ရုတ်တရက်အစီအစဥ်
Vol. 33 Ch. 476
...
အာရန်သည် မြေအောက်ဂူအတွင်းမှ ထွက်လာပြီးနောက်တွင်ပင် ပင်လယ်နဂါးဧကရီ အား သူ၏လက်မောင်းအတွင်း ပွေ့ဖက်ထားဆဲပင်။
သန့်စင်ပရောဟိတ်မ ရောက်လာပြီလားဟု တွေးမိလိုက်သဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာအကဲခပ် ကြည့်လိုက်သည်။
သို့သော် အပြင်ဘက်တစ်နေရာတွင် မြေအောက်ဂူ မှ အစောပိုင်း ထွက်ပြေးသွားခဲ့သော ကာဒီနယ်ရဟန်းအမတ်နှစ်ဦးကိုသာ မြင်လိုက်ရ၏။
ထိုနှစ်ဦးသည် အာရန်ရှိရာ မြေအောက်ဂူ အဝင်ဝဘက်သို့ တည့်တည့်ကြီး စိုက်ကြည့်နေကြလေသည်။
အာရန်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီးနောက် ဘယ်ဘက်သို့ လှမ်းထွက်လိုက်ကာ သူတို့နှစ်ဦး၏ မြင်ကွင်းမှ ထွက်ခွာသွားလိုက်သည်။
သို့သော်လည်း ထိုကာဒီနယ်ရဟန်းအမတ်နှစ်ဦးသည် သူတို့၏ အကြည့်ကို ဝင်ပေါက်ဝမှ တစ်ဖဝါးမျှပင် မရွှေ့ခဲ့ကြပေ။
ထိုအရာကိုကြည့်ခြင်းအားဖြင့် သူတို့သည် အာရန်အား လှည့်ကြည့်နေခြင်း မဟုတ်ကြောင်း ရှင်းလင်းနေ၏။
ယင်းအစား သူတို့သည် မြေအောက်ဂူ ၏ ဝင်ပေါက်ဝကိုသာ စောင့်ကြည့်နေကြခြင်းဖြစ်လေသည်။
‘ငါက အကြောင်းမဲ့ စိတ်ပူနေခဲ့မိတာပဲ။’
ကာဒီနယ်ရဟန်းအမတ်များ သည် အာရန်၏ ကိုယ်ယောင်ဖျောက်အစွမ်းများကို ဖောက်ထွင်းမြင်နိုင်သော မည်သည့် ရတနာပစ္စည်းကိုမျှ အသုံးမပြုခဲ့ကြပေ။
ထို့အပြင် ပိုမို၍ အဆင်ပြေနေသည်မှာ သန့်စင်ပရောဟိတ်မ သည်ပင် ဤနေရာသို့ ရောက်လာခြင်း မရှိသေးချေ။
ထို့နောက် အာရန်သည် တစ်စက္ကန့်မျှပင် ဆက်လက် အချိန်မဖြုန်းတီးတော့ဘဲ လေထဲသို့ ပျံတက်သွားလိုက်ပြီး ဤနေရာမှ တတ်နိုင်သမျှ ဝေးရာဆီသို့ ထွက်ခွာသွားခဲ့၏။
ကာဒီနယ်ရဟန်းအမတ်နှစ်ဦးသည်သာ နောက်တွင် ကျန်ရစ်ခဲ့ပြီး သူတို့ ရှာဖွေနေသောသူသည် သူတို့ရှေ့မှောက်မှပင် မြေအောက်ဂူမှ အပြင်သို့ ထွက်ခွာသွားခဲ့သည်ကိုတော့ အနည်းငယ်မျှပင် သတိပြုမိခဲ့ကြဟန်မရပေ။
...
ဤသို့ဖြင့် နောက်ထပ် မိနစ်အနည်းငယ်ကြာသောအခါ အလွန် ကြောက်မက်ဖွယ်ကောင်းသော အော်ရာ တစ်ခုသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်တွင် ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာပြီး ထို ဂိတ်တံခါးပေါက် မှ ငယ်ရွယ်ပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦး ထွက်လာသည်။
ထိုအမျိုးသမီးသည် အလွန်လှပပြီး စွဲမက်ဖွယ်ကောင်းပုံရသော်လည်း သူမအား ကြည့်မိသောသူတိုင်းသည် သူမအပေါ် မည်သည့်ညစ်ညမ်းသော ခံစားချက်မျှ ပေါ်မလာစေရန် ထူးဆန်းသည့် အရှိန်အဝါတစ်ခုလည်း သူမတွင် ရှိနေ၏။
သူမသည် ဤလောကကြီး၏ ညစ်နွမ်းမှုများဖြင့် မြူမှုန်တစ်မှုန်မျှပင် မထိတွေ့ထားသော သန့်စင်မြင့်မြတ်သော နတ်ဘုရားမတစ်ပါးအလား ထင်မှတ်ရလေသည်။
မကြာမီ အခြား ကာဒီနယ်ရဟန်းအမတ်များ သည်လည်း ထိုနေရာသို့ အသီးသီး ထပ်မံ ရောက်ရှိလာကြသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသည် ကာဒီနယ်ရဟန်းအမတ်များ ဖြင့် ပြည့်လျှံသွားခဲ့သည်။
ဘုရားကျောင်းရှိ အင်အားစုတစ်ခုလုံး ဤနေရာသို့ ရောက်ရှိလာ သကဲ့သို့ပင် ဖြစ်နေခဲ့၏။
“ဒီမှာ ထူးဆန်းတဲ့ နဂါး တစ်ကောင်ရှိတယ်လို့ သင်တို့ သတင်းပို့လိုက်တာလား။” သန့်စင် ပရောဟိတ်မ သည် သတင်းပို့ခဲ့သော ကာဒီနယ်ရဟန်းအမတ် နှစ်ဦးရှေ့တွင် ဆင်းသက်လိုက်သည်။
ကာဒီနယ်ရဟန်းအမတ်နှစ်ဦး သည် သူတို့ မြင်တွေ့ခဲ့ရသည်များကို ပြာပြာသလဲ ရှင်းပြကြသည်။
သူတို့၏ စကားများကြောင့် သန့်စင် ပရောဟိတ်မ ကိုပင် အနည်းငယ် အံ့အားသင့်စေခဲ့သည်။
ထိုကဲ့သို့ နဂါး အဖြစ်ပင် အပြည့်အဝ အသွင်မပြောင်းလဲနိုင်သေးသော နဂါး တစ်ကောင်က ကာဒီနယ်ရဟန်းအမတ် တစ်ဦးကဲ့သို့ ခွန်အားကြီးနိုင်ကြောင်းကို သူမပင် တစ်ခါမျှ မကြားဖူးခဲ့ပေ။
ဤဖော်ပြချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာသည် လွန်စွာမှားယွင်းနေကြောင်း သူမ ခံစားမိနေသည်။
၎င်းသည် တကယ်ပဲ မပြည့်စုံသော နဂါးတစ်ကောင်၏ ပုံစံ ဖြစ်နိုင်ပါ့မလား။
ပထမဆုံးအနေဖြင့် ပင်လယ်နဂါးဧကရီ ဤနေရာတွင် ရှိနေကြောင်း သတင်းအချက်အလက် အချို့ရရှိထားခဲ့သည်။
ထိုအမျိုးသမီး မည်မျှအထိသာ အားကောင်းကြောင်းကို သူမအသိဆုံးဖြစ်သည်။
ပင်လယ်နဂါးဧကရီသည် စွမ်းအားကြီးမားသည်မှာ မှန်သော်လည်း သူမအတွက် ခြိမ်းခြောက်မှုတစ်ခုတော့ မဟုတ်သေးပေ။
ထို့ကြောင့် သူမသည် ကာဒီနယ်ရဟန်းအမတ် သုံးဦးနှင့် ဘုန်းတော်ကြီး ဆယ့်ခုနစ်ဦးခန့်ကိုသာ ပင်လယ်နဂါးဧကရီအား ဖမ်းဆီးရန် စေလွှတ်ခဲ့ခြင်းဖြစ်၏။
သူမသည် ဤနေရာတွင် နောက်ထပ် ဤကဲ့သို့ ထူးဆန်းသည့် အခြားတစ်ဦး ရှိနေခဲ့လိမ့်မည်ဟု တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
“ဒါက နတ်ဆိုးဝါးမြိုသူများ ဖြစ်နေနိုင်မလား”
ပင်လယ်နဂါးဧကရီအား သူမထံမှ နောက်ဆုံးတစ်ကြိမ် လွတ်မြောက်ရန် ကူညီခဲ့သူမှာ နတ်ဆိုးဝါးမြိုသူပင် ဖြစ်သည်ကို ပြန်လည်သတိရလိုက်သည်။
သို့သော် နတ်ဆိုးဝါးမြိုသူအနေဖြင့် မပြည့်စုံသောနဂါးပုံစံအဖြစ် အသွင်ယူရန်မှာပင် မဖြစ်နိုင်သလောက်ပင်။
သို့တိုင်အောင် ၎င်းတွင် သွေးမျိုးဆက်များ နှင့် စွမ်းရည်များကို ခိုးယူနိုင်သော စွမ်းရည်တစ်ခု ရှိနေခဲ့လေသည်။
ထို့ကြောင့်လည်း ထိုသူအား ထိုနဂါးပုံစံအဖြစ် အသွင်ပြောင်းနိုင် မပြောင်းနိုင်ဆိုသည်ကို သူမ အနေနှင့် လုံးဝပုံသေကားချပ် ယူဆ၍တော့ မရနိုင်ချေ။
“အဖြေကိုတော့ မကြာခင် သိရလိမ့်မယ်လို့ ယူဆရတာပဲ”
ထို့နောက် သန့်စင်ပရောဟိတ်မသည် ယခင်က သူမ ထိမ်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်ဟု သတ်မှတ်ထားခဲ့သော မြေအောက်ဂူ ထဲသို့ တည်ငြိမ်စွာ ဝင်ရောက်လိုက်သည်။
ဤအဖြစ်အပျက်သာ မရှိခဲ့ပါက ဤညစ်နွမ်းသောနေရာမျိုးအား သူမအနေဖြင့် ခြေတစ်လှမ်းမျှပင် နင်းမိမည်မဟုတ်ပေ။
ကာဒီနယ်ရဟန်းအမတ်များသည် သန့်စင် ပရောဟိတ်မ နောက်မှ အသီးသီး လိုက်ပါလာကြသည်။
၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကြီး တစ်ခုလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်သော အင်အားစုကြီးတစ်ခုလည်း ဖြစ်လေသည်။
သို့သော် ယခု သူတို့အားလုံးသည် မြေအောက်ဂူ တစ်ခုတည်းတွင် အတူရောက်ရှိနေကြခြင်းဖြစ်လေ၏။
“ပျံသန်းခြင်းကို ကန့်သတ်ထားတဲ့ ဝင်္ကဘာတစ်ခု ရှိနေခဲ့တယ်လို့ သင်တို့ပြောခဲ့တယ်မဟုတ်လား” သန့်စင် ပရောဟိတ်မ သည် ပထမထပ်အတွင်း လေထဲတွင် ပျံသန်းနေရင်း မေးလိုက်သည်။
သူမ ဘယ်နေရာကိုပဲ ကြည့်သည်ဖြစ်စေ ဝင်္ကဘာနှင့်တူသည့် အရိပ်အယောင်ဟူ၍ တစ်ခုတစ်လေမျှပင် မမြင်ခဲ့ရပေ။
သူမသည် ပျံသန်းရာတွင်လည်း မည်သည့် ကန့်သတ်ချက်ကိုမျှ မခံစားမိခဲ့ချေ။
သူမအပြင် အခြား ကာဒီနယ်ရဟန်းအမတ်များ သည်လည်း လွတ်လပ်စွာ ပျံသန်းနိုင်ခဲ့ကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီမှာ ဝင်္ကဘာတစ်ခု အမှန်တကယ်ရှိခဲ့တာလေ” ကာဒီနယ်ရဟန်းအမတ် နှစ်ဦးသည် ဤနေရာရှိ အခြားမည်သူထက်မဆို ပို၍ ထိတ်လန့်နေကြသည်။
သူတို့သည် ဝင်္ကဘာအတွင်း သူတို့ကိုယ်တိုင် ဖြတ်သန်းခဲ့ကြပြီးဖြစ်သည် မဟုတ်ပါလား..။
ဝင်္ကဘာကြီးတစ်ခုလုံး နှင့် ထိုကန့်သတ်ချက်များသည် မိနစ်အနည်းငယ်အတွင်း မည်ကဲ့သို့ ပျောက်ကွယ်သွားနိုင်မည်နည်း။
“ဒါက ပင်လယ်နဂါးဧကရီ က သင်တို့ကို အနိုင်ယူသွားတဲ့အတွက် ဂုဏ်သိက္ခာ အချို့ ထိမ်းသိမ်းဖို့အတွက် ဒီလို လုပ်ကြံ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြတာများလား” သန့်စင် ပရောဟိတ်မ နှင့်အတူ လိုက်ပါလာသော ကာဒီနယ်ရဟန်းအမတ် တစ်ဦးက သူ၏ လှောင်ပြောင်ရိပ်များသန်းနေသော အကြည့်ကို ဖုံးကွယ်ရန်ပင် မကြိုးစားဘဲ ဒဲ့ပြောလိုက်သည်။
“ကျုပ်တို့က ထွက်ပေါက်ကို အသေအခြာ စောင့်ကြည့်နေခဲ့ကြတာ။ အဲဒီနဂါးကောင် ဒီမှာ ရှိနေတုန်းပဲ သင်တို့ကိုယ်တိုင် အဲဒီနဂါး ဘယ်လောက် အားကောင်းလဲဆိုတာ မကြာခင် မြင်ရလိမ့်မယ်။”
ကာဒီနယ်ရဟန်းအမတ် နှစ်ဦးသည် သူတို့၏ ယုံကြည်ချက်များတွင် ခိုင်မာနေဆဲဖြစ်ပြီး သူတို့ပြောနေသည့် ကာယကံရှင်ဖြစ်သူ အာရန်တစ်ယောက်မှာမူ သူတို့၏ မျက်စိရှေ့တွင်ပင် ဤနေရာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အနည်းငယ်မျှပင် မရိပ်မိခဲ့ကြပေ။
...
မြေအောက်ဂူ နှင့် ဝေးရာတစ်နေရာတွင် အာရန်သည် အဝေးမှ သန့်စင် ပရောဟိတ်မ ၏ အော်ရာတစ်ခု ဆင်းသက်လာနေသည်ကို သတိထားမိခဲ့ပြီးဖြစ်သည်။
ကံကောင်းစွာဖြင့် သူသည် သူမ၏ အာရုံခံနိုင်သော အတိုင်းအတာအတွင်းမှ လွတ်မြောက်သွားခဲ့ပြီးဖြစ်၏။
ထို့ကြောင့် သူမသည် သူ၏ တည်ရှိမှုကို မခံစားနိုင်တော့ပေ။
ထိုနေရာရှိ အော်ရာများ၏ အရေအတွက်သည် ဆက်လက်တိုးပွားလာနေသဖြင့် အာရန်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
သူမသည် ကာဒီနယ်ရဟန်းအမတ်များ အားလုံးနီးပါးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်မလားဟုပင် တွေးမိလိုက်ပြီး ၎င်းက သူ့အား ထူးဆန်းသော စိတ်ကူးတစ်ခုကို ရုတ်တရက်ပေါ်ပေါက်လာစေခဲ့၏။
ထိုအော်ရာများ မြေအောက်ဂူ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အာရန်သည် သူ၏ နဂါးအတောင်ပံများ ကို ပြန်ထုတ်လိုက်လေသည်။
ထို့နောက် သူ၏အရှိန်ကို တိုးမြှင့်လိုက်ပြီး သန့်စင်မြို့တော် ဆီသို့ တည့်တည့်မတ်မတ်ပင် ပျံသန်းသွားလိုက်သည်။
မိုးကုပ်စက်ဝိုင်းအပေါ်တစ်နေရာတွင် ပျံသန်းရင်းဖြင့် အာရန်သည် သူ၏အမြန်နှုန်းကြောင့် ဥက္ကာပျံကြယ်တစ်စင်း ကြွေကျသကဲ့သို့ပင် ထင်မှတ်ရလေသည်။
တစ်စုံတစ်ဦးသည် သူပျံသန်းနေစဉ် ကောင်းကင်သို့ ရုတ်တရက် မော့ကြည့်လိုက်မည်ဆိုပါက နောက်ခံပုံရိပ် အနည်းငယ်ကိုပင် မြင်တွေ့နိုင်မည်မဟုတ်ပေ။
၎င်းသည် အသေးစိတ် အကဲခတ်ကြည့်နေမည်ဆိုလျှင်ပင် ကောင်းကင်မှ သူတို့အား ဖြတ်၍ ပြေးထွက်သွားသော ဝါးတားတားပုံရိပ် တစ်ခုကိုသာ ဖြတ်ကနဲ မြင်တွေ့လိုက်ကြရမည်ဖြစ်လေသည်။
အာရန်သည် သူ၏ခွန်အား တိုးလာရုံသာမက သူ၏ အရှိန်သည်လည်း များစွာ တိုးတက်လာခဲ့ပြီဖြစ်၏။
မကြာမီ သူသည် ပင်လယ်နဂါးဧကရီအား သူ၏လက်မောင်းများအတွင်း ပွေ့ဖက်ထားရင်းဖြင့်ပင် သန့်စင်မြို့တော်ဆီသို့ ရောက်ရှိသွားခဲ့သည်။
သန့်စင်ဧကရာဇ်၏ တံဆိပ်တုံးကို အသုံးပြု၍ အာရန်သည် မြို့ကို ကာကွယ်နေသော ကြီးမားသော အကာအကွယ်လွှာကြီးတွင် သေးငယ်သော ဝင်ပေါက်တစ်ခုကို မည်သူမျှသတိမထားမိခင် ဖွင့်လှစ်နိုင်ခဲ့၏။
သူသည် အကာအကွယ်လွှာကို သက်တောင့်သက်သာဖြင်ပင် ဖြတ်သန်းသွားခဲ့ ခြင်းဖြစ်သော်လည်း အရှိန်မှာမူ နှေးကွေးမသွားခဲ့ပေ။
သန့်စင် ပရောဟိတ်မ နှင့် ကာဒီနယ်ရဟန်းအမတ်များ ရှိမနေသောကြောင့် ဤနေရာသည် သူ၏ လွတ်လပ်စွာ လှုပ်ရှားရာ နယ်မြေပင်တည်း။
အာရန်အနေဖြင့် ပထမဆုံးလုပ်ရမည့်အရာမှာ မည်သူမျှသတိမထားမိခင် သန့်စင်တော်ဝင်နန်းတော်အတွင်းသို့ ဝင်ရောက်ရန်ပင်ဖြစ်လေသည်။
အာရန်သည် သူ၏ အမျိုးသမီးများ ဆီသို့ပင် မသွားခဲ့ပေ။
ယင်းအစား သူသည် သန့်စင်ဧကရာဇ် ၏ အခန်းရှိရာဆီသို့ အရင်သွားရောက်ခဲ့သည်။
အာရန်တစ်ယောက် သူလာနေသည်ကို ဤနေရာရောက်ကတည်းက သူ၏ ကိုယ်ပွားကို အသိပေးထားပြီးဖြစ်သည်။
အာရန်၏ ကိုယ်ပွား သည် အခန်းထဲတွင် အာရန်အား အသင့်စောင့်လျက်ရှိနေခဲ့သည်။
အခန်းတွင်းသို့ ရောက်ရောက်ချင်း အာရန်သည် ပင်လယ်နဂါးဧကရီအား အိပ်ရာပေါ်တွင် တင်ထားလိုက်ပြီး ထိုနေရာရှိစောင်ထူထူတစ်ခုဖြင့် ထပ်မံ၍ ဖုံးအုပ်ထားပေးလိုက်သည်။
“ငါ ခဏ အပြင်သွားဦးမယ် သူမကို စောင့်ကြည့်ထား”
အာရန်သည် သူ၏ကိုယ်ပွားကို အမိန့်ပေးရင် သူ၏ ဝတ်စုံများကို ပြောင်းလဲလိုက်သည်။
“မင်း တကယ်ပဲ ဒါကို လုပ်ဆောင်တော့မှာလား။ သူတို့ ဒီနေရာက ထွက်သွားကြပြီဆိုပေမယ့် ဒါကတော့...”
“မင်း ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို စိတ်ပူစရာမလိုဘူး။”
အာရန်သည် သူ၏ ကိုယ်ပွားဆီမှ စိုးရိမ်သောလေသံကြောင့် တစ်ချက်ပြုံးရင်း ပြန်ပြောလိုက်သည်။
ထို့နောက် အာရန်သည် တောင်ဝင်နန်းတော်အတွင်းမှ ပြန်လည် ထွက်ခွာသွားတော့သည်။
#Catfoot