လှည့်ကွက်အကြံအစည်
Vol. 131 Ch. 1813
အဖျက်အစီးလောကသုံးရာသည် ခုချိန်၌ အရေအတွက် လျော့ပါးသွားတာ ဖြစ်နိုင်ပေ၏။ တကယ်တော့ နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်အတွင်း အချို့သည် အချိန်ကာလကြောင့် ပျက်စီးသွားလောက်ပြီ။
သည်အခိုက်တွင် ထိုလောကတစ်ခုထံ၌ ဝဲကတော့တစ်ခု ပေါ်လာကာ အလင်းတန်းတစ်ခုသည် ဝဲကတော့ ပျောက်ကွယ်သွားသည့်အထိ စောင့်မနေဘဲ ထိုးထွက်လာသည်။ ထိုအလင်းထဲရှိ ပုံရိပ်မှာ ဝမ်လင်းပင်။
သူ ဝဲကတော့အတွင်းသို့ လှမ်းထွက်လာပြီးနောက် လှည့်၍ ညာလက်ကို ပင့်မြှောက်သည်။ ယဲ့မို၏ညာလက် ထွက်ပေါ်လာကာ သူ၏နောက်မှ လေဟာနယ်ကို ဆုတ်ဖြဲသည်။
ထိုလေဟာနယ်သည် ပွင့်ဟ၍ ဝဲကတော့မှာ ထက်ပိုင်းဖြစ်ကာ ပျက်စီးသွားရသည်။
အဖြစ်အပျက်များက မြန်လှ၏။ ဝမ်လင်းသည် ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ဖြင့် ဖန်တီးလိုက်သော အက်ကြောင်းတွင်းသို့ ခြေလှမ်း၍ ပျောက်ကွယ်သွားသည်။
သူ ပျောက်ကွယ်သွားသည့်နောက် လေဟာနယ်ထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။ ပျက်စီးသွားသော ဝဲကတော့ထံမှ ခုနစ်ရောင်စုံတာအိုသခင်လည်း လှမ်းထွက်လာသည်။
သူ၏မျက်လုံးထဲ၌ အေးစက်မှု ပြည့်နှက်ကာ သူကား အလွန်သုန်မှုန်နေသည်။ ဝမ်လင်းသည် အချိန်မီ မတုန့်ပြန်ဘဲ ဝဲကတော့ကို ဖျက်စီး၍ သူ့အား အရှိန်လျော့ကျသွားအောင် မလုပ်ပါက ခုလိုမျိုး တည်တည်ငြိမ်ငြိမ် ထွက်သွားနိုင်လိမ့်မည် မဟုတ်ဘဲ တာအိုသခင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရနိုင်သည်။
အမဲလိုက်ခြင်းက ဆက်ဖြစ်နေ၏။ ဝမ်လင်းက လောကများကြား မန္တာန်အမျိုးမျိုးသုံး၍ ကူးသန်းနေ၏။ ခုနစ်ရောင်စုံတာအိုသခင်က သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ ဝမ်လင်း အမှားတစ်ခု ပြုလုပ်မိသည်နှင့် သူ အဖမ်းခံရနိုင်သည်။
သူသည် ဒီလောကများကို ထပ်ခါထပ်ခါ ဖြတ်သန်းလာနေစဉ် အဖျက်အစီးလောကသုံးရာအတွင်းရှိ ကျန်သည့်သူများ၏ အာရုံစိုက်မှုကိုပါ ရလာစေသည်။ သူတို့၏နတ်ဘုရားအာရုံများက ဖြည်းဖြည်းချင်း စုဝေးလာကာ ခုနစ်ရောင်စုံတာအိုသခင်နောက်သို့ လိုက်လာတော့၏။
“ငါ သူ့ကို မြန်မြန် လမ်းစပျောက်အောင် လုပ်ရမယ်။ မဟုတ်ရင် ငါ ဒီလောကတွေထဲ ဆက်သွားနေရင် အာရုံစိုက်မှုတွေ ပိုဖြစ်လာလိမ့်မယ်။ တစ္ဆေအိုကြီးကျန့်ပါ ပေါ်လာပြီး သူတို့နှစ်ယောက်လုံးက ငါ့နောက် လိုက်လံလာရင် ငါ သူတို့ကို မျက်ခြေဖြတ်ဖို့ ခတ်သွားလိမ့်မယ်…”
ဝမ်လင်းသည် ဝဲကတော့ထံမှ ပေါ်လာကာ အဖျက်အစီးလောကတစ်ခုအတွင်းသို့ ဝင်ရောက်သည်။
သူ ထွက်သွားတော့မည့်အခိုက်တွင် သူ၏အမူအရာက ပြောင်းလဲသွား၏။ ထိုလောကမှာ တခြားလောကများနှင့် အတူလေပေ။ ၎င်းထံ၌ တုန်လှုပ်ဖွယ်အော်ရာတစ်ခုက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ သည်အော်ရာကို ကြမ်းကြုတ်သောသားရဲတစ်ကောင်က ပိုင်ဆိုင်ထားသည်။
ထိုအော်ရာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေရသည့်အကြောင်းရင်းမှာ အနှီသားရဲက အိပ်ပျော်နေသည့်အတွက်ကြောင့်ပင်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့စိတ်ထဲ၌ အတွေးများနေ၏။ သူက ဒီနေရာကို မြန်ဆန်စွာ ဖြတ်သန်းသွားခဲ့ဖူး၏။ ခုနစ်ရောင်စုံတာအိုသခင်လည်း သုန်မှုန်နေ၏။ သူလည်း ထိုသားရဲ၏အော်ရာကို အာရုံခံမိသည်။ ၎င်းအော်ရာက သူ့ကိုပါ သတိအနေထား ဖြစ်စေ၏။ သူက ဝမ်လင်းသည် ထိုသားရဲကို နှိုး၍ ဗရမ်းဗတာ ဖြစ်လာစေအောင် လုပ်ပြီး ထွက်ပြေးမည်ဟု တွေးထားခဲ့၏။ သို့သော် ဝမ်လင်းက ထိုသို့ မလုပ်ခဲ့ပေ။
သည်အခိုက်၌ ခုနစ်ရောင်စုံတာအိုသခင်က အများကြီး မတွေးတော့ပေ။ သူက ဝဲကတော့အတွင်းသို့ ခြေချကာ ဝမ်လင်းနောက်သို့ လိုက်ပါလာသည်။
ဝမ်လင်းက အလွန်မြန်ဆန်စွာ ရွှေ့လျားနေ၏။ သူက လောကများစွာကို ဖြတ်သန်းသွားပြီး ဖြစ်သော်လည်း ဦးတည်ရာတစ်ခုတည်းဘက်သို့သာ သွားခဲ့၏။
သူသည် သည်လောကများကို အတင်းအကြပ် ဖြတ်သန်းနေလျက် တာအိုသခင်ကလည်း သူ့နောက်မှ လိုက်ပါနေစဉ် အားကောင်းလှသော အရံအတားသည်ပင် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာသည်။
ဝမ်လင်းသည် ဒီအဖျက်အစီးလောကများအကြောင်း နားလည်ထား၏။ သည်နေရာ၌ အဖျက်အစီးလောကသုံးရာ အချိန်ရှည်ကြာလွန်းစွာ တည်ရှိနေရခြင်းမှာ အဝါရောင်ပန်းပွင့်ကြောင့် ဖြစ်၏။ သည်လောကများက ထိုပန်းထံမှ အရင်းအမြစ်ကို ဆုပ်ယူကာ ထာဝရ တည်ရှိနေနိုင်စွမ်း ရှိလာသည်။
ထိုပန်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ရခဲ့သော ရတနာတစ်ခုပင်။ ၎င်းထံ၌ မည်သည့်တိုက်ခိုက်စွမ်းအားမှ မရှိပေ။ သို့သော် ၎င်းက အံအားသင့်ဖွယ် အသက်ဓာတ်အား ပါဝင်နေ၏။
လျန်တောက်ဖေ ရောက်ရှိလာခြင်းက ရုတ်တရက် ဆန်လွန်းခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် သနားစရာအခြေအနေနှင့် အဆုံးသပ်ခဲ့လိမ့်မည် မဟုတ်ပေ။
ခုနစ်ရောင်စုံတာအိုသခင်ထံ၌ မှတ်ဉာဏ်များ မရှိ၍ သူက ဤအချက်များကို မသိထားပေ။ ဗိုလ်ချုပ်လေးယောက်နှင့် ကိုယ်လုပ်တော်များသည်ပင် များများစားစား မသိထားကြပေ။ သူတို့က အဖျက်အစီးလောကသုံးရာအကြောင်းကိုသာ သိရှိထားသည်။
ဝမ်လင်းသည် ဆက်ရွှေ့လျားနေ၏။ လောကများကြား အရံအတားက ပို၍ မတည်မငြိမ် ဖြစ်လာကာ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သူ လောကတစ်ခုထံမှ နောက်တစ်ခုထံသို့ ရွှေ့လျားတိုင်း ကောင်းကင်ပြိုလဲသည့်အလား ဟိန်းမြည်သံတို့မှာ ပဲ့တင်ထပ်လေသည်။
သည်ပြောင်းလဲမှုက ခုနစ်ရောင်စုံတာအိုသခင်ကို ချက်ခြင်း အာရုံစိုက်မိသွားစေသည်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားပြီး သူက နှာခေါင်းရှုံ့လိုက်၏။
“ဒီအရှင်ကို မင်းက ဒီလိုလှည့်ကွက်လေးတွေ လာသုံးဝံ့တယ်လား။ ဒီဝမ်လင်းက ငါ လိုက်လံတာကို တားဆီးဖို့ အရံအတားတွေကို ပျက်စီးစေချင်နေတယ်။ သူက ဒီစွမ်းအားကို အသုံးပြုပြီး ငါ့ကို ဒဏ်ရာရစေမယ် ထင်နေတာပဲ…”
“သိပ်ကောင်းတဲ့ အကြံပဲ။ ဒါပေမဲ့ ငါ မင်းကို ဖြတ်မြင်နိုင်မှတော့ မင်းမှာ အောင်မြင်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူး…” ခုနစ်ရောင်စုံတာအိုသခင်၏ မျက်လုံးတို့မှာ လင်းလက်နေ၏။ ခုနစ်ရောင်စုံအလင်း တောက်ပသည်။ သူက လောကများကြား၏ အရံအတားကို စတင်၍ အားဖြည့်ပေးတော့သည်။
သူ၏ကျင့်ကြံခြင်းက အရံအတားကို အားဖြည့်သည့်အခါ ရလဒ်မှာ ကောင်းမွန်လေ၏။ သို့သော် သူ၏အမူအရာကမူ သုန်မှုန်နေဆပင်။ သူက လျှို့ဝှက်၍သာ အားဖြည့်ပေးနေရ၏။ ထို့ကြောင့် ခုနစ်ရောင်စုံအလင်းတစ်ခု ဖျတ်ခနဲ ပေါ်သည်ကိုသာ မြင်ရနိုင်သည်။
“ဒီကောင်က ဉာဏ်များတယ်။ သူ့အကြံအစည်ကို ငါ မြင်တာ သူ သိသွားတာနဲ့ အစီအစဉ် ပြောင်းလိမ့်မယ်။ ဒါဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်။ သူ့အစီအစဉ်က အလုပ်ဖြစ်တယ်လို့ပဲ သူ ထင်နေစေအောင် ငါ လုပ်ရမယ်..။ သူ့အစီအစဉ် အောင်မြင်သွားပြီလို့ သူ ထင်တဲ့အခါကျမှ ငါ သူ့ကို ဖမ်းလိုက်မယ်…”
ခုနစ်ရောင်စုံတာအိုသခင်က ပြုံး၍ ဆက်၍ လိုက်လံနေသည်။
သူတို့နှစ်ယောက် ထိုသို့ ပြုမူနေကြစဉ် မဟာအင်ပါယာရွှမ်လောက စောင့်ကြည့်နေ၏။ သူက သည်ပြဿနာကို ဖြေရှင်းဖို့ ဝမ်လင်းကို ကူညီပေးရန် တွေးလိုက်သေးသည်။ သို့သော် ထိုစိတ်ကူးမှာ ပေါ်လာပြီးနောက် ချက်ခြင်း ပြန်ပျောက်သွားသည်။
“ဒီစမ်းသပ်မှုမှာ ဒီကောင်လေးဟာ သူ့ကိုယ်သူ အားကိုးဖို့ လိုတယ်။ သူ ငါ့တည်ရှိမှုကို သတိပြုမိခဲ့ရင်တော့ ငါ သူ့ကို ကူညီပေးမယ်။ ဒါဟာ သူ့အပေါ် ငါ့ရဲ့ နောက်ဆုံးစမ်းသပ်မှုပဲ…”
“ဝမ်လင်း…ငါ့ကို စိတ်မပျက်စေနဲ့…” ရွှမ်လောက စဉ်းစားနေ၏။ သူက ဝမ်လင်းနှင့် ခုနစ်ရောင်စုံတာအိုသခင်တို့၏ အပြုအမူများကို တွေ့မြင်သည်ပင်။
“ဒီလောကတွေရဲ့ အရံအတား ပျက်စီးသွားခဲ့ရင် သူဟာ လွတ်မြောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခု သူ့အစီအစဉ်ဟာ တွေ့မြင်ခံလိုက်ရပြီ။ သူ ဘယ်လိုဆက်လုပ်မလဲ…”
ရွှမ်လောက တိတ်တဆိတ် လိုက်ပါလာသည်။
ဝမ်လင်းသည် လောကများကြား ရွှေ့လျားနေ၏။ သူက အရံအတား ပြိုကျတော့မည်ကိုလည်း သတိထားနေသည်။ သူ၏မျက်လုံးက တောက်ပနေသည်။ သူက ဝဲကတော့တစ်ခုအတွင်းသို့ ပျောက်ကွယ်သွားရင်း မည်သူမျှ သတိမပြုမိစေဘဲ တစ္ဆေရွက်ဖျက်ကို ထုတ်ယူလိုက်၏။
ဖျတ်ခနဲအတွင်း တစ္ဆေရွှက်ဖျင်က သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းသွား၏။ သူ ပြန်ပေါ်လာသည့်အခါ၌ ထိုရွက်ဖျက်သည် ပျောက်ကွယ်သွားလေပြီ။ ဤသည်က ဝမ်လင်း လောကများကြား ကူးပြောင်းနေချိန်အတွင်း ဖြစ်သွားခြင်းပင်။ ထို့ကြောင့် မည်သူကမျှ သတိမပြုမိလိုက်ပေ။
ခုနစ်ရောင်စုံတာအိုသခင်ကလည်း ပြိုကျတော့မည့် အရံအတား ပေါ်၌ အာရုံအပြည့်ထားထား၏။ သူက သူသည် ဝမ်လင်းကို ဖြတ်မြင်ပြီး ဝမ်လင်းအနေဖြင့် မလွတ်မြောက်နိုင်တော့ဟု ယုံကြည်၏။
ဝမ်လင်းနောက်သို့ လိုက်လာရင်း ခုနစ်ရောင်စုံတာအိုသခင်ကသည် ဝမ်လင်းက တူညီသောဦးတည်ဘက်တစ်ခုတည်းသို့ သွားနေသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်မိ၏။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသည်။ ဖျတ်ခနဲအတွင်း အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွား၏။ ဝမ်လင်းက ဝဲကတော့တစ်ခုထဲမှ ထိုးထွက်လာပြီးနောက် ကြယ်အဖွဲ့အစည်းတစ်ခုအတွင်းသို့ ဝင်ရောက်သည်။ သည်တစ်ကြိမ်၌ သူက နောက်ထပ်လောကအတွင်းသို့ ချက်ခြင်း မဝင်ရောက်တော့ပေ။
သူက မြန်ဆန်စွာ ရွှေ့လျားနေ၏။ ပေတစ်သိန်းထက် ကျော်လွန်ကာ ပျံသန်းလာခဲ့ပြီး ဖြစ်၏။ အလင်းများ တောက်ပကာ ဖြည်းဖြည်းချင်း တွန့်ခေါက်ပုံပျက်လာသည်။ ခဏအကြာတွင် ဝမ်လင်း၏ပတ်လည်၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ သူက ပျောက်ကွယ်သွားပြီး သာမန်ဆန်သောဂြိုဟ်တစ်ခုက အစားထိုးဝင်ရောက်သည်။
သူ ထိုဂြိုဟ်ထံသို့ ဦးတည်လိုက်စဉ် ခုနစ်ရောင်စုံအလင်းသည် ဝဲကတော့အတွင်း၌ ပြည့်နှက်ကာ ထိုးထွက်လာသည်။ ခုနစ်ရောင်စုံတာအိုသခင်က တုန့်နှေးမနေဘဲ ချက်ခြင်းပင် ဝဲကတော့အတွင်းသို့ ပြန်ဝင်ရောက်သည်။
မဟာအင်ပါယာရွှမ်လောက ထိုသည်ကို တွေ့မြင်သည့်အခါ မျက်မှောင်စုကြုံ့သွား၏။ သူက ဝမ်လင်း ဖြစ်ပေါ်ထားသော ဂြိုဟ်ထံသို့ လေးလေးနက်နက်ကြည့်ကာ သူ၏မျက်လုံးထဲ၌ တုန်လှုပ်ဟန် အရိပ်အမြွက် ဖြစ်ပေါ်သည်။
“ဘယ်လောက်တောင် ဉာဏ်များလိုက်တဲ့ စိတ်လဲ။ ဒီကောင်လေးဟ လူတွေကြားက နဂါးပဲ…” ရွှမ်လောသည် ငြိမ်သက်စွာ စဉ်းစား၏။ သူ၏မျက်လုံးသည် လေးစားသည့်ဟန်ဖြင့် တောက်ပလာ၏။
ခုနစ်ရောင်စုံတာအိုသခင် ထွက်ခွာသွားပြီးနောက် နောက်ထပ်လူအများ ရောက်လာပြီး မြန်မြန် ဆန်ဆန် ထွက်သွားကြသည်။ သူတို့ ထွက်သွားသည့်နောက် ဝမ်လင်းအသွင်ပြောင်းခဲ့သော ဂြိုဟ်မှာ မပြောင်းမလဲဘဲ ဆက်ရှိလို့နေသည်။
သိပ်မကြာခင်တွင် တစ္ဆေအိုကြီးကျန့်က ပျောက်ကွယ်သွားသော ဝဲကတော့၌ ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်က မည်သည့်အော်ရာကိုမျှ ပေးစွမ်းမနေပေ။ သူက နှာခေါင်းရှုံ့ကာ ရှေ့သို့လှမ်း၍ သည်လောကမှ ပျောက်ကွယ်သွားသည်။
ထို့နောက်တွင် ဝမ်လင်းအသွင် ပြောင်းထားသည့် ဂြိုဟ်က လှုပ်ရှား လွင့်ပြယ်ကာ ဝမ်လင်း၏ပုံပန်းအသွင် လှစ်ဟပေါ်လာသည်။ သူက လူတိုင်းပျောက်ကွယ်သွားသော နေရာသို့ ကြည့်၏။ သူ၏အမူအရာမှာ ပုံမှန်အတိုင်းပင်။ သူ့ဘေးတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ သူက အတွင်းသို့ ခြေလှမ်းလိုက်သည်။
သူက လူတိုင်း ပျောက်ကွယ်သွားသော နေရာ၌ ဆန့်ကျင်ဘက်သို့ သွားရောက်၏။ ဝမ်လင်းက အလွန်သတိထားသည့်အတွက်ကြောင့် သူ မည်သည့်နေရာသို့ သွားရောက်မည်ကို မည်သူမျှ မသိကြပေ။ အဖျက်အစီးလောကလေးခုလောက် ဖြတ်သန်းသွားပြီးနောက် ငါးခုမြောက်အဖျက်အစီးလောကထဲသို့ သူ ခြေချလာသည်။
ထိုလောကမှာ သူ အရင်က ဖြတ်သန်းသွားခဲ့ဖူးသော ကြမ်းကြုတ်သောသားရဲ ရှိနေသည့် နေရာပင်။ သူက ဂရုတစိုက် ရှေ့ဆက်လာသည်။ ဝမ်လင်းက ဒီလောကရှိ သည်ဂြိုဟ်ပေါ်သို့ ရောက်လာခဲ့၏။ ယင်းမှာ ကန္တာရဂြိုဟ်တစ်ခု ဖြစ်ကာ မည်သည့်တောင်တန်း၊ချိုင့်ဝှမ်းမှျ ရှိမနေပေ။ နေရာတိုင်း၌ အဝါရောင်သဲလွင်ပြင်သာ ရှိနေတော့သည်။
ဝမ်လင်းက ထိုနေရာတွင် ထိုင်ချကာ အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်သည်။
“အခု ပထမဆုံးအနေနဲ့ ငါ ပြန်တိုက်ခိုက်ရမယ့် အချိန်ပဲ။ ငါဟာ ငါ့အသက်သုံးသက်ထဲက တစ်သက်ကို အသုံးပြုခဲ့ရရင်တောင် ငါ့နောက် လိုက်လာနေတဲ့ ဒီလူတွေကို ဘယ်တော့မှ မမေ့နိုင်မယ့် သင်ခန်းစာတစ်ခု ကောင်းကောင်း ပေးရလိမ့်မယ်…”
“ခုနစ်ရောင်စုံတာအိုသခင်က တစ်ခုခုမှားနေတာ သိပ်မကြာခင် သတိပြုမိလိမ့်မယ်။ ဒါဟာ ငါ့အတွက် ချုံခိုတိုက်ခိုက်နိုင်ဖို့ အချိန်လောက်တယ်…”
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့ဘေးရှိ မြေပြင်ထုထံ ဖိချလိုက်သည်။
ဝမ်လင်းက အလွန်ဉာဏ်ပြေးသူ ဖြစ်၏။ တခြားသူများ သူ့ထက် ဉာဏ်သာဖို့မှာ ခက်ခဲလိမ့်မည်။ သူ အဖျက်အစီးလောကသုံးရာအတွင်းသို့ စဝင်လာခဲ့ကတည်းက ထိုလူများ၏ အမဲလိုက်ခံရခြင်းကနေ လွတ်မြောက်အောင် လုပ်ဖို့ အစီအစဉ်ကို တွေးထားခဲ့ပြီးပင်။ အဆုံးသပ်၌ သူက နှစ်ထပ်ကွမ်းအကြံအစည်ကို တွေးထားခဲ့ပြီးပင်။
လောကများကြားရှိ အရံအတားက သူ၏ပထမဆုံး အကြံအစည်ပင်။ ဝမ်လင်းက ထိုပထမဆုံးအကြံအစည်က တာအိုသခင် သို့မဟုတ် တစ္ဆေအိုကြီးကျန့်တို့ကို အရူးလုပ်နိုင်လိမ့်မည် မဟုတ်ဟု ကောက်ချက်ချမိ၏။ ဤသည်ကလည်း သူ လိုချင်သည့် အချက်ပင်။
သူတို့သာ သည်နေရာကို အမှန်တကယ် တွေ့ရှိပါက ဒုတိယအကြံအစည်ထဲသို့ အလိုလို ကျဆင်းသွားရလိမ့်မည်ပင်။ သူတို့က ဝမ်လင်း၏အကြံအစည်ကို ဖြတ်မြင်သည်ဟု တွေးမိသည်နှင့် စိတ်အေးသွားကြမည် မဟုတ်လား။
အမှန်တော့ သူ့အကြံအစည်၏ အဓိကအချက်မှာ အရံအတား သို့မဟုတ် သူ့ကိုယ်သူ ဂြိုဟ်အဖြစ် ပြောင်းလဲခဲ့သော ပုံရိပ်ယောင် မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်းက အကြိမ်တစ်ရာကျော် တူညီသောဦးတည်ရာအတိုင်း လှည့်ပတ်သွားခဲ့၏။ ဤသည်က သူ့နောက်သို့ လိုက်လာသော လူများကို မသိစိတ်ကနေ သူ့နောက်သို့ ထိုသို့ဆက်၍ လိုက်စေမည့် အလေ့အကျင့်ကို ဖြစ်စေခဲ့ခြင်းပင်။