← Chapters

ဓားနတ်ဘုရားရွှီယန်

Vol. 15 Ch. 221

ဓားနတ်ဘုရားရွှီယန်

Vol. 15 Ch. 221

ရွှီယန်သည် မူလအဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏အခန်းထဲမှ ထွက်လာခဲ့၏။

ဓားသိုင်းကို ကျင့်ကြံနေသည့် လန်ချုံးကို တွေ့လိုက်ရသည်။ ခဏတာ ကြည့်ရှု့ပြီးနောက် ပါးစပ်ကို ဖွင့်ကာပြော၏။

"မင်းရဲ့ ဓားသိုင်းလှုပ်ရှားမှုတွေက အရမ်းကို ပြန့်ကျဲနေပြီး လုံလုံလောက်လောက် ပြင်းထန်ရက်စက်မှု မရှိဘူး။ မင်းရဲ့စိတ်ထဲမှာ ဘာတုံ့ဆိုင်းမှုမှ ရှိမနေသင့်ဘူး။ ဓားချက်ကို ခုတ်ပိုင်းလိုတယ်ဆိုရင် ခုတ်ပိုင်းချလိုက်။ အဲ့ဒါကို မခုတ်ပိုင်းခင်မှာ နောက်ထပ်ဓားကွက်ကို စဉ်းစားတာမျိုးတွေ လုပ်မနေနဲ့...."

ဒီနေရာတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲ အချို့ကို ချွေတာနိုင်ခဲ့၏။ ထို့ကြောင့် လန်ချုံးကို အဘယ်ကြောင့် ညွှန်ကြားချက်အချို့ မပေးဘဲ နေမည်လဲ။

လန်ချုံးက ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့သည်။ ဤသည်မှာ ဓားပညာ၏ စစ်မှန်သည့်  စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

"ဒါဆိုရင် မှန်မှန်ကန်ကန် လေ့ကျင့်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ.."

ရွှီယန်က လက်ကိုမြှောက်ကာ သစ်ကိုင်းတစ်ခုက သူ၏ လက်ထဲသို့ ကျဆင်းလာခဲ့၏။

"ငါမင်းကို အများကြီး မသင်ပေးတော့ဘူး။ ဓားတာအိုက အရမ်းကို နက်နဲလွန်းတယ်။ ခဏတာအတွင်း နားလည်နိုင်မှာ မဟုတ်ဘူး။ အကိုရှဲ့ကို တွေ့ပြီးရင် သူ့ဆီက အကြံဉာဏ်တွေ ထပ်တောင်းပေါ့.."

"ဒီနေ့မှာ ငါမင်းကို ဓားသိုင်းတစ်ခု သင်ပေးမယ်။ အဲ့ဒါက မင်းတို့ ဓားသခင်ချောက်ကမ်းပါးရဲ့ ဓားသိုင်းပဲ။ ပြောရရင် ဝမ်ဟယ် မြစ်တစ်သောင်းဓားသိုင်းကို  ငါအဆင့်မြှင့်ထားတာပေါ့.."

ထိုစကားကို ပြောပြီးနောက် ရွှီယန်က သစ်ကိုင်းကို  ဝှေ့ယမ်းသည်။ ဓားချီတို့က ဖြန့်ကျက်လာခဲ့၏။ သူသည် သရုပ်ပြရင်းမှ ဝမ်ဟယ်ဓားသိုင်း၏ သဘောတရားများကို လန်ချုံးအား ရှင်းပြသည်။

လန်ချုံးက လေးနက်စွာ ကြည့်နေ၏။ မည်သည့်အချက်အလက်ကိုမဆို လွတ်သွားမည်အား စိုးရိမ်နေပါသည်။

ရွှီယန်က သရုပ်ပြမှုအပြီးတွင် သစ်ကိုင်းကို လွှင့်ပစ်လိုက်သည်။

"မင်းဘယ်လောက် မှတ်မိပြီးတော့ သင်ယူနိုင်မလဲ ဆိုတာကတော့ မင်းအပေါ်ကိုပဲ မူတည်တယ်.."

ထို့နောက် လျှောက်ထွက်သွား၏။

"အကိုရှဲ့ ဒီကိုရောက်လာရင် မင်းကို ဘယ်နေရာမှာ  ရှာရမလဲ.."

လန်ချုံးက အမြန်မေးသည်။

"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ကျမ်းစာအုပ်စု ဆောင်းခြင်း ခန်းမမှာ လာရှာလှည့်.."

ရွှီယန်က ဖြေကြား၏။

ကျမ်းစာအုပ်စုဆောင်းခြင်း ခန်းမအတွင်းတွင် မရေမတွက်နိုင်သည့် စာအုပ်များ ရှိနေ၏။ သူသည် အသိအမြင်တို့ကို မြှင့်တင်ရန်အတွက် ၎င်းတို့ကို လှန်‌လောကြည့်ရှု့ လိုသေးသည်။

စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဟူသည်မှာ  ခွန်အားကို အသုံးပြုလို့ချည်း မရပါ။ ဆရာ၏ သင်ကြားချက်ကို သူအမြဲတမ်း မှတ်သားထား၏။

သူထွက်ခွာသွားပြီး မကြာခင်တွင် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ရောက်လာခဲ့သည်။

"ဂျူနီယာညီလေး လန်ချုံး... ညီလေးရွှီ ဘယ်မှာလဲ.."

ရှဲ့လင်ဖုန်းက အလောတလျင်ဖြင့် မေး၏။

"အကိုရှဲ့... နောက်ဆုံးတော့ ရောက်လာပြီပေါ့... သူခုနစ်စင်ကြယ်အကယ်ဒမီရဲ့ ကျမ်းစာအုပ် စုဆောင်းခြင်းခန်းမကို သွားတယ်.."

လန်ချုံးက ရွှီယန်ပို့ချခဲ့သည့် ဓားသိုင်းပညာများကို  တရားထိုင်ကာ စဉ်းစားနေ၏။ စီနီယာအစ်ကိုကြီးကို တွေ့လိုက်ပြီးနောက် ဝမ်းသာစွာဖြင့် ဖြေကြားသည်။

"စီနီယာအစ်ကိုကြီး... အတွင်းဘက်နယ်မြေမှာ ဘာကိစ္စပဲဖြစ်ပွားဖြစ်ပွား မင်းရဲ့နာမည်ကို ပြောလို့ရတယ်လို့ သဘောတူခဲ့တာ အမှန်ပဲလား.."

လန်ချုံးက သိလိုစွာမေးသည်။

ရှဲ့လင်ဖုန်း၏ ပါးစပ်က တွန့်ကွေးသွားပြီး ချောင်းဟန့်၏။

"ညီလေးရွှီနဲ့ ငါ့ကိစ္စတွေကို အများကြီး သိပ်မမေးနဲ့.."

"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ကျမ်းစာစုဆောင်းခြင်းခန်းမကို သွားကြရအောင်.."

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့သည် လျှင်မြန်စွာ ထွက်ခွာသွားကြ၏။

ခုနစ်စင်ကြယ်အကယ်ဒမီ၏ ကျမ်းစာစုဆောင်းခြင်း စံအိမ်မှ ၉လွှာရှိ ခန်းမတွင် ရွှီယန်က ကျန်ရှိသည့် စာအုပ်များကို ဖတ်ရှု့နေ၏။ အားလုံးတို့ကို ဖတ်ရှု့ပြီးနောက် ၈လွှာသို့သွားကာ ဆက်လက် ဖတ်ရှု့သည်။ သူသည် ပိုမိုဖတ်လေလေ ခံစားချက်တို့ ပိုမိုမြင့်တက်လာလေ ဖြစ်လာခဲ့၏။

'ဆရာက ငါ့ကို မောက်မာပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အဟုတ်ကြီး မထင်နဲ့လို့ ဆုံးမခဲ့တာ အံ့သြစရာမရှိဘူး။ အတွင်းဘက်နယ်မြေကို ရောက်ပြီးရင် ဒီကစာအုပ်တွေကို ဖတ်ကြားသင့်တာ အမှန်ပဲ။ သိုင်းပညာမျိုးစုံနဲ့ လျှို့ဝှက်အတတ်မျိုးစုံက အရမ်းကို များပြားလွန်းတယ်..'

'ဓားအတတ်၊ လှံအတတ်၊ ဆေဘာအတတ် အစရှိသဖြင့်... မရေမတွက်နိုင်တဲ့ လက်နက်အမျိုးအစားတွေလည်း ရှိတယ်။ များပြားလှတဲ့ အထုပ္ပတ္တိတွေ၊ အသိအမြင်တွေ၊ စွမ်းအားကြီးမားတဲ့ ရန်သူကို ရင်ဆိုင်နည်းတွေ အရာအားလုံး ဒီမှာရှိတယ်..'

'ဒီကျင့်စဉ်တွေနဲ့ လျှို့ဝှက်အတတ်တွေက အားနည်းပေမယ့် သဘောတရားတွေကို ကြည့်ပြီးရင် ငါ့အတွက် အသိအမြင်အသစ်တွေ ပေးစွမ်းနိုင်တယ်..'

'သူတို့ရဲ့ အနှစ်သာရကိုယူပြီး ငါကိုယ်တိုင် အတွင်းမှာ ပေါင်းစပ်ရမယ်။ နည်းလမ်းအားလုံးကို ခန္ဓာကိုယ်တစ်ခုတည်းကို စုပ်ယူရမယ်..'

ခုနှစ်စင်ကြယ်အကယ်ဒမီရှိ သိုင်းပညာစာအုပ်များကို  ဖတ်ရှု့ပြီးနောက် ရွှီယန်တစ်ယောက် သူ၏ အသိအမြင်တို့ တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

ဆရာသင်ကြားပို့ချခဲ့သည့် သိုင်းပညာအပေါ် ပိုမိုလွယ်ကူစွာ နားလည်မှု ရလာခဲ့၏။ ပုံရိပ်တစ်ခုက ခုနစ်စင်ကြယ် အကယ်ဒမီ၏ အတွင်းသို့ လျှောက်ဝင်လာခဲ့သည်။

လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ထားပြီး သင်ကြားရေး ဆရာတစ်ယောက်နှင့် အသာစကားပြောနေ၏။

"စီနီယာအစ်ကိုကြီး ယင်ဟုန်ကို စစ်ဘုရင်အဆင့်ကို အရင်ဆုံး ချိုးဖျက်နိုင်ခဲ့မယ်လို့ ကျွန်တော်တကယ်ပဲ ထင်မထားခဲ့ဘူး.."

ဆရာက သက်ပြင်းချသည်။

"ငါလည်း စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်ရဲ့ အကူအညီကို ရခဲ့လို့ပါ။ ကံကောင်းသွားရုံပါပဲ။ အဲ့ဒါကြောင့်မို့လို့ မကြာသေးခင်က အဆင့်ချိုးဖျက်သွားတာ.."

ယင်ဟုန်က နှိမ့်ချစွာ ဖြေကြားသည်။ ခုနှစ်စင်ကြယ်အကယ်ဒမီမှာ အရင်က ကဲ့သို့သာ ရှိနေ၏။ အတွင်းဘက်နယ်မြေရှိ နေရာပေါင်းစုံတို့မှ သူရဲကောင်းများ၊ ပါရမီရှင်များ လာရောက် လေ့လာကြသည်။ နာမည်ကြီး ဆရာများထံမှ ညွှန်ကြားချက်တို့ကို ရရှိရန်မျှော်လင့်ကြ၏။

အရင်တုန်းက သူသည်လည်းပဲ ခုနှစ်စင်ကြယ်အကယ်ဒမီရှိ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။

ပထမအဆင့်သို့ ရောက်ရှိပြီးနောက် အကယ်ဒမီမှ ထွက်ခွာကာ အတွင်းဘက်နယ်မြေ၌ စွန့်စားလှည့်လည်ခဲ့၏။

သိုင်းသခင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပေမယ့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် ကျရှုံးခဲ့လေသည်။ တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်သို့သာ ရောက်ရှိပြီး ချန်းလန်ကျွန်း၌ နေထိုင်ကာ ယွဲ့နိုင်ငံ၏ နာမည်ကျော် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

စွမ်းအားကြီးပုဂ္ဂိုလ်၏ ထောက်ပံ့မှုကို ရရှိပြီးနောက်  သူ၏ နောက်ဆုံး အကြိမ်တုန်းက လှုပ်ရှားမှုသည် ကျရှုံးခဲ့ပေမယ့် ဓားသခင်ချောက်ကမ်းပါးမှ ရှဲ့လင်ဖုန်းက ဝင်ပါလာခြင်းဖြစ်ရာ စွမ်းအားကြီးပုဂ္ဂိုလ်က သူ၏ ဆုတ်ခွာခဲ့မှုအတွက် အပြစ်တင်ခြင်း မရှိပေ။

အဲ့ဒီ့အစား အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တစ်ပင်အား  ပေးခဲ့၏။ နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံမှုများ၏ စုဆောင်းလာမှုနှင့် နောက်ဆုံးတွင် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့လေသည်။

ဒီတစ်ကြိမ်တွင် ခုနှစ်စင်ကြယ်အကယ်ဒမီသို့ လာရောက်ခြင်းမှာ စွမ်းအားကြီးပုဂ္ဂိုလ်အား ကူညီကာ ပါရမီထူးကဲသည့် ကျောင်းသားများကို ရှာဖွေပြီး အဖွဲ့အတွင်းသို့ ဆွဲသွင်းရန် ဖြစ်သည်။

ပြီးနောက် ခုနှစ်စင်ကြယ်အကယ်ဒမီနှင့် ဆက်ဆံရေးတစ်ခုကိုလည်း ထိန်းသိမ်းထားရန် ဖြစ်၏။

"ခုနှစ်စင်ကြယ်မြို့ကို ရောက်တာနဲ့ ရှဲ့လင်ဖုန်းရဲ့  စိန်ခေါ်ခြင်းစင်မြင့်မှာ ၉ဆင့်လုံးကို ချိုးဖျက်ခဲ့တဲ့ အကြောင်းကိုပဲ ကြားနေရတယ်။ ငါတို့ရဲ့ ခုနှစ်စင်ကြယ်အကယ်ဒမီကို ဓားသခင်ချောက်ကမ်းပါးက လာပြီးတော့ အနိုင်ကျင့်သွားတာလား.."

ယင်ဟုန်၏ အသံက အလိုမကျမှုအချို့ဖြင့် ပြည့်နက်နေ၏။ သူသည် ရွှီယန်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး သိက္ခာမဲ့စွာဖြင့် ထွက်ပြေးခဲ့ရသည်။ စိတ်ထဲတွင် မကျေမနပ် ရှိနေဆဲဖြစ်၏။

ဓားသခင်ချောက်ကမ်းပါးကို ကြောက်ရွံ့၍သာ မဟုတ်ပါက  စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သည်နှင့် သွားရောက်လက်စားချေမှာ ဖြစ်သည်။

သို့ရာတွင် ရှဲ့လင်ဖုန်းမှာ ဓားသခင်ချောက်ကမ်းပါး၏ ပါရမီရှင်တစ်ယောက် ဖြစ်၏။ သူကတော့ သာမန် စစ်ဘုရင်တစ်ယောက်သာ ဖြစ်ပါသည်။ ခွန်အားအဆင့် မတူညီဘဲနှင့် အနိုင်ကျင့်မှုပြုပါက နောက်တစ်စက္ကန့်တွင် အချိန်မရွေး လိုက်လံသတ်ဖြတ်ခြင်း ခံရနိုင်၏။သူ၏နောက်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်ပင်လျှင် သူ့ကိုကယ်တင်နိုင်မည် မဟုတ်ပါ။

ရှဲ့လင်ဖုန်းမှာ ဓားသခင်ချောက်ကမ်းပါးမှ ပါရမီရှင်တစ်ယောက်ချည်း မဟုတ်ပေ။ သူ၏ ဖခင်မှာလည်း လက်ရှိ ဓားနန်းတော်၏ သခင်ရှဲ့ထန်းဟန် ဖြစ်၏။ ရှဲ့ထန်းဟန်မှာ အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်များ အကြားတွင်ထိပ်တန်း၅ယောက်သို့ ဝင်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

'ရှဲ့လင်ဖုန်းက မကောင်းဆိုးဝါး တစ်ကောင်ပဲ။ လက်ရှိ ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ မျိုးဆက်မှာ သူနဲ့ နှိုင်းယှဉ်နိုင်တာ ဘယ်သူမှ မရှိဘူး။ ငါတို့က ဘာလုပ်နိုင်မှာလဲ..'

ဆရာက ခေါင်းကိုရမ်းသည်။ ခါးသက်စွာပြော၏။

"ဆရာကြီးတွေက ဂရုမစိုက်ဘူးလား.."

ယင်ဟုန်က အသံနိမ့်စွာ ပြော၏။

"သူတို့က လူငယ်တွေရဲ့ကိစ္စကို ဘယ်လိုလုပ်ပြီးတော့ ဂရုစိုက်မှာလဲ။ အဲ့ဒီအပြင် ကြီးကြပ်သူဆရာဖူက ဝင်ရောက်လာပြီး ဒီကိစ္စကို အဆုံးသတ်စေခဲ့ပြီးပြီ။ ပါရမီရှင်တွေမှာ ပါရမီရှင်တွေရဲ့ ခံစားခွင့်တွေရှိတယ်။ ငါတို့ရဲ့ ခုနှစ်စင်ကြယ်အကယ်ဒမီက အမြဲတမ်း ပါရမီရှင်တွေကို ပျိုးထောင်ရာမှာ အဓိကထားခဲ့တယ်။ သူတို့ကို ဖိနှိပ်ရမှာ မဟုတ်ဘူး.."

ဆရာက ယင်ဟုန်ကို အနည်းငယ် ထူးဆန်းစွာကြည့်၏။ ဒီလူတွင် အဘယ်ကြောင့် ရှဲ့လင်ဖုန်းနှင့်  ရန်ငြိုးရန်စတို့ ရှိနေသည်ဟု ခံစားချက်ကို ပေးနေသနည်း။

သို့ရာတွင် ယင်ဟုန်မှာ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပေမယ့် ခွဲထွက်သွားတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကိစ္စများတွင် ဝင်ပါနိုင်မည့် အခွင့်အရေး မရှိပါ။ ခုနှစ်စင်ကြယ် အကယ်ဒမီကလည်း သူ၏ကိစ္စများကို ဂရုစိုက်ခြင်း မရှိပါ။

All Chapters