နောက်ထပ်မှတ်တိုင်သစ်
Vol. 33 Ch. 469
...
အာရန်တစ်ယောက် သူ၏ အဆင့်မြှင့်ခြင်း ခရီးစဥ်တွင် နောက်ထပ် အရေးပါသော မှတ်တိုင်တစ်ခုသို့ ရောက်ရှိရန် ခြေလှမ်းနှစ်လှမ်းမျှသာ လိုတော့လေသည်။
သူသည် ယခုတွင် အဆင့် (၄၉) အထိ ရောက်ရှိနေပြီးဖြစ်ကာ နောက်ထပ် အတားအဆီးနံရံတစ်ခုကို ဖြတ်ကျော်ရန် နှစ်ဆင့်သာ လိုအပ်တော့ခြင်းဖြစ်၍ ထို့နောက်တွင် သူ၏ ခွန်အားများသည် နောက်ထပ်ကြီးမားသော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်လေ၏။
ယခု အာရန်၏ ခွန်အားသည် သူ မြေအောက်ဂူ ထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်ကထက် ပိုမိုမြင့်မားနေခဲ့ပြီးလည်း ဖြစ်လေသည်။
အရှင်သခင်များနှင့် တန်းတူဖြစ်လာနိုင်မည့် နောက်ထပ်ကြီးမားသော အတားအဆီးကို သူကျော်လွန်နိုင်မည့်နေ့ကို တကယ်ပင် မျှော်လင့်နေခဲ့မိသည်။
“နောက်ထပ် နည်းနည်းလေးပဲ လိုတော့တယ်”
အာရန် သည် စနစ်ဖန်သားပြင်အား နောက်ထပ်တစ်ခေါက် သေချာစွာ စိုက်ကြည့်လိုက်ပြီး သူ့တွင် အကောင်းမြင်စိတ်များဖြင့် ပြည့်နှက်လာခဲ့၏။
သူ၏ အဆင့်သည် ယခင်ထက်များစွာ မြင့်တက်နေပြီးဖြစ်သည့်အတွက် အစောပိုင်းအဆင့်များကဲ့သို့ အတွေ့အကြုံရမှတ်အချို့ ရရှိရန်ပင် စိန်ခေါ်မှုများစွာပို၍ ကြီးမားလာခဲ့ပြီဖြစ်လေသည်။
သို့သော်လည်း ထိုကြီးမားသော နံရံကို သူကျော်ဖြတ်နိုင်ရန်မှာ အချိန်တစ်ခုသာ လိုတော့ကြောင်း အာရန်တစ်ယောက် သေချာနေခဲ့သည်။
ထို့နောက် သူ၏ စနစ်ဖန်သားပြင် တွင် အနည်းငယ်သော ကွဲပြားမှုအချို့ ဖြစ်သွားသည်ကိုလည်း သူသတိပြုမိလိုက်သည်။
သူ၏ နဂါးသွေးမျိုးဆက်သည် ယခင်ကကဲ့သို့ ကောင်းကင်နဂါး သွေးမျိုးဆက် ဟု မဖော်ပြတော့ပေ။
ယင်းအစား သူသည် မူလနဂါး ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြောင်းသာ ဖော်ပြထားသည်။
၎င်းသည် ကောင်းကင်နဂါး ပိုင်ဆိုင်ခဲ့သည့် သွေးမျိုးဆက်နှင့် ဆင်တူသည်ဟု ခံစားရသည်။
ပင်လယ်နဂါးဧကရီ ပင် ၎င်းတွင် မည်သည့်ချို့ယွင်းချက်ကိုမျှ မတွေ့နိုင်သော်လည်း ၎င်းသည် ကွဲပြားနေသည်ကိုတော့ သူကိုယ်တိုင်သာ သတိထားမိလေသည်။
၎င်းသည် ကောင်းကင်နဂါး သွေးမျိုးဆက်ထက်ပင် တစ်ဆင့် ပိုမိုမြင့်မား သွားသကဲ့သို့ပင် ဖြစ်နေ၏။
“တော်တော် ထူးဆန်းတာပဲ။ ငါ ပင်လယ်နဂါးသွေးမျိုးဆက်ကို ဝါးမြိုမိလိုက်တဲ့ အခါတုံးက ဒါက ကောင်းကင်နဂါး သွေးမျိုးဆက် အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ခု ကောင်းကင်နဂါး သွေးမျိုးဆက် ကို ဝါးမြိုလိုက်တဲ့အခါမှာကျ ဒါက မူလနဂါး အဖြစ်ကို ထပ်မံပြောင်းလဲသွားပြန်တယ်”
“ဝါးမြိုခြင်းအစွမ်းကလည်း သွေးမျိုးဆက်ရဲ့ သန့်စင်မှုနဲ့ မူလဇစ်မြစ်ကို တိုးပွားစေနိုင်တာလား”
ဤအရာသည် အဘယ့်ကြောင့် ဖြစ်သွားခဲ့ရသနည်းဆိုခြင်းကို အာရန်တစ်ယောက် တွေးတောနေမိလိုက်သည်။
ပထမတစ်ကြိမ် ဖြစ်ခဲ့စဥ်က ချိတ်ပိတ်ထားမှုကို မတော်တဆ ဖယ်ရှားနိုင်ခဲ့၍ဟု ယူဆ၍ ရသော်လည်း ယခုဒုတိယအကြိမ်တွင်မူ ထိုအရာသည် သာမန် မတော်တဆဖြစ်ရပ်တစ်ခုထက် ပိုနေပြီဖြစ်လေသည်။
ထို့နောက် သူ၏ စနစ်ဖန်သားပြင်တွင် နတ်ဘုရားမ၏ကောင်းချီးသည်လည်း အနည်းငယ် ပိုမိုတိုးပွားလာခဲ့လေသည်။
၎င်းသည် ရာခိုင်နှုန်း တစ်ရာသို့ မရောက်သေးသော်လည်း တဖြည်းဖြည်းတော့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်၏။
နဂါးသွေးမျိုးဆက် နှင့်အတူ ပါလာသော သူ၏စွမ်းရည်များသည်လည်း အတိုင်းအတာတစ်ခုအထိ ဆင့်ကဲပြောင်းလဲ သွားခဲ့ပြီဖြစ်သည်။
သူ၏အတောင်ပံများသည် အုပ်ချုပ်သူအတောင်ပံများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ နဂါးလျှာအစွမ်းသည် ဘိုးဘေးနဂါးလျှာအစွမ်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့အတူ သူ၏ နဂါးအသွင်ပြောင်းလဲခြင်းသည်ပင် နာမည်အသစ်တစ်ခု ပြောင်းလဲသွားခဲ့သည်။
၎င်းကို စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်း ဟု ခေါ်ဆိုထား၏။
“တော်တော်များများ ပြောင်းလဲသွားတာပဲ ဒီစွမ်းရည်အသစ်တွေကို ရင်းနှီးဖို့ အချိန်အနည်းငယ် ထပ်ပြီး ပေးရဦးမယ့်ပုံပဲ”
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် ငြိမ်းချမ်းစွာ အိပ်ပျော်နေပုံရသော ပင်လယ်နဂါးဧကရီအား တစ်ချက်ပြန်ကြည့်လိုက်မိသည်။
သူမသည် ကန့်သတ်ချက်ကြိမ်စာဆီမှ လွတ်မြောက်နိုင်ပြီဖြစ်သဖြင့် ကောင်းကင်နဂါး အဆင့်သို့ ခြေလှမ်းတစ်ဝက်ခန့်လှမ်းမိနေပြီဖြစ်ကာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အတွင်း ဝင်ရောက်နေပြီဖြစ်သဖြင့် သူမ၏ အော်ရာသည် ပိုမို တည်ငြိမ်လာရုံသာမက ပိုမို၍လည်း အားကောင်းလာခဲ့သည်။
“သူမ နိုးလာဖို့ အချိန်အများကြီး ယူရတော့မယ်ထင်တယ်။ ငါ့အတွက် အချိန်နည်းနည်းတော့ ထပ်ရပြီ။”
အာရန်သည် တစ်နေရသို့မော့ကြည့်လိုက်သောအခါ ဧရာမအပေါက်ကြီး တစ်ခုကို မြင်လိုက်ရ၏။
၎င်းသည် သူပထမအထပ်မှ ဤနေရာသို့ အင်အားသုံး၍ ဝင်ရောက်ခဲ့စဉ်က သူဖန်တီးခဲ့သော အပေါက်ဖြစ်သည်။
အာရန်သည် ပျံသန်းခြင်းစွမ်းရည်ကို အသုံးပြုပြီး ပဉ္စမအထပ်သို့ ခေတ္တခဏ ထွက်ခွာခဲ့သည်။
အာရန်သည် သူ၏ စွမ်းရည်အသစ်များကို စမ်းသပ်နေစဉ်တွင် ဧကရီ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အားလည်း အနှောင့်အယှက်မပေးလိုပေ။
ထို့ကြောင့် အာရန်သည် စတုတ္ထအထပ်ကို ထပ်မံဖြတ်၍ တတိယအထပ်အထိ ဆင်းသက်သွားခဲ့သည်။
နောက်ဆုံးတွင် အာရန်သည် သူ၏စွမ်းရည်များကို စမ်းသပ်ရန် ပြီးပြည့်စုံသောနေရာတစ်ခုဟု ခံစားရသော ဒုတိယအထပ်တွင် ရပ်တန့်လိုက်၏။
ဤအထပ်သည် အခြားအထပ်များထက် ပိုမိုကျယ်ဝန်းရုံသာမက အတားအဆီးများစွာလည်း ရှိမနေခဲ့ပေ။
မြေပြင်တွင် ချော်ရည်များ ရှိနေသော်လည်း ထိုချော်ရည်များသည် သူ့အား အနည်းငယ်မျှပင် အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ချေ။
သူ၏ သွေးမျိုးဆက်သည် မူလနဂါးအဖြစ်ထပ်မံအသွင်ပြောင်းသွားပြီးနောက် အာရန်သည် ထိုအရာများကို ပိုမိုကောင်းမွန်စွာ လက်ခံနိုင်လာသည်။
ထို့အပြင် ချော်ရည် နယ်မြေသည် သူ၏စွမ်းရည်များကို စမ်းသပ်ရန် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။
အာရန်သည် သူ၏လက်ကို မြှောက်လိုက်ပြီး ဘိုးဘေးနဂါးလျှာအစွမ်းကို အသက်သွင်းရန် ကျိုးစားလိုက်သည်။
“အေးခဲစမ်း”
အာရန်သည် စကားလုံးတစ်လုံးတည်းကိုသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုစကားလုံးတွင် စွမ်းအားများစွာ ပါရှိနေဟန်ရ၏။
၎င်းက ဤလောကရှိ ဥပဒေသများအရ တားဆီးထားခြင်းများကို ကျော်လွန်နေသကဲ့သို့လည်း ဖြစ်နေသည်။
ထိုနေရာရှိ အပူချိန်သည် ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခဲ့သည်။
မြေပြင်ပေါ်ရှိ အရည်ပျော်နေသော ချော်ရည်များသည် လုံးဝမလှုပ်ရှားတော့သည်အထိ စတင်အေးခဲသွားခဲ့သည်။
ချော်ရည်များသည် နေရာမှာပင် အေးခဲသွားခဲ့ပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်တော့ပေ။
အာရန်ကိုယ်တိုင်ပင် ၎င်းသက်ရောက်မှုကို မြင်သောအခါ အလွန်အမင် အံ့ဩသွားခဲ့ရသည်။
သူ၏ နှင်းခဲနယ်မြေအစွမ်းဖြင့် အလားတူဖြစ်ရပ်မျိုး လုပ်ဆောင်ဘူးခဲ့သော်လည်း ယခုကဲ့သို့ အရာအားလုံးကို ပြောင်းလဲရန် စကားလုံးတစ်လုံးတည်းကိုသာ အသုံးပြုလိုက်ခြင်းသည် လုံးဝ လှည့်စားခြင်းတစ်ရပ်ဟုပင် ခံစားနေရဆဲပင်။
မူလနဂါး သွေးမျိုးဆက်သို့ ဆင့်ကဲပြောင်းလဲသွားပြီးနောက် သူ့အတွက် အသုံးဝင်သော စွမ်းရည်အနည်းငယ်ကို ထပ်မံရရှိလိုက်ပုံရ၏။
အာရန်သည် သူဖန်တီးထားသော ရေခဲပြင် ရှုခင်းပေါ်တွင် ပျံဝဲရင်း အလင်းသည် ၎င်း ရေခဲချော်ရည်များထံမှ အလင်းပြန်ပြီး ဆန်းသစ်သော ပုံစံသစ်များသည် လိုဏ်ဂူ နံရံများပေါ်တွင် ပေါ်ပေါက်ဖြစ်ပေါ်လာနေသည်ကို သတိပြုမိလိုက်သည်။
ချော်ရည်များဖြင့် ပြည့်နှက်နေခဲ့သော ကြမ်းပြင်သည် ယခုအခါတွင် အေးခဲနေပြီဖြစ်ကာ သာမန်မြေပင်ကဲ့သို့ပင် ဖြစ်သွားပြီဖြစ်၏။
“စိတ်ဝင်စားစရာပဲ”
ကျယ်ပြောလှသော ထိုအခန်းထဲတွင် အာရန်သည် စကား တိုးတိုးလေးတစ်ခွန်း ရေရွတ်မိလိုက်သည်။
ဘိုးဘေးနဂါးလျှာအစွမ်း သည် စကားလုံးတစ်လုံးတည်းဖြင့်ပင် လက်တွေ့ဖြစ်တည်မှုများကို ပုံစံပြောင်း၍ ပြန်လည်ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မူလနဂါးသွေးမျိုးဆက်သည် ဤကမ္ဘာ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော တည်ရှိမှုတစ်ခု ဖြစ်နေသည်မှာ ပိုမိုသေခြာလာခဲ့သည်။
မူလနဂါးသည် ဤကမ္ဘာမှမဟုတ်ပဲ အခြားကမ္ဘာတစ်ခုခုမှ တည်ရှိမှု တစ်ခုများလားဟုပင် အာရန်တစ်ယောက် တွေးမိလိုက်သည်။
ထို့နောက် အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူ၏စွမ်းရည်များကို အခြားရှုထောင့်များမှ ထပ်မံစမ်းသပ်ရန်အတွက် သူ၏ လက်တစ်ဖက်ကို ထပ်မံ၍ မြှောက်လိုက်၏။
“လောင်မြိုက်စမ်း”
ထိုနယ်မြေ၏ အစိတ်အပိုင်းအချို့ကို ဆက်လက်၍ အမိန့်ပေးလိုက်သောအခါ ထိုနေရာရှိ အေးခဲနေသော ချော်ရည်ပူများသည် ချက်ချင်း တုံ့ပြန်လာတော့သည်။
ထိုနေရာတွင် မီးတောက်များ ထွက်ပေါ်လာပြီး ရေခဲပြင်ပေါ်တွင် မီးညွန့်များဖြင့် တလူလူလွင့်ထူနေကြကာ ရေခဲနှင့်မီးတောက်တို့၏ ရင်သတ်ရှုမောဖွယ် လှပလွန်းသောရှုခင်းတစ်ခုကို ဖန်တီးပေးလိုက်သကဲ့သို့ပင်။
ဆန့်ကျင်ဘက် ဒြပ်စင် နှစ်ခုသည် တစ်ပြိုင်နက်တည်းတွင် တည်ရှိနေကြခြင်းဖြစ်လေသည်။
ချော်ရည်ပူများသည် ရေခဲများအား အရည်မပျော်စေသကဲ့သို့ ရေခဲသည်လည်း ချော်ရည်များအား မည်သို့မျှသက်ရောက်မှု မရှိခဲ့ပေ။
အာရန်သည် စွမ်းအင်အချို့ကို ပြောင်းလဲခဲ့သည့်တိုင်အောင် ယခင် စွမ်းအင် သည် ဆက်လက် တည်ရှိနေဆဲပင်ဖြစ်ဟန်ရသည်။
သူ၏ နဂါးလျှာအစွမ်းသည် အသုံးပြုနိုင်သည့်ပုံစံများ ပြောင်းလဲသွားခဲ့ဟန်ပင်။
၎င်းတို့၏ ကြာချိန်သက်ရောက်မှုများသည်လည်း ပြောင်းလဲသွားခဲ့သည်။
အာရန်သည် ဤနေရာတစ်ခုလုံးကို ဆက်လက် အမိန့်မပေးပဲ ၎င်းတို့သည် ဤအတိုင်း မည်မျှ အချိန်ကြာသည်အထိ ဆက်လက်ဖြစ်တည်နေဦးမည်ကို စောင့်ကြည့်နေလိုက်သည်။
ထို့နောက် တစ်နာရီခန့်ကြာပြီးနောက် စွမ်းအင်၏သက်ရောက်မှု ကုန်ဆုံးသွားဟန်ဖြင့် မီးတောက်များသည် တဖြည်းဖြည်း ပြန်လည်ဖျော့တော့သွားခဲ့ပြီး ရေခဲများသည် ဖြည်းညှင်းစွာ ချော်ရည်ပူများ အဖြစ်သို့ပြန်လည် ပြောင်းလဲသွားခဲ့ကြသည်။
ဒုတိယအထပ်သည် ၎င်း၏ နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း အာရန်သည် အချို့အရာများ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး သူ၏ ခြေဖဝါးအောက်ရှိ ချော်ရည်အပူချိန်ကို ခံစားကြည့်လိုက်သည်။
သူယခု စမ်းသပ်ခဲ့သော စွမ်းရည်များသည် သူ ယခုလုပ်နိုင်စွမ်းရှိသည့် အရာများ၏ အစိတ်အပိုင်းငယ်လေးတစ်ခုမျှသာ ဖြစ်လေ၏။
စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်းအစွမ်းကိုသာ ထပ်မံအသုံးပြုလိုက်ပါက သူ၏ ခွန်အားများသည် ယခုထက်ပင် ဆထက်ထမ်းပိုးပိုမို တိုးပွားလာခဲ့မည်မှာ သေခြာသလောက်ပင်။
သူသည် သူ့ကိုယ်သူ ပြန်လည်ဗဟိုပြုရန် အချိန်ယူလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ သူ၏ အတွင်းစိတ်ကို ပြန်လည်အာရုံစိုက်နေလိုက်သည်။
ထို့နောက် မူလနဂါး သွေးမျိုးဆက်သည် အာရန်၏ ခန္ဓာကိုယ် အတွင်း စတင် အသက်ဝင်လာခဲ့လေသည်။
#Catfoot