ထွက်ပေါ်လာခဲ့၏။
“လောကကြီးမှာ ဒီလို သိုင်းပညာလည်း ရှိနေတာလား.. ဒါဆို ငါကျင့်ကြံဖို့ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်က မှားနေတာလား”
သိုင်းပညာ ပညာရှင်များ အားလုံး အတွေးနက်သွားကြ၏။
ရွှီယန်က ကျေနပ်သည့် အပြုံးနှင့် မတ်တပ်ရပ်သည််။ ကြည့်ရတာ ဒီလူများလည်း ယခုအချိန်၌ သူတို့ကိုယ်သူတို့ မည်မျှ နုံချာလှသည်ကို နားလည်သွားသည့်ပုံ ရှိသည်။ သူတို့၏ သိုင်းပညာလမ်းစဉ် မည်မျှ အားနည်းလှကြောင်းကို နားလည်လောက်ပြီ ဖြစ်၏။
“မင်းတို့အားလုံး ပြန်ပြီးရင် ကောင်းကောင်းစဉ်းစားသင့်တယ်.. အကျိုးအမြတ် တစ်ခုခု ရလာမှာပါ”
ရွှီယန်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ သူ့တွင် အတွေးသစ်အချို့ ရလာခဲ့ပြီး နေရာတစ်ခုရှာကာ သူ၏ အစစ်အမှန်ချီ ခွဲထုတ်မှုကို ပြီးဆုံးအောင် လုပ်မည်ဟု စီစဉ်ထားသည။
“မိတ်ဆွေလေး.. ဒီလောက် အလျှင်စလို မသွားပါနဲ့ဦး။ ဆက်ပြီး ဆွေးနွေးကြရအောင်”
သိုင်းပညာ ပညာရှင်တစ်ယောက်က အမြန်ပြော၏။
သိုင်းပညာအပေါ် ဒီဆွေးနွေးမှုသည် သူတို့၏ ကျင့်ကြံမှုအား ထားရှိသည့် ရှည်လျားသည့် ယုံကြည်ချက်အားလုံး ပြိုလဲသွားစေသည်။ ဘဝ၏ အချိန်အများစုတို့ နှစ်မြှုပ်ကာ ကြိုးကြိုးစားစား လေ့လာအားထုတ်နေသည့် သိုင်းပညာကို မေးခွန်းတို့ ထုတ်မိစေ၏။
“အခု ကျွန်တော့မှာ အချိန်မရှိလို့.. အားတဲ့အခါမှ ထပ်ပြီး ဆွေးနွေးတာပေါ့”
ရွှီယန်က လှေကားမှ ဆင်းသွား၏။
ဖူယွင်ထန်းက နောက်မှလိုက်ကာ မနေနိုင်ပဲ မေးသည်။
“ဒါတွေအားလုံးကို သူတို့ကို လှည့်ဖျားဖို့ မင်းလျှောက်ပြောခဲ့တာလား”
“ဘယ်လိုထင်လဲ”
ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။ သိုင်းပညာအပေါ် ပိုမိုရူးသွပ်ကာ သိုင်းပညာ၏ ချိုင့်ခွက်အတွင်းတွင် ပိုမို ပိတ်မိနေတတ်ပြီး ရုန်းမထွက်နိုင်အောင် ဖြစ်ကြတတ်သည်။
ထိုလူများသည် စစ်မှန်သည့် သိုင်းပညာ သီအိုရီများနှင့် ထိတွေ့ချိန်၌ စိတ်အခြေအနေတို့ အလွယ်တကူ လှုပ်ခါလာမှာ ဖြစ်၏။ သူတို့ကျင့်ကြံသည့် သိုင်းပညာအပေါ် မေးခွန်းတို့ ထုတ်လာမှာ ဖြစ်သည်။
ဖူယွင်ထန်းကဲသို့ သိုင်းသမားများမှာတော့ ထိုကဲ့သို့သော ကိုယ့်ကိုယ်ကိုယ် ကြီးမားသည့် သံသယဝင်မှုတို့ ရှိမည် မဟုတ်ပါ။
“သိုင်းပညာ ပညာရှင်တွေက သိုင်းပညာနဲ့ ပက်သက်ပြီး အရမ်းကို ရူးသွပ်ကြတယ်။ ငါသာ စစ်မှန်တဲ့ သိုင်းပညာကို ဖြန့်ကျက်ချင်ရင် သူတို့တဲ့ စတင်တာက ဆိုးမှာတော့ မဟုတ်ဘူး”
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
ဖူယွင်ထန််း၏ ပါးစပ်က ပွင့်ဟနေ၏။ သို့ပေမယ့် သူ၏ မေးခွန်းကို ဆက်လက်မေးမြန်းခြင်း မပြုတော့ပါ။
ဒီသိုင်းပညာ ဆွေးနွေးပွဲတွင် ရှင်းလင်းစွာပင် ခုနစ်စင်ကြယ် အကယ်ဒမီက ရှုံးနိမ့်ခဲ့၏။
ရွှီယန်ပြောခဲ့သည့် သိုင်းပညာမှာ ကျပန်း လျှောက်ပြောခြင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သိုင်းပညာ ပညာရှင်များကို ထိုးနှက်ချက်ရစေပြီး ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ဘက်က ရှုံးနိမ့်ခဲ့၏။
ရွှီယန်သည် စံအိမ်မှ ထွက်လိုက်သည်နှင့် အပြင်ဘက်တွင် စောင့်စားနေသည့် လူအုပ်ကို တွေ့လိုက်ရသည်။ သူ့ကို မျှော်လင့်စွာဖြင့် လာရောက် ကြည့်ရှုကြခြင်း ဖြစ်၏။
“သခင်လေးရှဲ့”
ငယ်ရွယ်သည့် အမျိုးသမီး သိုင်းသမတစ်ယောက်က လှမ်းအော်သည်။
“သူက ရှဲ့လင်ဖုန်းလား.. အရမ်းငယ်တာပဲ”
“မယုံနိုင်စရာပဲ။ ငါသာ သူ့လောက် ပါရမီကောင်းရင် ကျောင်းသူလေးတွေ သတိမထားမိကြမှာကို စိုးရိမ်စရာ လိုပါဦးမလား”
“မဟုတ်ဘူး။ ငါရှဲ့လင်ဖုန်းရဲ့ ရုပ်ချောမှုအချို့ကို လိုအပ်နေပြီ.. အဲ့လိုဆို တွဲချင်သူတွေ နည်းမှာ မဟုတ်ဘူး”
ရွှီယန်က ရပ်မနေပါ။ သူသည် နေရာတစ်ခုကို ရှာဖွေပြီး အစစ်အမှန်ချီအား ခွဲခြားမှုကို ပြီးမြောက်စေရန် အလွန် စိတ်အားထက်သန်နေ၏။
“အစ်ကိုရှဲ့.. မင်းရဲ့ ဂုဏ်သတင်းကတော့ ပိုပိုပြီး ကြီးလာနေပြီ”
နှလုံးသားထဲတွင် သက်ပြင်းချကာ ရှဲ့လင်ဖုန်းအတွက် စိတ်ရင်းဖြင့် ပျော်ရွှင်မိ၏။
“နှုတ်ဆက်ပါတယ်”
ဖူယွင်ထန်းကို ဦးညွှတ်ပြီးနောက် ရွှီယန်က အနည်းငယ် လှုပ်ရှားလိုက်သည်။ လူအုပ်ကို ဖြတ်ကျောက်ကာ ခုနစ်စင်ကြယ် အကယ်ဒမီ၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။
ဖူယွင်ထန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်လှုပ်ရှားမှု အတတ်သည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှ၏။
ရွှီယန်သည် ခုနစ်စင်ကြယ် အကယ်ဒမီမှ လျှင်မြန်စွာ ထွက်ခွာပြီးနောက် အနီးအနားရှိ ခုနစ်စင်ကြယ် မြို့ဆီသို့ ဦးတည်ခဲ့သည်။ ယာယီနေထိုင်ရန် နေစရာတစ်ခုကို ရှာဖွေပြီး သူ၏ အစစ်အမှန်ချီအား ခွဲခြားမှုကို ပြီးမြောက်အောင်လုပ်ကာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ တစ်ခါတည်း ချိုးဖျက်မည် ဖြစ်၏။
ခုနစ်စင်ကြယ် အကယ်ဒမီ၏ ကျမ်းစာအုပ် စံအိမ်တွင် သူသည် သိုင်းကျမ်းများစွာတို့ကို ဖတ်ရှုခဲ့ပြီး သိုင်းပညာ ပညာရှင်များနှင့် ဆွေးနွေးမှုလည်း ပြုခဲ့၏။ ဤသည်က သူ့ကို ဉာဏ်အလင်းအသစ်အချို့ ရလာစေခဲ့သည်။ အစစ်အမှန်ချီ၏ ခွဲခြားမှုကို လျှင်မြန်စွာ ပြီးမြောက်နိုင်တော့မည် ဖြစ်၏။
ဤသည်သာ ပြီးမြောက်ပါက အစစ်အမှန်ချီ၏ ဆန်းကြယ်မှုတို့ကို ပြည့်စုံစွာ နားလည်သဘောပေါက်လာပြီး မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ တက်လှမ်းနိုင်မှာ ဖြစ်သည်။
“ငါက သိုင်းကျင့်ကြံရမှာ.. အဲ့တော့ တည်းခိုဆောင်က အဆင်မပြေဘူး။ တိတ်ဆိတ်တဲ့ ခြံဝန်းငယ်တစ်ခုလောက် လိုအပ်တယ်။ ဒါပေမယ့် အဲ့ဒါက ဈေးကြီးလောက်မှာ”
သက်ဆိုင်ရာ စိတ်ဝိညာဉ်ပုံဆောင်ခဲ ပမာဏတစ်ခုကို ပေးဆောင်ရမည်ဟု တွေးမိလိုက်သည်နှင့် ရွှီယန်၏ နှလုံးသားက ဆွဲညှစ်ခံရသကဲ့သို့ နာကျင်လာခဲ့၏။
သူ့တွင် စိတ်ဝိညာဉ်ပုံဆောင်ခဲ တော်တော်များများ ရှိပေမယ့် စိတ်ဝိညာဉ်ဆေးပင်များကို ဝယ်ယူရဦးမည် ဖြစ်သည်။ အများကြီးကျန်မည် မဟုတ်လောက်ပါ။
တွက်ချက်မှုအချို့ ပြုပြီးနောက် သူ့ကိုယ်သူ အလွန် ဆင်းရဲနေသေးကြောင်းအား နားလည်လိုက်၏။
“ဂျူနီယာညီမလေးရဲ့ ရန်သူတွေ ဘယ်မှာများလဲ မသိဘူး။ အဖွဲ့ခွဲ အနည်းငယ်လောက်သာ ထပ်ပြီး တွေ့ရရင် ကောင်းမယ်။ အဲ့ဒါဆို ငါလည်း လျှင်လျှင်မြန်မြန် ချမ်းသာလာနိုင်တယ်”
ရွှီယန်က စဉ်းစားသည်။
ရုတ်တရက် ပုံရိပ်တစ်ခု ပျံသန်းလာပြီး သူ၏ရှေ့တွင် ပိတ်လာခဲ့၏။
“ကျွန်တော်က ဓါးသခင် ချောက်ကမ်းပါးက လန်ချုံးပါ။ ခင်ဗျားဘာလို့ ကျွန်တော့အစ်ကိုကြီးရှဲ့ယောင် ဟန်ဆောင်တာလဲ မသိဘူး”
လန်ချုံးက လေးနက်စွာ ကြည့်သည်။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွား၏။ ဓါးသခင်ချောက်ကမ်းပါးမှ တပည့်တစ်ယောက်လေလား။ သူက ချက်ချင်းပင် ချေပစွာ ပြောသည်။
“မဟုတ်တာ မပြောနဲ့.. ဟန်ဆောင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ.. ငါက အစ်ကိုရှဲ့ရဲ့ ခွင့်ပြုချက် ရထားပြီးသား”
လန်ချုံးက မှင်သက်သွား၏။
“အစ်ကိုကြီးက ခွင့်ပြုထားတယ်”
“ဒါပေါ့။ အစ်ကိုရှဲ့က အတွင်းဘက်နယ်မြေကို လာပြီးရင် ဘယ်လိုကိစ္စမျိုးကြုံကြုံ သူ့နာမည်ကို သုံးလိုက်လို့တောင် ပြောထားတာ”
ရွှီယန်က အတည်ပြုစွာ ပြောသည်။
“ဖြစ်နိုင်တာက မင်းနားလည်မှုလွဲတာ ဖြစ်လိမ့်မယ်။ ငါ့အစ်ကိုကြီး ပြောတဲ့ သူ့နာမည်ကို သုံးလို့ရတယ် ဆိုတာက မင်းကို..”
လန်းချုံက အနည်းငယ် ခေါင်းရှုပ်သွားသည်။ ဤသည်မှာ အခြားတစ်ယောက်၏ နာမည်ကို အသုံးပြုသည့် နည်းလမ်းလေလား။
ရွှီယန်က သူ့ကို ငတုံးတစ်ယောက်ကဲ့သို့ ကြည့်သည်။
“မင်းက ဦးနှောက်မကောင်းဘူးလား။ အခုလို မသုံးရင်.. ငါက ရှဲ့လင်ဖုန်းရဲ့ မိတ်ဆွေပါလို့ ပြောရမှာလား”
“လူတိုင်းက အဲ့ဒါကို ဂရုစိုက်မယ် ထင်လား။ အခြားလူတွေလည်း သူတို့က ရှဲ့လင်ဖုန်းနဲ့ မိတ်ဆွေတွေလို့ ပြောလို့ရတာပဲ။ ဘယ်သူက ကြောက်မှာလဲ”
“နာမည်တစ်ခုကို ဘယ်လိုကောင်းကောင်း အသုံးပြုရမလဲ ဆိုတာကိုတောင် မသိဘူး”
“ကျွန်တော်က ရှဲ့လင်ဖုန်းပါလို့ တစ်ခါတည်း ပြောလိုက်တော့.. မင်းမမြင်ဘူးလား.. ခုနစ်စင်ကြယ် အကယ်ဒမီက လူတွေတောင် ဘယ်လိုဖြစ်သွားလဲ ဆိုတာ။ ကျမ်းစာအုပ် စံအိမ်ထဲကို အလွယ်တကူပဲ ဝင်လို့ရခဲ့တယ်”
လန်ချုံးက လုံးဝ မှင်သက်နေ၏။ သူ၏ပါးစပ်က ပွင့်ဟလာပေမယ့် မည်ကဲ့သို့ ငြင်းဆန်ရမည်မသိ ဖြစ်နေပါသည်။ တစ်ဖက်လူ၏ စကားက အလွန် အဓိပ္ပာယ်ရှိ၏။
ရှဲ့လင်ဖုန်း၏ မိတ်ဆွေဟူသည်မှာ ရှဲ့လင်ဖုန်းကိုယ်တိုင်လောက် လွှမ်းမိုးမှုရှိမည် မဟုတ်ပါ။
“ဒါဆို အစ်ကိုကြီးက တကယ်ပဲ ခွင့်ပြုထားတာပေါ့”
လန်ချုံးမှာ ယုံကြည်ရန် ခက်ခွဲစွာ ရှိနေ၏။
‘အစ်ကိုကြီးက ဘာတွေကို တွေးနေတာလဲ.. အခြားတစ်ယောက်ကို သူ့နာမည် သုံးခွင့်ပြုထားတာလား’
“ဒါပေါ့”
ရွှီယန်က ယုံကြည်ချက်အပြည့်ဖြင့် ဖြေ၏။ ထို့နောက် သူ၏မျက်လုံးများက လင်းလက်လာခဲ့သည်။ လန်ချုံး၏ ပုခုံးပေါ်သို့ လက်တင်ကာ စိတ်အားထက်သန်စွာ ပြော၏။
“အစ်ကိုရှဲ့ကို ပြောလိုက်.. ရွှီယန် အတွင်းဘက်နယ်မြေကို ရောက်လာတယ်လို့.. ပြီးတော့ သူ့ကိုလည်း ကျော်ကြားအောင် လုပ်ပေးခဲ့တယ်။ ကျေးဇူးတင်စရာ မလိုဘူးလို့”
လန်ချုံး၏ ပါးစပ်က တွန့်ကွေးသွားသည်။ ခုနစ်စင်ကြယ်အကယ်ဒမီ တစ်ခုလုံး၌ သူ၏နာမည် ပြန့်နှံ့သွားကြောင်းကို အစ်ကိုကြီးသာ သိပါက မည်ကဲ့သို့ ခံစားရမည်လဲ မသိပေ။
“အစ်ကိုကြီးကို ကျွန်တော် သတင်းပို့ပြီးပါပြီ။ အခု ခုနစ်စင်ကြယ် အကယ်ဒမီကိုလာတဲ့ လမ်းမှာ ဖြစ်လောက်တယ်”
လန်ချုံးတစ်ယောက် ဒီရွှီယန်ဟူသည့် လူငယ်မှာ အနည်းငယ် အလွန့်အကျွံ စိတ်အားထက်သန်နေသည်ဟု ခံစားလိုက်ရ၏။
“အစ်ကိုလန်.. မင်းက ဓါးသခင်ချောက်ကမ်းပါးက တပည့်တစ်ယောက် မလား။ ခုနစ်စင်ကြယ်မြို့မှာ နေစရာတစ်ခုခုများ ရှိလား။ သီးသန့်ခြံဝန်းလိုမျိုးလေ”
ရွှီယန်က အားတက်စွာ မေးသည်။
“အင်း။ ဓါးသခင်ချောက်ကမ်းပိုင်တဲ့ စံအိမ်တော်တော်များများ ဒီမြို့မှာ ရှိတယ်။ ကျွန်တော်တောင် အိမ်တစ်ခုမှာ နေနေတာ”
လန်ချုံးက ရိုးသားစွာ ခေါင်းညှိတ်သည်။
“ကောင်းလိုက်တာ။ မင်းရဲ့ ခြံကို သွားရအောင်။ အဲ့ဒီမှာ ရက်အနည်းငယ်လောက်နေပြီး အစ်ကိုရှဲ့ကို ငါစောင့်လို့ရတယ်”
ရွှီယန်က စိတ်လှုပ်ရှားစွာ ပြောသည်။ သူသည် စိတ်ဝိညာဉ်ပုံဆောင်ခဲ တစ်သုတ်ကို ခြွေတာနိုင်ပြီ ဖြစ်၏။
အစ်ကိုရှဲ့၏ နာမည်ကို အသုံးခဲ့ပြီး ဖြစ်ရာ ဓါးသခင်ချောက်ကမ်းပါး၏ အိမ်များ၌ နေခြင်းမှာလည်း ပြဿနာမရှိလောက်ပါ။
“ကောင်းပြီလေ”
လန်ချုံးမှာ အနည်းငယ် ငိုင်တိုင်နေ၏။ သူ့တွင် ခံစားချက်တစ်ခု ရှိနေပါသည်။ ဒီလူသည် အလကား နေရာစရာ ရှာနေခဲ့သည်လား။
“အစ်ကိုကြီးရဲ့မိတ်ဆွေ ဖြစ်မှတော့ သူလိုက်နေတာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်”
လန်ချုံးက ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
လန်ချုံး၏ ဦးဆောင်မှုအောက်တွင် ရွှီယန်လည်း ဓါးသခင်ချောက်ကမ်း၏ စံအိမ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဒီနေရာသည် တိတ်ဆိတ်မှုရှိပြီး ခုနစ်စင်ကြယ်မြို့ရှိ ဓါးသခင်ချောက်ကမ်းပါးမှ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သည်။
လန်ချုံးမှ လွဲ၍ ဒီစံအိမ်တွင် အခြား တပည့်များ နေခြင်းကို မတွေ့ရပါ။ ဖြစ်နိုင်သည်မှာ အခြား စံအိမ်များမှာ ရှိလောက်၏။
“ဒီနေရာက နေရာကောင်းပဲ။ တိတ်လည်းတိတ်ဆိတ်တယ်။ လှုပ်လှုပ်ရှားရှား အနည်းငယ် ဖြစ်ရင်တောင် အခြားလူတွေကို အနှောင့်အယှက် မဖြစ်စေလောက်ဘူး”
ရွှီယန်က ကျေနပ်သွား၏။