← Chapters

ရွှီယန် "သန်မာတဲ့သူက စည်းမျဉ်းတွေရဲ့ အထက်မှာရှိတယ်.." (၂)

Vol. 15 Ch. 212

ရွှီယန် "သန်မာတဲ့သူက စည်းမျဉ်းတွေရဲ့ အထက်မှာရှိတယ်.." (၂)

Vol. 15 Ch. 212

ရွှီယန်က ရပ်တန့်သွားပြီး သူ့ကိုကြည့်ကာ  ပြောသည်။

"မင်းရဲ့ခွန်အားက သိုင်းသခင်တွေကြားမှာ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ငါ့အတွက် မင်းကို အနိုင်ယူဖို့ဆိုတာ စိတ်လှုပ်ရှားစရာ ကောင်းမနေဘူး.."

"စည်းမျဉ်းတွေဆိုတာ အားနည်းသူတွေအတွက် ဖန်တီးထားတာပဲ။ စစ်မှန်တဲ့ သန်မာသူတွေက အဲ့စည်းမျဉ်းတွေရဲ့ အထက်မှာ ရှိတယ်။ ငါလည်း ငါ့ကိုယ်ငါ သန်မာသူတစ်ယောက်လို့ မြင်တယ်။ အဲ့ဒါကြောင့်မို့လို့ စည်းမျဉ်းတိုင်း လိုက်လုပ်နေစရာမလိုဘူး.."

"မောက်မာလိုက်တာ.."

ကြည့်ရှု့နေသူ အားလုံးတို့သာ် မနေနိုင်ဘဲ မယုံကြည်နိုင်စွာဖြင့် အသံပြုမိကြသည်။ ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများ ပင်လျှင် ချွင်းချက်မရှိပေ။

သူတို့၏ ကျောင်းသို့ စဝင်စဉ်ကတည်းက ယခုကဲ့သို့ ရဲတင်းမှုမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ တစ်ဖက်လူသည် ခုနှစ်စင်ကြယ်အကယ်ဒမီသို့ လာရောက်ပြီး စည်းမျဉ်းများမှာ အားနည်းသူများအတွက်ဖြစ်ပြီး သူက သန်မာသူဖြစ်ရာ လိုက်နာရန် မလိုဟု ဆိုနေ၏။

ချန်ယွမ်ဟုန်က ပြုံး၏။ ခုနှစ်စင်ကြယ်အကယ်ဒမီတွင် သူသည် ယခုမျှအထိ မောက်မာသူကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ပေ။ စစ်ဘုရင်တစ်ယောက်ပင်လျှင် ခုနှစ်စင်ကြယ် အကယ်ဒမီ၌ အရမ်းကြီး ထင်ရာစိုင်းရဲခြင်း မရှိပါ။

"မင်းပြောတာက ကျိုးကြောင်းဆီလျော်မှု မရှိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းသိထားရမှာက သန်မာတဲ့လူတွေလည်း စည်းမျဉ်းတိုင်းကို ချိုးဖျက်လို့ မရဘူး။ အထူးသဖြင့် ငါတို့ခုနှစ်စင်ကြယ်အကယ်ဒမီက စည်းမျဉ်းတွေကိုပဲ.."

ချန်ယွမ်ဟုန်က မာကျောစွာ ပြော၏။

ရွှီယန်က စဉ်းစားပြီးနောက် မေးသည်။

"ကျွန်တော် ခင်ဗျားကို လက်ဝါးတစ်ချက်နဲ့ အနိုင်ယူနိုင်ခဲ့ရင်ရော။ အဲ့ဒါဆိုရင် စည်းမျဉ်းတွေကို လျစ်လျူရှု့လို့ ရပြီလား။ ခင်ဗျားကို လက်ဝါးတစ်ချက်နဲ့ ကျွန်တော်အနိုင်မယူနိုင်ဘူးဆိုရင် ကျွန်တော်ရဲ့ အမှားအတွက် ၃ရက်ကြာအောင် ဒူးထောက်ပေးမယ်.."

လူတိုင်း အံ့သြသွားကြသည်။ အရင်က သူတို့ကိုယ်သူတို့ မောက်မာလှသည်ဟု ထင်ထားခဲ့၏။ သို့ပေမယ့် ယခုအချိန်၌ တွေ့လိုက်ရသည်မှာ ရှေ့ရှိ လူငယ်ထက် များစွာနှိမ့်ချနေပါသေးသည်။

သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်နှင့် အနိုင်ယူမည်လား။ အထွတ်အထိပ် သိုင်းသခင်တစ်ယောက်လာလျှင်တောင် သိုင်းသခင်တစ်ယောက်ကို လက်ဝါးတစ်ချက်နှင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထို့အပြင် တစ်ဖက်လူမှာ ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်တစ်ယောက်ဖြစ်ရာ ပိုတောင် ဆိုးသေး၏။

ဖြစ်နိုင်သည်ကား ဒီလူငယ်သည် စစ်ဘုရင်တစ်ယောက်လေလား။ သို့ပေမယ့် တစ်ဖက်လူငယ်မှာ  စစ်ဘုရင်တစ်ယောက် မဟုတ်တာ ရှင်းလင်းလှပါသည်။

"ဟန့်... သူက လောကကြီး ဘယ်လောက်ကျယ်ပြောလဲ ဆိုတာကို မသိတဲ့ လူတစ်ယောက်သက်သက်ပဲ။ ဆရာချန်ကို တတိယတန်းစား သိုင်းသခင်တစ်ယောက်လို့များ ထင်နေတာလား.."

"ငယ်ရွယ်တာက မောက်မာစေတယ်... ဒါပေမယ့် သူက အရမ်းကို လွန်ကျူးသွားပြီ.."

"ကြည့်ရတာ ပွဲကောင်းတစ်ခု တွေ့ရတော့မယ်။ ဆရာချန် ဒေါသထွက်နေပြီ.."

ခုနှစ်စင်ကြယ်အကယ်ဒမီမှ ကျောင်းသားများနှင့် ပွဲကြည့်သူများက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးနေကြ၏။

ကျောင်းတော်၌ ယခုမျှအထိ လှုပ်လှုပ်ရှားရှား မဖြစ်ခဲ့တာ ကြာပြီဖြစ်သည်။

"ကောင်းတယ်... မင်းငါ့ကို ဘယ်လို လက်ဝါးတစ်ချက်နဲ့ အနိုင်ယူမလဲလို့ ငါတကယ် တွေ့ချင်သေးတယ်။ အဲ့လိုသာ စွမ်းဆောင်နိုင်ရင် စည်းမျဉ်းတွေကို မင်းလိုက်နာစရာမလိုဘူး.."

ချန်ယွမ်ဟုန်က ဒေါသတကြီး ရယ်၏။

"အဲ့ဒါဆိုရင် ကျွန်တော် တိုက်ခိုက်တော့မယ်။ ခင်ဗျား အဆင်သင့် ဖြစ်ပြီလား.."

ရွှီယန်က သူ၏လက်ဝါးကို မြှောက်ကာ မေးသည်။

"ချီး.."

ချန်ယွမ်ဟုန်က အလွန် ဒေါသထွက်နေပြီး ပေါက်ကွဲစွာဖြင့် ထခုန်လုမတက် ဖြစ်သွားခဲ့၏။

ရွှီယန်က သူ့ကို အသုံးမကျသူတစ်ယောက်ဟု ထင်နေသည်လား။

"အချိန်မရွေး တိုက်ခိုက်လို့ရပြီ.."

သူက စွမ်းအင်ကို လှည့်လည်ကာ သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါက ပတ်ဝန်းကျင်တွင် လှိုင်းထလာခဲ့၏။

"တိုက်ပြီနော်.. ခင်ဗျားသတိထားတာ ပိုကောင်းလိမ့်မယ်.."

ရွှီယန်က လေးနက်စွာ ပြော၏။

သူသည် ချန်ယွမ်ဟုန်၏ ခွန်အားကို မှန်းဆနေပြီး လက်ဝါးထဲတွင် အားမည်မျှတို့ ထည့်ရမည်နည်းဟု တွက်ချက်နေ၏။ အားအလွန်ပြင်းကာ တစ်ဖက်လူကို သတ်ဖြတ်လိုက်ပါက ကောင်းမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူတို့အကြားတွင် မည်သည့် ရန်‌ကြွေးမှ မရှိပါ။

အားထည့်တာ နည်းလျှင်လည်း တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်း မရှိပါက ၃ရက်ကြာ ဒူးမထောက်ရပေဘူးလား။

ထို့ကြောင့် လက်ဝါး၏ ခွန်အားကို တိကျအောင် ပြုလုပ်ရပေမည်။

"လာခဲ့.."

ချန်ယွမ်ဟုန်က ဒေါသဖြင့် ပေါက်ကွဲထွက်ပေတော့မည်။

"ဝေါင်း.."

ရွှီယန်က သူ၏ လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီးတစ်ကောင် ဟိန်းထွက်လာပြီး ချန်ယွမ်ဟုန်ဆီသို့ ပြေးဝင်သွား၏။

ကြောက်စရာကောင်းသည့် ဖိအားက အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွားသည်။ အားနည်းသည့် သိုင်းသမားများဆိုလျှင် နှလုံးသားထဲ၌  တင်းကြပ်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ကြောက်စရာကောင်းသည့် ဖိအားအောက်တွင် အသက်ရှူရပင် ကြပ်လာခဲ့သည်။

ချန်ယွမ်ဟုန်၏ မျက်လုံးများက ထိတ်လန့်တကြား ပြူးကျယ်သွား၏။ ဤသည်မှာ မည်ကဲ့သို့သော လက်ဝါးသိုင်း ဖြစ်သနည်း။ သေးငယ်သည့် လက်ဝါးမှ ကြီးမားသည့် ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်လာလေသည်။

ခုနစ်စင်ကြယ်အကယ်ဒမီတွင် ပျောက်ဆုံးသွားသည့် သိုင်းပညာများနှင့် လျှို့ဝှက်အတတ် မျိုးစုံတို့ရှိပြီး မရေမတွက်နိုင်သည့် သိုင်းပညာ ကျင့်စဉ်များကို စုဆောင်းထားသည်။ သို့ရာတွင် နဂါးကြီးတစ်ကောင်ကို ထုတ်လွှတ်နိုင်သည့် ယခုကဲ့သို့ စွမ်းအားကြီးမားသည့် သိုင်းပညာကို ကြားဖူးခြင်းပင် မရှိပါ။

ကြောက်စရာကောင်းသည့် ဖိအားက လျှပ်တပြက်  ရောက်ရှိလာပြီး ကြမ်းကြုတ်သည့် ရွှေရောင်နဂါးကြီးက သူ့ကို အသက်ရှူရကြပ်စွာ ခံစားရစေသည်။

"မကောင်းတော့ဘူး.."

ချန်ယွမ်ဟုန်က ထိတ်လန့်သွား၏။ သူ၏ စွမ်းအင်အားလုံးတို့ကို အသုံးပြုကာ လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းလိုက်ပြီး သူအကျွမ်းကျင်ဆုံး ဖြစ်သည့် လက်ဝါးအတတ်ကို အသုံးပြုလိုက်သည်။

လက်ဝါးနှစ်ဖက်၏ အားက တောင်တစ်ခုကဲ့သို့ လေးလံစွာ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးကို ကာကွယ်ကာ ဖိနှိပ်ရန် ကြိုးစားသည်။

သို့ရာတွင် သူထုတ်လွှတ်လိုက်သည့် ကြီးမားသည့် ခွန်အားသည် နဂါး၏ ဝင်‌ဆောင့်ခြင်းကို ရုတ်တရက် ခံလိုက်ရသည်။ ထို့နောက် နဂါးကြီးက အောက်ဘက်ဆီသို့ အမြှီးကို ဝှေ့ယမ်းလိုက်၏။ သတိလက်လွတ် ဖြစ်သွားသည့် ချန်ယွန်ဟုန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အချိန်လုံလောက်ရုံသာ ရတော့သည်။ ထိတ်လန့်တကြား ဖြစ်သွား၏။

ဤသည်မှာ မည်ကဲ့သို့သော လက်ဝါးအတတ် ဖြစ်သနည်း။ ရွှေရောင်နဂါးကြီးက အသက်ဝင်လာနိုင်သည်လား။

"ဘုန်း.."

နဂါးအမြှီးရိုက်ချက်နှင့် အတူ ချန်ယွမ်ဟုန်သည် နောက်သို့ လွင့်စင်သွားပြီး သိုင်းပညာစင်မြင့်၏ အစွန်းပေါ်သို့ ကျဆင်း၏။

တိတ်ဆိတ်သွားခဲ့သည်။ နေရာတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့၏။

လူအုပ်သည် ပြူးကျယ်သည့် မျက်လုံးများနှင့် ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာ ရှိနေကြသည်။ သိုင်းသမားများအားလုံး စင်မြင့်သို့တစ်လှည့် ရွှီယန်ဆီသို့ တစ်လှည့် ကြည့်နေပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်အောင် ရှိနေကြ၏။

ရွှေရောင်နဂါးကြီး၏ ထွက်ပေါ်လာမှုက သူတို့ကို အံ့သြမှင်သက်သွားစေရန် လုံလောက်ပါသည်။

ထို့အပြင် နဂါးကြီး၏ အသက်ဝင်နေသကဲ့သို့ အမြှီးကို ရိုက်ချလိုက်ပုံမှာ မထင်မှတ်စရာ ကောင်းလှပြီး လုံးဝခန့်မှန်းလို့ မရနိုင်ပေ။

မည်သည့် လက်ဝါးအားက ထုတ်လွှတ်ပြီးနောက်  ယခုကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုတစ်ခုကို  လုပ်ဆောင်နိုင်သနည်း။

ထိုကဲ့သို့သော အခြေအနေတွင် မည်သူက သတိလက်လွတ် မဖြစ်ဘဲ နေမည်နည်း။ ထို့အပြင် ရွှေရောင်နဂါးကြီးက အလွန်မြန်ဆန်ကာ စွမ်းအားကြီးလှသည်။

သာမန်သိုင်းသခင်များအနေနှင့် ခုခံနိုင်ခြင်း လုံးဝမရှိပေ။

ဒီကောင်လေးသည် အလွန်မောက်မာတာ အံ့သြစရာမရှိပေ။ သူ့တွင် မောက်မာရန်အတွက် အမှန်တကယ်ကို စွမ်းရည်တို့ ရှိနေ၏။

လဲကျသွားသည့်  ချန်ယွမ်ဟုန်မှာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်စွာ ခံစားနေရသည်။ ပိုမိုနာကျင်သည်မှာ သူ၏ မျက်နှာဖြစ်၏။ သူ့အနေနှင့် တစ်ဖက်လူ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် အမှန်တကယ် ခုခံနိုင်ခြင်း မရှိခဲ့ပေ။အလွန်ရှက်ဖို့ ကောင်းလှ၏။

ထိတ်လန့်စွာဖြင့် ရွှီယန်ကို ခေါင်းလှည့်ကြည့်သည်။ ဒီပါရမီရှင်က မည်သူ ဖြစ်သနည်း။ သူ၏ သိုင်းပညာမှာ မည်ကဲ့သို့သော သိုင်းပညာ ဖြစ်သနည်း။ အလွန် စွမ်းအားကြီးမားလှပါသည်။

"အခု ငါ့ကို သန်မာတဲ့ လူတစ်ယောက် ဖြစ်တယ်လို့ မင်းသိသွားပြီ မလား။ စည်းမျဉ်းတွေကို လျစ်လျူရှု့လို့ ရပြီလား.."

ရွှီယန်က ခြင်တစ်ကောင်ကို ဝှေ့ထုတ်လိုက်ရသည့်အလား ရှိနေပြီး မေး၏။

ချန်ယွမ်ဟုန်က ပါးစပ်ပွင့်လာခဲ့သည်။ သို့ပေမယ့် ခဏတာအတွင်း သူသည် စကားလုံးများ ထွက်မလာနိုင်အောင် ရှိနေ၏။ သိုင်းသမား လူအုပ်မှာလည်း အားလုံး တိတ်ဆိတ်နေကြသည်။

သန်မာသည့်လူက စည်းမျဉ်းများကို နာခံစရာမလိုပေ။

ရွှီယန်က လှေကားကို ဆက်လက်တက်သွား၏။

ချန်ယွမ်ဟုန်၏ လက်ဝါးတစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည့်  သတင်းက တောင်ပံများရှိသည့်အလား ခုနှစ်စင်ကြယ်အကယ်ဒမီ တစ်ခုလုံးဆီသို့ ပျံ့နှံ့သွား၏။ ခဏတာအတွင်း မရေမတွက်နိုင်သည့်  ကျောင်းသားများ ဒီနေရာသို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။

ဒီစွမ်းအားကြီးမားသည့် နဂါးလူငယ်က မည်သည့် နေရာမှ လာသနည်း။ သူသည် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စည်းမျဉ်းများကို ချိုးဖျက်တော့မည်လား။

၆ခုမြောက်စင်မြင့်တွင် ပုံရိပ်တစ်ခုက သက်ဆင်းလာခဲ့၏။ သူသည် ကြီးမားသည့် တူကြီးနှစ်ခုကို ကိုင်ဆောင်ထားပြီး ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်နှင့် မျက်နှာတွင် မုတ်ဆိတ်များ အပြည့်ရှိသည့် အလယ်အလတ်အဆင့် သိုင်းသခင်တစ်ယောက် ဖြစ်သည်။

"ဒါက ဆရာဟူပြောင်ပဲ။ သူလည်း လက်ဝါးတစ်ချက်နဲ့ မရှုံးသွားလောက်ဘူးမလား.."

အဆင့်၆ကို စောင့်ကြပ်သည့် လူကို တွေ့လိုက်ရပြီးနောက် ကြည့်ရှု့သူများ၏ စိတ်အစဉ်က ချက်ချင်းပင် တက်ကြွလာခဲ့သည်။

ဟူပြောင်သည် ဆရာတစ်ယောက်ဖြစ်ပြီး မွေးရာပါဒီဗိုင်းခွန်အားနှင့် သန်မာသည့် ခန္ဓာကိုယ်တည်ဆောက်မှု ရှိသည်။ သူ၏ ခွန်အားက အလွန်သန်မာပြီး တစ်ခါက အကြီးစား ကျွမ်းကျင်မှုအဆင့် သိုင်းသခင်တစ်ယောက်ကို ရှုံးနိမ့်ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ဖူး၏။

ထို့အပြင် ဤသည်မှာ သာမန် အကြီးစားကျွမ်းကျင်မှုအဆင့် သိုင်းသခင်တစ်ယောက် မဟုတ်ပါ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာဟူပြောင်၏ ခွန်အားမည်မျှ သန်မာသည်ကို တွေ့မြင်နိုင်၏။

"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေက လူတိုင်း ချိုးဖျက်လို့ရတဲ့အရာ မဟုတ်ဘူး။ လူငယ်.. အရမ်းကြီး မောက်မာပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မနေနဲ့.."

ဟူပြောင်က လေးနက်သည့်လေသံဖြင့် ပြော၏။

"ငါက ဘယ်တော့မှ မမောက်မာဘူး.."

ရွှီယန်က တည်ငြိမ်စွာ ပြောသည်။

"ငါ့ဆရာက ပြောဖူးတယ်။ သိုင်းသမားတွေဆိုတာ  မောက်မာမှုနဲ့ ကိုယ့်ကိုယ်ကို အားရကျေနပ်မှုကို ရှောင်ရှားရမယ်တဲ့။ အဲ့ဒါကြောင့်မို့လို့ ငါက ဘယ်တော့မှ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်မနေသလို မောက်လည်းမမောက်မာဘူး.."

လူတိုင်းက မှင်တက်သွားကြ၏။ ဤသည်မှာ မမောက်မာသည့် ပုံစံလေလား။ သူတို့သည်ဘယ်တုန်းကမှ ဒီလူငယ်ထက် မောက်မာသည့်လူကို မြင်ဖူးခြင်းမရှိပါ။

ဟူပြောင်မှာ ခဏတာအတွင်း ပြောစရာစကား မဲ့သွားခဲ့၏။

"လူငယ်... မင်းဆက်ပြီးတော့ အပေါ်ကို တက်ချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူဖို့လိုအပ်တယ်.."

သူက ခဏတာ ရပ်တန့်နေပြီးနောက် နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"မင်းက အားနည်းလွန်းတယ်... တိုက်ကွက်ထုတ်ဖို့တောင် သိပ့်ပြီးတော့ စိတ်မပါချင်ဘူး.."

ရွှီယန်က စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် လက်ကိုဝှေ့ယမ်း၏။

"ချီး.."

"ဒါက မင်းရဲ့ မမောက်မာဘူးဆိုတဲ့ ပုံစံလား.."

လူတိုင်းက သိုင်းပညာများစင်မြင့်ပေါ်ရှိ ဟူပြောင်ကို ဂရုဏာသက်စွာ ကြည့်လိုက်ကြသည်။ ခုနစ်စင်ကြယ်အကယ်ဒမီ၏ ဂုဏ်သရေရှိ ဆရာတစ်ယောက်သည် အထင်သေးခြင်း ခံနေရ၏။

"ဒုန်.."

ဟူပြောင်၏ တူကြီးနှစ်ခုက ထိရိုက်ကာ  ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများ၌ ဒေါသတို့ ပြည့်နက်နေပါသည်။

"မောက်မာတဲ့ ကောင်လေး... မင်းမှာ အမှန်တကယ် ခွန်အားဘယ်လောက် ရှိနေမလဲလို့ ငါကြည့်ဦးမယ်။ ငါ့ကိုများ အထင်သေးရဲတယ်.."

သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ကြီးမားသည့် တူကြီးများက တောင်တစ်ခုသဖွယ် ရွှီယန်ဆီသို့ ပြင်းထန်စွာ ထုနှက်လာခဲ့၏။

"ငါပြောပါတယ်.. မင်းက အရမ်းကို အားနည်းတယ်လို့.."

ရွှီယန်က လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

နဂါးဟိန်းသံက ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးက အနှိုင်းမဲ့စွာ လိုက်ပါလာခဲ့၏။ ဟူပြောင်၏ ထုချက်ကို တစ်ခါတည်း ဖျက်ဆီးသွားသည်။

"ဘုန်း.."

တူကြီးတစ်ချောင်းက လက်ထဲမှ လွင့်စင်ထွက်သွားပြီး ဟူပြောင်မှာလည်း နောက်သို့ လွင့်ပျံကာ ဖရိုဖရဲဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွား၏။

တိုက်ခိုက်မှု၏ အားလှိုင်းက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ စွမ်းအင်နည်းပါးသည့် သိုင်းသမားများသည် ချက်ချင်း နောက်သို့ လန်ကျကာ လှေကားပေါ်မှ လိမ့်ဆင်းကုန်ကြ၏။

သိုင်းသမားများအားလုံး နောက်ထပ်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။ တစ်ဖက်လူက လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူလိုက်ပြန်ပြီ ဖြစ်၏။

"သူက တကယ့်ကို မမောက်မာဘူး။ ဒါက သူ့ရဲ့ ခွန်အားက စကားပြောလာတာပဲ.."

သိုင်းသမားတစ်ယောက်က လေးစားစွာဖြင့် ရေရွတ်၏။

ဟူပြောင်၏ လက်များက တုန်ခါနေ၏။ သူ၏ ထူးကဲလှသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အလယ်အလတ်အဆင့် သိုင်းသခင်ခွန်အား ပေါင်းလျှင်ပင် လူငယ်၏ လက်ဝါးချက်တစ်ချက်ကို ခံနိုင်ခြင်း မရှိခဲ့ပေ။

ဒီမကောင်းဆိုးဝါးသည် မည်သည့်နေရာမှ လာခဲ့သနည်း။

"ထန်းပေါင်စံအိမ်လား.."

သူ၏စိတ်ထဲတွင် စိတ်ကူးတစ်ခု ရောက်ရှိလာခဲ့၏။ကြည့်ရတာ တစ်ဖက်လူသည် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ စုဆောင်းမှုများကို တွေ့ရှိချင်ရုံမကဘဲ အကယ်ဒမီအားလည်း ဖိနှိပ့်လိုသည် ထင်၏။

ရွှီယန်က အပေါ်သို့ ဆက်လက်တက်သွားသည်။ အဆင့်၇ သိုင်းပညာစင်မြင့်ကို စောင့်ကြပ်နေသည့်လူမှာ အကြီးစားကျွမ်းကျင်မှုအဆင့် သိုင်းသခင်တစ်ယောက်ဖြစ်၏။

"မိတ်ဆွေလေး... မင်းမှာ ထူးကဲတဲ့ ပါရမီရှိပြီး အရမ်းကို သန်မာတယ်။ စည်းမျဉ်းတွေကို ချိုးဖျက်ဖို့အတွက် တကယ်ပဲ အရည်အချင်းရှိတယ်.."

၇ဆင့်မြောက်ကို စောင့်ကြပ်သည့်လူမှာ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်၏။

All Chapters