အာကာသထဲတွင် သွေးအိုင်ထွန်းခြင်း
Vol. 12 Ch. 1147
"ဝှစ်…"
ဝမ်ဝေ၏ ကျောရှိ တောင်ပံ ကောင်းကင် ရတနာသည် ပျံသန်းလာကာ တင်းဟိုင် ပုလဲ အတွင်း ဝင်ရောက်သွား၏။ ချန်းဖန်သည် ထိုအရာကို သူ၏ တပည့် တစ်ယောက်အား ပေးရန် အစီအစဉ် ဆွဲထားခြင်း ဖြစ်ပေသည်။
"ဘုန်း…"
ရွှေရောင် နေသည် အရှေ့ အရပ်တွင် ထွန်းလင်းလာကာ လမှာ အနောက် အရပ်၌ ပေါ်ထွက်လာ၏။ ထိုအရာမှာ ဝမ်ဝေ၏ သေဆုံးခြင်း သင်္ကေတပင် ဖြစ်သည်။
"အရှင်မင်းသား…"
ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ်များမှာ သွေးမျက်ရည်များ ကျဆင်း လာကြသည်။
"ချန်းပေ့ရွှမ်း… မင်း ငါတို့ရဲ့ နတ်ဘုရား မင်းသားကို သတ်ရဲတယ်ပေါ့… ငါတို့ မင်းနဲ့ အဆုံးထိ တိုက်ခိုက်မယ်"
ဝူကျိဂိုဏ်း၏ အကြီးအကဲ တစ်ယောက်က သူ၏ ဝိညာဉ်ကို လောင်ကြွမ်းကာ ငွေရောင် အလင်းတန်း အသွင် ပြောင်းလဲ လိုက်သည်။ ထို့နောက် သူသည် ချန်းဖန်ထံ အလွန် ပြင်းသော အဟုန်ဖြင့် ချန်းဖန်ထံ တိုးဝင် လာခဲ့လေ၏။
"ဘုန်း…"
ကမ္ဘာသည် လှုပ်ခါသွား၏။ ထိုအရာသည် အခြေတည် ဝိညာဉ် အဆင့်၏ စွမ်းအားကို ကျော်လွန်ကာ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ပင် ရောက်ရှိနေသည်။
သို့သော်လည်း ချန်းဖန်သည် ထိုတိုက်ခိုက်မှုကို လွယ်ကူစွာပင် ပိုင်းဖြတ် ပစ်လိုက်သည်။ ထို့နောက် သူသည် အေးစက်သော မျက်လုံးများဖြင့် နောက်တစ်ဖန် ရှေ့သို့ တက်သွားပြန်၏။
"ဘုန်း… ဘုန်း… ဘုန်း…"
သူ ပျံသန်းသွားရာ လမ်းတစ်လျှောက်မှာ သွေးအိုင် အဖြစ် ပြောင်းလဲ သွားပြန်သည်။ ထိုအခိုက်၌ ချန်းဖန်ကား ချောမောသည့် လူငယ် တစ်ယောက်နှင့် လားလားမျှ မတူတော့ချေ။ သူကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် စိတ္တဇ လူသတ် မိစ္ဆာ တစ်ကောင်နှင့်ပင် အလားသဏ္ဌာန် တူနေခဲ့ပြီ ဖြစ်လေတော့သည်။
"ဒီအတိုင်း ဆက်တိုက်နေရင် ငါတို့ သူ့ကို နိုင်မှာ မဟုတ်တော့ဘူး… စုစည်းပြီး တိုက်မှပဲ ဖြစ်တော့မယ်"
ချင်ဖန်းက စစ်ရထား၏ ကကြိုးကို ဆွဲရင်း အော်ဟစ် လိုက်၏။
"ဟုတ်တယ်… သူ အနားကို ကပ်လာတာ မခံနဲ့… သူ့ရဲ့ ခန္ဓာကိုယ်က မဟာ ကျင့်ကြံသူ တစ်ယောက်နဲ့တောင် နီးစပ်နေပြီ... နောက်ပြီး သူ့လက်ထဲက ဓမ္မ ရတနာကလည်း အရမ်း ထက်ရှတယ်... ဒါပေမဲ့ ငါတို့မှာလည်း နတ်ဘုရား အရှင်တွေ ပေးလိုက်တဲ့ ဓမ္မ ရတနာတွေ ရှိသေးတယ်... ငါတို့ သူ့ထက် အများကြီး အားမနည်းနိုင်ဘူး... ငါတို့ဘက်မှာ ကောင်းကင် စစ်သည်တွေ ရှိသေးတာကိုလည်း မမေ့နဲ့... ဒီတိုက်ပွဲကို ငါတို့ နိုင်ကို နိုင်ရမယ်”
နဲ့ကုန်း နတ်ဘုရား မင်းသားမှာ ပြန်လည် မွေးဖွားလာပြီးနောက် ဖြူရော်သော မျက်နှာဖြင့် အော်ဟစ် လိုက်သည်။
“သတ်ကြ....”
ယွမ်ရီသည် လပုံရိပ်ယောက်ကို ထိန်းသိမ်းရင်း အော်ဟစ်လိုက်သည်။
“ဘုန်း...ဂ
ကျိုးကျန်း၊ ကျိုးယုတို့ အပါအဝင် လက်ကျန် နတ်ဘုရား မင်းသား ငါးယောက်မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလာ၏။ သူတို့သည် အစွမ်းရှိသမျှ အရာ အားလုံးကို ထုတ်သုံးကာ ချန်းဖန်ကို တိုက်ခိုက် လိုက်ကြတော့သည်။
“ဘုန်း...”
ချင်ဖန်းသည် တပ်ဦးရှိရာ၌ ဦးဆောင်၏။ သူသည် ရွှေဖြင့် ပြုလုပ်ထားသည့် လှံတစ်စင်းကို ကိုင်ဆောင်ထားသည်။ အတောင်ကိုးဖက် မီးဖီးနစ်ငှက် ဆွဲသော စစ်ရထား၏ ဘီးများသည် ကောင်းကင်တွင် မွှတ်အောင် လည်ပတ် နေသည်။
“ဘုန်း...”
ချင်ဖန်းသည် စစ်ရထားထက်မှပင် ချန်းဖန်ကို လှံဖြင့် ထိုးနှက်လိုက်လေသည်။ တစ်ချိန်တည်း၌ ယွမ်ရီကလည်း သူ၏ လက်များကို ဝှေ့ယမ်း၏။
လသည် ကောင်းကင်မှ ပြုတ်ကျလာကာ အလွန် ထွန်းလင်းသော လခြမ်းသဏ္ဌာန် အလင်းကို ထုတ်လွှတ်သည်။ ထိုအလင်းသည် ဓားတစ်စင်း အသွင်ဖြင့် ချန်းဖန်ထံ တိုးဝင်လေ၏။ တစ်ချိန်တည်း၌ အခြား နတ်ဘုရား မင်းသားများမှာလည်း သူတို့၏ အစွမ်း အထက်ဆုံးသော နတ်ဘုရား စွမ်းအားများကို ဖော်ထုတ် လိုက်ကြလေသည်။
“ဟဟ...”
များစွာသော တိုက်ခိုက်မှုများ၏ အလယ်၌ ရောက်နေသည့်တိုင် ချန်းဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် လှံပုဆိန်ကို ကိုင်ကာ ထိုအုပ်စုထံသို့ တိုက်ရိုက်ပင် တိုးဝင်၏။ သူ လှံတစ်ချက် ဝှေ့လိုက်တိုင်း၌ မရေမတွက်နိုင်သော ကောင်းကင် စစ်သည်တော်များမှာ အတုံးအရုံး လဲကျ နေခဲ့လေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်မိနစ်မျှ အတောအတွင်းမှာပင် ရွှေအမြုတေ အဆင့်များ၊ နတ်ဘုရား ဗိုလ်ချုပ်များ၊နှင့် အကြီးအကဲများစွာမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပြီ ဖြစ်သည်။ အပိုလို နတ်ဘုရား မင်းသား ဖြစ်သော ချင်ဖန်း ပင်လျှင် နောက်သို့ လွင့်ပျံ သွားခဲ့၏။
“ဝှစ်...”
နဲ့ကုန်း နတ်ဘုရား မင်းသားသည် ချန်းဖန်အား အလစ် တိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သူသည် သူ၏ ကောင်းကင် ရတနာကိုပင် လောင်ကြွမ်းစေလျှက် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေရာ ထိုတိုက်ခိုက်မှုမှာ အခြေတည် ဝိညာဥ် အဆင့်၏ အကန့်အသတ်ကိုပင် ကျော်လွန် နေခဲ့လေသည်။
“ဘုန်း...”
သို့သော်လည်း ကံမကောင်းစွာပင် ချန်းဖန်၏ ခန္ဓာကိုယ်ကား အလွန် မာကျောလွန်းသည်။ မဟာ ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုအရာကို ဖျက်ဆီးနိုင်စွမ်း မရှိလေရာ ထိုစွမ်းအား တစ်ဝက်လောက်က မည်ကဲ့သို့ ထိရောက်ပါမည်နည်း။ ချန်းဖန်၏ ခန္ဓာကိုယ်တွင် ခြစ်ရာ တစ်ခု ပေါ်လာသော်လည်း ထိုဒဏ်ရာမှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။
ချန်းဖန်မှာ ဒေါသထွက် သွားသည်။ သူသည် လှံပုဆိန်ဖြင့် လှည့်၍ ခုတ်ပိုင်းလိုက်လေရာ နဲ့ကုန်း နတ်ဘုရား မင်းသားမှာ အလယ်မှ ထက်ပိုင်းပြတ်သွားလေသည်။
“သတ်... သတ်... သတ်...”
ချန်းဖန်၏ သတ်ဖြတ်လိုစိတ်ကား အထွတ်အထိပ် အထိ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူလှံကို ဝှေ့လိုက်တိုင်း၌ ရွှေရောင်သွေးစက်များမှာ ကောင်းကင်တွင် ဖြာထွက်သွား၏။ မြေပြင်မှ ကြည့်နေသည့် ကောင်းကင် အရှင် အန်ပိုတို့ ကဲ့သို့သော အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် ချန်းဖန်၏ လှုပ်ရှားမှုများကို သေချာစွာ မမြင်ရတော့ချေ။
“ဘုန်း... ဘုန်း...”
စက္ကန့်နှင့် အမျှ ရွှေအမြုတေ အဆင့် တစ်ထောင်ခန့်မှာ ပေါက်ကွဲသေဆုံးနေ၏။ ထိုကောင်းကင် စစ်သည်တော်များကား ဝင်္ကပါများ ဖွဲ့စည်းထားသည့်တိုင် ချန်းဖန်၏ တိုက်ခိုက်မှုများကို တစ်ချက်ပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။ အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်သည့် နတ်ဘုရား ဗိုလ်ချုပ်များ ပင်လျှင် ချန်းဖန်၏ သတ်ဖြတ်မှုကို ခံနေကြရသည်။
နတ်ဘုရားမင်းသားများ သာလျှင် ချန်းဖန်ကို တူတူတန်တန် နီးပါး ယှဥ်ကာ တိုက်ခိုက်နိုင်ခဲ့လေသည်။
“ဘုန်း...”
အပိုလို နတ်ဘုရား မင်းသား ချင်ဖန်းသည် စစ်မျက်နှာပြင်၏ ထိပ်ဆုံးမှ နေ၍ စစ်ရထားကို မောင်းနှင်နေ၏။ သူသည် လှံကို နဂါးတစ်ကောင်အလား ကိုင်ဆောင်ရင်း ချန်းဖန်အား ထိုးနှက်သည်။ သို့သော်လည်း ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုတွင် သူသည် နောက်သို့ ပြန်လည် လွင့်စဥ် သွားခဲ့သည်။ သူ၏ ဆံပင်များသည် ရှုပ်ပွနေကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။
ရီယွမ်သည် ကောင်းကင်ပြာ ပျံသန်းခြင်း ခုတ်ချက်ကို ထုတ်ဖော်သည်။ လပြည့်ဝန်းသည် ကောင်းကင်တွင် လှပစွာ တည်ကာ အောက်သို့ ကျဆင်းလာ၏။ သို့သော်လည်း ချန်းဖန်သည် လှံပုဆိန်ကို ကြမ်းတမ်းစွာ ခုတ်ကာ ထိုအရာကို ထက်ပိုင်းပိုင်း ပစ်လိုက်သည်။
အားအနည်းဆုံးဟု ဆိုနိုင်သည့် ကျိုးကျန်းနှင့် ကျိုးယုတို့သည် အတူတကွ ပူးပေါင်းကာ တောင်တန်း၊ နတ်သူငယ်နှင့် မြွေပျံများ ပါဝင်နေသည့် ပန်းချီကား တစ်ခုကို ဖွဲ့စည်းလိုက်သည်။ မရေမတွက်နိုင်သော နတ်သူငယ်များသည် ပန်းချီကားထဲမှ ခုန်ဆင်းလာကာ ချန်းဖန်ကို တိုက်ခိုက် လိုက်ကြသည်။ သို့သော်လည်း ချန်းဖန်၏ လှံပုဆိန် ထိုးခုတ်မှုများ အောက်၌ သူတို့သာလျှင် အလင်းမှုန်များ အသွင် ပြောင်းလဲကာ ပျောက်ကွယ် သွားရလေသည်။ နောက်ဆုတ်မြန်ခြင်းကြောင့်သာ မဟုတ်ပါက ကျိုးကျန်းနှင့် ကျိုးယုတို့ ပင်လျှင် ချန်းဖန်၏ လက်၌ သေဆုံး သွားလောက်ပြီ ဖြစ်သည်။
ယွမ်ရီသည် ချင်ဖန်းအား ဖြူရော်သော မျက်နှာဖြင့် ကြည့်လိုက်၏။
“ရောင်းရင်းချင်... ကျုပ်တို့ သူ့ကို ဘယ်လိုမှ မနိုင်တော့ဘူး... ဒီအတိုင်း ဆက်သွားရင် နောက်ထပ် သေရမယ့် လူက ကျုပ်တို့ပဲ ဖြစ်လိမ့်မယ်... ကျုပ်တို့ ဝှက်ဖဲတွေကို သုံးသင့်ပြီ”
ချင်ဖန်းက အံကို တင်းတင်းကြိတ်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ရွှေရောင် ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
“ဘုန်း...”
ဓားထွက်ပေါ်လာသည်နှင့် အထွတ်အမြတ် စွမ်းအားမှာ လက်ကိုင်ရိုး တစ်လျှောက် ပျံ့နှံ့လာသည်။ ကြောက်မက်ဖွယ် အင်အားသည် မိုင်တစ်သောင်း ဧရိယာကို ပျံ့နှံ့သွားလေရာ ရွှေအမြုတေ အဆင့်များမှာ သူတို့ ခန္ဓာကိုယ်များ အက်ကွဲသွားသယောင်ပင် ထင်လိုက်ရသည်။ လေဟာနယ် ပင်လျှင် ဓားချီ၏ ထက်ပိုင်းပိုင်းခြင်းကို ခံရရာ အာကာသ အတွင်းတွင် ကြီးမားသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ကမ္ဘာအား လွှမ်းခြုံနေသည့် နတ်ဘုရား အစီအရင်များသည် နိုးထလာကာ များစွာသော အလင်း အကာအရံများ ထွက်ပေါ်လာ၏။
“နတ်ဘုရားတစ်ပိုင်း ရတနာ...”
ချန်းဖန်မှာ ဓားအား ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
“အမှန်ပဲ... ဒီဓားကို ယောင်ယန်ဓားလို့ ခေါ်တယ်... ငါတို့ အပိုလို နန်းတော် အင်ပါယာရဲ့ ဓားခုနစ်ချောင်းထဲက တစ်ချောင်းပေါ့... ချန်းပေ့ရွှမ်း... ငါ ဒီဟာကို မသုံးချင်ပေမဲ့ မင်းက ငါ့ကို တွန်းအားပေးခဲ့တာပဲ”
ချင်ဖန်းက ဓားအား ကိုင်ကာ ပြောလိုက်သည်။
“ဘုန်း...”
တစ်ချိန်တည်းတွင်ပင် ရီယွမ်သည် လက်အား ဝှေ့ယမ်းလိုက်၏။ လကဲ့သို့ အေးမြသော ဓားတစ်စင်းသည် သူ၏ ဦးထိပ်၌ တည်လာခဲ့သည်။ အဖြူရောင် အလင်းသည် ဓားကို ကြည်လင်သော မြစ်တစ်စင်း အလား ဖုံးလွှမ်းနေကာ အဆုံးမဲ့သော အချိန်နှင့် ဟင်းလင်းပြင်ကို ရောင်ပြန် ထင်ဟပ်ပြသနေ၏။ ထိုဓားမှ ထွက်ပေါ်နေသာ နတ်ဘုရား စွမ်းအားများကား ယောင်ယန်ဓားနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိပေသည်။
“ကောင်းကင်ပြာ နတ်ဘုရားဓား...”
ထိုအရာကား ချန်ရှန်းဂိုဏ်း၏ ဂိုဏ်းစောင့် ရတနာများထဲမှ တစ်ခု ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် ထိုဓားသည် နှစ်ပေါင်း ငါးသောင်း ကျင့်ကြံထားသော ကျင့်ကြံသူ တစ်ဦးထံမှ စွမ်းအားများကိုပင် ဖယ်ရှားပစ်နိုင်သည်ဟု ဆိုသည်။
“ဝှစ်...”
အားကျမခံပင် ကျိုးကျန်းနှင့် ကျိုးယုတို့သည် မိုင်ပေါင်း တစ်သောင်း ရှည်လျားသော တောင်တန်း မြစ်ပြင် ပန်းချီကားကြီး တစ်ခုကို ဆင့်ခေါ်လိုက်ကြသည်။ ထိုပန်းချီကား အတွင်း၌ မိုင်ထောင်ချီ ရှည်လျားသော မြစ်များ၊ တောင်တန်းများ၊ သစ်တောများ၊ မြို့ကြီးများသည် ဖြစ်တည်နေကာ ဘီလျံချီသော လူများမှာ မှီတင်း နေထိုင် နေကြသည်။
ထိုအရာကား ဖူယောင်ဂိုဏ်း၏ နာမည်ကျော် တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံပင် ဖြစ်လေသည်။
***