နတ်ဘုရား မင်းသားများကို သတ်ဖြတ်ခြင်း
Vol. 12 Ch. 1146
“မဖြစ်နိုင်တာ...”
လင်းယန်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ အနှစ်ခြောက်သောင်း တရား ကျင့်ကြံထားသည့် မဟာ ကျင့်ကြံသူ တစ်ပိုင်း လူအိုကြီးများ ပင်လျှင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ခန္ဓာကိုယ်ကို မပိုင်ဆိုင် နိုင်ချေ။
သူ၏ မဟူရာဓားကား မိစ္ဆာနေဂိုဏ်း၏ ကျော်ကြားသော ကောင်းကင် ရတနာ တစ်ခု ဖြစ်ပေသည်။ ထိုအရာသည် မဟာ ကျင့်ကြံသူ တစ်ယောက် ကိုင်ဆောင်ခဲ့သော ရတနာ ဖြစ်သည်။ ၎င်းဖြင့် တိုက်ခိုက်မှုကို မည်သည့် ကျင့်ကြံသူမျှ ခန္ဓာကိုယ် သက်သက်ဖြင့် မတားရဲချေ။ အစစ်အမှန် ကျင့်ကြံသူများမှ လွဲ၍ မည်သည့် ကျင့်ကြံသူ မဆို ထိုဓားနှင့် ထိမှန်ခံရပါက အဆုံးတိုင် ပျောက်ကွယ် သွားပေလိမ့်မည် ဖြစ်ပေသည်။
“ဖြစ်နိုင်တာ သူ့ရဲ့ ခန္ဓာက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူ တစ်ယောက်နဲ့ အရမ်း နီးကပ်နေလို့များလား”
လင်းယန်မှာ ထိုအရာကို မယုံကြည်နိုင်ချေ။
“ခရက်...”
ချန်းဖန်သည် တည်ငြိမ်စွာပင် မဟူရာဓားကို ဖမ်းကာ နှစ်ပိုင်းပိုင်း ပစ်လိုက်သည်။ ထို့နောက် သူသည် လင်းယန်အား လက်သီးဖြင့် ထိုးလိုက်၏။
“မ... မလုပ်ပါနဲ့”
လင်းယန်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သို့သော်လည်း ချန်းဖန်မှာ မည်ကဲ့သို့ ဂရုစိုက်ပါမည်နည်း။
“ခရက်...”
ထိုလက်သီးချက်ကား အမှန်ပင် ကြောက်ဖို့ကောင်းလွန်းလှသည်။ လက်သီး စွမ်းအားသည် လင်းယန်၏ ခန္ဓာ၊ အခြေတည် ဝိညာဥ်နှင့် နတ်ဘုရား စိတ်ဝိညာဥ် သုံးခု စလုံးကို ဖြတ်သန်းသွား၏။ လင်းယန်၏ နောက်ဆုံးသော နတ်ဘုရား အဆောင်သည် ပျံထွက်လာသော်လည်း ၎င်းမှာ အဇူရာ အလင်းတန်း၏ လောင်မြိုက်ခြင်းကိုသာ ခံလိုက်ရလေသည်။
အဆုံး၌...
“ဘုန်း...”
လင်းယန်မှာ ပေါက်ကွဲသွားသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဥ်သည် အပြီးတိုင် ဖျက်ဆီးခံရကာ ပြန်လည် တည်ဆောက်နိုင်စွမ်း မရှိတော့ချေ။ ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရတနာများကို လက်ဖြင့် ဖမ်းဆုပ်ယူကာ တင်းဟိုင် ပုလဲအတွင်း ပစ်ထည့် လိုက်လေသည်။
ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ ပထမဆုံးသော နတ်ဘုရား မင်းသားကား သေဆုံးသွားခဲ့ချေပြီ ဖြစ်လေသည်။
“ဟူး... ဟူး...”
လင်းယန် သေဆုံးပြီးနောက် ကောင်းကင် တစ်ခုလုံးသည် တိတ်ဆိတ်သွား၏။ လူတိုင်းသည် လှုပ်ရှားနေရာမှ ရပ်တန့်ကာ ချန်းဖန်အား ကြောက်လန့်တုန်ရီစွာ ကြည့်လိုက်မိကြသည်။ ကျိုးကျန်း၊ ဝမ်ဝေနှင့် အခြား နတ်ဘုရား မင်းသားများ၏ မျက်နှာများမှာ ဖြူရော်နေကြသည်။
နတ်ဘုရား မင်းသား တစ်ယောက်ကား သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ အနီးအနား၌ ရှိသည့် မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များ၊ ရွှေအမြုတေ အဆင့်များနှင့် နတ်ဘုရား မင်းသားများသည် သူ့ကို ကယ်တင်ရန် ကြိုးစားခဲ့ကြသော်လည်း အဆုံး၌ သူတို့သည် ဘာမှ မတတ်နိုင်ခဲ့ကြချေ။ ချန်းပေ့ရွှမ်း ဆိုသော မိစ္ဆာကား ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်လွန်းလှသည်။
“ဟူး... ဟူး”
ကောင်းကင်၌ ရှိသည့် မိစ္ဆာ ဓမ္မ ဥပဒေသများသည် တဖြည်းဖြည်း လေလွင့်သွား၏။ တောက်ပစွာ လင်းလက်နေသည့် မိစ္ဆာနေသည် တဖြည်းဖြည်း အရောင် မှေးမှိန်လာသည်။ အဆုံး၌ ၎င်းသည် အပြီးတိုင် ပျောက်ကွယ်သွားတော့၏။
ကျိုးကျန်း၊ ကျိုးယု၊ ဝမ်ဝေ၊ တိုင်ချူဂိုဏ်း နတ်ဘုရား မင်းသားနှင့် နဲ့ကုန်း နတ်ဘုရား မင်းသားတို့မှာ သူတို့ အခြေအနေ မကောင်းကြောင်း သိလိုက်ကြသည်။ သူတို့ထက် အစွမ်းထက်သော လင်းယန်ပင်လျှင် ချန်းပေ့ရွှမ်း၏ လက်တွင် သေဆုံးခဲ့ရရာ သူတို့ အတွက်လည်း အခြေအနေ သိပ်မကောင်းချေ။ အားလုံးထဲ၌ အစွမ်း အထက်ဆုံးဟု ဆိုနိုင်သော ချင်ဖန်းနှင့် ယွမ်ရီတို့ပင်လျှင် ထိုမိစ္ဆာကောင်ကို ယှဥ်တိုက်နိုင်လိမ့်မည် မထင်ချေ။
“လှံပုဆိန်...”
ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဒဏ်ရာများမှ ပြန်လည် ကုသပြီးသော ဒွါရကိုးပါး ကလေးငယ်သည် သူ၏ ခန္ဓာကိုယ်ကို ခါယမ်းကာ ရွှေရောင် အလင်း အသွင် ပြောင်းလဲသွားသည်။ ၎င်းသည် နဂါး လှံပုဆိန် အဖြစ်ဖြင့် ချန်းဖန်၏ လက်အတွင်း သက်ဆင်း၏။
“ဘုန်း...”
ချန်းဖန်သည် လှံကို ရသည်နှင့် တိုင်ချူ နတ်ဘုရားထံ ချိန်ရွယ်ကာ အလွန် လျှင်မြန်စွာ ပျံသန်း တိုးဝင်သွား၏။
“ဂီး...”
တိုင်ချူ နတ်ဘုရား နယ်မြေ၏ အစောင့်အရှောက် သားရဲ တောင်ပံနှစ်ဖက် နဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ ပေတစ်ထောင်ခန့် ရှိသော ခန္ဓာကိုယ်ကြီးသည် လေထဲတွင် လူးလွန့်သွားသည်။ အင်အားကြီး စွမ်းအားသည် ၎င်းထံမှ ထွက်ပေါ်လာသည်။
“ဘုန်း...”
နဂါးသည် တောင်ပံနှစ်ဖက်ကို ဖြန့်လိုက်ရာ ကောင်းကင် တစ်ခုလုံးမှာ မရေမတွက်နိုင်သော ခရမ်းရောင် သင်္ကတများဖြင့် ပြည့်နှက်သွားသည်။ ၎င်းသည် အာကာသကို ပိတ်ဆို့ကာ လေဟာနယ် တစ်ခုလုံးကို ချိတ်ပိတ်လေ၏။
တစ်ချိန်တည်း၌ တိုင်ချူဂိုဏ်း၏ နတ်ဘုရား မင်းသားသည် သူ၏ အစွမ်း အထက်ဆုံးသော နတ်ဘုရား စွမ်းအားကို လျှင်မြန်စွာ ဖော်ထုတ်သည်။
“အတွေးတစ်ချက်နဲ့ ကမ္ဘာတစ်ခု ဖန်ဆင်း...”
“ဘုန်း...”
သူ၏ ရှေ့မှောက်၌ မရေမတွက်နိုင်သော ကမ္ဘာများမှာ ပေါ်လာခဲ့၏။ ၎င်းတို့သည် ကြယ်ပင်လယ် အလား တကူတကွ စုစည်းကာ ကြီးမားသော တံတိုင်းကြီး တစ်ခု အဖြစ် ဖြန့်ကျက်ကြသည်။ ကြယ်အလင်း တစ်ခုသည် ကမ္ဘာ တစ်ခုကို ကိုယ်စားပြုသည်။
“ဟူး...”
တိုင်ချူ နတ်ဘုရား မင်းသားမှာ သူ၏ အစွမ်း အထက်ဆုံး အကာအကွယ် အစီအရင်ကို ဖြန့်ကျက်ပြီးခါမှ သက်ပြင်းချနိုင်တော့သည်။ သူက တစ်ဆက်တည်းပင် သူ့ကိုယ်စား ချန်းဖန်ကို တားဆီးပေးနေသည့် သူ၏ တောင်ပံ နှစ်ဖက် နဂါးကို လှမ်းကြည့်လိုက်လေ၏။ ရုတ်တရက် သူသည် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အေးခဲသွားတော့သည်။
“ကလန့်...”
အလွန်တရာ ထက်ရှသော ရွှေရောင် အလင်းသည် နဂါးအား ဦးခေါင်းမှ နေ၍ အမြီးထိ ထက်ပိုင်း ပိုင်းဖြတ်သွား၏။ တိုင်ချူ နတ်ဘုရား မင်းသား တုန်လှုပ်နေစဥ်မှာပင် ရုတ်တရက်…
"ခရက်…"
နဂါးလှံပုဆိန်သည် သူ၏ နောက်တွင် ပြန်ပေါ်လာခဲ့၏။ ထိုအရာသည် သူ၏ ခန္ဓာကိုယ် အတွင်း ညင်သာစွာ တိုးဝင် သွားခဲ့လေသည်။
"ဘုန်း…"
တိုင်ချူ နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်သည် အခြေတည် စိတ်ဝိညာဉ်၊ နတ်ဘုရား စိတ်ဝိညာဉ်တို့နှင့် အတူ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားတော့သည်။ သူသည် မသေဆုံးခင်၌ အစားထိုးခြင်း အစီအရင်ကို အသက်သွင်းရန် အချိန် မရခဲ့ချေ။ ချန်းဖန်၏ လှံပုဆိန်ပေါ်ရှိ အဆုံးမဲ့ နတ်ဘုရား စိတ်အာရုံသည် သူ၏ နတ်ဘုရား ဝိညာဉ်ကို အဆုံးတိုင် ဖျက်ဆီး ပစ်လိုက်လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဒုတိယ နတ်ဘုရား မင်းသား တစ်ယောက်ကား သေဆုံး သွားခဲ့ပြီ ဖြစ်လေသည်။
"ဝှစ်…"
ချန်းဖန်၏ လှံပုဆိန်သည် နဂါးတစ်ကောင် အလား ကောင်းကင်၌ ထပ်မံ ကခုန် သွားပြန်၏။ ရွှေရောင် အလင်းသည် ကောင်းကင်ကို ကျယ်ပြန့်စွာ ဖုံးလွှမ်း သွားသည်။ အခြေတည် ဝိညာဉ် အဆင့် ရှစ်ယောက်သည် ခုခံရန် အချိန်ပင် မရလိုက်ပဲ ခန္ဓာကိုယ်များ ထက်ပိုင်းပြတ် သွားကြသည်။ သူတို့၏ အခြေတည် ဝိညာဉ်များနှင့် နတ်ဘုရား ဝိညာဉ်များမှာလည်း ရွှေရောင် အလင်းတန်း၏ ထက်ပိုင်းဖြတ်ခြင်းကို ခံခဲ့ကြရလေ၏။
ထိုအကြီးအကဲ အားလုံးကား ထာဝရဂိုဏ်းများ၏ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် အလွန်တရာ အစွမ်းထက်ကြသလို အသက်ကယ် နတ်ဘုရား စွမ်းအား၊ လျှို့ဝှက် ရတနာများစွာကို ပိုင်ဆိုင် ထားကြသည်။ သို့သော်လည်း လှံပုဆိန်၏ ရှေ့မှောက်၌ ထိုအရာ အားလုံးမှာ စက္ကူများ အလား ပျော့ညံ့ လွန်းလှပေသည်။
"သူက အရမ်း အစွမ်းထက်လွန်းတယ်…"
ချင်ဖန်းနှင့် ယွမ်ရီတို့မှာ အလွန်အမင်း အေးစက် နေကြသည်။ အတောင် ကိုးဖက် မီးဖီးနစ် ငှက်သည် တွန်သံကို ပြု၏။ ၎င်း၏ မျက်လုံးများမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက် နေသည်။
"ဝှစ်… ဝှစ်… ဝှစ်…"
အားလုံး ကြောက်လန့်နေကြစဉ်မှာပင် ချန်းဖန်သည် အရှိန်မြှင့်ကာ အခြေတည် ဝိညာဉ် အုပ်စုထံသို့ တိုးဝင် သွားပြန်သည်။ ထိုအုပ်စုတွင် ထာဝရဂိုဏ်း ခုနစ်ဂိုဏ်းမှ အခြေတည် ဝိညာဉ် အဆင့် တစ်ရာကျော် ရှိနေခဲ့သည်။ ထိုအထဲမှ အားအနည်းဆုံး ပင်လျှင် အခြေတည် ဝိညာဉ် အစောပိုင်း အဆင့် ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီသည် ဂြိုဟ်တစ်ခု၏ ထိပ်ဆုံး နေရာများ၌ ရပ်တည်နေကာ ဘီလျံပေါင်း များစွာသော လူများကိုပင် လွှမ်းမိုးနိုင်သူများ ဖြစ်ကြသည်။
သို့သော်လည်း ချန်းဖန်၏ ကျားနာ တစ်ကောင် ကဲ့သို့ တိုးဝင်မှုတွင် များစွာသော ကျင့်ကြံသူများမှာ အတုံးအရုံး လဲပြို ကုန်ကြတော့သည်။ ချန်းဖန်၏ လှံပုဆိန် တစ်ချက် အဝှေ့တိုင်း၌ အနည်းဆုံး အကြီးအကဲ လေးယောက်ခန့်မှာ သေဆုံး နေရ၏။
ချန်းဖန်သည် ထိုဖျက်ဆီးခြင်း နဂါး လှံပုဆိန်ကို နှစ်ပေါင်းများစွာ တိုင်အောင် နတ်ဘုရား ဝိညာဉ်နှင့် အတူ သန့်စင် ထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ စွမ်းအား အရ နတ်ဘုရား တစ်ပိုင်း လက်နက်များဖြင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။ သာမန် ကောင်းကင် ရတနာများမှာ ၎င်းနှင့် ထိတွေ့သည်နှင့် အလုံးစုံ ထက်ပိုင်းပြတ်ကာ ပျက်စီး ရလေ၏။
နတ်ဘုရား ခန္ဓာသည် အမြင့်ဆုံးထိ အသက်ဝင် နေ၏။ ချန်းဖန်၏ နှလုံးခုံသံသည် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
"ဒုန်း… ဒုန်း… ဒုန်း…"
အသံတစ်ခုချင်းစီသည် လေထုကို ပြင်းထန်စွာ တုန်ရီစေသည်။ ထိုအရာသည် နတ်စစ်သည် တစ်ပါး စစ်ဗုံအား တီးခတ်နေသည်နှင့် အလား သဏ္ဌာန် တူ၏။ သူ၏ အနီး အနားရှိ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ ထိုအသံ တွင်ပင် ဝိညာဉ် ပျက်စီးမတတ် တုန်ရီ ယိမ်းထိုး နေကြသည်။
"ဝှစ်…"
ယခုမှ ခန္ဧာကိုယ် အသစ် ပြန်လည် ဖွဲ့စည်း လာသော ဝမ်ဝေသည် လှံပုဆိန်၏ ထက်ပိုင်း ဖြတ်မှုကို နောက်တစ်ကြိမ် ခံလိုက်ရပြန်သည်။
ထိုအရာကား တတိယမြောက် နတ်ဘုရား မင်းသား ဖြစ်လေ၏။
ဝူကျိဂိုဏ်းသည် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း အနက် အပိုလို နန်းတော်နှင့် ချန်ရှန်းဂိုဏ်းတို့ ပြီးလျှင် တတိယမြောက် အင်အား အကြီးဆုံး ဖြစ်သည်။ သို့တိုင်အောင် သူတို့၏ မဟာ နတ်ဘုရား မင်းသားမှာ ရှင်းလင်းခံ လိုက်ရပြီ ဖြစ်လေသည်။
***