ကြမ်းတမ်းသော တိုက်ပွဲ
Vol. 12 Ch. 1145
ဝူကျိဂိုဏ်း၏ စစ်သင်္ဘောကို ရှင်းလင်းပြီးနောက်...
“သေစမ်း…"
ချန်းဖန်သည် သူ့ထံသို့ တိုးဝင် လာနေသည့် တိုက်ခိုက်မှု အလုံးစုံကို လျစ်လျူကာ အခြေတည် ဝိညာဉ် အဆင့် အကြီးအကဲ အုပ်စုထံ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ပျံသန်း တိုးဝင်သွားသည်။ ထို့နောက် သူသည် လမ်း၌ ရှိသည့် စစ်သင်္ဘော တစ်ခုကို ဆုပ်ယူကာ ထိုအုပ်စုထံ လွှဲရိုက် လိုက်တော့၏။
"ဘုန်း… ဘုန်း…"
နတ်ဘုရား ဗိုလ်ချုပ် ဆယ့်ရှစ်ယောက်မှာ နောက်သို့ ပေတစ်ထောင်ခန့် လွင့်စဉ် သွားကြသည်။ သူတို့၏ အရေပြားများသည် အက်ကွဲကာ သွေးများမှာလည်း ဆူပွက်ကုန်သည်။ သူတို့ကား ကြီးမားစွာ ဒဏ်ရာရကာ ခန္ဓာကိုယ် ပြိုကွဲလု နီးပါးပင် ဖြစ်သွားခဲ့သည်။
အခြေတည် ဝိညာဉ် အဆင့် အကြီးအကဲ များမှာ ပို၍ပင် အခြေအနေ ဆိုးသေး၏။ သူတို့၏ ခန္ဓာကိုယ်များမှာ တူဖြင့် ထုခံရသည့် တို့ဟူးများ အလား ကွဲပျက် ကုန်ကြလေသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ချက်ချင်းပင် လေဟာနယ်မှာ သွေးများ၊ ခန္ဓာကိုယ် အင်္ဂါ အပိုင်းအစများဖြင့် ပြည့်နှက် သွားလေသည်။ တစ်ဒါဇင်ခန့် ရှိသော အခြေတည် ဝိညာဉ် အဆင့်များသည် အသတ်ခံရကာ များစွာသော အကြီးအကဲများမှာ ဒဏ်ရာ ရသွားကြကုန်၏။
ထိုမြင်ကွင်းကို မြင်ကြလေရာ များစွာသော ကျင့်ကြံသူများမှာ ကြောက်လန့် ကုန်ကြတော့သည်။ သူတို့သည် အလင်းတန်းများ အသွင် ပြောင်းလဲကာ အရပ် မျက်နှာ အနှံ့ ထွက်ပြေး ကုန်ကြတော့သည်။
"ရပ်စမ်း… မိစ္ဆာကောင်…"
နတ်ဘုရား မင်းသားများမှာ သူတို့၏ လူများ ဆုံးရှုံးမှုကြောင့် ဒေါသ အကြီးအကျယ် ထွက် နေကြပြီ ဖြစ်သည်။ ဝမ်ဝေ၏ မျက်လုံးများသည် ရဲရဲနီနေ၏။ သူ၏ ဝူကျိဂိုဏ်းကား အခြား ဂိုဏ်းများထက် စာလျှင် ထိုတိုက်ပွဲ၌ အသေအပျောက် ပိုမို များပြား ခဲ့သည်။
"ဘုန်း…"
ဝမ်ဝေသည် ယင်ယန် မျက်လုံးကို အမြင့်ဆုံးထိ အသက်သွင်းကာ စစ်ရထားကို မောင်းနှင်လျှက် ချန်းဖန်ထံ တိုးဝင်လာ၏။ သူ၏ လက်တစ်ဖက်ကမူ စစ်သူရဲ တစ်ယောက် အလား လှံတစ်စင်းကို တင်းကြပ်စွာ ကိုင်ဆုပ်ထားသည်။
ဝမ်ဝေသာလျှင် မကချေ။ အခြား နတ်ဘုရား မင်းသားများမှာလည်း အတူတကွ ရှေ့သို့ တိုးလာကြသည်။ ချန်ရှန်းဂိုဏ်းမှ ယွမ်ရီသည် "ကောင်းကင်ပြာ ပျံသန်းခြင်း ခုတ်ချက်" ကို နောက်တစ်ကြိမ် ထုတ်လွှတ်သည်။ တစ်ချိန်တည်း၌ တစ်သိန်းသော စစ်သည်တော် များမှာလည်း ပုရွက်ဆိတ်များ အလား ဝင်္ကပါများကို ဖွဲ့စည်းရင်း ကောင်းတစ်ခု တစ်ခုလုံးကို ဖြန့်ကျက် ပိတ်ဆို့ကြ၏။
ကောင်းကင်သည် သတ်ဖြတ်သံများဖြင့် ထုံမွှမ်းနေသည်။ သံချပ်ကာများသည် တလက်လက် တောက်ပနေကာ ဓားများမှာ သစ်တောများ အလား ထူထပ် များပြားစွာ ပြည့်နှက်နေ၏။ ချန်းဖန်သည် ထိုအရာ အားလုံး၏ ဦးတည်ရာ ဗဟို၌ အထီးကျန်စွာ တည်ရှိ နေခဲ့လေသည်။
"ဟဟ…"
ချန်းဖန်က လက်သီးကို ဆုပ်ကာ ရိုးရှင်းသော လက်သီးတစ်ချက်ကို ထုတ်ဖော် လိုက်သည်။
"ခရက်…"
အဇူရာ အလင်းများသည် ဟင်းလင်းပြင်ကို ဖြတ်ကာ ပေါ်လာခဲ့၏။ ထိုရောင်စဉ်သည် အာကာသကို ဖြတ်သွားသော နတ်ဘုရားဓား တစ်စင်း အလား အဆုံးမဲ့သည်။ ၎င်းသည် ဝင်္ကပါများနှင့် ထောင်ပေါင်းများစွာသော ရွှေအမြုတေ အဆင့် စစ်သည်များကို ကိုင်းပင်များ အလား ရိတ်လှီးသွား၏။ ချက်ချင်းပင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်သောင်းခန့်မှာ အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။
"ဘုန်း…"
ချန်းဖန်၏ ဒုတိယ လက်သီးချက်၌ သူ့ထံသို့ တိုးဝင်လာသော နတ်ဘုရား မင်းသား နှစ်ပါးမှာ နောက်သို့ ပြန်လည် လွင့်စဉ် သွားသည်။ ကောင်းကင်ပြာ ပျံသန်းခြင်း ဓားချက် အပါအဝင် များစွာသော ဓမ္မ အစီအရင်များ၊ နတ်ဘုရား စွမ်းအားများမှာ ချန်းဖန်၏ တိုက်ခိုက်မှုတွင် ကျိုးပျက် သွားကြသည်။
တပ်ဦးရှိ ဝူကျိဂိုဏ်း၏ မဟာ နတ်ဘုရား မင်းသား ပင်လျှင် သူ၏ စစ်ရထားနှင့် အတူ ထက်ပိုင်းပြတ် သွားရလေ၏။ ထိုအခိုက်၌ မရေမတွက်နိုင်သော ရွှေရောင် သွေးစက်သွေးပေါက်များမှာ အာကာသထဲတွင် လှပသော ပန်းများ အလား ပွင့်လန်း နေခဲ့တော့သည်။
လက်တစ်ဖက်တည်းဖြင့် နတ်ဘုရား မင်းသား တစ်ပါးနှင့် ကောင်းကင် စစ်သည်တော် တစ်သောင်းကို အနိုင်ယူခြင်း…
ယခင်က ချန်းပေ့ရွှမ်း၏ ကိုယ်ပွားသည် သူတို့အား အံ့အားသင့်ခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ကြောက်လန့်ခြင်း မဖြစ်ပေါ် စေခဲ့ချေ။ နတ်ဘုရား မင်းသား သုံးပါး အတူတကွ ပူးပေါင်းသော အခါ ၎င်းအား ယှဉ်နိုင်ခဲ့လေသည်။ သို့သော်လည်း ချန်းပေ့ရွှမ်း၏ အစစ်အမှန် ခန္ဓာကား ပြိုင်ဘက်ကင်းလှ၏။
ဝမ်ဝေသည် ဝူကျိဂိုဏ်း လက်ရှိ မျိုးဆက်၏ မဟာ နတ်ဘုရား မင်းသား ဖြစ်သည်။ သူသည် မဟာ ကျင့်ကြံခြင်း အဆင့်ကို ထိတွေ့နိုင်ခြင်း မရှိသေးသည့်တိုင် အခြေတည် ဝိညာဉ် အဆင့်၏ နက်ရှိုင်းသော အလွှာ တစ်ခုကို ရောက်နေခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မရေမတွက်နိုင်သော ဓမ္မ ရတနာများကို ပိုင်ဆိုင်ထားကာ ယင်နှင့် ယန် ကဲ့သို့သော နတ်ဘုရား ဥပဒေသ နှစ်ခုကိုလည်း ကျင့်ကြံထား၏။
သို့သော်လည်း ချန်းပေ့ရွှမ်းသည် လက်သီး တစ်ချက်တွင်ပင် သူသည် စစ်ရထားနှင့် အတူ ထက်ပိုင်းပြတ်ခဲ့ရသည်။ ထိုအရာမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဝမ်ဝေတွင် ဝူကျိဂိုဏ်း နတ်ဘုရား အရှင်များ ပေးထားသည့် အစားထိုးခြင်း နတ်ဘုရား အဆောင်များ ရှိတော့ရော ဘာအရေးနည်း။ အကြိမ် အနည်းငယ် တိုက်ခိုက်ပြီးသည်နှင့် သူ၏ အဆောင် အကုန်လုံးမှာ တစ်ခု မကျန်အောင် ကုန်ဆုံး သွားပေလိမ့်မည်။ ထိုအခါ သူလည်း သေသွားရပေလိမ့်မည် ဖြစ်လေသည်။
အားလုံးထဲ၌ အမောက်မာဆုံး ဖြစ်သည့် လင်းယန်၊ အအေးစက်ဆုံး ကျိုးကျန်းနှင့် အတည်ငြိမ်ဆုံး ယွမ်ရီတို့ ပင်လျှင် ချန်းဖန်နှင့် မျက်နှာချင်းဆိုင်ရန် ကြောက်လန့် နေကြပြီ ဖြစ်လေသည်။
"သူ ဒီလောက် အစွမ်း မထက်နိုင်ဘူး… ငါ့အထင် သူက လျှို့ဝှက် ကျင့်စဥ်လို တစ်ခုခုကို သုံးထားတာပဲ ဖြစ်ရမယ်”
နဲ့ကုန်း နတ်ဘုရား မင်းသားက ခြောက်ကပ်သော အသံဖြင့် ပြောလိုက်၏။ သူသည် မြူနှင်းလွှာ၏ ရစ်ဆိုင်းမှု အလယ်၌ ရပ်နေကာ ကမ္ဘာမှ အချိန်မရွေး ခုန်ထွက်တော့မည့်ဟန် ရလေသည်။
နဲ့ကုန်းဂိုဏ်းသည် တောင်ပိုင်း ဒေသငယ်၌ အကြီးမားဆုံးသော လုပ်ကြံ သတ်ဖြတ်သူဂိုဏ်း ဖြစ်ပေသည်။ သူတို့သည် မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်ခြင်း၌ မထူးချွန်သော်လည်း လုပ်ကြံသတ်ဖြတ်ခြင်း အရာတွင်မူ တစ်ဖက်ကမ်းခပ်၏။ နဲ့ကုန်းဂိုဏ်းဝင်များသည် အာကာသ အလွှာ နှစ်ခုကြားကို အချိန်မရွေး ဝင်ထွက် သွားလာနိုင်စွမ်း ရှိကြပေသည်။
အားလုံးထဲ၌ နဲ့ကုန်း နတ်ဘုရား မင်းသားသည် ချန်းဖန်အပေါ် ကြောက်ရွံ့မှု အနည်းဆုံး ဖြစ်သည်။ အကယ်၍ သူ ချန်းဖန်ကို ရင်မဆိုင်နိုင်ခဲ့လျှင်ပင် ထွက်ပြေးပုန်းကွယ် လိုက်ရုံသာ ရှိ၏။
“လာစမ်း...”
ချန်းဖန်က ရေရွတ်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ၏ လက်သည် လေဟာနယ်ကို ကျော်ဖြတ် တိုးဝင်သွားကာ နဲ့ကုန်း နတ်ဘုရား မင်းသား၏ အထက်တွင် ပြန်ပေါ်လာခဲ့သည်။ ထိုလက်သည် ကြမ်းတမ်းစွာပင် သူ၏ ဦးခေါင်းကို ဖမ်းဆုပ်၏။
“မဟုတ်ဘူး...”
နဲ့ကုန်း နတ်ဘုရား မင်းသား၏ မျက်လုံးတွင် ကြောက်ရွံ့ခြင်းများ ပေါ်လာခဲ့၏။ သူသည် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန်သည် သူ့အား မည်ကဲ့သို့ အလွတ်ပေးပါမည်နည်း။
“ဘုန်း
ချန်းဖန်က လက်ကို ဖျစ်ညှစ်လိုက်သည်နှင့် နဲ့ကုန်း နတ်ဘုရား မင်းသား၏ ဦးခေါင်းမှာ ကြေမွ သွားတော့၏။ ရွှေရောင် သွေးများနှင့် ဦးနှောက်များမှာ နေရာအနှံ့ ပြန့်ကျဲ သွားကြသည်။ သူ၏ စိတ်အတွင်း ရှိသည့် နတ်ဘုရား စိတ်ဝိညာဥ် ပင်လျှင် ပြိုကွဲ သွားခဲ့လေသည်။
ချန်းဖန်သည် နဲ့ကုန်း နတ်ဘုရား မင်းသားကို သတ်ဖြတ်ပြီးနောက် လက်အား ပြန်ရုတ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ရုတ်တရက် သူသည် ကောင်းကင်ကို ဖြတ်ကျော်သွားကာ လင်းယန်၏ နံဘေး၌ ပြန်လည် ပေါ်လာခဲ့သည်။
“နတ်ဘုရား အရှင်ချန်း... ငါ့ကို မသတ်ပါနဲ့”
လင်းယန်၏ နှလုံးသားကား ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။ အခြား နတ်ဘုရား မင်းသားများနှင့် ခြားနားစွာပင် သူ့တွင် အစားထိုးခြင်း နတ်ဘုရား အဆောင် တစ်ခုသာ ကျန်ရှိတော့သည်။ အကယ်၍ ယခုတစ်ကြိမ်သာ သတ်ဖြတ်ခြင်း ခံရပါက အပြီးတိုင် ပျောက်ကွယ်ရန် ရာနှုန်း ပိုမို များပြား သွားလိမ့်မည် ဖြစ်သည်။
“ဂါး...”
သူ၏ ဘေးနားရှိ အနီရောင် မီးမိစ္ဆာကျားသည် ဟိန်းဟောက်သံကို ပြု၏။ ၎င်းသည် ပါးကို ကျယ်လောင်စွာ ဖွင့်လျှက် ချန်းဖန်ထံ တိုးဝင်သည်။ သူသည် မိုင်တစ်သောင်း အတွင်းရှိ အရာ အားလုံးကိုပင် ဝါးမျို ပစ်တော့မည့်ဟန် ရလေသည်။
“ဘုန်း...”
တစ်ချိန်တည်း၌ ယွမ်ရီနှင့် ချင်ဖန်းတို့သည်လည်း သူတို့၏ နတ်ဘုရား စွမ်းအားများကို ထုတ်ဖော်ကာ ချန်းဖန်အား တားဆီးရန် ကြိုးစားလာကြသည်။
“ဘေးဖယ်ကြစမ်း...”
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်မှု အလုံးစုံကို ချိုးဖျက် ပစ်လိုက်သည်။ သူ၏ တန်ပြန် တိုက်ခိုက်မှု တစ်ခုသည် အနီရောင် မီးမိစ္ဆာကျားကို တိုက်ရိုက် ထိမှန်လေ၏။
“ဘုန်း...”
အနီရောင် မီးမိစ္ဆာကျားသည် ကောင်းကင်သားရဲ သွေးမျိုးဆက် တစ်ကောင် ဖြစ်သော်လည်း အစစ်အမှန် ကောင်းကင် သားရဲ မဟုတ်ပါချေ။ ပေါက်ကွဲသံနှင့် အတူ သူ၏ ပေအနည်းငယ် ရှည်လျားသော ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ အက်ကွဲ သွားတော့သည်။ သွေးစက်များသည် ကောင်းကင်အနှံ့ ပြန့်ကျဲ သွားလေ၏။
ထို့နောက်...
“ဘုန်း...”
ချန်းဖန်သည် ရှေ့သို့ တိုးကာ လင်းယန်ထံသို့ ဆက်လက် ရွေ့လျားသွား၏။ လင်းယန်သည် အလွန်တရာ စိတ်လှုပ်ရှား နေသည်။ သူသည် မိစ္ဆာချီများနှင့် အခြား အစွမ်းထက် စွမ်းအင်များ၏ ဝန်းရံမှု အလယ်၌ ရှိနေ၏။ မိစ္ဆာချီများသည် အနက်ရောင် မီးတောက်များ အသွင် ပြောင်းလဲ သွားသည်။ သူ၏ နောက်ရှိ နေသည် အမြင့်ဆုံး ထွန်းလင်းကာ သူ၏ လက်ထဲရှိ မဟူရာဓားမှာ တစ္ဆေ ငိုငြီးသံများကို ထုတ်လွှတ်သည်။ မရေမတွက်နိုင်သော မြွေများသည် ဒေါသတကြီး ပေါ်လာကြကာ ပါးပျဥ်း ထောင်ကြ၏။ ၎င်းတို့သည် အလွန်တရာ ကြီးမားသော မိစ္ဆာ ဦးခေါင်းကြီး အဖြစ် ပြောင်းလဲကာ ချန်းဖန်ကို ဝါးမျိုရန် ကြိုးစား လိုက်ကြသည်။
“ခရက်...”
ထိုတိုက်ခိုက်မှုသည် အလွန် အစွမ်းထက်လွန်းလှ၏။ ၎င်း၏ အရှိန်အဝါ အောက်၌ စကြဝဠာနှင့် လေဟာနယ် ပင်လျှင် ပြိုကျသွားဟန် ရလေသည်။ အကယ်၍ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက်သာ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ချက်ချင်းပင် သေဆုံး သွားရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှာမူ အနည်းငယ်ပင် ဂရုစိုက်ခြင်း မရှိပါချေ။
“ကလန့်...”
အဇူရာ အလင်းသည် သူ၏ လက်တစ်ဖက်၌ ပေါ်လာကာ တောက်ပသွား၏။ ချန်းဖန်သည် လက်တစ်ဖက်ကိုသာ အသုံးပြုကာ လင်းယန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
***