← Chapters

ခုနစ်စင်ကြယ်အကယ်ဒမီမှ ရှဲ့လင်ဖုန်း၏ ဂုဏ်သတင်းပျံ့နှံခြင်း

Vol. 15 Ch. 215

ခုနစ်စင်ကြယ်အကယ်ဒမီမှ ရှဲ့လင်ဖုန်း၏ ဂုဏ်သတင်းပျံ့နှံခြင်း

Vol. 15 Ch. 215

ရွှီယန်က ဓားကိုပြန်သိမ်းကာ ဖူယွင်ထန်းကို လှည့်ကြည့်ပြီး ပြောသည်။

"ကျွန်တော် အဆင့်၉ကို သွားရတော့မယ်။ ဒါကြောင့်မို့လို့ အထွတ်အထိပ်အဆင့် သိုင်းသခင်၁၀ယောက်ကို ပြင်ဆင်ထားပါ။ သူတို့အားလုံးကို အနိုင်ယူပြီးရင် ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်ကို ကျွန်တော်သွားမယ်.."

ဖူယွင်ထန်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားပြီး စဉ်းစားသည်။

"မင်းက တကယ့်ကို တည့်တိုးဆန်တာပဲ.."

"မလိုတော့ဘူး။ အဆင့်တွေကို မင်းရှင်းလင်းပြီးပြီလို့ သတ်မှတ်လိုက်မယ်။ ကျမ်းစာစုဆောင်းခြင်း စံအိမ်ကို တစ်ခါတည်း သွားလို့ရတယ်.."

သူက ခေါင်းကိုရမ်းကာ ပြော၏။ အထွတ်အထိပ်အဆင့် သိုင်းသခင်၁၀ယောက်တို့ အတူတူ တိုက်ခိုက်ရမည်လား။ ဤသည်မှာ အဓိပ္ပါယ်မရှိတော့ပေ။

ရွှီယန်က ခေါင်းကိုကုပ်ကာ ပြော၏။

"ကျွန်တော် အထွတ်အထိပ်အဆင့် သိုင်းသခင်၁၀ယောက်ကို ရင်ဆိုင်ကြည့်ချင်သေးလို့။ ဘာလို့လဲဆိုတော့ အဲ့လိုမျိုးတစ်ခါမှ မတိုက်ခိုက်ဖူးဘူးလေ။ ကိုယ့်ကိုယ်ကို စမ်းကြည့်ချင်လို့.."

ဖူယွင်ထန်း "..."

လူတိုင်း "..."

"ဒါဆိုလည်း ကောင်းပြီလေ.."

ဖူယွင်ထန်းက ခေါင်းငြိမ့်ကာ သင်းယန်ကို လူရှာခိုင်းလိုက်သည်။

ရွှီယန်က စိတ်အားထက်သန်စွာဖြင့် လှေကားကို လျှောက်လှမ်းရင်းမှ အဆင့်၉ စင်မြင့်ဆီသို့ ဦးတည်ခဲ့၏။

"ခုနက မင်းအသုံးပြုခဲ့တဲ့ ‌ဓားသိုင်းရဲ့နာမည်က ဘာလဲ.."

ဖူယွင်ထန်းက လေးနက်စွာ မေးသည်။

"နဂါးဟိန်းခြင်း တောင်နဲ့မြစ်.."

ရွှီယန်က ဖြေကြားသည်။

'နဂါးဟိန်းခြင်း တောင်နဲ့မြစ်လား..'

ဖူယွင်ထန်းက ကိုယ့်ကိုယ်ကို ရေရွတ်၏။ အဆင့်၉တွင် သင်းယန်အပါအဝင် အထွတ်အထိပ်အဆင့် သိုင်းသခင်၁၀ယောက်တို့ ရောက်ရှိလာကြသည်။

"မိတ်ဆွေလေး... ခုနက မင်းအသုံးပြုခဲ့တဲ့ ဓားသိုင်းကို ငါနည်းနည်းလောက် ပိုပြီးတော့ သင်ယူချင်လို့"

သင်းယန်က လေးနက်စွာ ပြောသည်။

အခြား အထွတ်အထိပ် သိုင်းသခင်အဆင့် ၉ယောက်တို့လည်း နှလုံးသားတို့ လေးလံစွာ ရှိနေကြ၏။ ဒီလူငယ်သည် အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးမားပြီး သင်းယန်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့၏။

ဖြစ်နိုင်တာက စစ်ဘုရင်တစ်ယောက်သာလျှင် သူ့ကို  ရင်ဆိုင်နိုင်ပေလိမ့်မည်။ ဒီမကောင်းဆိုးဝါးဟာ မည်သည့်နေရာမှ လာခဲ့သနည်း။

"ဒါဆိုလည်း ကျွန်တော်ကထပ်ပြီးတော့ သင်ကြားပေးပါမယ်.."

ရွှီယန်လည်းပဲ လေးနက်လာခဲ့၏။

သူ၏ဓားကို ဓားအိမ်မှ ဆွဲထုတ်ကာ ရွှေရောင်နဂါးကြီးတစ်ကောင်က ပတ်ဝန်းကျင်တွင် လှည့်လည်နေပါသည်။

ဒီအထွတ်အထိပ် သိုင်းသခင်၁၀ယောက်တို့မှာ  အားနည်းခြင်း မရှိပေ။ သူတို့အားလုံး ပေါင်းလိုက်ပါက ယင်ဟုန်ထပ်ပင် များစွာ ပိုမိုသန်မာ၏။ ယင်ဟုန် နှစ်ယောက်သုံးယောက်လောက်နှင့် တူညီပါသည်။ ထို့ကြောင့် သူ့အနေနှင့် ပေါ့ဆရဲခြင်း မရှိပေ။

"ကျေးဇူးပြုပြီး.."

အထွတ်အထိပ် သိုင်းသခင်၁၀ယောက်တို့ကလည်း  ခွန်အားကို ထိန်ချန်ထားခြင်း မရှိကြပါ။

သူတို့က ချက်ချင်းပင် တိုက်ကွက်များကို ဖော်ထုတ်ကြပြီး အုပ်စုနှစ်စုဖွဲ့ကာ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ပြုလုပ်ကြသည်။

ရွှီယန်က သူ၏ဓားကို ရှေ့သို့ ခုတ်ပိုင်းလိုက်၏။ ဓားစွမ်းအင်က မြင့်တက်လာပြီး‌ ဓားအလင်းက ပျံသန်းသွားသည်။

ရွှေရောင်နဂါးကြီးကလည်း ရှေ့သို့ပြေးတက်ဝင်ရောက်ကာ အထွတ်အထိပ် သိုင်းသခင်၁၀ယောက်တို့ကို တိုက်ခိုက်၏။

ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးတို့ဟာ  ထိတ်လန့်ကုန်ကြသည်။ သူတို့ထဲရှိ လူငယ်သိုင်းသမားများစွာတို့ဟာ ဒေသအသီးသီးတွင် ပါရမီရှင်များဟု ယူဆနိုင်ကြ၏။

သို့ပေမယ့် ဒီအချိန်၌ မနေနိုင်ဘဲ သက်ပြင်းချမိသည်။ လူတစ်ယောက်ချင်းစီ၏ ကွာခြားချက်ဟာ အလွန့်အလွန်ကို ကြီးမားလှ၏။

လန်ချုံး၏ မျက်ခုံးများက ကျုံ့သွားသည်။ ဘာလို့ ဒီဓားချီက ဝမ်ဟယ်ဓားချီနဲ့ အနည်းငယ် တူညီနေရတာလဲ။

"စီနီယာအကိုကြီး သုံးတာကို ငါတစ်ကြိမ် တွေ့ခဲ့ဖူးတယ်။ ဒီဓားချီနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒီလောက်တော့ စွမ်းအားမကြီးဘူး.."

လန်ချုံးက သံသယပင် ဝင်လာခဲ့သည်။ ဓားသခင် ချောက်ကမ်းပါးမှ ဝမ်ဟယ်ဓားသိုင်းသည် ဒီလူငယ်အသုံးပြုနေသည့် ဓားသိုင်း၏ အကြမ်းထည်ဓားသိုင်းလေလား။

'အစက စီနီယာအစ်ကိုကြီးကို လူငယ်မျိုးဆက်တွေအားလုံးထဲမှာ အကောင်းဆုံး ဓားသမားတစ်ယောက် ဖြစ်နေပြီးပြီလို့ ထင်ထားခဲ့တာ'

'ဒါပေမယ့် သူ့ထက်ပိုပြီး စွမ်းအားကြီးတဲ့ လူတစ်ယောက်ရှိနေဦးမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး..'

သူက နှလုံးသားထဲတွင် သက်ပြင်းချ၏။

'ငါက စီနီယာအစ်ကိုကြီးလောက်တောင်မှ မတော်ဘူး။ သူနဲ့ဆိုရင် ပိုပြီးတော့တောင်မှ ဝေးကွာသေးတယ်..'

ထိုအချိန်၌ လန်ချုံးက ဝမ်းနည်းမှုတို့ဖြင့် ပြည့်နက်နေ၏။

'တောင်တစ်ထောင်ထက် ပိုမြင့်တဲ့တောင်က အမြဲတမ်း ရှိနေပါလား.."

တိုက်ခိုက်ခြင်း စင်မြင့်ပေါ်တွင် ရုတ်တရက် နဂါးဟိန်းသံတစ်ခု ပေါ်လာပြီး တောင်နှင့်မြစ်တို့ ပေါ်လာကြ၏။

လှည့်လည်နေသည့် နဂါးက တောင်နှင့်မြစ်အတွင်းသို့ ဝင်ရောက်သွားသည့်ပုံ ပေါ်သည်။

"ဘုန်း.."

သိုင်းသခင်တစ်ယောက် နောက်သို့ လွင့်စင်သွား၏။

"ဘုန်း ဘုန်း.."

နောက်ထပ် သိုင်းသခင်နှစ်ယောက်တို့လည်း ရှုံးနိမ့်သွားကြသည်။

"ဝေါင်း.."

နဂါးဟိန်းသံ၏ ဒုတိယမြောက် ဟိန်းချက်တွင်  တောင်နှင့်မြစ်တို့ ပြန်ပေါ်လာချိန်တွင် သိုင်းသခင်များ တစ်ယောက်ပြီးတစ်ယောက် ထပ်မံ လွင့်စင်သွားခဲ့၏။

ဖူယွင်ထန်းက တိတ်ဆိတ်စွာ ကြည့်နေပါသည်။ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အံ့ဩနေ၏။

'ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ အကြွင်းမဲ့စွမ်းအားနဲ့သာ ချိုးဖျက်မှုမပြုရင် ရင်ဆိုင်နိုင်မယ့် နည်းလမ်းမရှိဘူး..'

သူပင်လျှင် ထိုဓားချက်ကို ရင်ဆိုင်ရပါက စစ်ဘုရင်တစ်ယောက်၏ အကြွင်းမဲ့စွမ်းအားကို အသုံးပြုကာ အတင်းချိုးဖျက်ခြင်း မပြုပါက အခြားနည်းလမ်းဖြင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။

'သူသာ စစ်ဘုရင်တစ်ယောက်ဆိုရင် စစ်ဘုရင်အဆင့်ကို ဝင်ရောက်ခါစ ရှိသေးရင်တောင် ငါသူ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်တော့ဘူး..'

ဖူယွင်ထန်း၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူသည် အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ စစ်ဘုရင်တစ်ယောက်ဖြစ်ပြီး အဆင့်တူများအတွင်းတွင် အကောင်းဆုံးများ အကြား၌ ရှိနေပါသည်။

'ပြောကြတာက ဓားသခင်ချောက်ကမ်းပါးက ပါရမီရှင် ရှဲ့လင်ဖုန်းက နှစ်ပေါင်းတစ်ထောင်အတွင်းမှာ တစ်ယောက်သာပေါ်တဲ့ ပါရမီအမြင့်ဆုံး လူတစ်ယောက်တဲ့။ ဖြစ်နိုင်တာက သူက ရှဲ့လင်ဖုန်းများလား..'

ဖူယွင်ထန်းက သံသယတို့ဖြင့် ပြည့်နှက်လာ၏။

'သူ့ရဲ့ အသက်ကို ကြည့်ရတာတော့ ရှဲ့လင်ဖုန်းနဲ့ မကိုက်ညီလောက်ဘူး မလား။ မဟုတ်ဘူး.. ဒီအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်က သူ့ရဲ့ သက်ဆိုင်ရာအသက်ကို မဖော်ပြနိုင်တော့ဘူး... ရှဲ့လင်ဖုန်းကလည်း အသက်၂၀ကျော်မှာပဲ ရှိသေးတယ်။ နည်းနည်းလောက် ပိုပြီးတော့ ငယ်ရွယ်နေပုံ ပေါ်တာက မဖြစ်နိုင်တာ မဟုတ်ဘူး..'

သူက စဉ်းစားလေလေ ရွှီယန်ကို ရှဲ့လင်ဖုန်းဖြစ်သည်ဟု ပိုမိုထင်မြင်လာလေလေ ဖြစ်လာခဲ့၏။

အတွင်းဘက်နယ်မြေ တလျှောက်လုံးကို ကြည့်လိုက်ပါက ဓားပညာအရာတွင် ယခုကဲ့သို့ ပါရမီမျိုးကို ရင်ဆိုင်နိုင်သည်မှာ လူတစ်ယောက်သာ ရှိပါသည်။

ဤသည်မှာ ဓားသခင်ချောက်ကမ်ပါးမှ ရှဲ့လင်ဖုန်းဖြစ်၏။ အတွင်းဘက်နယ်မြေ၏ ဓားပညာအရာတွင် နံပါတ်တစ် ဂိုဏ်းဖြစ်သည့် ဓားသခင် ချောက်ကမ်းပါးသာလျှင် ယခုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်နိုင်ပေလိမ့်မည်။ ယခုကဲ့သို့သော ကြီးစိုးကာ အနှိုင်းမဲ့သည့် ဓားသိုင်းမျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

"ငါရှုံးနိမ့်သွားပြန်ပြီ.."

သင်းယန်က သူ၏ လည်ချောင်းရှေ့ရှိ ဓားဦးကို ကြည့်ကာ ခါးသက်မှုတို့ဖြင့် ပြည့်နှက်နေ၏။

တိုက်ခိုက်ခြင်း စင်ပေါ်တွင် သိုင်းသခင် ၉ယောက်တို့ လဲကျနေပြီး သူတစ်ယောက်သာလျှင် ရပ်လျှက်ကျန်ရှိသည်။ သူ၏ လည်ချောင်းကို ဓားက ချိန်ရွယ်ထား၏။

ရွှီယန်က သူ့ကို နောက်ဆုံး တမင်ချန်ထားသည်ဟု  သံသယဝင်လာမိသည်။ ရွှီယန်က သူ၏ဓားကို ဓားအိမ်အတွင်းသို့ ထည့်ကာ သက်ပြင်းချစွာ ပြော၏။

"ခုနှစ်စင်ကြယ်အကယ်ဒမီက အထွတ်အထိပ် သိုင်းသခင်တွေလို့ မပြောရဘူး။ တကယ့်ကို သန်မာကြတယ်။ ငါတောင် အနိုင်ယူဖို့ ဖိအားနည်းနည်းကို ခံစားခဲ့ရတယ်.."

'ဤသည်မှာ မည်ကဲ့သို့သော စကားဖြစ်သနည်း..'

လူတိုင်းမှာ ပြောစရာစကားမဲ့စွာ ခံစားလိုက်ရသည်။ ခဏတာအတွင်း သူတို့အနေနှင့် ရွှီယန်သည် ခုနှစ်စင်ကြယ် အကယ်ဒမီအား ချီးကျူးနေခြင်းလား သို့မဟုတ် နှိမ့်ချနေခြင်းလား ဟူသည်ကို မသိနိုင်ဘဲ ရှိနေ၏။

အထွတ်အထိပ် သိုင်းသခင်၁၀ယောက်ဆီမှ ဖိအားနည်းနည်းကို ခံစားရသည်လား။ ရွှီယန်လည်း သူ၏ စကားလုံးများမှာ အလွယ်တကူ နားလည်မှု လွဲနိုင်ကြောင်းကို တွေးမိလိုက်သည်။

သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်များကို နှိမ့်ချစွာ ပြောဆိုခြင်း မဟုတ်ပါ။ သူ့တွင် အကယ်ဒမီ၏ ကျမ်းစာအုပ်စုဆောင်းခြင်း ခန်းမဆီမှ စာအုပ်များကိုလည်း ဖတ်ဖို့ရှိသေးရာ စိတ်ရင်းဖြင့် ထပ်ပေါင်းပြောသည်။

"ကျွန်တော်က အမှန်ကို ပြောနေတာပါ။ အပြင်ဘက်က သိုင်းသခင်တွေဆိုရင် အများကြီးပိုပြီးတော့ အားနည်းတယ်။ လက်ဝါးတစ်ချက်နဲ့ လူတစ်ယောက်ကို သတ်လို့ရတယ်.."

လူတိုင်း "..."

"ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့..."

သိုင်းသခင်များသည် လက်ဝါးတစ်ချက်ဖြင့် တစ်ယောက်ကို ရိုက်သတ်နိုင်သည့် အမှိုက်သရိုက်များ ဖြစ်သည်လား။

ဖူယွင်ထန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီကောင်လေး၏ ပြောပုံက မသိသည့်လူသာ ဆိုပါက သူက စစ်ဘုရင်တစ်ယောက်ဖြစ်ပြီး သိုင်းသခင်များကို ဓားတစ်ချက်နဲ့ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မိစေနိုင်သည်။

စစ်ဘုရင်တစ်ယောက်ပင်လျှင် ထိုကဲ့သို့ ပြောမည်မဟုတ်ပေ။ အမှန်တကယ်ကို ငယ်ရွယ်ကာ အကြောက်တရား ကင်းမဲ့၏။

'မဟုတ်ဘူး... ဒါက အကြောက်တရား ကင်းမဲ့တယ်ဆိုတာထက်တောင် ကျော်လွန်းနေပြီးပြီ..'

ရွှီယန်က ဖူယွင်ထန်းကို ကြည့်သည်။

"ကျွန်တော် အဆင့်၉ခုလုံးကို ရှင်းလင်းပြီးပြီ။ ကျမ်းစာအုပ်စုဆောင်းခြင်း စံအိမ်ကိုသွားပြီး စာအုပ်တွေကို အခုသွားဖတ်လို့ ရပြီလား.."

All Chapters