တစ်ကိုယ်တော် ထွန်းလင်းတောက်ပခြင်း ...
Vol. 33 Ch. 478
အာရန်သည် သူ၏ ကိုယ်ပွား ရင်ဆိုင်နေရသော ဘေးကျပ်နံကျပ်အခက်အခဲ အကြောင်းကို သိမနေခဲ့ပေ။
သူသည် ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးဖြစ်သော လုပ်ဆောင်ရမည့် တာဝန်အပေါ်တွင်သာ လုံးဝအာရုံစိုက်နေခဲ့မိ၏။
အာရန်သည် ဘုရားကျောင်း ရှေ့တွင် ဆင်းသက်လိုက်ပြီး သူ၏ ရောက်ရှိနေမှု အား အနည်းငယ်မျှပင် မဖုံးကွယ်ထားတော့ပေ။
နတ်ဘုရားမ၏ ကောင်းချီးပေးမှုများကို ရရှိနိုင်ရန် ဘုရားကျောင်း အနီးတွင်ရှိနေသော သာမန်ပြည်သူများစွာသည် လေထဲမှ လူတစ်ဦး ဆင်းသက်လာနေသည်ကို မြင်လိုက်ကြရသောအခါ လွန်စွာ အံ့အားသင့်သွားခဲ့ကြရသည်။
ထိုသူသည် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
ထိုသူ၏ အဝတ်အစားများမှာ လုံးဝ အနက်ရောင်စစ်စစ် ဖြစ်နေကြပြီး တော်ဝင်မြို့တော်မှ လူများ မနှစ်သက်သော အရောင်ပင်ဖြစ်၏။
ထိုအနက်ရောင်အဝတ်အစားများသည် အကြွင်းမဲ့အမှောင်ထုကို ကိုယ်စားပြုသည့် မြောက်ပိုင်းတိုက်မှလူများသာ စွဲစွဲမြဲမြဲဝတ်ဆင်လေ့ရှိကြလေသည်။
“မင်းက ဘယ်သူမို့လို့ ငါတို့ရှေ့ကနေ ဖြတ်သွားရဲရတာလဲ လူတိုင်းတန်းစီ နေကြတယ် ငါတို့အားလုံးလည်း မင်းလိုပဲ ကောင်းချီးပေးမှုတွေရရှိဖို့ အတွက် ဒီကို ရောက်နေတာပဲ။”
ယုံကြည်သူတစ်ဦးသည် အာရန်အနီးသို့ ချဉ်းကပ်လိုက်ကာ အော်ပြောလိုက်သည်။
သူသည် အာရန်အား သင်ခန်းစာပေးရန် စတင်တိုက်ခိုက်လိုက်ပြီး အာရန်၏ အဖြေကိုပင် မစောင့်ခဲ့ပေ။
ဤသူသည် အမှောင်ထု၏ သင်္ကေတဖြစ်သော အနက်ရောင်ကို ဝတ်ဆင်ထားပြီး ဘုရားကျောင်း၏ သတ်မှတ်ချက်များကိုပင် မျက်ကွယ်ပြုထားသည် မဟုတ်ပါလား...။
ထိုလူကို သူသာ အရင်ဦးဆုံး သင်ခန်းစာပေးလိုက်မည်ဆိုပါက ဘုရားကျောင်း ထံမှ အသိအမှတ်ပြုမှုကို ပိုမို၍ ရရှိနိုင်မည်ဟု တွေးမိခဲ့လေ၏။
သူ၏လက်သီးသည် အာရန်၏ဦးခေါင်း နောက်ကျောဘက်သို့ ထိမှန်သွားသောအခါ သူသည် ကျောက်တုံးတစ်ခုကို ထိုးမိလိုက်သကဲ့သို့ ထိတ်လန့်ဖွယ် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ အရိုးများ ကွဲအက်သွားသည်ဟုပင် ခံစားမိလိုက်သော်လည်း ၎င်းသည် အစသာရှိသေးလေ၏။
အမှောင်စွမ်းအင်များပြည့်နှက်နေသည့် အော်ရာတစ်ခုသည် သူ၏ လက်အတွင်း ဆက်လက် ပျံ့နှံ့သွားသောကြောင့် လက်တစ်ခုလုံးသည် စတင်၍ တွန့်လိမ်လာခဲ့သည်။
မကြာမီ အမှောင်စွမ်းအင်များသည် အဆိပ်တစ်ခုအလား သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်သည် လူတိုင်း၏ ရှေ့တွင်ပင် အရည်ပျော်ကျသွားကာ ထိတ်လန့်ခြောက်ခြားစရာကောင်းသော နာကျင်မှုဖြင့် အော်ဟစ်မြည်ကြွေးလိုက်လေ၏။
အာရန်သည် သူ၏ခေါင်းတွင် စွတ်ထားခဲ့သော ခေါင်းစွတ်အမဲကို ဖယ်ရှားလိုက်ပြီး သူ၏ ခါးအထိရှည်လျားသော အနက်ရောင်ဆံပင်များကို ဖော်ထုတ်ပြသလိုက်သည်။
သူ၏ အသွင်ပြောင်းလဲခြင်းအစွမ်းကို ထပ်မံအသုံးပြုခဲ့သောကြေင့် သူ၏ သွင်ပြင်သည် တစ်ဖန်ပြန်၍ ပြောင်းလဲသွားခဲ့သည်။
ဤတစ်ကြိမ်တွင် အာရန်သည် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အနည်းငယ်ဆင်တူသော နစ်ခရိုမန်ဆာမျှော်စင်မှ ခန်းမသခင်တစ်ဦး၏ ပုံပန်းသဏ္ဍာန်ကို အတုယူပုံဖော်လိုက်ခြင်း ဖြစ်လေ၏။
ယခုအတုယူ ပုံဖော်ထားသည့် အာရန်၏ သွင်ပြင်မှာ သာမန်လူသားများနှင့် ကွဲပြားနေပုံရသော နတ်သူငယ်များကဲ့သို့ ချွန်ထက်သည့် နားရွက်များ ရှိနေခဲ့ပြီး ထိုအရာက သူသည် အနောက်ဘက်တိုက်ရှိ နိုင်ငံသားတစ်ယောက် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလျက်ရှိနေသည်။
ထို့နောက် အာရန်သည် နောက်ဘက်ရှိ ပြည်သူများကို သူ၏မျက်နှာကို မြင်တွေ့နိုင်ကြစေရန်အတွက် နောက်ပြန်လှည့်ကြည့်လိုက်သည်။
သူ၏မျက်လုံးများသည် သာမန်ညအမှောင်ထက်ပင် ပို၍ နက်မှောင်နေခဲ့ကြပြီး သူ၏အသားအရေသည် သွေးအနည်းငယ်မျှပင် ရှိမနေသကဲ့သို့ လွန်စွာ ဖြူဖျော့ နေလေ၏။
“ဒါက ငါတို့ နစ်ခရိုမန်ဆာမျှော်စင် နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ပြောပြောနေတဲ့ အတုအယောင် နတ်ဘုရားမရဲ့ မြင့်မြတ်နယ်မြေဆိုတာလား”
အာရန်သည် ဘုရားကျောင်း ၏ ယုံကြည်သူများကို ကြည့်ရင်း အထင်သေးဟန်ဖြင့် မေးလိုက်သည်။
“မင်းက... နစ်ခရိုမန်ဆာ တစ်ယောက်ပဲ...”
နတ်ဘုရားမအား ယုံကြည်သူ ပြည်သူများသည် ကြောက်ရွံ့မှုကြောင့် မျက်နှာများပင် ဖျော့တော့သွားခဲ့ကြသည်။
နစ်ခရိုမန်ဆာမျှော်စင် မှ လူများသည် ဤသန့်စင်တော်ဝင်မြို့တော်အတွင်းတွင် ထိုးဖောက်ဝင်ရောက်ကာ ရောနှောနေထိုင်နေကြကြောင်း ကောလာဟလများအား သူတို့ မကြာမှီအချိန်ကမှ ကြားသိထားခဲ့ရပြီးဖြစ်သော်လည်း ထိုအရာသည် အမှန်တကယ်ဖြစ်နေလိမ့်မည်ဟုတော့ မည်သူမျှ မယုံကြည်ခဲ့ကြပေ။
သို့သော်လည်း ယခု သူတို့သည် ၎င်းအား သူတို့၏ မျက်လုံးများဖြင့် တိုက်ရိုက်မြင်နေရခြင်းဖြစ်သောကြောင့် ထိုကောလဟာလများကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
“ဘယ်လို... နတ်ဆိုးတစ်ကောင်က သန့်စင်နတ်ဘုရားမ ရဲ့ ကောင်းချီး အကာအကွယ်လွှာကို ဘယ်လိုလုပ်ပြီး ဖြတ်သန်းလာနိုင်ရတာလဲ ဒါက ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။”
“ဒါက အိပ်မက်ဆိုး တစ်ခုပဲ ဖြစ်ရမယ် မှန်တယ်။”
“အိပ်မက်ဆိုး...”
အာရန်သည် အစောပိုင်း ထိုသို့ ပြောခဲ့သော သတ်လတ်ပိုင်းအရွယ်ရှိ အမျိုးသားရှေ့တွင် ပေါ်လာရင်း မေးလိုက်သည်။
“ဒီလို ရယ်စရာကောင်းတဲ့ အကာအကွယ်လွှာလေးတစ်ခုလောက်က မင်းတို့အတွက် တကယ်ပဲ ဒီလောက်တောင် အထင်ကြီးစရာ ကောင်းနေတာလား။”
“ဒီ အကာအကွယ်လွှာက က တကယ်ကြီးအားကောင်းလွန်းလို့ ငါတို့ ဒီကို အရင်က ဝင်မလာနိုင်ခဲ့ကြတာလို့ မင်းတို့က တကယ်ပဲထင်နေခဲ့ကြတာလား။ တကယ်တော့ ငါတို့က မင်းတို့လို ပိုးကောင်သာသာတွေ ကို နဲနဲလေးတောင် ဂရုမစိုက်ခဲ့ကြလို့ပဲ။”
“ငါတို့က မင်းတို့ ပိုးကောင်တွေကို အရိပ်ထဲကနေတစ်ဆင့် ထိန်းချုပ်ချင်နေခဲ့ကြတာ မင်းတို့ တော်ဝင်နန်းတော်နဲ့ သန့်စင်ဘုရားကျောင်းထဲမှာ ငါတို့လူတွေ အများကြီးရောနှော ရောက်ရှိနေပြီးသားပဲ။ ဒါပေမဲ့ ကံဆိုးတာက မင်းတို့ရဲ့ ဧကရာဇ်က ငါတို့ထင်ထားတာထက် ပိုပြီး ထူးချွန်နေတာပဲ”
“အဲဒီ မျိုးမစစ်ဧကရာဇ်က ငါတို့လူတွေကို ရှာတွေ့ပြီး အတော်များများကို ရှင်းပစ်ခဲ့တယ်။ ဒ့ါကြောင့်ပဲ ငါကိုယ်တိုင် ဒီ စိတ်ပျက်စရာကောင်းတဲ့ နေရာကို ကိုယ်တိုင်ရောက်လာခဲ့ရတာဖြစ်တယ် ပိုးကောင်တွေဟာ ကောင်းကောင်း မနေတတ်ရင် ရှင်သန်ဖို့ ထိုက်တန်မှုမရှိဘူး ဒီနေ့ ငါ ဒီဘုရားကျောင်း နဲ့ နန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။”
အာရန်သည် သူနှစ်ပေါင်းများစွာ ဝတ္ထုများဖတ်ရှုထားခဲ့ရာမှ သင်ယူနိုင်ခဲ့သော စကားလုံးများအားလုံးကို အသုံးပြုကာ ဗီလိန်တစ်ဦး၏ အခန်းကဏ္ဍကို တတ်နိုင်သမျှ ပီပြင်စွာ သရုပ်ဆောင်နေခဲ့၏။
အာရန်သည် ထိုသို့ပြောနေစဉ်မှာပင် သူ၏မျက်လုံးများထဲတွင် ရူးသွပ်သောအကြည့် ဖြင့် ၎င်းကို ပိုမို၍ ပြဇာတ်ဆန် စေခဲ့သည်။
သူ၏ စကားထဲတွင် မသိမသာဖြင့် ဘုရားကျောင်းရှိလူများအား ငတုံးငအများ အဖြစ် ထင်ပေါ်စေခဲ့ပြီး သန့်စင် ဧကရာဇ် ကိုမူ ဘုရားကျောင်းပင် သတိမထားမိခဲ့သော နစ်ခရိုမန်ဆာမျှော်စင်၏ ပရိယာယ်များကို ကြိုတင်သိမြင်နိုင်သော ပါရမီရှင် တစ်ဦးအလား မသိမသာ အမွှန်းတင်ပေးလိုက်ခြင်းလည်း ဖြစ်လေ၏။
“ဒါက အမှန်ပဲလား... ဧကရာဇ် က နတ်ဆိုး ဝင်ပူးခံထားရလို့ အဲဒီလို ပြုမူနေတာ မဟုတ်ဘူးလား။ အဲ့ဒီအစား သူက ငါတို့ကို တကယ်ပဲ ကာကွယ်ဖို့ ကြိုးစားနေတာလား။”
ဘုရားကျောင်း ၏ အမာခံ ကိုးကွယ်ယုံကြည်သူများဆိုပါက သူ၏စကားများကို အလွယ်တကူ ယုံကြမည်မဟုတ်ကြောင်းကို အာရန်တစ်ယောက် ကြိုတင် သိထားလေသည်။
ထို့ကြောင့် သူသည် ဘုရားကျောင်း ၏ လွှမ်းမိုးမှု အနည်းငယ်သာရှိသော သာမန်အပြင်လူများကို အရင် ပစ်မှတ်ထားလိုက်ခြင်းဖြစ်၏။
ဤနေရာရှိ သာမန်လူများကို သူ၏စကားများကို ယုံကြည်လက်ခံစေရန်မှာ ပို၍ပင် လွယ်ကူလေသည်။
သူလုပ်ရမည့်အရာမှာ သူတို့၏ မြင့်မြတ်သောနေရာတစ်ခုအား သူတို့၏ မျက်စိရှေ့တွင် ပျက်စီးသွားခြင်းကို ထိုင်ကြည့်နေစေရန်သာဖြစ်လေသည်။
“ဘယ်သူကများ သန့်စင်နယ်မြေမှာ ဘုရားကျောင်းကို မကောင်းပြောရဲတာလား။” ဘုရားကျောင်း ၏ တံခါးများ ပွင့်လာခဲ့ပြီး ကျယ်လောင်သော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“အချိန်ကိုက်ပဲ”
ဘုရားကျောင်းအတွင်းမှ ထွက်လာခဲ့ကြသော ဘုန်းတော်ကြီးများ ကို ကြည့်ရင်း အာရန်တစ်ယောက် ပြုံးလိုက်မိသည်။
ဘုရားကျောင်း တွင် ကာဒီနယ်ရဟန်းအမတ်များ မကျန်တော့သလောက် ဖြစ်နေကြောင်း သူသိထားပြီးသားဖြစ်လေသည်။
ကာဒီနယ်ရဟန်းအမတ် တစ်ဦး သို့မဟုတ် နှစ်ဦးမျှလောက် ကျန်ခဲ့မည်ဆိုလျှင်ပင် သူသည် သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်စွမ်းရှိနေပြီဖြစ်၏။
သူ့အတွက် အထူးကောင်းမွန်သော အခွင့်အရေးကြီးတစ်ရပ်မှာ ဤနေရာတွင် ဖြစ်ပျက်နေသောအရာများကို ဘုရားကျောင်းမှ လူများသည် သန့်စင်ပရောဟိတ်မ သို့မဟုတ် သူမနှင့်အတူတည်ရှိနေသော ကာဒီနယ်ရဟန်းအမတ်များ အကြောင်းကြား၍ ရနိုင်မည်မဟုတ်ခြင်းပင်။
သူတို့သည် မြေအောက်ဂူ အတွင်းပိုင်းတွင် ရောက်ရှိနေသမျှကာလပတ်လုံး မည်သည့် အပြင်ဘက် သတင်းပေးပို့မှုကိုမှ လက်ခံရရှိနိုင်မည်မဟုတ်ပေ။
ထို့အပြင် သန့်စင်ပရောဟိတ်မ သည် ယခုအချိန်အတောအတွင်း မြေအောက်ဂူ မှ ထွက်လာဦးမည် မဟုတ်ဟုလည်း ယူဆ၍ ရလေသည်။
သန့်စင်ပရောဟိတ်မသည် သူ့အား ရှာဖွေရန် မြေအောက်ဂူ အတွင်းတွင် အချိန်အတော်လေး ယူရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ အာရန်သည် ထိုမြေအောက်ဂူရှိ အထပ်တိုင်း တွင် ရည်ရွယ်ချက်ရှိရှိ သူ၏ ခြေရာများကို သဲလွန်စအဖြစ် အနည်းငယ်စီ ချန်ထားခဲ့သည် မဟုတ်ပါလော...။
သူတို့ ဤနေရာသို့ ပြန်ရောက်မည့်အချိန်လောက်တွင် သူ၏အစီအစဉ်သည် ပြည့်စုံပြီးသား ဖြစ်နေမည်ဖြစ်လေသည်။
တော်ဝင်မြို့တော် မှ လူများသည် ဘုရားကျောင်း အပေါ် အတော်လေးစိတ်ပျက် သွားခဲ့ကြမည်ဖြစ်ကာ သူတို့၏ ရင်ထဲတွင် သူရဲကောင်းအသစ်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဖြစ်လေ၏။
“ကဲ တစ်ကိုယ်တော်ထွန်းလင်းတောက်ပ (solo leveling) ဖို့ အချိန်ရောက်ပြီပဲ စလိုက်ကြစို့”
အာရန်သည် သူ မြောက်ပိုင်းတိုက်ကြီးတွင် ချေမှုန်းခဲ့သော မိသားစုကြီးတစ်ခုဆီမှ ရယူနိုင်ခဲ့သော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် လူအများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ စက္ကန့်ပိုင်းအတွင်း ဘုရားကျောင်း ၏ ဝင်ပေါက်ဝတွင် ပြန်ပေါ်လာခဲ့လေသည်။
အာရန်အား ထွက်တိုက်ရန် ဘုရားကျောင်းအတွင်း မှ ပြေးထွက်လာကြသော ဘုန်းတော်ကြီးများသည် အာရန်၏ ထိုလျှင်မြန်လွန်းသော အရှိန်ကြောင့် အတော်ပင် အံ့အားသင့်သွားခဲ့ကြရသည်။
ထိုစဥ် ရုတ်တရက် ဘုန်းတော်ကြီးများသည် တစ်ခုခု မူမမှန်တော့ကြောင်း ရုတ်တရက် သတိထားမိလိုက်ကြသည်။
သူတို့၏ ခေါင်းများသည် နောက်သို့ ပြန်လှည့်မိခဲ့ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာမူ အခြားဘက်သို့ မျက်နှာမူနေကြဆဲပင်။
သူတို့၏ မျက်နှာများတွင် အကြွင်းမဲ့ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြပြီး ဘာဖြစ်ခဲ့သည်ကို ရုတ်တရက် နားလည်သွားခဲ့ကြသည်။
အာရန်သည် သူ၏ လက်ချောင်းများကို ထောက်ကနည်း အသံမြည်သွားအောင် လက်ဆစ် ချိုးလိုက်၏။
လေပြေလေညှင်းလေးတစ်ဖြတ်သည် ဤနေရာသို့ ဝေ့ကာဝိုက်ကာဖြင့် တိုက်ခတ်လိုက်သော အခါတွင်တော့ ဘုန်းတော်ကြီးများ ၏ ခေါင်းများသည် သူတို့၏ ခန္ဓာကိုယ်များဆီမှ လိမ့်ကာဆင်းကာဖြင့် တစ်ပြိုင်နက်တည်း ပြုတ်ကျသွားခဲ့ကြသည်။
သူတို့၏ခန္ဓာကိုယ်များ ဆက်လက်လဲကျသွားသည်ကိုမူ အာရန်တစ်ယောက် ဆက်လက်ကြည့်ရှုနေခြင်း မရှိတော့ပေ။
ထို့နောက် အာရန်သည် ဘုရားကျောင်း ထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့ကာ အနောက်ပိုင်းတိုက်ကြီးရှိ အမြင့်မြတ်ဆုံးနယ်မြေ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့လေသည်။
#Catfoot