← Chapters

အားလုံး၏ ထိတ်လန့်မှု

Vol. 12 Ch. 1149

အားလုံး၏ ထိတ်လန့်မှု

Vol. 12 Ch. 1149

“ဟူး... ဟူး...”

ချန်းဖန်သည် လက်နှက်ဖက်ကို နောက်ပစ်ကာ ကောင်းကင်၌ ရပ်နေ၏။ ရောင်စုံသက်တန့် တစ်ခုသည် သူ၏ ခြေထောက်အောက်တွင် ပေါ်နေကာ နတ်ဘုရား မင်းသားများ ရှိရာ နေရာအထိ တံတား တစ်ခု သဖွယ် ထိုးထားသည်။ ချန်းဖန်သည် ကောင်းကင်မှ ဆင်းသက်သည့် နတ်ဘုရား တစ်ပါး ထိုလမ်းကြောင်း အတိုင်း ရှေ့သို့ လျှောက်လာခဲ့သည်။

နတ်ဘုရား တစ်ပိုင်း လက်နက်သည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း ချန်းဖန်သည် အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် မဟာ ကျင့်ကြံသူများမှ လွဲ၍ မည်သည့် အရာကိုမှ ကြောက်စရာ မလိုတော့ချေ။

“မကောင်းတော့ဘူး...”

နတ်ဘုရား မင်းသားများမှာ သူတို့ထံသို့ လျှောက်လာသော ချန်းဖန်ကို ကြည့်ကာ ကြောက်လန့် သွားကြလေသည်။ ဖူယောင်ဂိုဏ်း၏ မဟာ နတ်ဘုရား မင်းသား ကျိုးကျန်းသည် သူ၏ အမတေကို လောင်မြိုက်စေကာ တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံကို ချန်းဖန်၏ အရှေ့၌ ပိတ်ဆို့ လိုက်သည်။ သူသည် ထိုအတွက် သွေးအန်လိုက်ရကာ သေမလိုပင် ဖြစ်သွားခဲ့သည်။

သို့သော်လည်း ချန်းဖန်ကမူ ရိုးရှင်းစွာပင် ဖနှောင့်အား ပေါက်လိုက်သည်။

“ဘုန်း...”

တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံပေါ်၌ ရောင်စုံ သက်တန့် တစ်ခုသည် ပေါ်လာခဲ့၏။ ချန်းဖန်သည် ထိုသက်တန့် အတိုင်း လမ်းလျှောက်ကာ စကြဝဠာ မြေပုံပေါ် တက်နင်းလိုက်သည်။ ကမ္ဘာတစ်ခုဖြင့် ဖွဲ့စည်းထားသော ထိုရတနာသည် ပြင်းထန်စွာ တုန်ရီသွားသည်။ ချန်းဖန်သည် ကမ္ဘာအား ဖန်ဆင်းသည့် ရှေးဟောင်း နတ်ဘုရား တစ်ပါး ဖြစ်ဟန်ရ၏။

“ဘုန်း... ဘုန်း...”

ချန်းဖန်သည် စကြဝဠာ မြေပုံကို ဒုတိယ အကြိမ်၊ တတိယ အကြိမ်၊ စတုတ္ထ အကြိမ်များ တိုင်အောင် ထပ်မံ နင်းလိုက်သည်။ နတ်ဘုရား တစ်ပိုင်း ရတနာမှာ ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ချေ။ ၎င်းသည် စကြဝဠာ အတွင်းပိုင်းကို တိုးဝင်ကာ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ၎င်းကို ထိန်းချုပ်နေသော ကျိုးကျန်းမှာမူ သွေးမြူအဖြစ် ပြောင်းလဲကာ လုံးဝ ကွယ်ပျောက် သွားရတော့သည်။

“အကို...”

ကျိုးယုမှာ နာကျင်စွာ အော်ဟစ်လိုက်၏။ ထိုနတ်ဘုရား မင်းသမီးလေး၏ ဆံပင်များကား ရှုပ်ပွေ နေခဲ့ပြီ ဖြစ်သည်။ သူမ၏ လှပသော အဖြူရောင် ဝတ်စုံသည် သွေးများဖြင့် စွန်းထင်နေ၏။ မျက်ရည်များသည် ပါးပြင် တစ်လျှောက် စီးကျနေကာ သူမမှာ ချန်းဖန်အား ငရဲမှ နတ်ဆိုး တစ်ကောင်အလား မုန်းတီး ခက်ထန်စွာ ကြည့်နေခဲ့လေသည်။

“နင် ငါ့အကိုကို သတ်တယ်... မိစ္ဆာကောင် ငါနင့်ကို သတ်မယ်”

“ဘုန်း...”

သူမသည် အရူးတစ်ယောက် ကဲ့သို့ပင် လက်ထဲရှိ ဖူယောင်ဓားအား တင်းကြပ်စွာ ဆုပ်ကိုင်လျှက် ချန်းဖန်အား တိုက်ခိုက်လိုက်တော့၏။ သို့သော်လည်း သူမ၏ စွမ်းရည်လောက်ဖြင့် ချန်းဖန်အား မည်ကဲ့သို့ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။

“ဘုန်း...”

ချန်းဖန် အင်္ကျီလက်တစ်ဖက်ကို ခါယမ်းလိုက်သည်နှင့် သူမမှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားသည်။ ထိုနတ်မိမယ်လေးကား ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရပြီ ဖြစ်သည်။ ချန်းဖန်သည် စတင် အလုပ်လုပ်တော့မည့် အစားထိုးခြင်း နတ်ဘုရား အဆောင်ကို တင်းဟိုင်ပုလဲ အတွင်း ထည့်သွင်းကာ သိမ်းဆည်း လိုက်သည်။

တောင်တစ်လုံး ရှေ့သို့ ပြုတ်ကျလာလျှင်ပင် တုန်လှုပ်ခြင်း ကင်းမဲ့သည့် ချင်ဖန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ တုန်ရီ လာခဲ့လေ၏။

နတ်ဘုရားတစ်ပိုင်း ရတနာများကို လက်ဗလာဖြင့် ရင်ဆိုင်၍ အစားထိုးခြင်း နတ်ဘုရား အဆောင်များကို လွှမ်းမိုးကာ နတ်ဘုရား မင်းသားများကို သတ်ဖြတ်ခြင်း...

ထိုအရာကား မဟာ ကျင့်ကြံသူကြီးများနှင့်ပင် နှိုင်းယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော လုပ်ဆောင်ချက် ဖြစ်ပေသည်။

“မင်း ငါ့ကို သတ်လို့ မရဘူး... ငါက အပိုလို နန်းတော်ရဲ့ မဟာ နတ်ဘုရား မင်းသားပဲ... မင်း ငါ့ကို သတ်ရင် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးက လက်ခံမှာ မဟုတ်ဘူး... ချန်းပေ့ရွှမ်း နတ်ဘုရားအရှင်ချန်း... ငါ မင်းရဲ့  စွန့်ပစ်ခံ... မဟုတ်ဘူး အရှေ့ဂြိုဟ်နယ်မြေကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ငါ့ဘိုးဘေးတွေ နာမည်နဲ့ ကျိန်ဆိုမယ်... ငါ့ကို မသတ်ပါနဲ့”

ချင်ဖန်းက သူ့ထံသို့ လျှောက်လာနေသော ချန်းဖန်ကို ကြည့်ကာ လျှင်မြန်စွာ အော်ဟစ်လိုက်၏။ နတ်ဘုရား ဗိုလ်ချုပ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်ရည်များပင် ဝဲလာခဲ့သည်။ ထိုအရာကား အပိုလို နန်းတော်၏ မဟာ နတ်ဘုရား မင်းသား ဖြစ်သည်။ သို့တိုင်အောင် သူသည် အပယ်ခံ ဂြိုဟ်နယ်မြေ တစ်ခု၌ အသက်ချမ်းသာပေးရန် တောင်းပန် နေရသည်။ အခြေတည် ဝိညာဥ် အဆင့်များသည် သူတို့၏ အရှင်သခင်ကို မကာကွယ်နိုင်ခဲ့ခြင်း အတွက် ဝမ်းပန်းတနည်းဖြင့် ငိုကြွေးမိကြတော့၏။

“နောက်ကျသွားပြီ...”

ချန်းဖန်သည် ဖနှောင့်ကို ပေါက်ကာ အပိုလို နတ်ဘုရား မင်းသားကို သူ၏ တောင်ပံကိုးဖက် မီးဖီးနစ် စစ်ရထားနှင့် အတူ ဖျက်ဆီးပစ်လိုက်လေတော့သည်။

“အရှေ့တောင်ထိပ်မှာ ရှိတဲ့ မြောက်ပိုင်းချုံး ရှင်းလင်းခံလိုက်ရတဲ့ အချိန်က စလို့ ငါနဲ့ အပိုလို နန်းတော် အကြား သွေးကြွေးက သတ်မှတ်ပြီးသွားပြီ... မင်းတင် မကဘူး... တစ်နေ့မှာ ငါ အပိုလို နန်းတော် အထိ  သွားပြီး သွေးကြွေး အကုန်လုံးကို ပြန်ဆပ်မယ်”

ချန်းဖန်၏ အသံသည် အေးစက်စွာဖြင့် အာကာသ အတွင်း ပျံ့နှံ့သွား၏။ ကောင်းကင်နှင့် မြေပြင်တစ်ခွင်ရှိ ကျင့်ကြံသူများမှာ ချန်းဖန်၏ စကားသံကို ကြားကြရာ တောင့်တင်း သွားကြလေတော့သည်။

“ဘုန်း... ဘုန်း...”

နေရောင် ထွန်းလင်းနေသေးသည့်တိုင် အေးစက်သော လှိုင်းများသည် လေဟာနယ် အတွင်း ရိုက်ခတ်လျှက်ရှိ၏။ သာမန် လူတစ်ယောက်သာ ထိုနေရာသို့ ရောက်ရှိသွားပါက စက္ကန့်ပိုင်း အတွင်း အေးခဲ သွားပေလိမ့်မည် ဖြစ်သည်။ နတ်ဘုရား ဗိုလ်ချုပ်များ အပါအဝင် မရေမတွက်နိုင်သော ကောင်းကင် စစ်သည်တော်များသည် ငေးကြောင်ကာ ချန်းဖန်ကို ကြည့်နေကြသည်။ ထိုအထဲ၌ ယွမ်ရီသည် အသက်ရှင် ကျန်ရစ်သည့် တစ်ဦးတည်း‌သော နတ်ဘုရား မင်းသား ဖြစ်လေ၏။

တစ်ချိန်တည်း၌ ကမ္ဘာ၏ မျက်နှာပြင်သည် နေ့နှင့်ည နှစ်ချိန်ကွဲနေသည်။ တစ်ဖက်ခြမ်းသည် နေ့ဖြစ်ကာ တစ်ဖက်ခြမ်းမှာ ညချမ်းဖြစ်၏။ အခြား တစ်ဖက်၌ နေဝင်ကာ အခြား တစ်ဖက်တွင်မူ ဆည်းဆာ နံနက်က ထွန်းလင်းနေသည်။ သို့သော်လည်း လူတိုင်းသည် တူညီစွာပင် အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ ဝမ်းစာရှာဖွေခြင်း အမှုများကို မပြုပဲ တီဗီများ ရှေ့သို့သာ ရောက်ရှိနေကြသည်။ သူတို့သည် ဂြိုဟ်တုများမှ တိုက်ရိုက် ဖမ်းယူ ထုတ်လွှင့်သော တိုက်ပွဲကို မျက်တောင် မခပ်မတန်း ကြည့်နေကြလေသည်။

“ထာဝရဂိုဏ်း ခုနစ်ခုက ဒီလိုပဲ ရှင်းလင်း ခံလိုက်ရပြီလား”

အခြားဂြိုဟ်များမှ ရောက်လာသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ အထူးသဖြင့် ချန်ရှန်းဂိုဏ်းချုပ် လီယွမ်သည် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ ချန်ရှန်းဂိုဏ်းမှာ တောင်ပိုင်း ဒေသငယ်မှ တည်ထောင်ထားသည့် ဂိုဏ်းတစ်ခု ဖြစ်လေရာ လီယွမ်မှာ ထိုဂိုဏ်းကြီးများ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို အခြားလူများထက် ပို၍ သိရှိထားသည်။

“ရှုံးနိမ့်သွားခဲ့ပြီ ဆိုတော့ ကျိန်းသေ ထိခိုက်သွားမှာပဲ... သူတို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို အချိန်တို အတွင်း ပြန်လာနိုင်တော့မယ် မထင်ဘူး”

ထျန်းဟောင်ဂြိုဟ်မှ ကျင့်ကြံသူ တစ်ယောက်က ပြောသည်။ နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်လာသည့် အခြားဂြိုဟ်များမှ ကျင့်ကြံသူများစွာမှာ တိတ်ဆိတ် နေကြ၏။ သူတို့ အားလုံးသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၌ အရှင်သခင် အသစ်တစ်ပါး မွေးဖွားလာခဲ့ပြီ ဖြစ်ကြောင်း သိရှိကြပေသည်။ သူသည် အရှေ့ဂြိုဟ်ကို ဗဟိုပြုကာ ဆေးနတ်ဘုရားနှင့် နတ်ဘုရားအရှင် တထျန်းတို့ ကဲ့သို့ ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီးပေလိမ့်မည်။ မြောက်ပိုင်းချုံး ဟူသော နာမည်က နဂါးငွေ့တန်း ဂလက်စီ တစ်ခုလုံးကို လွှမ်းခြုံကာ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီတိုင်အောင် ကျော်ကြားပေတော့မည်။

“နတ်ဘုရားအရှင်ချန်းက ဘယ်တော့မှ မရှုံးနိမ့်ဘူး...”

ဝမ်ရွှမ်လုံသည် ကောင်းကင်ကို လေးစားမှု၊ မနာလိုမှုများ ပြည့်နေသည့် မျက်လုံးများဖြင့် မော့ကြည့် နေခဲ့လေ၏။ သူသာလျှင် မက ရှန်းရှီ၊ ချင်းရှီ တို့ အပါအဝင် မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များမှာလည်း နတ်ဘုရား အလင်းများ လွှမ်းခြုံနေသည့် ချန်းဖန်ကို ငေးကြည့်‌ နေကြသည်။ နဂါးအရှင်၏ မျက်လုံးများမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း တစ်ချိန်တည်း၌ အနည်းငယ် သံသယ ဝင်နေဟန် ရသည်။

သူသည် ကြယ်ပင်လယ် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်သည်။ ထို့ကြောင့်ပင် ထာဝရဂိုဏ်းများ မည်မျှ အစွမ်းထက်သည်ကို သိရှိထားသည်။ ထာဝရဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည် ပုံမှန်အားဖြင့် တစ်ခုထက် ပိုသော ဝှက်ဖဲများကို ပြင်ဆင်ထားလေ့ ရှိတတ်သည်။ ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို တိုက်ခိုက်သည့်တိုင် သူ၏ အင်အား အလုံးစုံကို အသုံးပြု၏။ ထာဝရဂိုဏ်းချုပ်များမှာ ထိုမျှလောက် မပေါ့ဆချေ။

လ...

ထိုအချိန်၌ စွန်းယုဖုန်းနှင့် ကျန်းဖေးဖေးတို့သည် ကမ္ဘာ့ မျက်နှာပြင်မှ ထွက်ခွာကာ လ‌ပေါ်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ အထီးကျန် သူရဲကောင်း စွန်းယုဖုန်းသည် လက်တစ်ဖက်ကို ဝှေ့ယမ်း၍ အစီအရင်ကို ဖွင့်လိုက်ရာ ခမ်းနာ ထည်ဝါ၍ လှပသော ရွှေရောင် ယာဥ်ပျံ တစ်စင်း ‌ပေါ်လာခဲ့၏။ သူတို့သည် ယာဥ်ပျံ အတွင်း ဝင်ရောက် လိုက်ကြသည်။

“ဆရာ... တိုက်ပွဲက ပြီးသွားပြီမလား...”

ကျန်းဖေးဖေးက အဝေးရှိ ချန်းဖန်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။ သူမ၏ မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ ချန်းဖန်သည် ကြယ်ပင်လယ်မှ လာသည့် စစ်တပ်ကြီးကို အနိုင်ယူခဲ့သည်။ သူမ၏ ဆွေမျိုး၊ မောင်နှမ များစွာ မှီတင်းနေထိုင်သည့် ကမ္ဘာမြေမှာ လုံခြုံသွားခဲ့ပြီဟု ဆိုနိုင်ပေသည်။

သို့သော်လည်း စွန်းယုဖုန်း၏ မှုန်ကုပ်ကုပ် မျက်နှာထားကို တွေ့သော အခါ၌ ကျန်းဖေးဖေးမှာ အနည်းငယ် စိုးရိမ်သွားလေ၏။

“ဆရာ...”

ကျန်းဖေးဖေးက ခေါ်လိုက်သည်။

“ဒီကောင်လေးတော့ တကယ် ဒုက္ခရောက်ပြီ... တကယ့်ကို ဒုက္ခရောက်ပြီ... သူက ကောင်းကင်ကို ဖျက်ဆီးပြီး သူတို့ကို ‌ဒေါသထွက် စေခဲ့ပြီ”

စွန်းယုဖုန်းက ခေါင်းကို ငုံ့ကာ လျှင်မြန်စွာ ပြောလိုက်သည်။

“ဖေးဖေး... ငါတို့ မြန်မြန် ထွက်ခွာကြမယ်... ဒီနေရာက တကယ့် စစ်မြေပြင် ဖြစ်‌တော့မယ်... ဒီနေရာမှာ ဆက်နေမယ် ဆိုရင် ငါနင့်ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး.. အဲဒီကောင်လေးက အရမ်း မောက်မာတယ်... သူ အခု ထာဝရဂိုဏ်းကြီးတွေ ဘယ်‌လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာ မကြာခင် တွေ့ရတော့မယ်... သူတို့တွေက သူ့လို မဟာ ကျင့်ကြံသူ တစ်ပိုင်းလေးတွေ ခုခံနိုင်တဲ့ ရန်သူတွေ မဟုတ်ဘူး... အရှေ့ဂြိုဟ်တော့ ကပ်ဘေး ကံကြမ္မာထဲကို ကျရောက်သွားပြီ”

ထို့နောက် သူသည် ယာဥ်ပျံကို လျှင်မြန်စွာ အသက်သွင်းကာ စကြဝဠာ အတွင်းပိုင်း တစ်နေရာသို့ လျှင်မြန်စွာ မောင်းနှင် သွားလေတော့သည်။ ထိုအခိုက်၌ စွန်းယုဖုန်းသာလျှင် မက တောင်ပိုင်း ဒေသငယ်မှ ရောက်ရှိလာသည့် ကျင့်ကြံသူများစွာမှာ တုန်ရီအောင် ကြောက်လန့်နေကြ၏။ သူတို့သည် နောက်ကျမည်ကို စိုးရွံ့သည့် အလား အလျှင်အမြန်ပင် ထွက်ခွာနေကြလေသည်။

***

All Chapters