← Chapters

ကြောက်မက်ဖွယ် ရန်သူ

Vol. 12 Ch. 1150

ကြောက်မက်ဖွယ် ရန်သူ

Vol. 12 Ch. 1150

ထိုအချိန် လေဟာနယ် အတွင်း၌...

ချန်းဖန်သည် အပိုလို နန်းတော် မဟာ နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်ကို ဖနှောင့်ဖြင့် ပေါက်ကာ အပိုင်းပိုင်း အစစ ဖျက်ဆီးခဲ့ပြီး ဖြစ်၏။ သို့သော်လည်း သူသည် အလွန် အစွမ်းထက်သည့် အပြင် အစားထိုးခြင်း နတ်ဘုရား အဆောင်များကိုလည်း ပိုင်ဆိုင်ထားရာ မသေသေးချေ။ နတ်ဘုရား အဆောင်၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းလာသည့်တိုင် ချန်းဖန်သည် ထိုအရာကို ချက်ချင်း ပြန်လည် ဖျက်ဆီး ပစ်နေခဲ့လေသည်။

“ချန်းပေ့ရွှမ်း... မင်းက တကယ်ပဲ အပိုလို နန်းတော်ရဲ့ မဟာ ရန်သူ ဖြစ်ချင်နေတာလား...”

ချင်ဖန်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“မင်းတို့ အပိုလို နန်းတော် မြောက်ပိုင်းချုံးကို တိုက်ခိုက်တဲ့ အချိန်တုန်းကရော ငါနဲ့ ရန်သူ ဖြစ်မှာ တွေးကြောက်ခဲ့ဖူးလား”

ချန်းဖန်က ထူးမခြားနားစွာ ပြောရင်း ချင်ဖန်းကို ဖနှောင့်ဖြင့် ပေါက်ကာ နောက်တစ်ကြိမ် ဖျက်ဆီး ပစ်လိုက်ပြန်သည်။

ချင်ဖန်းမှာ လူသား အသွင်ကို နောက်တစ်ကြိမ် ပြန်လည် ဖွဲ့စည်းလာပြီးနောက် အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။

“ချန်းပေ့ရွှမ်း... မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ... ငါတို့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်းမသိဘူး... ငါ့ရဲ့ ဂိုဏ်းက ဘီလျံနဲ့ချီတဲ့ ဂြိုဟ်တွေကိုတောင် လွှမ်းမိုးနိုင်တယ်... မင်း ငါ့ကို တက်နင်းသလိုမျိုး ငါ့ရဲ့ ဆရာနဲ့ အကြီးအကဲတွေက တစ်နေ့မှာ မင်းရဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ပြန်ပြီး တက်နင်း လိမ့်မယ်”

သူသည် ကြောက်မက်ဖွယ် ရွှေရောင် အလင်းများကို ထုတ်လွှတ်ရင်း အော်ဟစ် လိုက်လေသည်။

“တကယ်လား... မင်း အဲဒါကို မမြင်နိုင်တော့တာတော့ စိတ်မကောင်းစရာပဲ”

ချန်းဖန်က ပြောလိုက်ကာ ခြေထောက်အား မြှောက်လိုက်၏။ ထိုအရာကား ချင်ဖန်း၏ နောက်ဆုံး အစားထိုးခြင်း နတ်ဘုရား အဆောင် ဖြစ်ပေသည်။ ယခုတစ်ကြိမ် သေဆုံးသွားပါက သူသည် ‌နောက်တစ်ကြိမ် ပြန်လည် မွေးဖွား လာတော့မည် မဟုတ်ပါချေ။

ထိုအချိန်တွင်ပင် အိုမင်းနေသာ အသံ တစ်ခုကို ကြားလိုက်ရ၏။

“မိတ်ဆွေလေး... ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

ထိုအသံသည် စကြဝဠာ၏ အနက်ရှိုင်းဆုံးသော နေရာမှ မြစ်ဖျားခံလာဟန် ရသည်။ ၎င်းသည် မိစ္ဆာ တစ်ပါး၏ အသံကဲ့သို့ အဆုံးမဲ့ အလင်းနှစ်များကို ဖြတ်သန်းလာဟန် ရ၏။ ထိုအရာသည် နူးညံ့သိမ်မွေ့ဟန် ရသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် လူသားတိုင်း၏ နားစည်ကို ပဲ့ပင်ထပ်သွားသည်။

“ဘယ်သူလဲ... ထာဝရဂိုဏ်းကြီးတွေ ထပ်ပြီး ရောက်လာတာလား... ဒါပေမဲ့ သူတို့ရဲ့ နတ်ဘုရား မင်းသားတွေက သေသွားပြီလေ... ဘယ်သူက ထပ်လာနိုင်မှာလဲ... သူတို့က မဟာ ကျင့်ကြံသူတွေကိုတော့ မစေလွှတ်နိုင်ဘူး မဟုတ်လား”

အခြေတည် ဝိညာဥ် အဆင့်များမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ နဂါးအရှင်၏ မျက်လုံးများ ပင်လျှင် ပြူးကျယ်နေ၏။

ချန်းဖန်သည် အရပ်မျက်နှာ တစ်ခုကို လှည့်ကြည့်လိုက်ရာ ဟင်းလင်းပြင် လမ်းကြောင်းမှ တစ်ဆင့် အဘိုးအို တစ်ယောက် ဖြည်းညင်းစွာ လမ်းလျှောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုအဘိုးအိုသည် သူဖုန်စား ကဲ့သို့ အဖာအထေးများ ပြည့်နှက်နေသည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် အလွန်အမင်း အိုမင်းနေဟန် ရကာ သူ၏ အရေပြားများမှာ တွန့်ကြေနေ၏။ သူ၏ အသက်စွမ်းအင်သည် ကြီးမားစွာ ကျဆင်းနေကာ အချိန်မရွေး သေဆုံးတော့မည့်ဟန် ရလေသည်။

သို့သော်လည်း ထိုအဘိုးအိုသည် ဟင်းလင်းပြင်ကို ကြမ်းပြင်ကဲ့သို့ သဘောထားကာ ခြေတစ်လှမ်းကို မိုင်တစ်သောင်းနှုန်းဖြင့် လှမ်းလာနေသည်။ သူ၏ ဘေးတွင် ရွှေရောင် အလင်းများ ထွန်းလင်းနေသည့် နတ်ဘုရား မင်းသား သုံးပါးမှာ ဝန်းရံနေ၏။ သူတို့ တစ်ယောက်ချင်းစီကား ချင်ဖန်းနှင့် တန်းတူ၊ သို့မဟုတ် ချင်ဖန်းထက်ပင် ပိုမို သန်မာလှပေသည်။

“အဟမ်း... ကျေးဇူးပြုပြီး ကျုပ်မျက်နှာနဲ့ ရှောင်ဖန်းလေးရဲ့ အသက်ကို ချမ်းသာပေးပါ... သူက ကလေးပဲ ရှိသေးတယ်... ဒါကြောင့် တစ်ခါတစ်ရံမှာ မောက်မာပြီး ခေါင်းမာတယ်... သူ့ကိုယ်စား ကျုပ်ကပဲ မိတ်ဆွေလေးကို တောင်းပန်ပါတယ်”

အဘိုးအိုက ချောင်းဆိုးရင်း ဖြည်းညင်းစွာ ဆိုလိုက်လေ၏။

“ဘိုးဘိုးကြီး... ကျွန်တော့်ကို ကယ်ပါဦး”

ချင်ဖန်းက ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

“အရူးကောင်... မင်းက နှစ်သုံးထောင်ပဲ ကျင့်ကြံပြီး ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီ ထင်နေတာ... အခု ဘယ့်နှယ်လဲ... အခြား ဂြိုဟ်က ကျင့်ကြံသူတွေ ဘယ်လောက် အံ့သြဖို့ကောင်းသလဲ ဆိုတာ သိပြီမလား”

အဘိုးအိုက ကလေးတစ်ယောက်ကို ဆူသည့်နှယ် ချင်ဖန်းကို အော်ငေါက်လိုက်သည်။ ချင်ဖန်းမှာ ရှက်ရွံ့စွာ ခေါင်းငုံ့သွား၏။ ထိုအပိုလို နန်းတော်၏ ပြိုင်ဘက်ကင်း မဟာ နတ်ဘုရား မင်းသားကား ယခင်က ကဲ့သို့ မောက်မာသည့် အမူအရာ တစ်စက်ပင်မရှိတော့ချေ။ သူ၏ ပုံစံကား အမိန့် နာခံတတ်သည့် ကျောင်းသားလေး တစ်ယောက်နှယ်ပင်။

အဘိုးအိုက ချောင်းတစ်ချက် ဟန့်ကာ ချန်းဖန်အား ရှင်းပြလိုက်၏။

“ဒီကလေးက ကျုပ်ရဲ့ ခုနစ်ဆယ့်သုံး ဆက်မြောက် မျိုးဆက်လေးပါ.. ကျုပ် မွေးဖွားခဲ့သမျှ သားမြေးထဲမှာ ဒီကလေးက ပိုပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတယ် လို့ ဆိုနိုင်ပါတယ်... သူသာ သေသွားရင် ကျုပ်နေရာကို ဆက်ခံမယ့်သူ မရှိတော့ဘူး... ဒါကြောင့်ပဲ ကျုပ်က မိတ်ဆွေလေးကို သူ့ကို လွှတ်ပေးဖို့ တောင်ဆိုရတာပါ... တကယ်လို့ အလဲအလှယ် အနေနဲ့ မိတ်ဆွေလေး လိုချင်တာ ရှိရင် ကျုပ်ကို ပြောနိုင်ပါတယ်... ကျုပ် ဘာမဆို ပေးမှာပါ”

များစွာသော လူများမှာ အဘိုးအို၏ စကားကို ကြားကာ အသက်ရှူသံများ မြန်လာခဲ့သည်။ အသက် သုံးထောင်ရှိသော ချင်ဖန်း ပင်လျှင် သူ၏ ခုနစ်ဆယ့် သုံးဆက်မြောက် မျိုးဆက်ဟု ဆိုသည်။ ထိုအဘိုးအို၏ အသက်မှာ မည်မျှ အထိ ရှိနေပြီနည်း။

အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများမှာ တိတ်ဆိတ်နေကြလေသည်။ သူတို့သည် အိုမင်း ပိန်လှီသော အဘိုးအိုနှင့် မဟာ နတ်ဘုရား မင်းသားအား တက်နင်းထားသည့် ချန်းဖန်တို့ကိုသာ စူးစိုက် ကြည့်နေခဲ့ကြသည်။

ချန်းဖန် တိတ်ဆိတ်နေသည်ကို မြင်သော အခါ အဘိုးအိုက ပြုံးလိုက်၏။

“မိတ်ဆွေလေးချန်းရဲ့ စွမ်းအားက တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းလွန်းတယ်... ကျုပ် မင်း အသက်အရွယ်တုန်းက မင်းရဲ့ တစ်ဝက်ကိုတောင် မမှီခဲ့ဘူး... နတ်ဘုရား အရှင်နဲ့ နှိုင်းယှဥ်နိုင်တဲ့ ခန္ဓာကိုယ်၊ နောက်ပြီး မယုံကြည်နိုင်စရာ အစွမ်းထက်လွန်းတဲ့ ဓမ္မ စွမ်းအား... မင်းနဲ့ ဒီကလေးတွေ တိုက်ခိုက်နေတုန်းက ကျုပ် လူအိုကြီး အချို့နဲ့ လောင်းခဲ့သေးတယ်လေ... ဒါပေမဲ့ မင်းနိုင်သွားတော့ သူတို့ အားလုံး ကျုပ်ဆီမှာ ရှုံးနိမ့်သွားခဲ့တယ်... ဒီလောင်းကစားပွဲမှာ ကျုပ် အကျိုးအမြတ် နင့်နေအောင် ရလိုက်ပါတယ်... ဒါကြောင့် အားမနာပဲ မိတ်ဆွေလေး လိုချင်တာကိုသာ ပြောပါ”

“ဟမ့်...”

နှာခေါင်းရှုံ့သံ အချို့မှာ စကြဝဠာ အတွင်းပိုင်းမှ ပျံ့နှံ့လာ၏။ သို့သော်လည်း အဘိုးအိုမှာ ထိုအရာကို မကြားချင်ယောင်ဆောင်ကာ ဆက်လက် ပြုံးနေခဲ့သည်။

“ကျုပ်က နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တယ်... ဒါပေမဲ့ ကျရှုံးမှုတွေလည်း များခဲ့တယ်... ကျုပ်ရဲ့ အကိုကြီးဟာ အဖေ့ရဲ့ နောက်ကို လိုက်ပြီး မဟာ တာအိုကို အောင်မြင်ခဲ့တယ်... ကျုပ်ရဲ့ ဒုတိယ အကိုကတော့ ဓားလမ်းစဥ်ကို ချစ်မြတ်နိုးပြီး ဓားသူတော်စင်ဘွဲ့ကို ခံယူခဲ့တယ်... ကျုပ်ရဲ့ ပဥ္စမ အကိုကတော့ အပိုလို နန်းတော်ရဲ့ အိမ်ရှေ့စံ မင်းသား ဖြစ်လာခဲ့တယ်... ကျုပ်ကတော့ ကျင့်ကြံသူခြင်း လမ်းစဥ်မှာ သူတို့လောက် ခရီး မပေါက်ခဲ့ပေမဲ့ ကံကောင်းပြီး ရတနာ အချို့ကို ရရှိခဲ့တယ်လေ... ကြယ်ပင်လယ်က အချို့ကဆိုရင် ကျုပ်ကို ရတနာသိုက်ကြီး လို့တောင် နာမည်ပြောင် ပေးထားကြတယ်လေ... ဒါကြောင့် အားမနာပါနဲ့ လိုချင်တာကိုသာ ပြောပါ”

အဘိုးအိုက ပြောရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထုကို ကိုင်လိုက်သည်။

“ဒင်...”

ရွှေရောင် အလင်းများ ထွန်းလင်းနေသည့် ဓားတစ်ချောင်းသည် ရုတ်တရက် ပေါ်လာကာ သူ၏ လက်တွင် နေရာယူလေ၏။ ထိုအရာကား ယောင်ယန် နတ်ဘုရားဓားပင် ဖြစ်လေသည်။ ချင်ဖန်းသည် ထိုရတနာကို ဒုတိယ အကြိမ် အသုံးပြုခြင်း အတွက် ကြီးမားစွာ ‌ပေးဆပ်ခဲ့ရဖူးသည်။ သို့သော်လည်း အဘိုအိုး၏ ရှေ့မှောက်တွင်မူ ထိုဓားမှာ ကျွန်တစ်ယောက် အလား ယဥ်ကျေးသိမ်မွေ့စွာ ခစား မျက်နှာလုပ် နေခဲ့လေသည်။

“ဒီဓားက ကျုပ်အဖေရဲ့ အမွေအနှစ် ဖြစ်နေလို့ မဟုတ်ရင် မိတ်ဆွေလေးကို ကျုပ် လက်ဆောင်ပေးပါတယ်... ကျုပ်က နှစ်ပေါင်း ခုနစ်သောင်းလောက် အသက်ရှင်ပြီးပြီ... ဒီအရာကို မလိုအပ်တော့ပါဘူး”

အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဟားဟား... အဘိုးကြီးချင်ကျန်း... မင်းက တောင်ပိုင်း ဒေသငယ်မှာ လူကပ်စေးကြီးလို့ နာမည်ကြီးတာပါကွာ... ဒီလို နတ်ဘုရား တစ်ပိုင်း ရတနာ မပြောနဲ့ ဝိညာဥ်ကျောက်တုံး တစ်တုံးကိုတောင် သူများကို မင်း ပေးဖူးလို့လား”

လှောင်ပြောင် ရယ်မောသံ တစ်ခုမှာ ထွက်ပေါ်လာ၏။

“ဟုတ်တယ်ဟေ့... အပိုလို နန်းတော်ရဲ့ သတ္တမ နတ်ဘုရား မင်းသားက ချန်းရှန်းဂိုဏ်းရဲ့ နတ်ဘုရား မင်းသမီးကို လက်ထပ်တုန်းကတောင် နတ်ဘုရား တစ်ပိုင်း ဆေးမြစ်နဲ့ တင်မတောင်းချင်လို့ ငြူစူ နေခဲ့ဖူး သတဲ့... အဲဒါကြောင့် ချန်ရှန်းဂိုဏ်းချုပ်က ဒေါသထွက်ပြီး သူ့ကို ကန်တောင် ထုတ်လိုက်သေးတယ်လေ... အဲဒီတုန်းက အပိုလို နန်းတော်နဲ့ ချန်ရှန်းဂိုဏ်းတောင် စစ်ဖြစ်တော့မလို ဖြစ်သွားသေးတယ်... ကျုပ် ပြောတာ မှန်တယ်မလား ရောင်းရင်းဖူ”

“ဟမ့်...”

ရောင်းရင်းဖူ ဟု အမည်ရဟန်တူသော လူမှာ ပြန်ဖြေရန် ပျင်းရိနေဟန် ရ၏။

“ဝှစ်... ဝှစ်..”

လူတိုင်း ကြည့်နေကြစဥ်မှာပင် အနီးအနားရှိ အာကာသ ဟင်းလင်းပြင်၌ လူရိပ် အချို့ ပေါ်လာခဲ့လေသည်။ ထိုအထဲမှ တစ်ယောက်မှာ အရပ်ရှည်ကာ သန်မာ ထွားကျိုင်းသူ ဖြစ်သည်။ အခြား တစ်ယောက်မှာမူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ကာ အဖြူရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ နောက်ဆုံး တစ်ယောက်မှာမူ ပိန်လှီကာ ဂျုံးဂျုံးကျ နေသူ တစ်ယောက် ဖြစ်သည်။ သူတို့အား အလင်းများက ဝန်းရံနေရာ မည်သူမျှ ရှင်းလင်းစွာ မမြင်ရချေ။ သူတို့ လှုပ်ရှားလိုက်တိုင်း၌ ဘေးနားရှိ စွမ်းအင်များမှာ ပန်းပွင့်များ၊ အခြား ပုံရိပ်များ အဖြစ် လူးလွင့် နေကြလေသည်။

“ဝှစ်... ဝှစ်...”

သူတို့ထဲမှ လှပသော မိန်းမပျို တစ်ယောက်သည် လက်ကို ဝှေ့ယမ်းကာ တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူမ၏ လမ်းကြောင်း တစ်လျှောက်၌ ကြာပန်းများသည် အလိုအလျောက်ပေါ်လာကာ နတ်မိမယ် တစ်ယောက်အလား ကြိုဆိုကြနေသည်။ သူမသည် လူသား ကမ္ဘာမှ မိန်းကလေး တစ်ယောက်နှင့် လုံးဝ မတူပဲ ထူးကဲ မြင့်မြတ်ခြင်း တည်းဟူသော နတ်ဘုရားများတွင်သာ ရှိနိုင်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။

“ဟမ့်... ငါက ဘာလို့ အဲဒီလို လုပ်ရမှာလဲ... မင်း ငါ့ကို ရှုံးဖူးတာနဲ့ နာမည်လျှောက် ဖျက်မနေနဲ့... ရောင်းရင်းဖူက ချန်ရှန်းဂိုဏ်းကပဲ... ငါသာ အဲဒီလို လုပ်ရင် သူက ငါ့ကို သတ်မှာ‌ပေါ့”

အဘိုးကြီး ချင်ကျန်းက ပြန်လည် ပြောလိုက်သည်။ အဖြူရောင် ဝတ်စုံဝတ် ရောင်းရင်းဖူမှာ တိတ်ဆိတ်နေ၏။ သူကား ထိုလူများနှင့် ဖက်ငြင်းရန် ဆန္ဒ ရှိဟန် မရချေ။

***

All Chapters