← Chapters

ပုရွက်ဆိတ်လေးတွေ

Vol. 12 Ch. 1144

ပုရွက်ဆိတ်လေးတွေ

Vol. 12 Ch. 1144

ကိုယ်ပွား တစ်ခုသည် နတ်ဘုရား စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ မူရင်း ခန္ဓာထက် ပို၍ အားနည်းပေသည်။ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် မဟာ ကျင့်ကြံသူများ သာလျှင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ကိုယ်ပွားကို ဖွဲ့စည်းနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့်ပင် လူတိုင်းသည် ချန်းဖန်ကို ကြောက်လန့်ခဲ့ကြခြင်း ဖြစ်သည်။

အကယ်၍ ထိုကိုယ်ပွားကသာ ရုပ်သေးရုပ် ကဲ့သို့ ရတနာ တစ်မျိုးမျိုး ဆိုပါလျှင်မူ အရာရာမှာ ခြားနား သွားခဲ့ပြီ ဖြစ်သည်။ စကြဝဠာ အတွင်းပိုင်းရှိ ဂိုဏ်းကြီးများ ဆိုလျှင် သူတို့၏ ဂိုဏ်းတံခါးအား စောင့်ရန် အတွက် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ရုပ်သေးရုပ်များကိုပင် ထားလေ့ရှိကြသည်။ ကျော်ကြားသော ရုပ်သေးရုပ် ဂိုဏ်း ဆိုလျှင် ရုပ်သေးရုပ် ကျင့်စဥ်များကို အထူးလေ့လာကြသည်။ သူတို့၏ ရုပ်သေးရုပ်များသည် သူတို့ထက်ပင် ပိုမို အစွမ်းထက် ကြသည်။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း၏ အစစ်အမှန် ခန္ဓာမှာ ဒွါရကိုးပါး ကလေးငယ် ဆိုသော ရုပ်သေးရုပ်ထက် ပိုမို သန်မာလိမ့်မည် မထင်ချေ။

“အဲဒါက တကယ်ပဲ ရုပ်သေးရုပ် ကျင့်စဥ်လား...”

နတ်ဘုရား မင်းသားများနှင့် အကြီးအကဲများမှာ ဒွါရကိုးပါး ကလေးငယ်ကို ကြည့်လိုက်ကြ၏။ ထိုအရာသည် ချန်းဖန်နှင့် တိကျစွာ တူညီသည်။ သို့သော်လည်း ၎င်းမှာ နတ်ဘုရား စိတ်အာရုံ သီးသန့်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ခြားနားသော စွမ်းအင်ကို သယ်ဆောင်ထားသည်။ ထိုအရာကား နတ်ဘုရား စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် စွမ်းအား တစ်ခု အစား ရတနာ တစ်မျိုးမျိုးနှင့်ပင် ပို၍ တူညီလှ၏။

“ဟဟ... မင်းက အဲဒီ ရုပ်သေးရုပ် အပေါ် မှီခို နေရတာကိုး... ငါတောင် ကြောက်သွားတယ်”

လင်းယန်က ရယ်မောလိုက်၏။

“လိမ္မာ ပါးနပ်တယ်... ဒါပေမဲ့ အသုံးမဝင်ဘူး”

ကျိုးကျန်းကလည်း ခေါင်းအား ခါယမ်းလိုက်သည်။

“ဘုန်း...”

ယွမ်ရီသည် ဘာမှ မပြောပဲ အတောင် နှစ်ဖက် နဂါးပြေးဆွဲသော စစ်ရထားကို ‌‌မောင်းနှင်ကာ ချန်းဖန်ထံသို့ တိုးဝင် လာသည်။ များစွာသော နတ်ဘုရား ဗိုလ်ချုပ်များမှာလည်း တစ်သိန်းသော ရွှေအမြုတေ အဆင့်များကို ဦးဆောင်ကာ ချန်းဖန်အား ဝန်းရံ ပိတ်ဆို့ လိုက်ကြ၏။ ချန်းဖန် အတွက် လွတ်မြောက်ရာ လမ်းကြောင်းကား ကင်းမဲ့ သွားခဲ့ပြီ ဖြစ်လေသည်။

“ဝှစ်... ဝှစ်...”

လင်းယန်၊ ဝမ်ဝေ၊ တိုင်ချူ နတ်ဘုရား မင်းသားနှင့် နဲ့ကုန်း နတ်ဘုရား မင်းသားတို့ အပါအဝင် အခြား နတ်ဘုရား မင်းသားများမှာလည်း ရှေ့သို့ တက်လာကြသည်။

“ချန်းပေ့ရွှမ်း... ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်... ဒူးထောက်ပြီး ငါ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်... မင်းသာ ငါ့ရဲ့ နတ်ဘုရား ဗိုလ်ချုပ် ဖြစ်လာရင် ငါ မင်းရဲ့ ချန်းမိသားစုကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ထာဝရ အုပ်စိုးခွင့် ပေးမယ်... မင်း ဘက်က ငြင်းမယ် ဆိုရင်တော့ ငါ မြောက်ပိုင်းချုံးကို ရှင်းလင်းပြီး မင်းရဲ့ တပည့် အကုန်လုံးကို သတ်ပစ်မယ်”

ချင်ဖန်းက တည်ငြိမ်စွာပင် ချန်းဖန်ကို ကြည့်ကာ ပြောလိုက်လေ၏။ အပိုလို နန်းတော်၏ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကလည်း အော်ဟစ်လိုက်သည်။

“အရှင်မင်းသားက မင်းအပေါ် ကြင်နာ သနားမှုကို ပြသနေတာ... ချန်းပေ့ရွှမ်း ဒူးထောက်ပြီး သူ့ကို မြန်မြန် ကျေးဇူးတင်လိုက်”

များစွာသော အကြီးအကဲများကား စိတ်မရှည်နိုင်အောင် ဖြစ်နေကြပြီ ဖြစ်သည်။ ချန်းဖန်၏ ကိုယ်ပွား ရုပ်သေးရုပ် တစ်ခုဟု သိပြီး နောက်ပိုင်း၌ သူတို့သည် ချန်းဖန် အ‌ပေါ် အထင်ကြီးခြင်း မရှိကြတော့ချေ။ သူတို့သည် သူ့အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှု ရှိကြပေသည်။ သို့ဖြစ်ရာ အဘယ်‌ကြောင့် အချိန်ကုန်ခံ ညှိနှိုင်းရမည်နည်း။

များစွာသော ရန်သူများ၏ ဝန်းရံခြင်းကို ခံထားရသည့်တိုင် ချန်းဖန်မှာမူ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။

“ပါးစပ်ပိတ်ထားစမ်း...”

သူက ညင်သာစွာ ပြောရင်း ခရိုင်စတယ် အလား ကြည်လင်သော လက်ကို တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။

“ဘုန်း...”

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခုသည် အာကာသ အတွင်း ပေါက်ကွဲ သွား၏။ စကြဝဠာ ပြိုကျလာသည့် အလား ကမ္ဘာ တစ်ခုလုံးမှာ တုန်ရီသွားသည်။ အနီးအနား၌ ရှိသော လပင်လျှင် တုန်ရီ ယိမ်းထိုး သွားခဲ့၏။

“ဘုန်း...”

အဇူရာ အမတေသည် ကောင်းကင်မှ ရေတံခွန် အလား ပြုတ်ကျလာ၏။ ချန်းဖန် ခန္ဓာကိုယ် အနှံ့အပြားရှိ ၄၈၀၀၀ သော စွမ်းအင်ပေါက်များသည် တစ်ချိန်တည်း၌ ပွင့်ဟလာကာ မီးခိုးများမှာ သူ၏ ဒွါရပေါက် ခုနစ်ပေါက်မှ ထွက်ပေါ်လာကြသည်။ ဖန်သား ကဲ့သို့ အဇူရာ ပန်းပွင့်သည် ချန်းဖန်၏ ဦးခေါင်းထက်၌ ပွင့်လန်း လာ၏။ ထိုအရာ ထွက်ပေါ်လာသည်နှင့် ပွင့်ဖတ်များသည် ချန်းဖန် တစ်ဝိုက်သို့ ကြွေကြကာ ရွှေရောင် ကြာများမှာ ပုံရိပ်ယောင် မြေပြင်တွင် ပေါ်ပေါက် လာကြသည်။ ထိုအခိုက်၌ ချန်းဖန်သည် ရောင်စုံ အလင်းများဖြင့် ဝန်းရံနေရာ ကောင်းကင်မှ နတ်ဘုရား တစ်ပါး အလားပင် ထင်ရလေသည်။

ချင်ဖန်းနှင့် ယွမ်ရီတို့မှာ ချန်းဖန်၏ အရှေ့၌ ကိုယ်ရောင် ကိုယ်ဝါ မှေးမှိန်နေကြ၏။ သူတို့သည် ထိုအရာကို တမင်သက်သက် လုပ်ယူထားခြင်း မဟုတ်ချေ။ ချန်းဖန်နှင့် နှိုင်းယှဥ်ရပါက သူတို့ကား လမင်းနှင့် ပုလဲများ အလား ကွာခြားလွန်းလှသည်။

“သူက ဘယ်လိုလုပ်ပြီး ရွှေအမြုတေ အဆင့် အခြေတည် ဝိညာဥ် အဆင့် ဖြစ်နိုင်မှာလဲ... ထိပ်တန်း နတ်ဘုရား မင်းသားတွေတောင် အဲဒီလို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို မပိုင်ဆိုင်နိုင်ဘူး... ပြောတော့ သူက ကိုယ်ပွား အပေါ်ကိုပဲ မှီခိုနေရတာဆို... ဘာလို့ သူ့ရဲ့ အစစ်အမှန် ခန္ဓာကလည်း ဒီလောက် အစွမ်းထက် နေရတာလဲ... ကိုယ်ပွားထက်တောင် ပိုနေသေးတယ်”

ကျင့်ကြံသူ အားလုံးမှာ ကြောက်လန့် သွားကြ၏။ အစွမ်းထက်ပါသည် ဆိုသော နတ်ဘုရား မင်းသားများ ပင်လျှင် စိုးရိမ် သွားကြလေသည်။

“ဘုန်း...”

ချန်းဖန်သည် သာမန်သာ လက်အား ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သည်။ သူသည် မည်သည့် ဓမ္မ စွမ်းအားနှင့် နတ်ဘုရား ဝိညာဥ်၏ စွမ်းအားကိုမှ အသုံးပြုရခြင်း မရှိသေးချေ။ သို့တိုင်အောင် ထိုအရာက ပင်လျှင် အခြေတည် ဝိညာဥ် အသစောပိုင်း အဆင့်နှင့် အလယ်ဆင့် အကြီးအကဲများကို မထိန်းချုပ်နိုင်အောင် တုန်ရီသွားစေခဲ့သည်။ ရွှေအမြုတေ အဆင့်များ ဆိုလျှင် ဒွါရပေါက်များမှ သွေးများ စီးကျလာသည် အထိ ဖြစ်သွားခဲ့ကြရ၏။

နတ်ဘုရား မင်းသားများ သာလျှင် သူတို့၏ စွမ်းအင်ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့သည်။ သို့သော်လည်း သူတို့၏ မျက်နှာများက ဖြူရော်နေသည်။ ကောင်းကင်သားရဲ မျိုးဆက် သားရဲ ခုနစ်ကောင်မှာလည်း စိုးရိမ် နေကြပုံ ပေါ်သည်။ အနီရောင် မီးမိစ္ဆာကျား၏ မျက်နှာတွင်မူ ကြောက်ရွံ့မှု အငွေ့အသက် အချို့ ဖြတ်ပြေး နေခဲ့လေ၏။

“အဲဒါက ဘယ်လို စွမ်းအားမျိုးလဲ... သူက မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်ကို ရောက်နေပြီလား”

ကျိုးကျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။

မဟာ ကျင့်ကြံသူ တစ်ပိုင်းများမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များနှင့်ပင် ခြေရာချင်း တိုးနိုင်သည့် ကျင့်ကြံသူများ ဖြစ်ကြကာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၏ ဓမ္မ ဥပဒေသများကို ပိုင်ဆိုင် ထားကြသည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် စွမ်းအားကို ထိန်းချုပ်နိုင်သည့် မည်သူမဆို အခြေတည် ဝိညာဥ် အဆင့် အကုန်လုံးထက် ပိုမို အစွမ်းထက်ကြသည်။ နတ်ဘုရား မင်းသားများ ပင်လျှင် သူတို့နှင့် ယှဥ်၍ မတိုက်ခိုက်ဝံ့ချေ။

မဟာ ကျင့်ကြံသူ တစ်ပိုင်းများမှာ အလွန်တရာ အစွမ်းထက်ကြသူများ ဖြစ်ပြီး ဂိုဏ်းအိုကြီးများ၏ ဝှက်ဖဲများလည်း ဖြစ်သည်။ သူတို့သည် ဂိုဏ်းများ၏ မဟာ အကြီးအကဲများ ဖြစ်ကြကာ အနည်းဆုံး အနှစ် ခြောက်သောင်း အသက်ရှင်ပြီးသူများလည်း ဖြစ်သည်။ ကောလဟာလများ အရဆိုလျှင် အပိုလို နန်းတော်၌ အသက် ကိုးသောင်း ရှိနေပြီ ဖြစ်သည့် မွန်းစတားအိုကြီး တစ်‌ယောက် ပင်လျှင် ရှိသည် ဟု ဆိုကြသည်။ သူသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ကာ သူ၏ စွမ်းအားမှာ နဂါးနှင့် နတ်ဘုရားများ ကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“မဖြစ်နိုင်ဘူး... သူက ခုမှ အသက်သုံးဆယ်ပဲ ရှိသေးတာလေ... သူက သူ့အသက်ကို လိမ်ညာထားတယ် ဆိုရင်တောင် ဘယ်လိုလုပ်ပြီး မဟာ ကျင့်ကြံသူ တစ်ပိုင်း ဖြစ်နိုင်ဦးမှာလဲ... ဒီဂြိုဟ်နယ်မြေက နတ်ဘုရားတွေရဲ့ စွန့်ပယ်ခြင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခံထားရတာ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်း အတွင်းမှာ ကျင့်ကြံသူ တစ်ယောက်ပဲ အယောင်ဆောင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ခဲ့တာ... သူ့လို ဒေသခံ တစ်ယောက်က  ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့ မဟာ ကျင့်ကြံသူ အဆင့်ကို ဝင်နိုင်ဦးမှာလဲ”

လင်းယန်က ခေါင်းခါရင်း ပြောလိုက်၏။ သို့သော်လည်း သူသည် စိတ်အတွင်းတွင်မူ ချန်းဖန်၏ စွမ်းအားမှာ မဟာ ကျင့်ကြံသူ တစ်ပိုင်းများနှင့် နှိုင်းယှဥ်နိုင်သည်ဟု တိတ်တခိုး ဝန်းခံ နေမိသည်။

တစ်ချိန်တည်း၌ အခြား နတ်ဘုရား မင်းသား အချို့၏ မျက်လုံးများမှာ မနာလိုမှုများဖြင့် ပြည့်နှက် နေလေသည်။

လူများသည် သူတို့ကို နတ်ဘုရား မင်းသား လောင်းလျာများဟု ခေါ်သော်လည်း အမှန်တကယ်တွင်မူ သူတို့ထဲမှ တစ်ယောက်စ၊ နှစ်ယောက်စ သာလျှင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ဝင်ရောက် နိုင်ကြသည် ဖြစ်နိုင်ချေကား အယောက်တစ်ရာတွင် တစ်ယေက်လောက်သာ ရှိပေသည်။

မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်သို့ ဝင်ရောက်နိုင်ခြင်းက သာလျှင် သူတို့ ဘဝ၏ အကြီးမားဆုံး ရည်မှန်းချက်များ ဖြစ်သည်။

သို့တိုင်အောင် ထိုစွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ မောက်မာသော လူငယ်သည် အသက် သုံးဆယ် အရွယ်မှာပင် မဟာ ကျင့်ကြံသူ တစ်ပိုင်း၏ စွမ်းအားမျိုး ပိုင်ဆိုင် ထားခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် အိုမင်းချိန်ကို ရောက်ရှိရန် နှစ်ထောင်သောင်း များစွာ လိုသေးသည်။ အသက်ကြီးလာသည်နှင့် အမျှ သူသည် ပို၍ ပို၍ အစွမ်းထက် လာလိမ့်မည် ဖြစ်သည်။ သို့ဖြစ်ရာ နတ်ဘုရား မင်းသားများမှာ မည်ကဲ့သို့ မနာလို မဖြစ်ပဲ နေနိုင်ပါမည်နည်း။

“သူ့ကို သတ်ကြစမ်း... သူ မဟာ ကျင့်ကြံသူ တစ်ပိုင်း ဖြစ်နေပြီ ဆိုတာ ငါတော့ လုံးဝ မယုံဘူး”

ဝူကျိဂိုဏ်း၏ အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့် နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်က အော်ဟစ်ရင်း ပေတစ်ထောင် ရှည်လျားသော ဝူကျိ ကြယ်သင်္ဘောကို အသက်သွင်း လိုက်သည်။ ထိုအရာသည် မိုးကြိုးသံများကို ထုတ်လွှတ်ကာ ငွေရောင် အလင်း အသွင် ပြောင်းလဲ သွားလေ၏။ ၎င်းသည် ကြမ်းတမ်းစွာ ခုတ်မောင်းရင်း ချန်းဖန်ထံသို့ တိုးဝင် လာခဲ့လေသည်။

တစ်ချိန်တည်း၌ ဒါဇင်ပေါင်း များစွာသော အခြေတည် ဝိညာဉ် အဆင့်များမှာလည်း အတူတကွ စုပေါင်းကာ သူတို့၏ ဓမ္မ ရတနာများ၊ နတ်ဘုရား စွမ်းအားများကို ထုတ်လွှတ် လိုက်ကြလေသည်။

"ဘုန်း…"

လှိုင်းထန်နေသည့် ပင်လယ် တစ်ခု အလား စွမ်းအင်များသည် စုပြုံ ထွက်ပေါ်လာလေရာ ကောင်းကင်တွင် အပေါက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာသည်။ များစွာသော ရောင်စုံ စွမ်းအင် ဒီရေများသည် ဖွဲ့စည်းကြကာ ချန်းဖန်အား အဖက်ဖက်မှ ဖိအားပေးကြသည်။ နတ်ဘုရား ဗိုလ်ချုပ်များသည် တစ်သိန်းသော ရွှေအမြုတေ အဆင့်များကို ဝင်္ကပါများ ဖွဲ့စည်းရန် အမိန့်ပေးကြ၏။

တိုင်ချူ နတ်ဘုရား မင်းသား၊ လင်းယန်နှင့် နဲ့ကုန်း နတ်ဘုရား မင်းသားတို့ အပါအဝင် နတ်ဘုရား မင်းသားများသည်လည်း တစ်ပြိုင်နက် လှုပ်ရှား လာကြသည်။ ကောင်းကင်၌ မိစ္ဆာနေ တစ်စင်းသည် ထွန်းလင်းနေကာ များစွာသော ကမ္ဘာများမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။

"ပုရွက်ဆိတ်လေးတွေ…"

ချန်းဖန်၏ မျက်လုံးများမှာ စိတ်ခံစားချက် ကင်းမဲ့နေသည်။ သူသည် လက်ကိုသာ မြှောက်ကာ ခါယမ်းလိုက်သည်။

"ဘုန်း…"

အလျှင်ဦးစွာ တိုးဝင်လာသည့် ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ်သည် ယင်ကောင် တစ်ကောင် အလား အပိုင်းပိုင်း အစစ ပေါက်ကွဲကာ နောက်သို့ လွင့်စဉ် သွားသည်။ ချန်းဖန်၏ စွမ်းအင်သည် ထိုမျှနှင့် ပြီးဆုံးခြင်း မရှိပဲ သူစီးနင်းထားသည့် ဝူကျိ စစ်သင်္ဘောကို ထိလေ၏။

"ဘုန်း…"

ဂြိုဟ်ရွှေ သတ္တုဖြင့် ပြုလုပ်ထားသော ဝူကျိ သင်္ဘောသည် အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံ နိုင်သည့်တိုင် ချန်းဖန်၏ တိုက်ခိုက်မှုတွင် ထက်ပိုင်းပြတ် သွား၏။ သင်္ဘောထက်ရှိ ကိုးဆယ့် ကိုးခုသော အစွမ်းထက် အစီအရင်များမှာလည်း တမုဟုတ်ချင်း ပျက်စီး သွားသည်။ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဝူကျိဂိုဏ်း၏ ပြိုင်ဘက်ကင်း စစ်သင်္ဘောကား အပျက်အစီးပုံ ဖြစ်သွားခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters