← Chapters

စစ်ဘုရင်အဆင့်ကို ငါတစ်ချက်တည်းနဲ့ ဘယ်လိုရှင်းမလဲ ကြည့်နေ

Vol. 15 Ch. 223

စစ်ဘုရင်အဆင့်ကို ငါတစ်ချက်တည်းနဲ့ ဘယ်လိုရှင်းမလဲ ကြည့်နေ

Vol. 15 Ch. 223

ထိုစကားကို ကြားရပြီးနောက် ယင်ဟုန်၏ မျက်နှာက အစိမ်းရောင် ပြောင်းသွားခဲ့သည်။ လူသတ်ငွေ့ဆန်စွာဖြင့် ကြည့်ကာ အေးစက်စွာ ပြော၏။

“စစ်ဘုရင်တစ်ယောက်ကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို မင်းသိလား”

ရွှီယန်က သူ့ကို အထင်သေးစွာ ကြည့်သည်။

“မင်းလို တတိယတန်းစား စစ်ဘုရင်တစ်ယောက်ကို စော်ကားရင် ဘာအကျိုးဆက် ရှိမှာလဲ။ မင်းက ဘာကောင်လဲ။ လက်ဝါးတစ်ချက်နဲ့ ရိုက်သတ်ရင်သေမယ့် အမှိုက်ကများ”

မြင်ကွင်းတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားခဲ့၏။ စစ်ဘုရင်တစ်ယောက််ကို လက်ဝါးတစ်ချက်နှင့် ရိုက်သတ်မည်လား။ ထိုမောက်မာမှုသည် လွန်ကျူးလွန်းသွားပြီ မဟုတ်ပါလား။

ဖူယွင်ထန်းလည်း ကောင်တောင်နေ၏။ ရွှီယန်မှာ အလွန်မောက်မာကြောင်းကို သူသိပါသည်။ သို့ပေမယ့် ယခုမျှအထိ လွန်ကျူးမည်ဟုတော့ ထင်မထားခဲ့ပေ။ စစ်ဘုရင်များသာ ဖြစ်ပါက အဆင်ပြေပါသည်။

သူ့တွင် မောက်မာရန် အရည်အချင်း ရှိ၏။ သို့ပေမယ့် ယင်ဟုန်မှာ စစ်ဘုရင်တစ်ယောက် ဖြစ်ပါသည်။ မကြာသေးခင်ကမှ အဆင့်ချိုးဖျက်ထားတာ ဆိုပေမယ့် သိုင်းသခင်တစ်ယောက်က မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ဖြစ်နိုင်သည်မှာ ရက်အနည်းငယ် အတွင်းတွင် ရွှီယန်၏ ခွန်အားတို့ အလွန် ကြီးထွားလာပြီး စစ်ဘုရင်တစ်ယောက်၏ တည်ရှိမှုကိုပင် လုံးဝ လစ်လျူရှုထားနိုင်နေပြီလား။

“လူငယ်.. မင်းဘာလို့ အခြားလူယောင် ဆောင်ပြီး ခုနစ်စင်ကြယ် အကယ်ဒမီရဲ့ စာကြည့်တိုက် ခန်းမတွေထဲကို ဝင်ရတာလဲ”

ဖူယွင်ထန်းက အကူအညီမဲ့စွာ မေးသည်။

“မဟုတ်တာ မပြောနဲ့။ ဒါက နာမည်ခဏငှားရုံပဲမလား.. ဘာကို အယောာင်ဆောင်ရမှာလဲ”

ရွှီယန်က အလိုမကျစွာ ပြော၏။

“မှန်တယ်။ ညီလေးရွှီကို သုံးလို့ရတယ်လို့ ကျွန်တော်ငှားပေးထားတာ။ ပြဿနာရှိလို့လား”

ရှဲ့လင်ဖုန်းမှာလည်း ရွှီယန်၏ ရဲတင်းမှုကြောင့် တူညီစွာ အံ့ဩနေပေမယ့် တစ်ဖက်လူက ထိုစကားကို ပြောခဲ့ကတည်းက ဒီစစ်ဘုရင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ရန် အမှန်တကယ်ကို ယုံကြည်ချက် ရှိနေပေလိမ့်မည်။

အချိန်မည်မျှ ကြာသေးလို့နည်း။ ရွှီယန်၏ ခွန်အားသည် အလွန် ကြောက်စရာ ကောင်းနေပြီးပြီလား။

သူက ဖူယွင်ထန်း၏ဘက်သို့ လှည့်ကာ ပြောသည်။

“ခုနစ်စင်ကြယ် အကယ်ဒမီမှာ စာအုပ်တွေကို ဖတ်ဖို့ အခြားတစ်ယောက်ရဲ့ နာမည်ကို ငှားလို့မရဘူးလို့ စည်းမျဉ်းမရှိဘူးမလား။ ကျွန်တော်က ရှဲ့လင်ဖုန်းပါ။ ကျွန်တော့အဖေက ရှဲ့ထန်းဟန်။ တကယ်လို့ အကြီးအကဲက ဒီကိစ္စအတွက် ကျေနပ်မှုမရှိဘူးဆိုရင် ကျွန်တော် ရှဲ့လင်ဖုန်းက တာဝန်အပြည့်အဝ ယူပါမယ်”

ဖူယွင်ထန်းက ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြောသည်။

“ဒီနေ့ကစပြီး အခြားလူတစ်ယောက်ရဲ့ နာမည်ကို ငှားရမ်းပြီး ကျမ်းစာအုပ် စံအိမ်ထဲက ခန်းမတွေထဲကို ဝင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်”

ဤနည်းအားဖြင့် စည်းမျဉ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏။

ရှဲ့လင်ဖုန်း၏ အမည်ကို ငှားရမ်းကဲ့သို့ ရွှီယန်ကိုတော့ ထားလိုက်မည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ကို ဆန့်ကျင်သည့် ပါရမီရှင်များတွင် အထူး ခံစားခွင့်အချို့ ရှိနေ၏။ အထူးသဖြင့် ရွှီယန်ကဲ့သို့ ပါရမီရှင်အတွက် ဖြစ်သည်။

“အကြီးအမှူး.. ဒီကိစ္စကို ဒီလိုပဲ လွှတ်ပေးလိုက်မလို့လား”

ယင်ဟုန်မှာ ကျေနပ်မှု မရှိပေ။ ရွှီယန်က လက်ဝါးနှစ်ဖက်ကို ပွတ်ကာ ပြော၏။

“အကြီးအမှူး… ခင်ဗျားတို့ ခုနစ်စင်ကြယ် အကယ်ဒမီမှာ သိုင်းပညာ အသုံးပြုခွင့် မရှိဘူးဆို။ ဒီလိုလုပ်ရင်ရော.. ကျွန်တော်တို့ လောင်းကြေးထပ်ကြမယ်လေ။ ဒီလူ့ကို လက်ဝါးတစ်ချက်နဲ့ ကျွန်တော် ဖောက်ခွဲပစ်နိုင်ရင် ဒီစည်းမျဉ်းက ကျွန်တော့အတွက် အကျုံးမဝင်ဘူး။ ဘယ်လိုလဲ”

“ဂလု”

လူတိုင်းက အံ့ဩသွားကြသည်။ အကြည့်အားလုံးက ရွှီယန်အပေါ်သို့ ထိတ်လန့်စွာ ကျရောက်လာ၏။

ဤသည်မှာ စစ်ဘုရင်တစ်ယောက် ဖြစ်သည်။ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ဖို့ရာ ကြောက်စရာ မကောင်းပေဘူးလား။ တစ်ဖက်လူက တစ်ခါတည်း ဖောက်ခွဲပစ်မည်ဟုပင် ရဲတင်းစွာ ပြောနေ၏။

ဖူယွင်ထန်းပင်လျှင် သူ၏ ကျိန်ဆဲသည့် စကားများကို လွတ်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

ယင်ဟုန်မှာ မည်မျှပင် အားနည်းစေကာမူ စစ်ဘုရင်တစ်ယောက် ဖြစ်နေသေး၏။ သူပင်လျှင် လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲပြစ်နိုင်ခြင်း မရှိပေ။

ဖောက်ခွဲပြစ်ဖို့ကို မဆိုထားနှင့် လက်ဝါးတစ်ချက်တည်းနှင့် ဆိုပါက အနိုင်ယူရန်ပင် ခက်ခဲနေမှာပါ။ မည်မျှပင် အားနည်းစေကာမူ ဤသည်မှာ စစ်ဘုရင်တစ်ယောက် ဖြစ်၏။

“ညီလေးရွှီ.. စကားပြောတာ ဂရုစိုက်ဦး”

ရှဲ့လင်ဖုန်းက အမြန်ပြောသည်။

ရွှီယန်မှာ ဘယ်တုန်းကမှ အဓိပ္ပာယ်မရှိ လျှောက်ပြောဖူးခြင်း မရှိပေမယ့် စစ်ဘုရင်အဆင့်ကို လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲပြစ်မည် ဟူသည်မှာ နားထောင်ရသည်ပင် ကြောက်ဖို့ကောင်းလွန်းလှသည်။ ကျရှုံးပါက မည်ကဲ့သို့ လုပ်မည်နည်း။ ပြဿနာကြီး တက်မှာပါ။

“သခင်လေးရွှီ.. ကျေးဇူးပြုပြီး စဉ်းစားပါဦး”

ယွီယင်းကလည်း အမြန် အကြံပေးသည်။

ယင်ဟုန်မှာ အလွန် ဒေါသထွက်နေပြီး သူ၏ နှာခေါင်းပင် တွန့်လိမ်လာခဲ့သည်။ ဆက်တိုက် စော်ကားမှုနှင့် မလေးမစား ပြုခြင်း ခံရမှုက သူကဲ့သို့ ဂုဏ်သရေရှိ စစ်ဘုရင်တစ်ယောက်ကို မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်မည်လား..

“မိုက်ရိုင်းစော်ကားတဲ့ နောက်ပေါက်ကောင်”

သူက ဒေါသတကြီးဖြင့် လေပေါ်သို့ ပျံတက်သွားသည်။ စစ်ဘုရင်တစ်ယောက်၏ အရှိန်အဝါတို့ ပြန့်လွင့်လာ၏။

သို့ပေမယ့် အောက်သို့ ဖိချရဲခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ခုနစ်စင်ကြယ် အကယ်ဒမီမှ ကျောင်းသားအုပ်စုလည်း ရှိနေ၏။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းက ခုနစ်စင်ကြယ် အကယ်ဒမီကို စိန်ခေါ်ခြင်းနှင့် တူညီပါသည်။ သူ့အနေနှင့် တတ်နိုင်ခြင်း မရှိပေ။

ရွှီယန်ကို ဒေါသဖြင့် စိုက်ကြည့်၏။

“မောက်မာတဲ့ကောင်.. မင်းငါ့ကို ဘယ်လိုမျိုး ဖောက်ခွဲပစ်မလဲလို့ ငါကြည့်ချင်သေးတယ်။ သတ္တိရှိရင် သိုင်းပညာ စင်မြင့်ပေါ်မှာ ငါနဲ့ တိုက်ခိုက်ရဲလား”

သို့ရာတွင် ရွှီယန်က သူ့ကို လစ်လျူရှုထား၏။ ဖူယွင်ထန်းကိုသာ အပြုံးတစ်ခုဖြင့် ကြည့်နေပါသည်။ ရယ်ကြဲကြဲဖြင့် ပြော၏။

“အကြီးအမှူး.. ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကရော”

ဖူယွင်ထန်းလည်း သူ့ကြောင့် မှင်သက်နေပါသည်။ စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲပြစ်ရန် မည်သည့်နေရာမှ ယုံကြည်ချက်တို့ ရလာခဲ့သနည်း။

“မင်းသူနဲ့ သိုင်းပညာ စင်မြင့်မှာ သွားပြီး တိုက်ခိုက်လို့ရတယ်။ ဒါပေမယ့် ကောင်းကောင်းစဉ်းစားပေါ့။ စစ်ဘုရင်တစ်ယောက်ရဲ့ စွမ်းအားက အားအနည်းဆုံး စစ်ဘုရင်အဆိုရင်တောင် အထွတ်အထိပ် သိုင်းသခင်ဆယ်ယောက် နှိုင်းယှဉ်နိုင်တာမျိုး မဟုတ်ဘူး”

ဖူယွင်ထန််းက လေးနက်စွာ ပြောသည်။

“သိုင်းပညာ စင်မြင့်ကို သွားရမှာက ဘယ်လောက် ပျင်းဖို့ကောင်းလိုက်လဲ။ ကျွန်တော်ရွှီယန်က စည်းမျဉ်းတွေကို စိန်ခေါ်ရတာကို နှစ်သက်တယ်။ ဒီနေရာမှာပဲ သူ့ကို လက်ဝါးတစ်ချက်နဲ့ ဖောက်ခွဲလို့ရရင် အများကြီးပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာ”

ရွှီယန်က မောက်မာစွာ ပြောသည်။

လူတိုင်း “….”

တစ်ဖက်လူသည် အမှန်တကယ်ကို ဒီနေရာ၌ စည်းမျဉ်းများကို ချိုးဖျက်တော့မည်လား။

ဖူယွင်ထန်းက အချိန်ကြာရှည်စွာ စဉ်းစားသည်။ ပြီးနောက် ပြော၏။

“အဲ့လိုဆိုရင်လည်း ဒီလိုလုပ်.. မင်းသာ သူ့ကို လက်ဝါးတစ်ချက်နဲ့ ဖောက်ခွဲပြစ်နိုင်ခဲ့ရင် ငါတို့တွေ မင်းကို အရေးမယူဘူး။ ဒါပေမယ့် မလုပ်နိုင်ရင်တော့ ခုနစ်စင်ကြယ် အကယ်ဒမီမှာ နေရမယ်။ ဘယ်လိုလဲ”

“ပြဿနာမရှိဘူး”

ရွှီယန်က ခေါင်းညှိတ်သည်။

ရှိနေကြသည့် လူအားလုံးတို့ တိတ်ဆိတ်သွားကြ၏။ ဖူယွင်ထန်း၏ ဘက်လိုက်မှုအတွက် မည်သူမှ မကျေနပ်မှုကို မပြကြပါ။ စစ်မှန်သည့် ပါရမီရှင်များတွင် အထူး ခံစားခွင့်များ ရှိ၏။ အထူးသဖြင့် ရွှီယန်ကဲ့သို့ မကောင်းဆိုးရွား တစ်ကောင်တွင် ဖြစ်သည်။

“ကျေးဇူးပြုပြီး နောက်ဆုတ်ကြပါ”

ဖူယွင်ထန်းက ကျောင်းသားများကို ကြည့်ကာ လေးနက်စွာ ပြောသည်။ လူအားလုံးတို့ နောက်သို့ အမြန် ဆုတ်သွားကြ၏။

စစ်ဘုရင်များ တိုက်ခိုက်သည့်အခါ အနည်းငယ်မျှ အားလှိုင်းထိမိပင်လျှင် သေစေနိုင်လောက်အောင် ဒဏ်ရာရသွားနိုင်၏။

“ညီလေးရွှီ.. မင်းမှာ ယုံကြည်ချက် ရှိလို့လား”

ရှဲ့လင်ဖုန်းက လေးနက်စွာ မေးသည်။

“စိတ်ချပါ။ သူက တတိယတန်းစား စစ်ဘုရင်လေးပဲကို”

ရွှီယန်က ယုံကြည်ချက်အပြည့်နှင့် ဖြေ၏။

“သခင်လေးရွှီ.. ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ ရန်သူကို အထင်မသေးနဲ့”

ယွီယင်းက စိုးရိမ်စွာ ပြောသည်။

သို့ရာတွင် ဝတ်စုံဖြူနှင့် မိန်းကလေးက အသာသာ ပြုံးပြီး ပြော၏။

“ငါ့ဘဝမှာ စစ်ဘုရင်တစ်ယောက်ကို ဖောက်ခွဲတာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ကျွန်မ စောင့်မျှော်နေတယ် သခင်လေးရွှီ။ ကျေးဇူးပြုပြီး စိတ်ပျက်ရအောင် မလုပ်ပါနဲ့”

လေထဲတွင် ရပ်နေသည့် ယင်ဟုန်က ဒေါသဖြင့် အံကိုကြိတ်ထားသည်။ လူအားလုံးတို့ သူ့အပေါ် အလွန် အထင်သေးရဲမှုအတွက် မယုံကြည်နိုင်အောင် ရှိနေ၏။

ဝတ်စုံဖြူနှင့် မိန်းကလေးကို စူးရဲစွာ ကြည့်သည်။ သို့ပေမယ့် သူမ၏ဘေးရှိ မိန်းမကြီးအပေါ်သို့ အကြည့်ရောက်သွားပြီးနောက် အရိုးထဲမှ အေးစက်မှုကို ခံစားလိုက်ရ၏။ အကြည့်ကို လျှင်မြန်စွာ လွှဲလိုက်သည်။

‘စစ်ဘုရင်တစ်ယောက်ပဲ’

ထို့အပြင် သူမ၏ စွမ်းအားက သူ့ထက် သာလွန်လေသည်။

အသက်ကို နက်ရှိုင်းစွာ ရှူကာ အရှိန်အဝါတို့ ထွက်ပေါ်လာ၏။ စစ်ဘုရင်တစ်ယောက်၏ စွမ်းအားက သံသယဝင်စရာ မကောင်းလောက်အောင် ဖြန့်ကျက်လာခဲ့သည်။

ရွှီယန်ကို ဒေါသတကြီး ကြည့်ကာ ပြော၏။

“မောက်မာတဲ့ကောင်.. ဒီနေ့မှာ စစ်ဘုရင်တစ်ယောက်ကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို နားလည်သွားအောင် ငါလုပ်ပေးမယ်”

သူသည် ခွန်အားအားလုံးတို့ကို အသုံးပြုပြီး ရွှီယန်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ရန် ဆုံးဖြတ်ပြီး ဖြစ်၏။ ဖူယွင်ထန်းတို့ကို ဝင်ပါရန် အခွင့်အရေး ပေးမည်မဟုတ်ပေ။ သေဆုံးပြီးသည့် ပါရမီရှင်မှာ ဘာတန်ဖိုးမှ ရှိမည်မဟုတ်ပါ။

All Chapters