စစ်ဘုရင်အဆင့်ကို ငါတစ်ချက်တည်းနဲ့ ဘယ်လိုရှင်းမလဲ ကြည့်နေ(၂)
Vol. 15 Ch. 224
“နေဦး”
ယင်ဟုန်က တိုက်ခိုက်တော့မည့် အချိန်၌ ရွှီယန်က ပြောသည်။
“ကောင်လေး.. အခုမှ ပြန်ဆုတ်ချင်ရင် နောက်ကျသွားပြီ”
ယင်ဟုန်က သတ်ဖြတ်တော့မည့်အလား အသွင်နှင့် ရယ်၏။
“ငါက ပြန်ဆုတ်ချင်တယ်လို့ ဘယ်သူပြောလဲ”
ရွှီယန်က သူ့ကို မထီမဲ့မြင် ကြည့်သည်။
“ငါ့ကိုပြော.. မင်းမှာ စိတ်ဝိညာဉ်စာရွက်တွေ ပါလာလား”
လူတိုင်းက အံ့ဩသွားကြသည်။ နှစ်ယောက်သားက သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်တော့မည့် အချိန်တွင် စိတ်ဝိညာဉ်စာရွက် မည်မျှ ရှိသည်ကို မေးမြန်းနေသေးသည်လား။ အသည်မှာ မည်ကဲ့သို့သော အတွေးအခေါ်မျိုးနည်း။
ယင်ဟုန်က အနည်းငယ် မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောသည်။
“ဒါပေါ့… ပါတာပေါ့ကွ”
ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ဝမ်းသာသွားသည်။
“မြန်မြန်လေး ငါ့ကိုပေး။ တိုက်ပွဲစပြီးရင် မင်းကိုငါရိုက်တာ အားပြင်းသွားပြီး စိတ်ဝိညာဉ်စာရွက်တွေ ပျက်စီးသွားလိမ့်မယ်။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပဲ”
လူတိုင်း “….”
ယင်ဟုန်၏ မျက်နှာက ဒေါသကြောင့် နီရဲသွား၏။
“ရိုင်းစိုင်းယုတ်မာတဲ့ အရူး.. မင်းငါ့ကို စော်ကာားရဲတယ်”
သူက လက်ထဲရှိ ခေါက်ယပ်တောင်ကို ဖွင့်ကာ တိုက်ခိုက်တော့မှာပါ။
သို့ပေမယ့် ရွှီယန်က ဆက်လက်ကာ ပြော၏။
“မင်းက စစ်ဘုရင်တစ်ယောက် ဆိုတော့ အနည်းဆုံး စိတ်ဝိညာဉ်ပုံဆောင်ခဲ သိန်းနဲ့ချီပြီး သယ်လာသင့်တယ်မလား။ ပျက်စီးသွားရင် တကယ်ပဲ ဝမ်းနည်းစရာ ဖြစ်မှာ။ အဲ့ဒါကို ငါတို့ရဲ့ လောင်းကြေးအဖြစ် သတ်မှတ်ကြရင်ရော။ မြန်မြန်လေး ငါ့ကိုပေး။ အချိန်ဖြုန်းမနေနဲ့”
ယင်ဟုန်၏ ဒေါသဖြင့် တုန်ခါနေပြီး စိတ်ဝိညာဉ်စာရွက်များကို ထုတ်မပေးပဲ ရှိနေသည့် အသွင်ကို တွေ့ရပြီးနောက် ရွှီယန်က ထပ်ပေါင်းပြောသည်။
“မင်းရဲ့ စိတ်ဝိညာဉ်စာရွက်တွေကို ထုတ်မပေးဘူးဆိုရင် ငါလည်း စိန်မခေါ်ဘူး။ မင်းငါ့ကို တိုက်ခိုက်ရဲမလား ကြည့်ရတာပေါ့”
ယင်ဟုန်က ဒေါသဖြင့် အံကို တင်းတင်းကြိတ်၏။ ရွှီယန်သာ တိုက်ပွဲကို လက်မခံပါက သူ့အနေနှင့် ဒီလူငယ်ကို နေရာမှာတင် မည်ကဲ့သို့ သတ်နိုင်မည်နည်း။
တစ်ဖက်လူနှင့် ရှဲ့လင်ဖုန်းတို့၏ ဆက်ဆံရေးအရ ခုနစ်စင်ကြယ် အကယ်ဒမီတွင် အချိန်ခဏ ပုန်းနေပြီး ဓါးသခင်ချောက်ကမ်းပါးမှ စစ်ဘုရင်ကို စောင့်စားကာ အသာ ထွက်သွားလို့ရပါသည်။ ထိုအခါ သူ၏ လက်စားချေနိုင်မည့် အခွင့်အရေးအား ဆုံးရှုံးရမှာ ဖြစ်၏။
ထိုအတွေးနှင့် သေးငယ်သည့် အိတ်တစ်ခုကို ထုတ်လိုက်သည်။
“ယူလိုက်”
အိတ်ကို ပစ်ပေးလိုက်၏။
ရွှီယန်က ဖမ်းကာ ဖွင့်ကြည့်ပြီးနောက် စိတ်ဝိညာည် ဆေးပင်နှင့် စိတ်ဝိညာဉ်စာရွက် တစ်ထပ်တို့ကို တွေ့လိုက်ရသည်။
“စစ်ဘုရင်တစ်ယောက် အနေနဲ့ တွက်ကြည့်ရင် မင်းက တကယ့်ကို ဆင်းရဲတာပဲ။ ဆိုးလိုက်တဲ့ အမှိုက်.. ငါသတ်ခဲ့တဲ့ သိုင်းသခင်အချို့တောင် မင်းထက်ပိုပြီး ချမ်းသာတယ်”
ရွှီယန်က မနှစ်မြို့စွာဖြင့် စတင် ကြိမ်ဆဲ၏။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် စစ်ဘုရင်တစ်ယောက်အား သတ်ဖြတ်မှာဖြစ်သည်။ အကျိုးအမြတ် များစွာကို ရရှိရန် မျှော်လင့်ထား၏။ သို့ပေမယ့် ဝမ်းနည်းစရာ ကောင်းသည်မှာ ငမွဲနှင့် လာကြုံခဲ့လေသည်။
ကြည့်ရှုနေသူ အားလုံးတို့မှာ တိတ်ဆိတ်သွားကြသည်။ မည်မျှ ငွေမက်လိုက်သနည်း။
ရှဲ့လင်ဖုန်း၏ ပါးစပ်ထောင့်များက တွန့်ကွေးသွား၏။ ယခုအချိန်၌ ရွှီယန်၏ အဘယ်ကြောင့် သုယွီယင်းကို လိုက်လံစောင့်ရှောက်ခဲ့ပုံနှင့် ဝူရွှမ်းစံအိမ်၌ အလကား လှည့်လည်ခဲ့မှုတို့ကို နားလည်လာခဲ့သည်။ မွဲပြာနေသောကြောင့် ဖြစ်၏။
စွန့်ပြစ်ဒေသမှ လူတစ်ယောက်သည် ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ်ပုံဆောင်ခဲများ ပိုင်ဆိုင်ထားမည်နည်း။
“ချီး..”
ယင်ဟုန်မှာ ဒေါသဖြင့် ပေါက်ကွဲထွက်နေပါပြီ. သူ၏ အရှိန််အဝါက လှိုင်းထန်လာပြီး ရွှီယန်ကို အော်၏။
“မင်းသာ ငါ့ကို သတ်နိုင်ရင် ချန်းလန်ကျွန်းက အရာအားလုံး မင်းအပိုင်ပဲ။ အကြီးအမှူးနဲ့ ဒီကလူတွေအားလုံးကို မျက်မြင်သက်သေအဖြစ် ထားလို့ရတယ်”
ယင်ဟုန်မှာ ရွှီယန်ကို သတ်ဖြတ်ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ယနေ့တွင် ဒီကောင့်ကိုသာ မသတ်ရပါက ဒေါသဖြင့် ပေါက်ကွဲသေရမှာ စိုးရပါသည်။
ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။ သူက ရှဲ့လင်ဖုန်းဘက်သို့ လှည့်ကာ မေးသည်။
“အစ်ကိုရှဲ့.. ချန်းလန်ကျွန်းက ချမ်းသာလား”
ရှဲ့လင်ဖုန်းက မျက်မှောင်ကြုတ်သွားပြီး ခေါင်းကိုယမ်းကာ ပြောသည်။
“ငါတစ်ခါမှ ချန်းလန်ကျွန်းကို မကြားဖူးဘူး”
သူက ဟူရှန်းဘက်သို့ လှည့်၏။
“မင်းရော ကြားဖူးလား”
ဟူရှန်းလည်းပဲ ခေါင်းကိုယမ်းသည်။
ယင်ဟုန် “…”
ထိုအချိန်၌ သုယွီယင်းက ပြော၏။
“ချန်းလင်ကျွန်း သခင်က တော်တော်လေး ချမ်းသာပါတယ်။ သူ့အိမ်မှာ စိတ်ဝိညာဉ်ပုံဆောင်ခဲ သန်းနဲ့ချီပြီး ရှိလောက်တယ်”
ဓါးသခင်ချောက်ကမ်းပါး၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက် အနေနှင့် ရှဲ့လင်ဖုန်း၏ မိတ်ဆွေအသိုင်းအဝိုင်းမှာ အလွန်မြင့်မားလှသည်။ သူ့အနေနှင့် ယွဲ့နိုင်ငံရှိ အဖွဲ့တစ်ခုသာ ဖြစ်သည့် ချန်းလန်ကျွန်းကို မသိသည်မှာ ပုံမှန်သာ ဖြစ်၏။
ရွှီယန်က ချက်ချင်းပင် တက်ကြွလာခဲ့သည်။
“ကောင်းတယ်။ မင်းကို အနိုင်ယူပြီးရင် ချန်းလန်ကျွန်းက ငါ့အပိုင်ဖြစ်ပြီ”
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်သည်။ ပြီးနောက် နောက်သို့လှည့်ကာ ရှဲ့လင်ဖုန်းကို လေးနက်စွာ ပြော၏။
“အစ်ကိုရှဲ့.. သေသေချာချာ ကြည့်ထားပါ.. ဒီနေ့မှာ ကျွန်တော် တားမြစ်ချက်တွေကို ကျော်လွန်ပြီး ရန်သူတစ်ယောက်ကို သတ်ဖြတ်ပုံကို ပြမယ်”
“ဒီကလူတိုင်းလည်း ငါရွှီယန်- ဓါးနတ်ဘုရား စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့ ဘယ်လိုသတ်မလဲ ဆိုတာကို ကြည့်ကြပါဦး”
ယင်ဟုန်၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ လက်သွား၏။ ဒေါသပေါက်ကွဲနေလင့်ကစား သူသည် ရန်သူကို အနည်းငယ်မျှ အထင်သေးခြင်း မရှိပါ။
စစ်ဘုရင်တစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်မည်ဟု ကြေငြာရဲသည့် မည်သူမဆိုတွင် သူတို့၏ စွမ်းရည်များအပေါ် ယုံကြည်ချက်အပြည့် ရှိနေမှာပါ။
သို့ပေမယ့် စစ်ဘုရင်၏ အစွမ်းအား အထင်သေးမိနေခြင်းလည်း ဖြစ်၏။ ရွှီယန်လည်း စစ်ဘုရင်တစ်ယောက်၏ ခွန်အားအပြည့်ကို နားမလည်ခြင်း ဖြစ်မည်ဟု ယွင်ဟုန် ယုံကြည်ပါသည်။
သူ့အတွက် ဤသည်မှာ အခွင့်အရေးတစ်ခု ဖြစ်၏။
သူ၏မျက်နှာက ရက်စက်ကြမ်းတမ်းသွာပြီး အရှိန်အဝါတို့ ပတ်ဝန်းကျင်၌ လှိုင်းထလာခဲ့သည။ ခွန်အားအားလုံးကို စုစည်းကာ ရန်သူကို တစ်ခါတည်း သတ်ဖြတ်ရန် တိုက်ခိုက်၏။
“သေလိုက်တော့”
“ဘုန်း”
လေထဲတွင် ပြင်းထန်သည့် လေဝှေတစ်ခု ဖွဲ့စည်းလာ၏။ လောကကို ဖျက်ဆီးတော့မည့်နှယ် ကြော်ကစရာကောင်းသည့် ဖိအားက ကျယ်ပြန့်လာခဲ့သည်။ ပွဲကြည့်သူများကို ဖြူရော်သွားစေ၏။
ဤသည်မှာ စစ်ဘုရင်တစ်ယောက်၏ ထည်ဝါမှုလေလား။
သုယွီယင်း၏ မျက်လုံးများက ပြူးကျယ်နေပြီး လက်ဝါးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထားသည်။ လူငယ်အား စိုးရိမ်စွာ ကြည့်ရှုနေ၏။
ဝတ်စုံဖြူနှင့် မိန်းကလေးလည်း မျက်တောင်မခတ်ပဲ စူးစမ်းနေပါသည်။
ရှဲ့လင်ဖုန်း၏ အသွင်က လေးနက်နေပြီး သူ၏လက်က ဓါးရိုးပေါ်သို့ အလိုလို ရောက်ရှိသွား၏။
“ဝေါင်း”
နဂါးဟိန်းသံတစ်ခု ပျံ့လွင့်လာ၏။ ရွှေရောင် နဂါးကြီးတစ်ကောင် ပျံတက်သွားပြီး သက်ဆင်းလာနေသည့် မုန်တိုင်းများကို ရင်ဆိုင်သည်။ ၎င်း၏ ကြီးစိုးလှသည့် အငွေ့အသက်က သက်ရှိအားလုံးတို့ကို ဝပ်တွားသွားအောင် လုပ်နိုင်၏။
နဂါးကြီး၏ အရှိန်အဝါအကြားတွင် အဆုံးမသတ်နိုင်သည့် ဒေါသတို့ မြင့်တက်လာသည့်ပုံ ရှိသည်။ လောကကြီးတစ်ခုလုံး အရောင်အစင်း ပျောက်ဆုံးသွား၏။
ရွှေရောင်နဂါးကြီးက စစ်မှန်သည့် နဂါးတစ်ကောင်သဖွယ် လောကအကြားတွင် ပေါ်ထွန်းလာပြီး ကြောက်စရာကောင်းလှသည့် အရှိန်အဝါနှင့် ကျောချမ်းဖွယ် ဒေါသတို့ကို သယ်ဆောင်ထားသည်။
“ဘုန်း”
မုန်တိုင်းကဲ့သို့ စွမ်းအားက ပြိုလဲသွားသည်။
“မကောင်းတော့ဘူး”
ယင်ဟုန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အကြောက်တရားတို့နှင့် ပြည့်နှက်သွား၏။ သူ့အနေနှင့် ရှောင်ပြေးချင်လေသည်။ သို့ပေမယ့် အားတစ်ခုက ဖိနှိပ်ထားပုံ ပေါ်ပြီး သူ၏ စွမ်းအင်အားလုံးတို့ကိုလည်း တိုက်ချက်၌ အသုံးပြုထားခဲ့၏။ ဒီအချိန်၌ လုံးဝ စွမ်းအားတို့ ကင်းမဲ့နေပါသည်။
နဂါးကြီး၏ သူ့ဆီသို့ ဝင်ရောက်လာမှုကိုသာ ကြည့်နေနိုင်၏။ ကြောက်စရာကောင်းသည့် စွမ်းအားက ချည်းကပ်လာပြီး သေခြင်း၏ အငွေ့အသက်က သူ၏ အသိစိတ်ဆီသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
“ဘုန်း”
လူအုပ်၏ မျက်လုံးများအောက်တွင် လေထဲရှိ ယင်ဟုန်မှာ ပေါက်ကွဲထွက်သွားခဲ့၏။ ရွှေရောင် နဂါးကြီး၏ တိုက်ခိုက်မှုက စစ်ဘုရင်တစ်ယောက်ဖြစ်သည့် ယင်ဟုန်ကို နေရာမှာတင် သတ်ဖြတ်သွားသည်။ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်ရာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပေါက်ကွဲထွက်သွား၏။
“ဝေါင်း”
နောက်ထပ် နဂါးကြီးတစ်ကောင် ပျံသန်းထွက်သွားပြီး လှည့်လည်ကာ လေထုကို အမှုန့်ကြိတ်ပစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများလည်း ပြာအဖြစ် ပြောင်းလဲကာ လေနှင့်အတူ ပျောက်ကွယ်သွား၏။
အားလုံး တိတ်ဆိတ်သွားကြသည်။
ခုနစ်စင်ကြယ် အကယ်ဒမီ၏ ကျမ်းစာအုပ်စံအိမ် အပြင်ဘက်နေရာ တစ်ခုလုံးမှာ တိတ်ဆိတ်နေတော့၏။
ကျောင်းသားအားလုံး၊ ဆရာအားလုံးတို့၏ မျက်လုံးများက ပြူးကျယ်ကာ ပါးစပ်များက ပွင့်ဟနေပြီး အံ့ဩမှုမှ ရုန်းမထွက်နိုင်အောင် ရှိနေပါသည်။
ဖူယွင်ထန်း၏ မုတ်ဆိတ်မွှေးကို သပ်နေသည့် လက်များက မှင်သက်စွာဖြင့် အားထည့်မိလိုက်ပြီး သတိထားမိခြင်း မရှိပဲ မုတ်ဆိတ်မွှေးအချို့ပင် ကျွတ်ကျလာခဲ့သည်။
ရွှီယန်သည် အမှန်တကယ်ကို စစ်ဘုရင်တစ်ယောက်အား တစ်ချက်တည်းနှင့် ဖောက်ခွဲပြစ်ခဲ့၏။
“ငါက ယင်ဟုန်ထက် ပိုသန်မာတယ်။ အများကြီးကို ပိုသန်မာတယ်။ သူငါ့ကိုတော့ တစ်ချက်တည်းနဲ့ ပေါက်ကွဲမထွက်စေနိုင်လောက်ဘူး.. အနည်းဆုံးတော့ ဆယ်ချက်လောက် လိုမယ်မလား..”
ထိုအတွေးက ဖူယွင်ထန်း၏ ခေါင်းထဲသို့ ရောက်ရှိလာခဲ့၏။ သူက လုံးဝကို ထုံထိုင်းနေပါသည်။
ရှဲ့လင်ဖုန်း၏ လက်များက အနည်းငယ် တုန်ခါနေ၏။ ရွှီယန်မှာ ကြွားဝါတတ်သူ မဟုတ်ကြောင်းကို သူသိပါသည်။ သို့ပေမယ့် စစ်ဘုရင်တစ်ယောက်ကို တစ်ချက်တည်းနှင့် ဖောက်ခွဲပစ်ခဲ့သည့် မြင်ကွင်းက ပါးစပ်ဖြင့် ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ဆွံ့အသွားစေဆဲ ဖြစ်သည်။
သုယွီယင်းမှာ လူငယ်ကို စူးစိုက်စွာ ကြည့်နေပြီး တစ်စက္ကန့်မျှပင် အကြည့်လွဲသွားခြင်း မရှိပေ။ ဤသည်မှာ သူမကို သုအိမ်တော်သို့ ပြန်လည်ပို့ဆောင်ခဲ့သည့် လူငယ်ဖြစ်၏။
ယနေ့တွင် သူသည် ခုနစ်စင်ကြယ် အကယ်ဒမီ၌ စစ်ဘုရင်တစ်ယောက်ကို တစ်ချက်တည်းနှင့် ထပ်မံ သတ်ဖြတ်ခဲ့ပြန်သည်။ တကယ့်ကို လက်လှမ်းမမှီနိုင်ပေ။
ဝတ်စုံဖြူနှင့် မိန်းကလေး၏ မျက်လုံးများထဲ၌ ရှင်းမပြနိုင်သည့် အရောင်တို့ လင်းလက်သွား၏။ နူးညံ့ညင်သာမှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။
ရွှီယန်က သက်ပြင်းချသည်။ သူသည် အမှန်တကယ်ကို အားနည်းနေသေး၏။ ဆရာထက် များစွာ ပိုမိုအားနည်းပါသည်။
ထိုနေ့က ဆရာသည် စစ်ဘုရင်တစ်ယောက်ကို တစ်ချက်တည်းနှင့် တစ်ခါတည်း ပြာအဖြစ် ပြောင်းလဲပြခဲ့၏။ ထို့အပြင် ထိုစစ်ဘုရင်မှာ ယင်ဟုန်ထက် ပိုမိုသန်မာပါသည်။
သို့ရာတွင် စစ်ဘုရင်များမှာ စစ်ဘုရင်များ ဖြစ်ကြသည်။ သူ၏ နဂါးနိုင်လက်ဝါးသိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိလုမတတ် ရှိနေခဲ့ပါပြီ။
“စစ်ဘုရင်တစ်ယောက်က တကယ့်ကို အမည်နာမနဲ့ ထိုက်တန်တယ်။ သတ်ရတာ ခက်ခဲလွန်းတယ်။ သူ့ကို ပေါက်ကွဲထွက်စေဖို့လေးတောင် ငါ့ရဲ့ ခွန်အားတွေ အကုန်ကုန်လုမတတ် ဖြစ်သွားခဲ့တယ်”
ရွှီယန်က နောင်တရစွာ ပြော၏။
လူအုပ် “….”
ကျေးဇူးပြုပြီး ဘာမှ ဆက်မပြောပါနဲ့တော့လား.. ငါတို့နှလုံးသားတွေ ဆက်ပြီး ထိုးနှက်ချက် မခံနိုင်တော့ဘူး….
“အကြီးအမှူး.. ကျွန်တော် စည်းမျဉ်းကို လိုက်နာဖို့ မလိုတော့ဘူးမလား”
ရွှီယန်က ငိုင်တိုင်နေသည့် ဖူယွင်ထန်းကို ကြည့်ကာ မေးသည်။
“မိတ်ဆွေလေး.. မင်းအဆင့်ချိုးဖျက်သွားတာလား”
ဖူယွင်ထန်းက ခါးသက်စွာ ပြုံးသည်။
ပြီးခဲသည့် ရက်အနည်းငယ်က ရွှီယန်တွင် ယခုမျှ အံ့ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားခြင်း မရှိသေးပါ။
“ဟုတ်ပါတယ်”
ရွှီယန်က ခေါင်းညှိတ်သည်။
“အံ့ဩစရာ မရှိဘူး”
ဖူယွင်ထန်းက အသက်ကို နက်ရှိုင်းစွာ ရှူပြီး လေးနက်စွာ ပြော၏။
“အဲ့နေ့က သိုင်းပညာ ပညာရှင်တွေနဲ့ မင်းဆွေးနွေးခဲ့တဲ့ သီအိုရီတွေက ကျပန်း စိတ်ကူးယဉ်ထားတာ မဟုတ်ဘူးလား”
“ဘယ်ဟုတ်မလဲ”
ရွှီယန်က သူ့ကို အလိုမကျစွာ ကြည့်သည်။ ဤသည်မှာ စစ်မှန်သည့် သိုင်းပညာများ ဖြစ်၏။ ဘယ်လိုလုပ် စိတ်ကူးယဉ်တာ ဖြစ်မည်နည်း။
“အစ်ကိုရှဲ့.. သွားကြရအောင်.. ကျွန်တော်တို့ နေရာတစ်ခုရှာပြီး စကားပြောကြတာပေါ့”
ရွှီယန်က တက်ကြွစွာ ပြောသည်။
ယင်ဟုန်ကို သတ်ဖြတ်ပြီးနောက် ခုနစ်စင်ကြယ် အကယဒမီကို တုန်လှုပ်သွားစေခဲ့၏။ ထို့အပြင် သူလည်း စိတ်ဝိညာဉ်ပုံဆောင်ခဲ အများအပြားကို ရရှိခဲ့သည်။
ယခုအချိန်၌ ရှဲ့လင်ဖုန်းကို ကျေးဇူးတင်ရန်အတွက် နည်းနည်းပါးပါး ဧည့်ခံကျွေးမွေးနိုင်နေပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ဂုဏ်သတင်းအား အံ့ဩစရာကောင်းလောက်အောင် အသုံးဝင်ခဲ့၏။
“ကောင်းပြီလေ”
ရှဲ့လင်ဖုန်းက ပြုံးသည်။ သူလည်း ရွှီယန်ဆီမှ ဓါးသိုင်းနှင့် မူလအဆင့်တို့အကြောင်းအား မေးမြန်းစရာ ရှိသေး၏။
“သခင်လေးရွှီ.. ကျွန်မ ခုနစ်စင်ကြယ်မြို့က တိတ်ဆိတ်ပြီး အဆင်ပြေတဲ့ နေရာတစ်ခုကို သိတယ်။ အဲ့ဒီမှာ ဘာအနှောက်အယှက်မှ မရှိပဲ လွတ်လွတ်လပ်လပ် စကားပြောလို့ ရတယ်။ သွားကြမလား”
ယခုအချိန်၌ ပုဝါကို လှန်ကာ မှင်သက်ဖွယ် အလှကို ဖော်ပြထားသည့် သုယွီယင်းက အကြံပေး၏။
ရွှီယန်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဘာပဲဖြစ်ဖြစ် သူသည် သုယွီယင်းနှင့် အများကြီး ရင်းနှီးခြင်း မရှိပေ။ ခရီးတစ်ခုကို လိုက်ပို့ခဲ့သည်သာ ရှိ၏။ ဒီလောက် နီးကပ်ခြင်း မရှိပါ။
“ယွီယင်းက ဒကာခံမှာပါ။ အဲ့နေ့က သခင်လေးရွှီ လိုက်ပို့ပေးခဲ့တာကို ကျေးဇူးတင်တဲ့ အနေနဲ့ရောပေါ့”
သုယွီယင်းက ထပ်ပေါင်းပြော၏။
“အင်း.. ဒါဆိုလည်း ကောင်းပြီလေ”
ရွှီယန်က သဘောတူစွာ ခေါင်းညှိတ်သည်။
ထို့နောက် ပြော၏။
“ဒါနဲ့ မိန်းကလေးသု.. ချန်းလန်ကျွန်းက ဘယ်နေရာမှာလဲ ဆိုတာကို နင်သိလား။ ကျွန်တော့ကို နည်းနည်းပါးပါး ပြောပြပါလား။ အခုဆို အဲ့ဒါက ကျွန်တော့အပိုင် ဖြစ်နေပြီလေ”
“ကောင်းပါပြီ”
သုယွီယင်းက ခေါင်းညှိတ်သည်။
“ချွေအာ.. နင်သွားပြီးတော့ ပြင်ဆင်လိုက်။ အဲ့ဆိုင်မှာ သေသေချာချာ မှာထားလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ချွေအာက စိတ်အားထက်သန်စွာဖြင့် ပြေးထွက်သွား၏။